"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၄) မှ အခန်း (၆)"

 


"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၄) မှ အခန်း (၆)"


🌼အခန်း၄🌼


သန့်ရှင်းရေးဌာန........
-------------------------

"ဒီဌာနမှာစံပယ်မွှေး..ရှိလား"

"ရှိပါတယ်..ဟိုမှာပါ.."

အခန်းအပေါက်၀မှ ၀န်ထမ်းတစ်ယောက်ရဲ့အ‌မေးကြောင့် ထမင်းစားချိန်မို့ ပါးစပ်ကြီးဟပြီး ထမင်းလုပ်ထည့်နေတဲ့စပယ့်ကို အခန်းထဲကရှိသမျှလူ‌တွေအကုန်လုံး ဝိုင်းကြည့်ကုန်ကြလေသည်။စံပယ်လည်း မျက်လုံးကိုပုတ်ခတ် ပုတ်ခက်လုပ်လိုက်ပြီး ထမင်းစားရမှာတောင် စိတ်မလုံဖြစ်နေရသည်။

"စံပယ်မွှေး..၁၀လွှာမှာရှိတဲ့သူဌေးရုံးခန်းကိုလာခဲ့ပါ.."

ထိုစကားတစ်ခွန်းသာပြောခဲ့ပြီး သူဌေးရဲ့အတွင်းရေမှူးက ချာကနဲပြန်လှည့်ထွက်သွားတော့သည်။
သူဌေးကိုတော့ တစ်ခါမှမတွေ့ဖူးပေမဲ့ သူ့အတွင်းရေးမှူးကိုတော့ ကုမ္ပဏီထဲမှာ သွားလာနေတာကို ခဏခဏတွေ့ပါများပြီး မျက်မှန်းတန်းမိနေပါပြီ။

ဒါပေမဲ့ အတွင်းရေးမှူးကိုယ်တိုင်လာခေါ်ရလောက်အောင် စံပယ်ကသူဌေးရဲ့ အဖေလည်းမဟုတ်၊ တာ၀န်ရှိအကြီးအကဲလည်း မဟုတ်ပါဘူး။
အလုပ်လုပ်တာမှ သုံးရက်ပဲရှိသေးတဲ့ ၀န်းထမ်းပေါက်စကို ရုံးခန်းထဲအထိ ခေါ်တွေ့တာဘာကြောင့်လဲ။ရူးသွားတာများလား။

"ဟဲ့..စံပယ်မွှေး..နင်သူဌေးကိုဘာအပြစ်လုပ်ထားသေးလဲ..အတွင်းရေးမှူးကိုယ်တိုင်လာခေါ်တာဆိုတော့..တော်ရုံမဟုတ်ဘူးနော်...."

စံပယ်လည်းခေါင်းကုတ်ပြီးစဉ်းစားရသည်။ငါဘာအပြစ်လုပ်ထားသလဲပေါ့။

"ဘာမှတော့မလုပ်မိဘူးထင်တယ်..သူဌေးကိုကျွန်မ မြင်တောင်မမြင်ဖူးသေးဘူး..ကြည့်ရတာ ကျွန်မကိုခိုးကြည့်ပြီး ကြိတ်ကြွေသွားလို့များလား...."

"ဟယ်.....မိစံပယ်...ဘ၀င်မြင့်တာလေးလည်း နည်းနည်းလျော့ပါဟယ်.. ခေါင်မိုးကိုလည်းတက်ဆောင့်မိပါအုံးမယ်အေ...ညည်းအလုပ်ဆင်းတာမှ သုံးရက်ပဲရှိသေးတာကို ဒီလောက်အလုပ်များတဲ့သူဌေးက....ညည်းကိုဘယ်အပေါက်ကနေလာချောင်းသွားလို့ ကြိတ်ကြွေရမှာတုန်းဟဲ့...."

"အဟင်း...ကျွန်မကလည်း နောက်တာပါ...သုံးရက်ပဲ အလုပ်ဆင်းရသေးတယ်....နောက်ပြီးရာထူးကြီးထဲကလည်းမဟုတ်ပဲ....တကူးတကခေါ်တွေ့တယ်ဆိုတော့...သူသွက်သွက်ခါအောင် ရူးသွားလိုပဲနေမှာပေါ့....မဟုတ်ဘူးလား...."

"အမယ်လေး...အစားကိုကုန်အောင်စား..စကားကိုကုန်အောင်မပြောနဲ့တဲ့....ပြောင်ပြောင်ချော်ချော်လုပ်မနေနဲ့....ညည်းစကားများ သူဌေးနားထဲရောက်သွားကြည့်....ချက်ချင်းပြုတ်စော်နံသွားမယ်...ဘာမှတ်နေသလဲ....အခုမှအလုပ်ဆင်းတာ၃ရက်ပဲရှိသေးတာကို..သွားမြန်မြန်သွား...မဟုတ်ရင်ပြုတ် စော်နံနေမယ်.."

စံပယ်လည်းဓာတ်လှေကားနဲ့၁၀လွှာကိုတက်လာခဲ့ပြီး‌နောက် ရုံးခန်းကြီးအရှေ့မှာထိုင် နေကြသည့်အတွင်းရေးမှူးမမကသူဌေးကိုအကြောင်းကြားလိုက်ရာ ရုံးခန်းထဲသို့ မဝံ့မရဲပဲ ၀င်လိုက်ရသည်။

ဒူးတွေတော့အတော်တုန်နေပါပြီ။အခန်းထဲရောက်တော့သူဌေးက စံပယ့်ဘက်ကိုကျောပေးပြီးဖုန်းပြောနေ လေသည်။
ခဏကြာပြီး‌နောက်ဖုန်းကိုချ၊ လက်ကိုဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ပြီး စံပယ့်ဘက်ကိုလှည့်လာချိန်မှာတော့...

"ဟင်..ချီးပေ.."

"ဟိတ်..မင်းပေါက်ကရမပြောနဲ့.."

သူ့လက်ကြီးနဲ့ပါးစပ်ကိုလာပိတ်မှာစိုးတာ‌ကြောင့်ကိုယ့်ဘာသာပဲ ပါးစပ်ကိုလက်နဲ့အုပ်လိုက်ရသည်။

"ဟို..ယောင်..ယောင်သွားလို့ပါ.."

ဒါဆိုဒီချီးပေကြီးကသူဌေးပေါ့။ဘုရားရေ ဘယ်လိုတောင် ရေစက်လာဆုံနေရတာလဲ ။ပုံစံကြည့်ရတာ ၀မ်းတွင်းစုန်းမကြီးတွေလို အမှတ်အတေးထားမဲ့ရုပ်ကြီး။အလုပ်ဖြုတ်ရင်တော့ သေ ပြီဆရာပဲ ။
အချိန်မနှောင်းသေးခင် ဒူးကိုပြေးဖက်ပြီး ထိုင်ကန်တော့လိုက်ရမလား။ရန်ကုန်တွင် ရှိရှိသမျှသော နတ်မင်းများ အလုပ်မပြုတ်ဖို့အရေး မစကြပါရှင်။‌
ကျေးဇူးမမေ့ပါဘူးလို့ပဲ အကြိမ်ကြိမ် ရွတ်နေမိ‌ပါသည်။

"မင်းဘာမှမပြော‌နဲ့ ငါမေးတာကိုပဲဖြေ.."

"ဟုတ်ကဲ့.."

"ဘာမှမပြောနဲ့လို့.."

"ဟုတ်ကဲ့ဘာမှမပြောပါဘူးရှင်.."

"အခုပဲပြောနေပြီလေ.."

"အင်.."

ပါးစပ်ကိုအတင်းပြန်စိနေတဲ့ကောင်မလေးကိုသူရယ်ချင်သွားသည်။ဒီကောင်မလေးကျပ်မှပြည့်ရဲ့လား။
ဖြစ်နေတဲ့ရုပ်ကလည်း သနပ်ခါးတွေ 
ထူလဗျစ်လိမ်းထားလို့ကြည့်ရဆိုး‌နေတဲ့ကြားထဲမုဆိုးမအပူလှိုင်းထနေသလားမှတ်ရအောင်ကို ပူပန်မှုတွေမျက်နှာမှာအထင်းသားပေါ်နေတယ်။
သူ့မှာလည်း ဒီကောင်မလေးနဲ့တွေ့မှ ပေါက်ပေါက်ရှာရှာတွေ မှတ်ချက်ပေးတတ်နေလေပြီ။

"မင်းနာမည်စံပယ်မွှေး..အသက်က၂၀..ဒီမှာအလုပ်၀င်တာ၃ရက်ပဲရှိသေးတယ်..ဟုတ်လား.."

ပါးစပ်ကြီးပိတ်ပြီးကြောင်တောင်တောင်လုပ်နေတဲ့ ကလေးမကို စိတ်အတော်‌တိုလာသည်။မေးတာကိုလည်းမဖြေဘူး။အထက်လူကြီးကို မထီလေးစားတမင်လုပ်နေတာပဲနေမယ်။

"ဟေ့..မေးနေတယ်ဖြေလေ.."

"ဟိုသူဌေးပဲ..မပြောရဘူးဆို.."

"ငါမေးရင်ဖြေလို့ပြောထားတယ်လေ..ဟူး...."

ဒီကျပ်မပြည့်တဲ့ကလေးမကို ပြောရတာအာခေါင်တောင်ခြောက်လာပြီ။ထို့ကြောင့် ခုံပေါ်မှာတင်ထားသည့် ရေခွက်ကိုယူသောက်လိုက်ရသည်။

"မင်းဒီနေ့မြင်ခဲ့တာကို ကုမ္ပဏီမှာလျှောက်မဖွမိစေနဲ့ ‌မင်းတောင်းဆိုတာကို..ငါပေးမယ်.."

"ကျွန်မကဘာမြင်ခဲ့လို့လဲ..အော်ဟို....အိမ်သာထဲမှာ အီးပါနေတဲ့ကိစ္စလား...."

"ဟာ...မင်း..."

မျက်နှာကြီးနီပြီး ကြက်ဆူသီးလိုဆူထွက်လာတာကိုကြည့်ပြီး စံပယ်ဗိုက်နှိပ်ပြီးတောင်ရယ်ချင်သည်။
မဖြစ်သေးပါဘူးလေ ဆိုပြီး စိတ်ကိုတင်းနေအောင် တောင့်ခံထားလိုက်မိသည်။

"ဟုတ်ကဲ့ကျွန်မဘယ်သူ့ကိုမှမပြောပါဘူး ကတိပေးပါတယ်..တောင်းဆိုစရာကတစ်ခု‌တော့ရှိတယ်.."

"ဘာလဲပြော.."

"ကျွန်မအဖွားဆီကိုပို့ချင်လို့ လစာတစ်သိန်းကြိုထုတ်ပေးလို့ရမလား..လကုန်ရင် လစာထဲကနေပြန်နှုတ်လိုက်ပါ.."

အမှန်တော့ သုံးရက်ပဲအလုပ်ဆင်းရသေးတဲ့အလုပ်သမားကို လစာတော့ကြိုမထုတ်ပေးချင်ဘူး ဖြစ်နေသည်။‌‌ နောက်ပြီး သူကိုယ့်ကိုမြင်ခဲ့တဲ့ကိစ္စက ည်း အခြားသူ‌ တွေမသိသေးရင် ကိစ္စမရှိဘူးဆိုပေမဲ့  ကိုယ့်ပုံရိပ်ကို ထိခိုက်စေမဲ့ကိစ္စဖြစ်လို့ ပါးစပ်အရင်ကြိုပိတ်ထားရမယ်။အလုပ်ဖြုတ်ဖို့ကလည်း သူမကအမှားလုပ်ထားတဲ့လူမှမဟုတ်ပဲ။မတော်တဆဖြစ်တဲ့ကိစ္စကြီး။

 ဒီလောက်ပဲတောင်းဆိုတာကိုက တော်သေးသည်လို့ ပြောရမည်။၂၉နှစ်အထိထိန်းသိမ်းလာခဲ့တဲ့ CEOနေဂုဏ်မာန်ရဲ့ဂုဏ်သိက္ခာတွေကဒီကောင်မလေးရှေ့မှာ အတော်အရှက်ကွဲခဲ့တော့ ထပ်မပြောချင်တော့ဘူး။

"ကောင်းပြီ..ငါလုပ်ပေးမယ်...ဒါ ပေမဲ့နောက်တစ်ခါ အမျိုးသားသုံး သန့်စင်ခန်းကို မိန်းကလေးတန်မဲ့သန့်ရှင်းရေး၀င်မလုပ်ပါနဲ့...ဒီလိုကိစ္စမျိုးထပ်ဖြစ်သံကြားရင် မင်းကိုအလုပ်ထုတ်ပစ်မယ်...မင်းသွားလို့ရပြီ.."

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်သူဌေး.."

စံပယ်လည်း သူဌေးရုံးခန်းထဲက‌နေ အမြန်ထွက်လာခဲ့ပြီးဓာတ်လှေကားထဲရောက်မှ တင်းထားသမျှစိတ်တွေလျှော့ချရသည်။‌ တော်ပါသေးရဲ့။
အလုပ်မပြုတ်တဲ့အပြင် လစာပါထုတ်လို့ရခဲ့ပြီ။တော်တော် အရှက်ကြီးတဲ့လူပဲ အိမ်သာထဲကကိစ္စကို လျောက်ဖွမှာ ကြောက်နေလိုက်တာများ ။

နောက်ပြီးသူဌေးရဲ့အလုပ်စားပွဲဘေးမှာထောင်ထားတဲ့‌ ခေါက်ထီးအပြာအ‌ဟောင်း‌လေးကို စံပယ်‌အမှတ်မထင် တွေ့ခဲ့သည်။သေချာပါတယ်
 အဲ့ဒါ စံပယ့်ထီးပါပဲ။

"ဒါဆိုသူက..ဟို..မိုးရွာတဲ့နေ့က အရူးဆိုတဲ့လူပေါ့သေလိုက်ပါတော့မိစံပယ်ရယ်...ပြီးတော့ငါသူ့ကိုပြောခဲ့တာက.."

🤔"မိုးရေဒီလောက်ချိုးချင်လည်း မိုးတွင်းအထိ‌
စောင့်လေ..ခုကစဦးမိုးမသာပေါ်သွားမယ်..
ရန်ကုန်မြို့ကြီးမှာလမ်းဘေး လဲနေလည်းဘယ်သူမှလာကူမှာမဟုတ်ဘူး..
ရူးနေလည်းထီးဆောင်းရူး..ရော့!..အေးအေးမိမယ်..မြန်မြန်ယူ.."🤔

အလုပ်ပြုတ်ခဲ့တဲ့‌ နေ့က ကိစ္စကိုပြန်တွေးလိုက်မိတော့မှာ အဲ့ဒီ့နေ့က အရူးဆိုပြီးပိတ်ဟောက်ခဲ့တဲ့လူက ကိုယ့်သူဌေးဖြစ်နေလေတော့ ကိုယ့်နှဖူးကိုယ်သာပြန်ရိုက်မိတော့သည်။

"တော်သေးတယ်သူကငါ့ကိုမမှတ်မိလို့"

🍁🍁🍁🍁🍁🍁

မနက်၄နာရီထိုးသည်နှင့် စံပယ်အိပ်ယာအမြန်ထ၊အိပ်ယာသိမ်းပြီး သွားတိုက်မျက်နှာ
သစ်လိုက်သည်။ထမင်းအိုးတည်၊ထမင်းချိုင့်‌
ဆေးထားပြီးထုံးစံအတိုင်း သနပ်ခါးအမြစ်တုံးကို ပျစ်ပျစ်နှစ်နှစ်သွေးကာ ပါးကွက်အကြီးကြီးတွေကွက်၊ ဆံထုံးမြင့်မြင့်ထုံးလိုက်ရာ အလှပြင်ခြင်းပြီးဆုံးသွားလေပြီ။ပြီး‌နောက်ဘုရားရှိခိုးလိုက် ဟိုလုပ်၊ဒီလုပ် လုပ်လိုက်ရင်းနဲ့ပဲ ဖယ်ရီချိန်နီးလာ၍ ဖယ်ရီစီးပြီးအလုပ်သွားရလေသည်။

"ဟောစံပယ်အလုပ်လာပြီလား.."

"ဟုတ်ကဲ့ အန်တီ.."

"အော်..ဒါ‌နဲ့ဒီနေ့ မမွန်နေမကောင်းလို့သူဌေးရုံးခန်းသန့်ရှင်းရေးကိစ္စ စံပယ့်ကိုလွှဲခဲ့တယ်လို့ခေါင်းဆောင်‌ကပြောခိုင်းထားတယ်.."

"ဟင်း..မနက်စောစော ငါ့ခေါင်းကို မိုးကြိုးပစ်တဲ့သတင်းပါလား.."လို့ ရေရွတ်မိလေသည်။

ဒီနေ့နဲ့ဆိုIDGကုမ္ပဏီရဲ့သန့်ရှင်းရေးဌာနမှာအလုပ်၀င်တာ တစ်လပြည့်တော့မယ်။
ဟိုနေ့သူ‌ဌေးရုံးခန်းက ပြန်လာပြီးတည်းက သူဌေးရဲ့အရိပ်ကိုမြင်တာနဲ့ကိုရှောင်လိုက်သည်။မရှောင်လဲမတွေ့ပါဘူး။ဒီလောက်အလုပ်များတဲ့သူဌေးက သန့်ရှင်းရေးအလုပ်သမားကို ဘယ်သတိထားမိပါ့မလဲ။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"ဆရာ..အစည်းအဝေးကနောက်၁နာရီမှစမှာ..ဆရာ‌အေးဆေးအနားယူလိုက်ပါလား..
ညကလည်းအိပ်ရေးပျက်ထားတယ်မလား.."

"ရတယ်..မောင်ထွန်း..နေ့လည် မစ်စတာဂျိုးဇက်တို့ကိုသွားကြိုရင်အမှားအယွင်းမဖြစ်စေနဲ့..မြန်မာကIDGနဲ့အမေရိကန်ပထမဆုံးပူးပေါင်းမှုမှာ ဘယ်နေရာမှ မချို့ယွင်းချင်ဘူး.."

"ဟုတ်ကဲ့ကျွန်တော်နားလည်ပါတယ်ဆရာ.."

"အေး..သွားတော့ရပြီ.."

တစ်ဖက်တွင်တော့ စံပယ်မွှေးတစ်ယောက်ရုံးခန်းရဲ့ရေချိုးခန်းမှာသန့်ရှင်းရေးလုပ်ရင်း အပြင်ဖက်ကစကားသံတွေကိုနားစွင့်နေမိလေသည်။
သန့်ရှင်းရေးစလုပ်တုန်းက ရုံးခန်းထဲမှာ ဘယ်သူမှမရှိလို့ ပျော်နေမိတာ အခုသူဌေးကပြန်ရောက်လာတော့ အပြင်ပြန်ထွက်ရမှာတောင် မဝံ့မရဲဖြစ်နေမိသည်။ဒီလူကြီး မြန်မြန်အပြင်ကို ပြန်ထွက်ပါတော့လို့သာ ဆုတောင်းနေလိုက်သည်။

"ကဲ..အပြင်ရောအတွင်းရောသန့်ရှင်းပြီးပြီဆိုတော့ငါ့တာ၀န်ပြီးပြီ..၀မ်းသာတာ.."

"ကျွီ...."

"အမယ်လေးဗျ..."

"ဟင်..ရှင်!!ရှင်!! ဘယ်ကိုလာဖက်တာတုံး.."

စံပယ်မွှေးက တံခါးဘုကိုကိုင်ပြီးအဖွင့် 
နေဂုဏ်မာန်က တံခါးကိုအတွန်း အရှိန်လွန်ပြီးဆွဲမိဆွဲရာလှမ်းဆွဲလိုက်ရာ ကောင်မလေးကိုဖက်မိလျက်သားဖြစ်သွားသည်။ဒီ့ထက်ဆိုးတာက သူ့ရဲ့နှုတ်ခမ်းက ကောင်မလေးနဖူးပေါ်မှာ ပီကေလိုသွားကပ်နေခြင်းပဲ။

"ဒုတ်!ဒုတ်!ဒုတ်!"နှလုံးသားနှစ်ခုကအတော်လေးနီးကပ်နေပြီး သူ့အသံ၊ကိုယ့်အသံကိုကြားနေရသ‌ယောင်။စံပယ်လည်းအခုထိမလွှတ်သေးတဲ့လူကြီးကို တော်တော်အမြင်ကပ်လာသည်။
ဒေါသကလည်း ငယ်ထိတ်ကိုတက်ဆောင့်လာတာကြောင့် ညာဘက်ခြေထောက်ကို မြှောက်ချလိုက်ပြီး သူ့ရှူးဖိနပ်အပေါ်ကို မှန်းပြီးနင်းချပစ်လိုက်သည်။

"အင့်ဟယ်.."

"အာ့.….အား!!!ဘာလို့ခြေထောက်ကိုတက်နင်းရတာလဲ..နာလိုက်တာ.."

"ကျွန်မသာလုပ်ချင်ရင်..ရှင့်ရဲ့ချက်ကောင်းကိုတစ်ခါထဲပိတ်ကန်ပစ်တယ်.."

"ဟေ့‌..ဟေ့..မင်းမိန်းကလေးဖြစ်ပြီးမမိုက်ရိုင်းနဲ့နော်.."

"အော်ဟော်..နှာဘူးကတစ်မူးသာရတယ်လို့"

"ဒီမှာ!..ငါနှာဘူးမဟုတ်ဘူး.."

"အာ့ဆိုဘာလဲ..တဏှာရှူးလား.."

"မင်း..ပြောလေကဲလေ..မန်းလေပြဲလေပါလားကွ.."

"သူကပဲပြောရတယ်ရှိသေး..အာ့ဆိုခုနကဘာလို့အတင်းလာဖက်သလဲနှာဘူးရဲ့.."

"ဟာ..ငါနှာဘူးမဟုတ်ဘူးဆို..ခုနကမတော်တဆဖြစ်သွားတာ..နေပါအုံးငါကမင်းလို သနပ်ခါး၁ပိဿာလောက်လိမ်းထားတဲ့ရုပ်ဆိုးမကိုများ သိပ်ဖက်ချင်တယ်များထင်‌နေသလား..
ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်အုံး...မုန်လာဥကို သနပ်ခါးလိမ်းပေးထားတဲ့ရုပ်နဲ့...."

"အောင်မာ!!သူများကိုများ..အာ့ဆိုခုနကဘာလို့ချက်ချင်းမလွတ်လဲ.."

"အဲ့ဒါ..မတော်တဆဖြစ်သွားတာလေကွာ...ငါကမင်းကို တမင်ကြံစည်တယ်ထင်နေတာလား....."

"တူတူ..တူတူ.."

နေဂုဏ်မာန်ရှင်းပြဖို့စကားလုံးရှာနေရုံရှိသေးတယ်။အလုပ်စားပွဲမှ ဖုန်းမြည်လို့သွားကိုင်ရလေသည်။
ဒီငရစ်မ‌လေးထက် အလုပ်ကပိုအ‌ရေးကြီးသည်မဟုတ်ပါလား။
စံပယ်လည်း ရေချိုးခန်းထဲမှာ ကျန်နေသေးသည့် သန့်ရှင်း‌ရေးပစ္စည်း‌တွေကို သိမ်းစရာရှိတာ အမြန်သိမ်းလိုက်သည်။ဒီနှာဘူးရဲ့ရုံးခန်းထဲကနေမြန်မြန်ထွက်မှဖြစ်မယ်။

"အေး..ကြယ်စင်ပြော.."

"ဆရာ..မချယ်ရီစူးကဆရာနဲ့တွေ့‌ဖို့ပြောနေတယ်.."

"ငါ၀င်ခွင့်မပြု.."

"ကျွီ...ဒုန်း!!!"

၀င်ခွင့်မပြုဖူး‌လို့ ပြောနေရုံရှိသေးသည် ။ရုံးခန်းတံခါးကို အတင်းတွန်းဖွင့်လိုက်တာကြောင့် 
သူအရမ်းဒေါသထွက်သွားသည်။မျက်ခုံးတွေကို 
တွန့်ကြုံ့လိုက်ပြီး ထိုမိန်းမကို အကြည့်စူးစူးတွေနဲ့ ကြည့်ပစ်လိုက်သည်။

"ချယ်ရီစူး..ဒီနေရာကမင်းကိုဘယ်တော့မှမကြိုဆိုဘူးဆိုတာသိလျှက်နဲ့..ဘာလို့လာတာလဲ.."

"ထွက်သွာ!!!သွား!!!"

"အဟင်း..သိပါတယ်..မာနမိုးထိုးပြီးသိပ်ကိုမြင့်မြတ်တဲ့‌ဦးနေဂုဏ်အကြောင်းကို..သိသမှသိပ်သိ.."

"သောက်ပိုတွေလာမပြောနဲ့..ငါ့ရုံးခန်းထဲကနေ
အခုချက်ချင်းထွက်သွား!!နောက်နောင်လည်းဘယ်တော့မှခြေဦးလာမလှည့်နဲ့..မင်းလိုမိန်းမမျိုးကြောင့်..ငါ့ကုမ္ပဏီအညစ်ညမ်းမခံနိုင်ဘူး.."

"ဒီကလည်းလာချင်လွန်းလို့‌ထင်မနေနဲ့..ကိုကြီးကသူ့သားစိတ်နဲ့အရမ်းနေမကောင်းဖြစ်နေတယ်..အဲ့ဒါရှင့်အဖေကိုလူစိတ်လေးရှိသေးရင် လာကြည့်ပေးဖို့..သတိလာပေးတာ..သွားပြီ.."

"သွား!!! ဒုန်း!"

ပိတ်သွားတဲ့တံခါးကို ကြိုးဖုန်းနဲ့ကောက်ပေါက်ပစ်လိုက်သည်။ဒီမိန်းမရဲ့ မျက်နှာကိုမြင်တာနဲ့တင် ဒေါသတွေက အလိုလိုထိန်းမရတော့ပေ။

"တောက်!!!"

စံပယ်လည်း အခြေအနေအရပ်ရပ်ကိုတွေ့ပြီးနောက် အမြန်လစ်ရန်ရုံးခန်းတံခါးကိုဖွင့်လိုက်သည်။ပါးစပ်ကယားကျိကျိနဲ့တစ်ခုခုကိုပြောရမှနေသာတော့မည်။

"ဒီမှာ.."

"ဘာလဲ..မင်းက"

"ကျွန်မမှာအဖေမရှိဘူး..ဆုံးပြီး...အဖေကအရက်အရမ်းသောက်ပြီးတအားဆိုးပေမဲ့..အဖေသေတဲ့နေ့ကကျွန်မဘော်ဒါနေနေလို့..အသက်မမှီလိုက်ဘူး..
အဖေ့ကိုမပြုစုလိုက်ရလို့ ကျွန်မအရမ်းနောင်တရတယ်.."

"အဲ့ဒါတွေငါ့ကို ဘာလို့လာပြောနေတာလဲ..
ဒေါသထွက်နေရတဲ့အထဲ.."

"ရှင်လဲ..ကျွန်မလိုနောင်တမရပါစေနဲ့.."

"ဘာ.."

ပြောချင်တာပြောပြီး စံပယ်အမြန်လစ်ထွက်လာလိုက်သည်။ကိုယ့်ပါးစပ်ကိုယ်လဲပြန်ရိုက်နေမိတယ်။

"ဒီပါးစပ်..ဒီပါးစပ်..ဘာလို့မဆိုင်တာတွေပြောခဲ့တာလဲ..သေချာတယ်အလုပ်ပြုတ်တော့မယ်.."

နေဂုဏ်မာန်လည်းကောင်မလေးရဲ့စကားကြောင့်တွေဝေသွားမိသည်။
"ဒယ်ဒီ့ကိုသာဆုံးရှုံးရရင် ငါနောင်တရမှာလား"
တွေးရင်းနှင့်အလုပ်စားပွဲဘေးကခေါက်ထီးအပြာလေးကိုရီဝေစွာဆိုက်ကြည့်လိုက်သည်။

"မင်းဆိုရင်ရော..ဟိုကောင်မလေးလိုကိုယ့်ကိုပြောမှာလား.."

မိုးရေထဲမှာ ဖြတ်ခနဲတွေ့လိုက်ရတဲ့ ထီးပိုင်ရှင်လေးကို သူစကားတွေပြောနေမိလေသည်။
သူ့ဘ၀ထဲကနေ မာမီကတော့ ထွက်သွားနှင့်ခဲ့ပြီ။
ဒယ်ဒီ့ကိုသာ ဆုံးရှုံးလိုက်ရမယ်ဆိုရင် သူ့ကမ္ဘာကြီးပြိုသလို ဖြစ်သွားမှာသေချာသည် ။ဒါပေမဲ့ အခုထိဒယ်ဒီ့ကို ခွင့်မလွှတ်နိုင်သေးတာကြောင့် ဒယ်ဒီနဲ့အေးဆေးပြန်စကားပြောဖို့ဆိုတာ တော်တော်လေးခက်ခဲလိမ့်မည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"ဝေါ...ဝေါ..ဂျိန်း.."

"မိုးကလည်း...မိုးတွင်းမရောက်သေးဘူးရွာပြန်ပြီ..."

ရုံးဆင်းချိန်ဖြစ်လို့အလုပ်သမားတွေက ထီးကိုယ်စီဆောင်းပြီးပြန်ကုန်ကြပြီ။စံပယ့်မှာသာ ထီးမ၀ယ်ရသေးလို့ ကုမ္ပဏီအပေါက်၀မှာရပ်ရင်း ဘယ်လိုပြန်ရမှန်းမသိဖြစ်နေသည်။

"ဒီ..ဒီ..ဒီမှာ..ညီမ.."

"ဟင်..ကျွန်မကိုခေါ်တာလား.."

"ဟုတ်..ဟုတ်..ဟုတ်တယ်.."

ထိုလူကိုကြည့်လိုက်တော့ ခေါလိုက်တဲ့သွားဆိုတာအုန်းသီးတစ်လုံးခြစ်ရင်တောင်ခဏလေးပြီးလောက်တယ်။အသားကလည်း ကပ္ပလီတောင်
အမေခေါ်ရမဲ့ အရောင်နဲ့"ဘာလဲငါ့ကိုလာကြောင်နေတာလား"။ချောချောလေးဆိုတစ်မျိုး အခုတော့သူ့သွားက ငါ့မျက်နှာကို လာခုတ်မိတော့မဲ့အတိုင်းပဲ။

"ဘာလဲ..ဘာပြောမလို့လဲ.."

"ညီ..ညီ..ညီမလေးက..ထီး..ထီး..ထီးမပါဘူးလား"

စကားတစ်လုံးတစ်လုံးကို တစ်နာရီလောက်ခြားနေတာ။စံပယ်တောင်အာရွဲ့ချင်လာပြီ။

"မပါဘူး..ဘာလုပ်မလို့လဲ.."

"ဒါ..ဒါ..ဒါဆိုရင်..ကို..ကို..ကိုကြီးနဲ့..အ..အ..အတူဆောင်း မလား.."

"အို..မဆောင်းချင်ပါဘူး.."

"ဘာ..ဘာ..ဘာဖြစ်လို့လဲ..မိုး..မိုး..မိုးရွာနေတာကို"

"ဘာ..ဘာမှမဖြစ်ဘူး..မ..မဆောင်းချင်လို့ကို
မဆောင်းတာ.."

သူ့ကြည့်ပြီးကိုယ်ပါထစ်ကုန်လေပြီ။ဒီမှာထပ်‌နေရရင်‌တော့ဒုက္ခပဲ။မတ်တပ်ကြီး လေဖြတ်တော့မှာပဲ။
မထူးဘူး ဖယ်ရီဆီကို မိုးအစိုခံပြီး ပြေးသွားရတော့မှာပဲ။

"ညီမကစံပယ်မွှေးလား.."

"ရှင်..ဟုတ်ပါတယ်.."

"အစ်ကို့နာမည်..ကိုမောင်ထွန်းပါ..မိုး‌‌တွေအရမ်းရွာ‌နေတယ်..ထီးမပါဘူးမလား..အစ်ကို့မှာကားပါလို့..ညီမကိုဒီထီးလာပေးတာ..
ယူထားလိုက်နော်..နောက်ကြုံမှပြန်ပေး.."

"အစ်ကို့..အစ်ကိုမောင်ထွန်း.."

ရုပ်‌ရည်လေး သနားကမားနှင့် ဘာမပြောညာမပြောအတင်းထီးပေးသွားသူကိုတမေ့တမောကြည့်နေမိသည်။သူကငါ့ကိုသိနေတာလား။ငါတော့သူ့ကိုမသိပါဘူး။

"ဟီး..ငါ့ကိုကြိတ်ကြိုက်နေတာများလား"

ထို့သို့ကြိတ်ပျော်နေစဉ်မှာပဲ ဒေါသအိုးကြီးဦးနေဂုဏ်မာန်၏ကားလေးက အရှေ့ကနေဖြတ်မောင်းသွားလေသည်။ကားမောင်းသူကို ကြည့်လိုက်တော့ ကိုမောင်ထွန်းဖြစ်နေသည်။

"ဟင်း ဒါရိုက်ဘာနဲ့သူဌေးပေမဲ့..စိတ်ထားလေးကကွာလိုက်တာ......"

"ညီ..ညီ..ညီမ.."

"လာပြန်ပြီ....ဘာတုန်း.."

"အစ်..အစ်..အစ်ကိုနဲ့..ထီး..အတူတူ..မ..မ..
မဆောင်း..‌ ဆောင်းတော့..ဘူးလား.."

"မဆောင်းဘူး..ရှင့်ရဲ့ထီးကို အဲ့ဒီ့‌ခေါပြီး ရှေ့ကိုတစ်လံလောက်ထွက်နေတဲ့သွားကိုသာ လုံအောင်ဆောင်းပေးလိုက်..သွားအအေးပတ်နေမယ်"

စံပယ်လည်း တမင်ရွဲ့ပြောခဲ့ကာ ထီးဆောင်းပြီး ဖယ်ရီတွေရပ်ထားတဲ့ ကားတွေဆီသို့ပြေးသွားလိုက်သသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

မိုးရွာတဲ့‌‌နေ့မှာထီးမပါတဲ့က‌လေးမအနား စာရင်းဌာနကမဲကြီးဆိုတဲ့ကောင်ရစ်သီရစ်သီလုပ်နေတာကို မြင်လို့‌မောင်ထွန်းကိုထီးသွားပေးခိုင်းလိုက်ပြီး ကားထဲမှာထိုင်စောင့်နေလိုက်သည်။

"ဆရာပေးပြီးသွားပြီ.."

"ထီးလေးပေးတာ..ဘာလို့ဒီလောက်ကြာနေတာလဲ..ဘာစကားတွေပြောနေကြလို့လဲ"

"ဘာမှမပြောပါဘူးဆရာရယ်..ဆရာ့ကိုကြည့်ရတာဒီနေ့ထူးဆန်းနေသလိုပဲ..အလုပ်သမားတစ်ယောက်ထီးမပါတာကိုတောင်အရမ်းဂရုစိုက်နေသလားလို့.."

"တော်စမ်းပါကွာ..မောင်းတော့.."

"ဘယ်ကိုလဲ..ဆရာ.."

"ဒယ်ဒီ့အိမ်ကို.."

"ပြောပါတယ်..ဒီနေ့တို့ဆရာထူးဆန်းနေတယ်လို့"

"မောင်းမှာသာမောင်းစမ်းပါကွာ.."

ကားလေးမောင်းထွက်သွားသည်နှင့် ထီးလေးကိုကြည့်ပြီး ပြုံးနေတဲ့သူမမျက်နှာကိုသူမြင်ဖြစ်အောင် မြင်လိုက်လေသည်။

ဒယ့်ဒီ့အိမ်ရှေ့ကိုရောက်တော့အိမ်ထဲကိုမ၀င်ပဲအိမ်ရှေ့ကနေသာ အကဲခတ်နေမိ
သည်။

"ဆရာ..မိုးတွေအရမ်းရွာနေတယ်..အိမ်ထဲကိုဘာလို့မ၀င်တာလဲ.."

မောင်ထွန်းကိုလက်ကာပြလိုက်ပြီး အိမ်အပေါ်ထက်ပြတင်းပေါက်မှ ပိတောက်ပင်ကြီးကိုဆွေးမြေ့စွာရပ်ကြည့်နေတဲ့ဒယ်ဒီ့ကို နေဂုဏ်မာန်မိုးရေစက်တွေကြားမှ ဝိုးတဝါးမြင်နေရလေသည်။ဒယ်ဒီကမာမီ့ကို လွမ်းနေတာများလား။ထိုစဉ် ဒယ်ဒီ့အနောက်မှာတစ်စုံတစ်ယောက်ကရပ်လိုက်ပြီး ဒယ်ဒီ့ကိုလှမ်းဖက်လိုက်သည်။ဒယ်ဒီ့ပါးကိုနမ်းလိုက်တာသူမြင်သည်။ဒယ်ဒီပြုံးလိုက်တာလဲသူမြင်
သည်။ထိုမြင်ကွင်းကိုထပ်မကြည့်ချင်တော့၍ မျက်နှာလွှဲလိုက်မိသည်။

"မာမီ့နဲ့အတူရှိနေတုန်းက ဒယ်ဒီ ဒီ့ထက်တောင်ပြုံးခဲ့ပါသေးတယ်..ဘာလို့ဒီမိန်းမကြောင့်ထက်ပြုံးနိုင်ရသေးတာလဲ..မာမီ့ရဲ့မေတ္တာတွေက မလုံလောက်ခဲ့လို့လား...ကျွန်တော်ဒယ်ဒီ့လိုလူမျိုး ဘယ်တော့မှမဖြစ်စေရဘူး...."

အိမ်ထဲသို့ သူ၀င်ဖို့ဆန္ဒမရှိတော့တာကြောင့် ကားထဲသို့ပြန်၀င်ပြီး သူ့အိမ်သို့သာ ပြန်လာခဲ့လိုက်ပါသည်။
နောက်နောင် ဒီအိမ်ဘက်ကို ခြေဦးထပ်မလှည့်တော့ဖို့လည်း ပြတ်သားစွာဆုံးဖြတ်ချက်ချလိုက်သည်။

အခန်း၅..ဆက်ရန်...

မနက်ဖြန်နောက်တစ်ခန်းတင်ပေးမယ်နော်
တိတ်တိတ်လေးထွက်မသွားပြီး အသဲပေးခဲ့ကြအုံးနော်
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼


=======================================================================



                         🌼အခန်း၅🌼


"အစ်မ..အစ်မ.."

"အစ်မ..သန့်ရှင်းရေးအစ်မ..."

"ဟင်...ကျွန်မကိုခေါ်တာလား.."

အစည်းအဝေးအခန်းတွေကို သန့်ရှင်းရေးလုပ်ပြီးလို့ ကိုယ့်ဌာနမှာ ပြန်ပြီးအနားယူဖို့ အပြန်မှာ အနောက်ကနေ မိန်းကလေးတစ်ယောက်က ‌လက်ကိုလာဆွဲပြီး ခေါ်နေတာကြောင့် အံ့ဩသွားမိလေသည်။ပုံစံကြည့်ရတာ စံပယ့်ထက်နဲနဲကြီးပုံရတယ်။
ဒါပေမဲ့ စံပယ့်ကိုချိုသာစွာပြုံးပြပြီး ခေါ်လာသည်က အစ်မတဲ့။အစ်မဆိုတော့လည်းအစ်မပေါ့။
ကိုယ့်ပုံစံက သနပ်ခါးထူလပိန်းနဲ့  ဆံထုံးကြီးကို ထိပ်မှာ စုထုံးထားလေတော့ အဒေါ်ကြီးလို့မခေါ်လာတာ ကံကောင်း။

"....မေမီကစာရင်းစစ်ဌာနကအလုပ်သင်ပါ..
ဟိုလေ..ဌာနကအစ်မကြီးတွေကကုမ္ပဏီမျက်နှာချင်းဆိုင်က ထမင်းဆိုင်မှာထမင်းဘူးတွေသွားယူခိုင်းနေလို့..မေမီလုပ်ရတဲ့ စာရင်းတွေကလည်း မပြီးရင်အပြောခံရမှာအစ်မရဲ့..အခုမှအလုပ်သင်ဆိုတော့အလုပ်ပြုတ်မှာလည်းဆိုးတယ်.."

"အဲ့တော့..ကျွန်မကဘာကူညီပေးရမလဲ.."

"ဟို..အစ်မအဆင်ပြေရင်သွားယူပေးပါလားရှင်
..ကူညီပါ..အစ်မရယ်နော်..ကူညီပါနော်"

အခုမှအလုပ်ကလေးပြီးလို့ နားမယ်ကြံကာရှိသေးတယ် အကူအညီတောင်းမဲ့လူက အဆင်သင့်ပေါ်လာပြန်ပြီ။မကူညီဘူး ပြောလိုက်ရင်လည်း သန့်ရှင်းရေးအလုပ်သမားဖြစ်ပြီး ဘ၀င်မြင့်တယ်ဖြစ်အုံးမယ်။ဘာပဲဖြစ်ဖြစ် ကူညီကောင်းပါတယ်လေ။

"ဟုတ်ကဲ့ သွားယူ‌ပေးပါ့မယ်.."

"ကျေးဇူးတင်လိုက်တာအစ်မရယ်.."

အမှန်တွင်တော့ အလုပ်သင်မေမီဆိုသူဟာ ကိုယ်တိုင်သွားရမှာကို ပျင်းသောကြောင့် သန့်ရှင်းရေးလုပ်၍ ပြန်လာသော စံပယ်မွှေးကို တစ်ဖက်
လှည့်နှင့် ခိုင်းလိုက်ခြင်းဖြစ်လေသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ထမင်းဆိုင်မှ ထမင်းဘူးတွေအမြန်ဆင်းယူပြီး အပေါ်ပြန်တက်ရန်ဓာတ်လှေကားစောင့်နေစဉ်မှာပဲ ဘေးနားမှာတစ်စုံတစ်ယောက်လာရပ်နေ၍
ကြည့်လိုက်တော့ သူဌေးနဲ့ သူ့အတွင်းရေးမှူးဖြစ်နေလေသည်။စံပယ်ကသာ သူ့ကိုတွေ့လို့ အံ့ဩသွားပေမဲ့ စီအီးအိုကြီး ဦးနေဂုဏ်မာန်ကတော့ 
ရင်ကိုကော့၊ခေါင်းကိုမော့ထားလိုက်တာများ 
သူ့ကိုယ်သူဇာတ်မင်းသား ထင်နေသလားမှတ်ရတယ်။
တစ်စက်မှကို မျက်လုံးထဲမှာ အကြောမတည့်တာ တာပါ။

ဓာ‌တ်လှေကား၏ တံခါး‌ပွင့်သည်နှင့်အတွင်းထဲသို့
အမြန်၀င်လိုက်ကြရာ အတွင်းရေမှူးမမက 
အလွှာငါးကိုနှိပ်လိုက်တာကြောင့် တိုက်တိုက်ဆိုင်ဆိုင်တက်မည့် အလွှာကလာတူနေရပြန်သည်။
ရေစပ်မဆုံးချင်ပါဘူးဆိုနေမှ တက်မဲ့အလွှာပါ 
လာတူနေရတယ်ဟု စိတ်ထဲမှတီးတိုးပြောလိုက်မိသည်။

သူ့ကိုလှမ်းကြည့်လိုက်တော့ ဘောင်းဘီအိတ်ကပ်ထဲကိုလက်ထည့်ပြီးခပ်တည်တည်နှင့်ရပ်နေလေသည်။အမြင်ကပ်လာတာကြောင့် စံပယ့်စိတ်ထဲတွင် ရေရွတ်လိုက်မိတဲ့ စကားကတော့...

"သူ့ကိုယ်သူ..သူဌေးမှန်းလူမသိမှာစိုးလို့နေမယ်...
ဘ၀င်လေဟပ်ပြီး ခေါင်မိုးကိုတက်ဆောင့်မိတော့မဲ့အတိုင်းပဲ....ရုပ်ရှင်မင်းသားတွေတောင် သူ့လောက်ပဲများကြမယ်မထင်ဘူး..."

အလွှာ၅ကိုရောက်တော့ထမင်းဗူးအထုပ်‌တွေကိုလက်နှစ်ဖက်အပြည့်ကိုင်ကာ သူတို့ထက်အရင်အပြင်ထွက်လိုက်ပြီး စာရင်းစစ်ဌာနကိုပြေးသွားလိုက်သည်။

"ဟာ...ဒီကောင်မလေးဘယ်လိုပါလိမ့်..အမြဲ
ရှက်ပြာရှက်ပြာနဲ့.."

နေဂုဏ်မာန်လည်းသူ့အရှေ့မှ ခြေလိမ်ပြီးပြေးနေသလား ထင်ရသည့်ကလေးမကိုကြည့်ပြီး ပါးစပ်ကလွှတ်ကနဲထွက်သွားမိသည်။
ပြီးမှစိတ်မလုံပဲ အတွင်းရေးမှူးကိုတစ်ချက်ကြည့်လိုက်ပြီး ပြန်တည်နေလိုက်ရသည်။
သူမှာလည်း ဘာကြောင့်ရယ်မသိ ဒီရှက်ပြာမလေးကို တွေ့တိုင်း တစ်ခုမဟုတ် တစ်ခုပြောချင်နေမိသည်။

ဆန်းကျယ်တဲ့ ထိတ်တိုက်တွေ့ဆုံမှုတွေကြောင့် ဒီကောင်မလေးက ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့အာရုံကို ဖမ်းစားနိုင်နေသလိုပဲ။
"သူမကို စိတ်၀င်စားနေမိတာလား..."လို့ 
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပြန်တော့လည်း 
ဒီဂွက်ထော်ရုပ်ကို စိတ်၀င်စားတာလုံး၀မဖြစ်နိုင်ပါဘူးလို့ပဲ ‌ပြန်တွေးလိုက်မိသည်။

"အချော၊အလှတွေ ဒီလောက်ပေါများနေတဲ့ခောတ်ကြီးမှာ ဒီလိုသနပ်ခါးဘဲကြားနဲ့ ရှပ်ပြာမကိုစိတ်၀င်စားနေရင် ငါရူးနေလို့ပဲ နေလိမ့်မယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

စံပယ်မွှေးတစ်ယောက်စာရင်းစစ်ဌာနထဲသို့ မဝံ့မရဲခြေလှမ်းလိုက်ပြီးလူရှာနေရလေသည်။
ခဏနေတော့ကွန်ပျူတာထိုင်နှိပ်နေသည့် မေမီဆိုသည့်  ကောင်မလေးကိုတွေ့လိုက်ရတာ‌ကြောင့် 
၀မ်းသာသွားရသည်။
ထို့ကြောင့် ခြေလှမ်းခပ်သွက်သွက်နဲ့ပဲ ထိုကောင်မလေးဆီသို့ သွားလိုက်သည်။

"ညီမ..ညီမ..အမယ်လေး!!!!!.."

"ဘုန်း!!!..ဂလုန်း!!!!.."

မေမီဆိုသူဟာလည်း ကွန်ပျူတာထိုင်နှိပ်နေရာမှ 
အသံကြားရာကိုကြည့်လိုက်မိတော့ ထမင်းဗူးတွေဟာ ကြမ်းပြင်မှာ မှောက်နေပြီး သူမထမင်းဗူးသွားယူခိုင်းလိုက်သော သန့်ရှင်းရေး၀န်ထမ်းကလည်း 
 မှောက်လျှက်လဲကျနေတာကြောင့် အလွန်ဒေါသထွက်သွားလေသည်။

"..အမယ်လေး..အစ်မ..မကူညီချင်လဲအစထဲကပြောပါလား..အခုတော့ အမသီတာတို့စားမဲ့ဟာတွေကုန်ပြီ..အစ်မတမင်လုပ်လိုက်တာမလား.."

စံပယ်လည်းတစ်ခုခုကို ခလုတ်တိုက်မိပြီးကြမ်းပေါ်ကို အားနဲ့ပစ်ကျသွားတာကြောင့် ထမင်းတွေ၊ဟင်းတွေ ကြမ်းပေါ်သို့မှောက်သွားတာပါ။ 
ဒါကိုတမင်လုပ်တာတဲ့လား။
လူလည်းကိုင်အ ရိုက်ခံလိုက်ရသလို တော်တော်နာသွားတာကြောင့် မျက်ရည်တောင်ဝဲချင်လာမိလေသည်။
ဌာနကလူတွေကလည်းစံပယ်နဲ့ ထိုကောင်မလေးကိုဝိုင်းအုံပြီးကြည့်လာကြသည်။

"အစ်မ..တမင်လုပ်တာမဟုတ်ပါဘူး..
..မတော်တဆဖြစ်သွားတာပါ.."

"ဟင်း..နဲနဲပဲပြောရသေးတယ်မျက်ရည်ကကျလာပြီ..တကယ်ငိုရမှာကကျွန်မပါအစ်မရဲ့..
အခုဒါတွေအကုန်ဆိုက်လျော်ရတော့မယ်..
ဘယ့်နှယ့်လုပ်မလဲ..အကူအညီတောင်းမိတာကိုကမှားတာ.."

"ဟဲ့မေမီ..ဒါဆိုဒီထမင်းဗူးတွေက..ငါတို့ဟာတွေလား.."

"ဟုတ်တယ်..မသီတာ..ကျွန်မစာရင်းအမြန်လုပ်ချင်လို့ ဒီသန့်ရှင်းရေး၀န်ထမ်းအစ်မကိုသွားယူခိုင်းလိုက်တာ..မကျေနပ်ဘူးထင်တယ်..တမင်ထမင်းတွေဖိတ်အောင်လုပ်တာသိလား.."

"မဟုတ်ပါဘူး..ကျွန်မတမင်လုပ်တာမဟုတ်ပါဘူး.."

စံပယ်လည်း မသီတာဆိုသူကိုပါ တမင်ရည်ရွယ်ပြီး မလုပ်ကြောင်း ရှင်းပြနေမိလေသည်။သို့ပေမဲ့ သူတို့ရဲ့မျက်၀န်းတွေမှာတော့ သန့်ရှင်းရေး၀န်ထမ်းယူနီဖောင်း ၀တ်ထားတဲ့စံပယ့်ကို အထင်သေးသလိုပဲ ကြည့်လာကြတယ်။

"မေမီ!..ငါကနင့်ကိုသွားယူခိုင်းတာလေ..ဘာလို့ဒီလိုပညာမတတ်၊အဆင့်မရှိတဲ့အောက်ခြေအလုပ်
သမားကိုခိုင်းရတာလဲ..အခုတော့ငါ့ထမင်းဗူးသွားပြီ..ဘယ်လိုလုပ်မှာလဲ!..."

"ဘယ်လိုမှမလုပ်နဲ့..အောက်မှာကျနေတဲ့ဟာတွေကိုပဲကောက်စားလိုက်.."

"ဟင်"

"ဟာ.."

"သူဌေး!.."

အသံနှင့်အတူ ဟိတ်ဟန်အပြည့်နဲ့ ၀င်လာသူက
ဦးနေဂုဏ်မာန်ပင်ဖြစ်သည်။
 မသီတာဆိုသူနှင့် သူ့ဘေးနားမှမေမီဆိုသူကို 
မျက်မှောင်ကြုံ့၍ဆိုက်ကြည့်‌လိုက်ပြီးနောက် မျက်ရည်ဝဲနေသည့်စံပယ့်ဘက်ကိုလှည့်ကြည့်လာ လေသည်။
စံပယ်လည်း သူဌေးကပါ ထပ်ပြီးအပြစ်တင်တော့မည်ဆိုတာကို ခန့်မှန်းမိလိုက်တာကြောင့် သူဌေးနဲ့အကြည့်ချင်းဆုံမိသွားရာမှ အကြည့်လွှဲပြီး ခေါင်းကိုသာတွင်တွင် ငုံ့ထားလိုက်မိသည်။

တကယ်တော့ ဓာတ်လှေကားထဲကနေ ထမင်းဗူးတွေကို ဆွဲပြီးကလေးမ ပြေးသွားတည်းက ဘာလုပ်မလို့လဲဆိုပြီး တွေးခဲ့သေးတယ်။
ဌာနထဲကို စ၀င်တော့"ပညာမတတ်၊အဆင့်မရှိတဲ့အောက်ခြေအလုပ် သမားကိုဘာလို့ခိုင်းရတာလဲ..အခုတော့ငါ့ထမင်းဗူးသွားပြီ..ဘယ်လိုလုပ်မှာလဲ!..."ဆိုသည့် မသီတာဆိုသော၀န်ထမ်းရဲ့ စကားကိုကြားလိုက်တော့မှ ဇာတ်ရည်လည်ပြီး တော်တော်ကို ဒေါသထွက်သွားမိသည်။

"စံပယ်မွှေး!!မင်းကိုထမင်းဗူးယူခိုင်းတာဘယ်သူ‌လဲ.."

သူဌေးက ခပ်မာမာမေးလိုက်တာကြောင့် စံပယ်လည်းမျက်နှာငယ်နှင့်မေမီဆိုသူကိုလက်ညှိုးထိုးပြလိုက်သည်။

 နေဂုဏ်မာန်လည်း မျက်မှောင်ကြုံ့ကာ မေမီဆိုသူကိုခပ်စူးစူးကြည့်လိုက်ပြီး...

"ဒီထမင်းဗူးတွေကမင်းဟာတွေလား.."

"ဟို..မဟုတ်ပါဘူး..မမသီတာတို့၊မမယုမွန်တို့ဟာတွေပါ..မေမီ့ကိုသွားယူခိုင်းတာပါ.."

"ဟုတ်ပါတယ်သူဌေး ကျွန်မတို့ကသူ့ကိုသွားယူခိုင်းတာကို..သူက ဒီဘာပညာ၊ဘာအဆင့်မှမရှိတဲ့ သန့်ရှင်းရေး၀န်ထမ်းကို တစ်ဆင့်ခိုင်းလိုက်တယ်တဲ့....အခုတော့.."

"တိတ်စမ်း!!! "

နေဂုဏ်မာန်ပိတ်ဟောက်လိုက်တာကြောင့် မသီတာလည်း ချက်ခြင်းမျက်လုံးတွေ ပြူးကျယ်သွားရပြီး 
ကြောက်စိတ်ပါ၀င်လာလေတော့သည်။

"မင်းကဘယ်လောက်အထိတော်နေလို့သူ့ကိုဒီလိုချိုးနှိမ်ပြီးပြောနေတာလဲ.."

"ရှင်.."

"မင်းကိုယ်တိုင်တောင်သူများဆီမှာ လခစားပြီးအလုပ်လုပ်နေတာမဟုတ်ဘူးလား..
မင်းတို့ကသူ့ထက်ပညာပိုသင်ခွင့်ရခဲ့လို့လစာပိုများနေတာပဲရှိတယ်..
မှတ်ထား မင်းတို့အားလုံးကဒီကုမ္ပဏီရဲ့အလုပ်သမားဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရှိတယ်..
အလုပ်သမားအချင်းချင်း ရိုင်းပင်းတာမျိုးမဟုတ်ပဲ ဖိနှိပ်ဆက်ဆံတာမျိုးလုပ်ရင်..လုပ်တဲ့သူကို
ငါ့ကုမ္ပဏီမှာထားမှာမဟုတ်ဘူး..နောက်တစ်ခု..
ကိုယ်လုပ်ရမဲ့အလုပ်ကို ကိုယ့်ဘာသာပြီးဆုံးတဲ့အထိလုပ်ကြ..အပျင်းခိုတဲ့၊ အချောင်လမ်းကို လိုက်တဲ့ ဘယ်သူ့ကိုမှ..IDGကုမ္ပဏီကအလိုမရှိဘူး..
ကြားကြလား!!!!..."

"ဟုတ်....ဟုတ်ကဲ့ပါသူဌေး...."

သူဌေးရဲ့ ဆူလိုက်သည့်စကားကြောင့် စာရင်းစစ်ဌာနတစ်ခုလုံး"ဟုတ်ကဲ့"ဆိုသည့်အသံတွေ ပဲ့တင်ထပ်ကုန်လေတော့သည်။
ဒီကုမ္ပဏီတွင် စီအီးအို နေဂုဏ်မာန်ထပ် ရာထူးကြီးတဲ့လူမရှိတော့တာကြောင့် အားလုံးကကိုယ့်အလုပ်ရာထူးလေးမြဲဖို့ရာ နေဂုဏ်မာန်၏စကားကို 
အထွန့်မတက်မှရပေလိမ့်မည်။စီအီးအို၏ 
သမာသမတ်ကျပြီး ခပ်တည်တည်နေတတ်တဲ့ ပုံစံကြောင့် အားလုံးက ရှိန်နေကြခြင်းပင်။

"မင်းနာမည်မေမီ..ဟုတ်လား.."

"ဟုတ်...ဟုတ်ပါတယ်သူဌေး.."

မသီတာအလှည့်ပြီးတော့ မေမီ့ဘက်ကိုလှည့်လာတာကြောင့် သူမလည်းဒူးတွေတုန်လာလေသည်။
ဒီကုမ္ပဏီမှာ အလုပ်သင်အဖြစ်လုပ်ရဖို့တောင် မနည်းကြိုးစားထားခဲ့ရတာဖြစ်တဲ့အတွက် အလုပ်လေးတော့ မပြုတ်ချင်ဘူး။

"ငါမင်းကိုမေးမယ်..စံပယ်မွှေးကသူလုပ်တဲ့အလုပ်ကို..ပင်ပန်းလို့မင်းကိုဘယ်နှစ်ခါကူလုပ်ခိုင်းလဲ..."

"တစ်ခါမှ...မ..မလုပ်ခိုင်းပါဘူး.."

"ဒါဆိုမင်းကဘာအခွင့်ရှိလို့..ဌာနမတူတဲ့သူကိုမင်းလုပ်ရမဲ့အလုပ်ကိုသွားခိုင်းတာလဲ..
မင်းကိုအဲ့ဒီ့အခွင့်အရေး ဘယ်သူပေးတာလဲ.."

"ဟို..မေမီ..တောင်းပန်ပါတယ်..နောက်မ‌ဖြစ်စေရပါဘူး.."

"မသီတာ..."

"ရှင်..သူဌေး.."

"မင်းတို့ကို ရုံးကထမင်းစားချိန်မပေးဘူးလား.."

"ပေး..ပေးပါတယ်.."

"ဟ..ဒါဆိုမင်းတို့က ဘယ်လောက်အလုပ်ရှုပ်နေလို့..ကုမ္ပဏီအရှေ့လေးတင်ရှိတဲ့နေရာမှာကိုယ်စား
မဲ့ထမင်းဗူးကို..ကိုယ်တိုင်သွားမယူနိုင်ရတာလဲ..
ငါ့ကုမ္ပဏီက ဓာတ်လှေကားမရှိလို့လား..
ထမင်းစားဆောင်မှာ ထမင်း၊ဟင်းမှာဖို့ လုပ်မပေးထားလို့လား...ဒါမှမဟုတ်..မင်းတို့က..ငါ့ထက်ရာထူးကြီးနေလို့...အလုပ်သမားအချင်းချင်းကို ပြန်ခိုင်းနေတာလား...."

"အို..မဟုတ်ပါဘူးသူဌေးရယ်..ကျွန်မအမှားပါ..
တောင်းပန်ပါတယ်.."

"မင်းတို့တောင်းပန်ရမှာကငါ့ကိုမဟုတ်ဘူး
သူ့ကို...စံပယ်မွှေးအခုသူတို့နှစ်ယောက်နဲ့ပတ်သတ်ပြီးမင်းဘာဖြစ်ချင်လဲ..ငါခွင့်ပြုပေးမယ်.."

ဦးနေဂုဏ်မာန်ကိုစံပယ်မော့ကြည့်လိုက်သည်။
ဒီတစ်ခါတော့စံပယ်သူ့ကိုအထင်ကြီးသွားမိပြီ။ကျေးဇူးရှင်ကြီးကို ထိုင်ရှိခိုးဆိုရင်လေ အကြိမ်တစ်ရာလောက်သာ ရှိခိုးချင်လိုက်တော့တယ်။
ဌာနမှ လူတွေအကုန်လုံးလည်းစံပယ်ကို ပြူးကြည့်ကုန်ကြ လေသည်။

"ဟို..ကျွန်မဘာမှမလုပ်ချင်ပါဘူး..ဒါပေမဲ့ထမင်းတွေမှောက်အောင်တမင်လုပ်တာမဟုတ်ဘူးဆိုတာတော့ယုံစေချင်တယ်.."

"ယုံပါတယ်ညီမလေးရယ်အစ်မကသာ တောင်းပန်ရမှာပါ..တောင်းပန်ပါတယ်ကွယ်"

"မေမီလည်းတောင်းပန်ပါတယ်..ခွင့်လွှတ်ပေးပါအစ်မရယ်.."

"နောက်ထပ်ဒီလိုကိစ္စမျိုး ထပ်မဖြစ်ဖို့.."
သတိပေးချက်ထုတ်ခဲ့သော သူဌေးပြန်ထွက်သွားပြီးနောက်စာရင်းစစ်ဌာနတွင် စကားတွေပွက်လောရိုက်ကုန်ကြတော့သည်။

"မိုက်တယ်ဟေ့..ငါတို့သူဌေးတော့ဒီကိစ္စကိုအခွင့်ကောင်းယူပြီး အကုန်ပတ်ဆူသွားတာ.."

"သူဌေးကကျောသား..ရင်သားမခွဲခြားဘူးနော်.."

"တို့တော့..ကြွေသွားပြီဟေ့.."

"နင့်လင် ငါငုတ်တုတ်ကြီးရှိသေးတယ်နော်..
မ သေ သေးဘူး..ဟင်း..ဟင်း"

"သန့်ရှင်းရေးကောင်မလေးနေရာ..ငါသာဖြစ်လိုက်ချင်တယ်ဟေ့.."

"ဟုတ်ပ..ဟုတ်ပ.."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

နေ့လည်ကကိစ္စ‌နဲ့ပတ်သတ်ပြီး အမေးအမြန်းထူတဲ့လူတွေကြောင့်စံပယ်လည်းအလုပ်မရှိအလုပ်ရှာပြီး မကြာခင်ရုံးဆင်းချိန်ရောက်တော့မှာမို့ အရေးကြီးစာရင်းဖိုင်လ်တွေထားသည့်စတိုလ်ခန်းထဲမှာသန့်ရှင်းရေးအမြန်လုပ်နေလိုက်သည်။

"ဂျောက်.."

စာရင်းဖိုင်လ်တွေ တင်ထားသည့်စင်တွေကို သန့်ရှင်းရေးလိုက်လုပ်နေရင်းနဲ့ မီးခလုတ်နှိပ်သံလိုလို ကြားလိုက်ပြီး အခန်းတစ်လုံး ရုတ်တရက်မှောင်ကျသွားလေသည်။

"ဟင်..မီးပျက်သွားတာလား.."

"ဒုန်း!!"

"ဟင် !.."

ပွင့်နေတဲ့ စတိုလ်ခန်းတံခါးကြီးကပါ ပိတ်ကျသွားတာကြောင့် စံပယ်အရမ်းကို ထိတ်လန့်သွားမိတယ်။ထို့ကြောင့် အမှောင်ထဲမှာ စင်တွေကို လျောက်စမ်းပြီး တံခါးဆီကိုမှန်းပြီး လမ်းလျှောက်နေမိသည်။

"ဘယ်သူလဲ..ဘယ်သူတံခါးပိတ်လိုက်တာလဲ..အာ့"

"ဝုန်း!!!!.."

အမှောင်ထဲမှာ တံခါးဆီကိုမနဲစမ်းပြီးသွားနေမိရာမှ သန့်ရှင်းရေးလှည်းကိုတိုက်မိ၍ လူပါခွေကျသွားရသည်။
ဒူးခေါင်း နေရာက တစ်ခုခုနဲ့ ခြစ်လိုက်မိတာကြောင့် စပ်ဖျင်းဖျင်းဖြစ်သွားသည်။

"အပြင်မှာဘယ်သူရှိလဲ..တစ်ယောက်ယောက်လာဖွင့်ပေးကြပါအုံး.."

"ကယ်ကြပါအုံး!!ကယ်ကြပါအုံး!!.."

အသည်းအသန် အော်‌နေမိပေမဲ့ အမှောင်ထဲမှာ၂နာရီလောက်ကြာသည်အထိ နေလိုက်ရတာတောင် ဘယ်သူမှပေါ်မလာပေ။
မျက်ရည်တွေဆိုတာခွက်နှင့်ခံလျှင်တောင် 
ခွက်အပြည့်ဖြစ်‌နေလောက်ပါပြီ။
ကြောက်ဒူးတွေပါတုန်လာပြီး သေးတောင်ထွက်ချင်လာသည်အထိပင်။
ဒီအလွှာက စတိုလ်ခန်းတွေပဲရှိလို့ ယူစရာမရှိရင်ဘယ်သူမှလာကြမှာမဟုတ်တာကြောင့်လဲ ပိုပြီးကြောက်လန့်နေမိသည်။

"အီးဟီး..ခုလောက်ဆိုရုံးဆင်းလို့အကုန်အိမ်ပြန်ရောက်နေကြလောက်ပြီ.."
အဖွားရေ..သမီးယောက်ျားလဲမယူရသေးဘူး..ညီမလေးလဲဆယ်တန်းမပြီးသေးဘူး..
သမီး မ သေ ချင်သေးဘူးအဖွားရဲ့..အဟင့်..ဟင့်.."
သမီး သေ ရင် အဖွားနဲ့ညီမလေးကိုဘယ်သူလုပ်ကျွေးမှာလဲ..အဟင့်..
နတ်မြတ်နတ်အကောင်း..နတ်အပေါင်းတို့ရယ်..
ကျွန်မဘယ်သူ့ကိုမှဒုက္ခရောက်အောင်မလုပ်ဖူးပါဘူး..အဖွားနဲ့ညီမလေးကိုလုပ်ကျွေးနေတာပါရှင်..
ဤစကားမှန်ကန်ပါတယ်လို့သစ္စာဆိုပါတယ်..
ထို့ကြောင့်ကယ်တင်မဲ့သူအမြန်ပေါ်
လာရပါလို၏..အဟင့်.."

"ကျွီ...."

"ဂျောက်.."

ရုတ်တရက် အခန်းတံခါးကြီးက ပွင့်လာပြီး မီးခလုတ်ကိုလဲ ဖွင့်လိုက်တာကြောင့် တစ်ခန်းလုံးပြန်၍ လင်းထိန်သွားလေသည်။မျက်ရည်အိုင်ထွန်းနေသည့် မျက်၀န်းတွေနှင့် အပေါ်ကိုမော့ကြည့်လိုက်မိတော့ တံခါးလက်ကိုင်ကို ကိုင်ဆုပ်ထားပြီး စံပယ့်ကို အံ့ဩစွာကြည့်နေသည့် လူတစ်ယောက်။

"..စံပယ်မွှေး..မင်းပါလား.."

"..သူဌေး.."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ည၈နာရီဖြစ်နေတာကြောင့်ရုံးခန်းကတိတ်
ဆိတ်နေသည်။
နေဂုဏ်မာန်လည်းသူ့အရှေ့ ဆိုဖာမှာထိုင်နေတဲ့ကောင်မလေးကိုကြည့်နေမိသည်။
ဒူးဒဏ်ရာကြောင့်ရော အကြောက်လွန်နေတာကြောင့်ပါ စတိုလ်ခန်းကနေရုံးခန်းအထိသူ့မှာပွေ့ချီမတက် ခေါ်လာခဲ့ရတာ လက်တွေကိုညောင်းရော။
သူ့ကိုတွေ့တော့ ‌ကောင်မလေးခမျာဖက်ပြီးငိုလိုက်တာများ သူ့ပုခုံးမှာတောင် နှပ်တွေပေကုန်ပြီလားမသိ။

သူသာနှစ်ချုပ်စာရင်း‌တွေ သွားမယူမိရင်သူမဘယ်လိုလုပ်ပါ့မလဲ။
အခုလည်း ကောင်ဖီဖျော်ပေးထားတာကို သောက်နေပေမဲ့သူမရဲ့လက်တွေက တဆတ်ဆတ်တုန်နေတုန်းပဲ။က‌လေးမကြောက်နေသေးပုံရတယ်။

"အဟင့်..အဟင့်.."

"ဟာ..ဘာလို့ငိုနေတာလဲကွာ.."

"သူဌေးသာလာမကယ်ရင်..ကျွန်မအဲ့အခန်းထဲမှာပဲအရိုးဆွေးသွားမလားပဲ..ကျွန်မအဖွားနဲ့ညီမလေးကိုခွဲရတော့မယ်ထင်နေတာ.."

"ပေါက်ကရတွေမတွေးပါနဲ့ကွာ..ကြည့်လေ အခုလဲမင်းဘာမှမဖြစ်တော့ဘူးမဟုတ်လား..
ကိုယ်မင်းအနားရှိနေတာပဲ..စိတ်ဓာတ်မကျပါနဲ့..ဟုတ်ပြီလား.."

‌ပြောရင်းဆိုရင်း သူမအရှေ့မှာ ဒူးထောက်ထိုင်လိုက်သည့်သူ့ကိုစံပယ်ကြည့်လိုက်သည်။
ဒါနဲ့ဆိုစံပယ့်ကိုသူကယ်တာ နှစ်ခါကြီး‌တောင်ရှိသွားပါပြီ။
သူဟာစံပယ့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ။

နေဂုဏ်မာန်လည်း သူ့ကိုဆိုက်ကြည့်နေသည့် ကောင်မလေးကိုကြည့်ပြီးရယ်ချင်လာသည်။
ပါးကွက်ကြီးတွေပေါ်မှာ မျက်ရည်စီးကြောင်းတွေနဲ့ အသက နှစ်ဆယ်သာဆိုတယ် တကယ့်ဂွက်ထော်ရုပ်ပါလားလို့ အတွေးပေါက်သွားမိသည်။

"ဟား..ဟား.."

"ဟင်..ရှင်ဘာလို့ရယ်‌နေတာလဲ.."

"အဟက်..မင်းကရာထူးကသာ ဘာမှမဟုတ်တာရန်သူတော့များတယ်နော်.."

"ရှင်ပေါက်ကရတွေမပြောနဲ့နော်..ဒီမှာငိုချင်နေပါတယ်ဆို..အီဟီး.."

"ဟာဟိတ်..ဟိတ်..မင်းရဲ့ပါးကွက်ကြီးတွေက
တော်တော်ရုပ်ဆိုးနေပြီ..သွား..ရေချိုးခန်းမှာ..
မျက်နှာသွားသစ်လိုက်..ပြီးရင်..ကိုယ်ပြန်လိုက်ပို့ပေးမယ်..ဟုတ်ပြီလား.."

စံပယ့်ရဲ့ဆံပင်ကိုသပ်ပေးလိုက်ပြီးလာပြောနေသည်မို့ ပုံမှန်ဆိုရင် ဘာလာကိုင်တာလဲဆိုပြီး
ရန်ပြန်ထောင်မိမှာပေမဲ့ အခုတော့ကိုယ့်ပါးစပ်တောင် ကိုယ်မဟချင်ဘူးဖြစ်နေသည်။
ဒါကြောင့် မြန်မြန်ပဲထပြီးမျက်နှာသစ်၊သွားတိုက်ဖို့ သူ့ရုံးခန်းထဲမှ ရေချိုးခန်းသို့ ၀င်သွားလိုက်သည်။ဆံထုံးကြီးကိုလည်းဖြေချလိုက်ကာ မြှောက်စီးလိုက်ပြီးနောက် အပြင်ထွက်လာလိုက်သည်။

"ဟင်.."

 ရေချိုးခန်းတံခါးပွင့်အလာမှာ နေဂုဏ်မာန်ပါးစပ်ကြီးဟပြီးမှင်သက်နေမိသည်။
ခုဏလေးတင် သူဂွက်ထော်လို့ထင်ထားတဲ့သူမက အခုယမင်းရုပ်လေးဖြစ်နေပါပေါ့လား။
အသားအရည်ကအရင်ထဲကဖွေးမှန်းသိပေမဲ့ ဆံထုံးအမြဲထုံးထားတာကြောင့် အခုမှသူမမှာသိပ်လှတဲ့ ဆံပင်အရှည်ကြီးတွေရှိမှန်းသတိထားမိသည်။အာ‌ခေါင်ခြောက်လာ၍သထွေးတောင်ပြန်မြိုချလိုက်မိပါသည်။

"ဒီမှာ.."

"အင်..ဟင်..ဘာ..ဘာလဲ.."

"ပါးစပ်ကြီးဟပြီး..အဲ့မှာဘာလုပ်နေတာလဲ..
ခေါ်နေတာသုံးခါရှိပြီ..ငုတ်တုတ်ကြီး‌‌မေ့နေတာလားပြောတော့ကျွန်မကိုပြန်လိုက်ပို့မယ်ဆို.."

"အခုမပို့ချင်တော့ဘူး.."

"ဘာ!!.."

"ယောင်..ယောင်သွားလို့ပါကွာ..လာ သွားမယ်
လမ်းရောလျှောက်နိုင်ရဲ့လား..ငါပွေ့ခေါ်ရမလား.."

"ရတယ်....ခုနကကြောက်ဒူးတုန်နေလို့ပါ.."

"ပြီးရော.."

စံပယ်လည်းသန့်ရှင်းရေးဌာနမှာ ကျန်ခဲ့တဲ့ထမင်းချိုင့်တွေ အိတ်တွေသွားအယူ လမ်းကအမှိုက်ပုံးတစ်ခုထဲမှာ စံပယ့်ပစ္စည်း‌တွေကို
လွှင့်ပစ်ခံထားတာကိုတွေ့လိုက်ရလေသည်။

"ဘယ်သူကငါ့ပစ္စည်းတွေကိုပစ်ထားတာလဲ.."

ဦးနေဂုဏ်မာန်စောင့်နေတာကိုအားနာလို့ဆက်မတွေးတော့ပဲ သူ‌စောင့်နေရာသို့သာပြန်သွားလိုက်သည်။
ထိုလူကြီးကဘယ်လိုမှန်းမသိပါဘူး။
 ကားအရှေ့ခန်းမှာပဲ လာထိုင်ခိုင်းတယ်။
သူ့ကို ဒါရိုက်ဘာမှတ်နေသလားဆိုပဲ။

"ထိုင်ခုံခါးပတ် ပတ်လေ.."

"အို..မပတ်တတ်ပါဘူး..မောင်းမှာသာမောင်းစမ်းပါ.."

"အောင်မာသူများကားလည်း ကပ်စီးသေးတယ်..လေသံကမာလှချည်လား..နေ့လည်ကဟိုနှစ်ယောက်ကိုတော့..တောင်းပန်စရာမလိုပါဘူးလေးဘာလေးနဲ့..ငါ့မှာတော့သူ့အတွက်ဆူပေးလိုက်ရတာ..ငပေါကြီးကိုဖြစ်လို့.."

"ဟင်..ကျွန်မအတွက်ဆူတာ.."

"အာ..မ..မဟုတ်ပါဘူး..မင်းကိုလဲငါဆူချင်တာ..
ငါ့ကိုဆိုကပ်ကပ်လံအောင်ပြန်ပြောတယ်..သူများကြငြိမ်ခံနေတယ်.."

"အဲ့ဒါကအခြေအနေမတူဘူးလေ..နေ့လည်ကထမင်းမှောက်အောင်လုပ်မိတာက..ကျွန်မလည်းမှားတာပဲလေ..ကျွန်မသာချော်မလဲခဲ့ရင် ဒီကိစ္စကဖြစ်လာမှမဟုတ်ဘူးလို့ တွေးလိုက်မိလို့ပါ..."

"တော်ပြီ..မင်းနဲ့တုပြီးမပြောချင်ဘူး..ကြိုးကိုဒီလိုဆွဲပြီးပတ်..ပြီးရင်ဒီလိုပြန်ဖြုတ်..ဖြုတ်.."

‌၀င်းပနေတဲ့သူမရဲ့ပါးလေးနဲ့ သူ့နှာခေါင်းက နှစ်စင်တီမီတာလောက်သာခြားတော့သည်။
သူ့နှလုံးသားတွေကတစ်ဒုန်းဒုန်းဒုန်းနှင့် ရင်အုံကိုထုရိုက်နေသလိုပဲ။
သူရင်ခုန်နေတာလား။သူမကတော့သူသင်ပေးနေတာကိုပဲစိတ်၀င်စားနေတယ်။
မဖြစ်ဘူးဆိုပြီး သူပြန်ခွာလိုက်ရသည်။

မဟုတ်ရင် "နှာဘူး"ဆိုတာထက်မကြားဝံ့မနာသာတွေကို သူမပြောမှာသူသိနေသည်။
ကားမောင်းဖို့သာပြန်၍အာရုံစိုက်ကာ သူမရဲ့အဆောင်ခြံ၀န်းအရှေ့မှာ ကားကိုရပ်လိုက်‌သည်။
သူမကကားပေါ်မှဆင်းပြီး အထဲမ၀င်သေးပဲ ရပ်နေ‌တာလေသည်။

"ဘာပြောချင်လို့လဲ..စံ‌ပယ်မွှေး..."

"ပျော်ရွှင်စရာ သင်္ကြန်အခါသမယဖြစ်ပါစေ"

"ဟင်"

ဟုတ်သားပဲ။သူမေ့နေခဲ့တာ မနက်ဖြန်ကစပြီးသင်္ကြန်ပိတ်ရက်ရှည်ဖြစ်လို့ သူ့ကုမ္ပဏီပိတ်ထားရမည်‌လေ။
ဒါဆိုသူမလေးနဲ့ရှစ်ရက်တောင်မတွေ့ရတော့ဘူးပေါ့။

"ပျော်ရွှင်စရာ သင်္ကြန်အခါသမယဖြစ်ပါစေ"

💦💦💦💦💦💦💦💦💦💦💦💦💦
 

=========================================================================



                         💦 အခန်း ၆💦


ဧရာ၀တီတိုင်း💦

နေမင်းကြီးက ထိန်ထိန်သာနေပေမဲ့ သစ်ပင်ကြီးများ၏ နေရောင်ကို ကာဆီးပေးထားမှုကြောင့် ရွာ့နောက်ဖေး လှည်းလမ်းကြောင်းလေးသည် အပန်းဖြေကာ အေးဆေးဆိတ်ငြိမ်သော ခံစားချက်ကို ကြိုက်နှစ်သက် သူများအဖို့ အင်မတန်မှ ငြိမ်းအေးလွန်းလေသည်။

ထိုစဉ် အေးဆေးတည်ငြိမ်စွာ ရှိနေသော လှည်းလမ်းကြောင့်‌အပေါ်သို့ ထော်လာဂျီတစ်စီး ‌ဖြတ်ပြေးသွားလေသည်။‌‌ စံပယ်မွှေးနှင့်အ‌တူ ထော်လာဂျီအပေါ်မှ စီးနင်းလိုက်ပါလာကြသော ရွာသားတစ်ဖြစ်လည်း ခရီးသည်တွေအားလုံးဟာ ဖုန်သီးကုန်ကြလေသည်။တောသူ‌၊တောင်သားဆိုသည်မှာ မြေကြီးနဲ့သူငယ်ချင်း ဖြစ်နေပြီးသားမို့ အထူးအဆန်းတော့ မဟုတ်ပါချေ။

ထူးဆန်းနေတာကတော့ စံပယ်မွှေးပါပဲ။သူမခမျာ ရန်ကုန်ကနေ စထွက်လာချိန်ကစလို့ မိမိ၏ရွာနောက်ဖေးလှည်းလမ်း‌ကြောင်းကို ရောက်နေစဉ်အထိ ပါးစပ်ကို ပြန်၍မစိနိုင်သည့်ပမာ ပြုံးဖြီးနေလေသည်။
သူမ၏ စိတ်ထဲတွင်တော့ လူရှုပ်၊ကားရှုပ်လှသောရန်ကုန်မြို့ကြီးမှ  အေးချမ်းဆိတ်ငြိမ်မှုအတိနှင့်လေကောင်းလေသန့်ကို တစ်၀ကြီးရှူရှိုက်နိုင်သည့် မိမိရွာလေးသို့ ပြန်လာနေရလို့ အင်မတန်ကို ကျေနပ်နေလေသည်။

"ဒုန်း..ဒုန်း..ဒုန်း..ဒုန်း..ဒုန်း..ဒုန်း"

" ဟဲ့မိသဇင်‌နောက်ဖေးဘက်က.. ထော်လာဂျီသံကြားတယ်..ညည်းအစ်မပါလာသလားသွားကြည့်စမ်း.."

"ဟုတ်ကဲ့အဖွား.."

‌ပြောင်းဖူးဖက်လိပ်ဖွာနေရင်းနှင့် အဖွားကြည်မေကလှမ်းပြောတာကြောင့် ကျစ်ဆံမြီးလေးကျစ်ထားသော သဇင်မွှေးလည်းအိမ်နောက်ဖေးအပေါက်မှလှည်းလမ်း‌ကြောင်းဘက်သို့ ခေါင်းပြူကြည့်လိုက်သည်။ထိုစဉ် ထော်လာဂျီပေါ်ကနေ အထုပ်တွေဆွဲပြီး ဆင်းလာသည့် အစ်မဖြစ်သူကို တွေ့လိုက်ရတာကြောင့် သူမအရမ်းပျော်သွားသည်။

"ဟုတ်တယ်‌အဖွားရေ့..မမစံပယ်ပါလာတယ်
သမီးသွားကြိုလိုက်အုံးမယ်.."

"အေးအေး...."

အဖွားကြည်မေလည်း အိမ်ပေါ်မှ ပြုံးပျော်ကာ ပြေးဆင်းသွားသော သဇင်မွှေးကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်မိတာ ပြောင်းဖူးဖက်လိပ်အား အငွေ့
တလူလူထွက်အောင်အထိ ဖွာရှိုက်ပစ်လိုက်သည်။

သူမစဉ်းစားနေမိတာက ဒီကလေးမနှစ်ယောက်ရဲ့ မိဘတွေ အကြောင်းကိုပါပဲ။ဖခင်က မကောင်းခဲ့လေတော့ မိသားစုရဲ့ စီးပွားရေးကလည်း တစ်ဆတစ်ဆ ဆုတ်ယုတ်ခဲ့ရတယ်။

နဂိုကဆိုရင် ကြည်မေဆိုတာ ဟော့ဒီ့အုန်းပင်စုရွာထဲမှာ ဒီလောက်မျက်နှာမမွဲခဲ့ရပါဘူး။အခုတော့ လင်အယူမှားတဲ့ ကိုယ့်သမီးကြောင့် ကိုယ်ပါရောမွဲရတဲ့အဖြစ်ပါလေ။
မြေးအကြီးလေးက လိမ္မာလို့သာပေါ့။မဟုတ်ရင် ဒီအဖွားကြီး အခုထိလယ်ထဲ၊ကိုင်းထဲကို အိုးကြီးအိုမနဲ့ ဆင်းနေရမှာ သေချာတယ်။

"ဗျို့အဖွားရေ..အဖွားရဲ့ချစ်လှစွာသော 
မြေးချောချောလှလှလေးပြန်လာပြီဗျို့..ဘာချက်ထားလဲ..''

စံပယ်မွှေးဆိုသည်မှာလည်း အိမ်ရှေ့တောင်မရောက်သေးခင်ကပင် နောက်ဖေးမှနေ၍ ညာသံပေးနေလေပြီ။

"ဒီကောင်မလေးနယ်..လူကဖြင့်အိမ်ပေါ်မရောက်သေးဘူး..စားဖို့ကအရင်.."

ထို့နောက်အိမ်ရှေ့ပေါက်မှ ညီအစ်မနှစ်ယောက် စကားတပြောပြောနှင့်တက်လာကြလေသည်။

"တကယ်နော်..မမ"

"တကယ်ပေါ့..အရမ်းလှတာ..ဒေါ်မြတို့အလှူကျရင်၀တ်လိုက်..အကုန်ငေးသွားစေရမယ်.."

"ဟီး..ပျော်တာ.."

"ဒေါက်!..."

"အာ့!!..နာတာအဖွားရယ်..ရောက်ရောက်ချင်းစောက်နဲ့ထွင်းရသလားလို့.."

စံပယ်မွှေး တစ်ယောက်ကတော့ အိမ်ပေါ်တက်ပြီး ထိုင်ရုံရှိသေးတယ် အဖွား၏ လက်စာကို မြည်းလိုက်ရလေသည်။

"ထွင်းသင့်ထွင်းရမှာပဲ..ဘယ့်နှယ်ကိုယ့်ညီမလေးကို..စာလုပ်ဖို့ဘာဖို့တော့မတိုက်တွန်းဘူး..
အလှူတကာလှည့်ပြီး..အပျိုလုပ်ဖို့တိုက်
တွန်းနေတယ်..ကြည့်လုပ်..နင့်ညီမစောစောစီးစီး
လင်နောက်လိုက်သွားမယ်..ဟင်း.."

"သဇင်ကအပျိုလေးအရွယ်လေးလေ..လှချင်ပချင်မှာပေါ့..အဖွားတို့လို..ဆံဖြူ၊သွားကျိုး၊‌ ကျားမတိုးတော့တဲ့ အဖွားကြီးတွေမှမဟုတ်တာ.."

"ဒေါက်!"

"အာ့!" 

"အဖွားနော်.ကျွန်မခေါင်းကငါးဖယ်မဟုတ်ဘူး..
ဖိထုမနေနဲ့.."

"မိစံပယ်နော်..ညည်းကထုလေမာလေ ငါးဖယ်မ
သိလား..မဖြစ်ဘူး..ကိုအေးရဲ့တူ..မြို့ကအင်ဂျင်နီယာလေးမနက်ဖြန်ဆိုရင်ရွာကိုအလည်လာမှာ..ညည်းနဲ့ဆိုကိုအေးတို့ကလည်း..သဘောမတူစရာမရှိဘူး..ငါကိုအေးနဲ့တိုင်ပင်ထားပြီးပြီ.."

"ဟာအဖွားရယ်..မိန်းမဈေးကျလိုက်တာ..ဟိုကကျွန်မကိုတွေ့ဖူးတာလည်းမဟုတ်ဘူး..တော်ကြာအသားမဲမဲဗိုက်ရွှဲရွှဲကြီးဖြစ်နေမှ ငရဲအိုးထဲကို အရှင်လတ်လတ်ဆင်းရတဲ့အဖြစ်‌ရောက်နေပါအုံးမယ်...ကိုအေးနဲ့အဲ့‌လောက်တည့်နေရင်လည်း..ကိုအေးနဲ့အဖွားပဲယူလိုက်ပါလား.."

"ဒေါက်!"

"အာ့!..အဖွားနော်ခေါက်ပြန်ပြီ..အီဟီး.."

ဒီလိုနဲ့ စံပယ်မွှေးရဲ့ရွာအပြန်ကတော့ အဖွားရဲ့‌ ခေါင်းခေါက်သံလေးတွေနှင့်သာ ညံနေပါတော့သည်။

💦💦💦💦💦💦💦💦💦💦💦💦

(အင်္ဂလန်UK[ Oxford City]

နေဂုဏ်မာန်တ‌ရေးနိုးလို့ ရေထသောက်ရင်းဖုန်းကို ကြည့်လိုက်တော့ အီးမေးလ်တစ်စောင်ရောက်နေသည်။

📧မနက်ဖြန်နေ့လည်အောက်စဖို့ဒ်တက္ကသိုလ်မှာတွေ့မယ့်..မင်းမလာရင်..ငါတို့မင်းအိမ်ကိုလိုက်လာမှာ...📧

နေဂုဏ်မာန်ပြုံးလိုက်မိသည်။သူUKကိုရောက်နေတာ ဒီကောင်တွေဘယ်လိုသိလဲပေါ့။

အင်္ဂလန်နိုင်ငံရဲ့Oxford City
(အောက်စဖို့ဒ်မြို့တော်)ဆိုတာသူ့ရဲ့ဒုတိယအိမ်ပဲ။
သူကိုယ်တိုင်က အောက်စဖို့ဒ်တက္ကသိုလ်ကနေဘွဲ့ရခဲ့တဲ့ကျောင်းသားတစ်ယောက်ဆိုလည်းမမှားဘူးပေါ့။

အရင်ကတက္ကသိုလ်နဲ့သိပ်မဝေးတဲ့ ဦးလေးရဲ့အိမ်မှာနေရင်းကျောင်းတက်ခဲ့ပေမဲ့ ဦးလေးရဲ့အသုံးမကျမှုကြောင့် စီးပွားရေးတွေပျက်ပြီး ဒီအိမ်ကိုသူတစ်ဆင့်ခံပြန်၀ယ်ခဲ့လိုက်သည်။
ဦးလေးမိသားစုကိုတော့ဒီအိမ်မှာပဲနေစေလိုက်တယ်။

တက္ကသိုလ်ကျောင်းသားဘ၀က ကဲခဲ့၊မွှေခဲ့တာတွေကို ပြန်သတိရရင်းသူပြန်အိပ်ပျော်သွား‌လေသည်။အချိန်အားဖြင့် ည၁နာရီရှိပြီဖြစ်သည်။
မြန်မာစံတော်ချိန်နဲ့ဆိုမနက်၇နာရီခွဲပေါ့။

💦💦💦💦💦💦💦💦💦💦💦💦💦

မြန်မာနိုင်ငံ(ဧရာ၀တီတိုင်း)

မနက်၇နာရီခွဲ (သင်္ကြန်အကြိုနေ့)💦

🎵မြူးကြွတဲ့တေးသံ..ပျံ့လွှင့်လို့နေ🎵
🎵ကူးပြောင်းစ..တန်ခူးလေမှာ🎵
🎵တစ်ယောက်တစ်လှည့်မို့..🎵
🎵..လှမ်းကာဖျန်းပက်ကြစဉ်..🎵
🎵ပိတောက်ဖူးလေးတွေ..ပန်ဆင်ထားသူရေ🎵
🎵ခေါင်းကလေးမော့လို့🎵
🎵ပိတောက်ဖူးလေးတွေ..ပန်ဆင်ထားသူရေ🎵
🎵ပျော်ပျော်ရွှင်ရွှင်..တီးမှုတ်ကြတဲ့ပွဲမှာ..🎵

ရွာ့အရှေ့ဘက်ပိုင်း မဏ္ဍပ်တစ်ခု၏ဓာတ်စက်မှ ထွက်ပေါ်လာသော သင်္ကြန်သီချင်းလေး‌နည်းတူ ကလေးတစ်ချို့နှင့် လူငယ်၊လူလတ်ပိုင်းအချို့ဟာ ကခုန်မြူးထူးရင်းနှင့် ရေပတ်ခံထွက်နေကြလေသည်။ကာလသား တစ်သိုက်နှင့် ပတ်ပင်းတိုးမိသော သူများဟာရေမစိုချင်ပါဘူးဟု ပြောချိန်ပင်
မရလိုက်ပဲ သနပ်းခါးနှင့်အိုးမဲပါ အစစ်လိမ်းခံလိုက်ရလေသည်။

"ဟေး..ပက်ကြဟေ့..ပက်ကြ.." 

"ဟေ့..အပျိုကြီးတွေကို မြန်မြန်ကျွတ်‌‌အောင်အဓိကထားပီုး ပက်ပေးလိုက်ကြနော်.."

"ဟိုမှာ..ကိုမိုးအေးဟေ့..ရေပက်မှာစိုးလို့..ပြန်ပြေးပြီ..လိုက်ကြဟေ့.."

ကိုမိုးအေးတစ်ယောက် လယ်ထဲတွင် ရေသွားသွင်းဖို့အရေး လှည်းလမ်းကြောင်းမှ ပတ်ကာပြေးလည်း သဲသဲကဲကဲ ကာလသားတို့၏လက်မှ မရှောင်လိုက်နိုင်ပါချေ။

"ဟေ့ကောင်..အိုးမဲနဲ့အတူသနပ်ခါးပါယူခဲ့..သင်္ကြန်မှာရေမစိုသူ၊သနပ်ခါးမလိမ်းသူမရှိရဘူး.."

"ဟေ့ကောင်တွေ..ဟိုမှာလိုက်ကြအုံး..မိအောင်လိုက်..ဟိုမှာညို‌ကြီးအိမ်ထဲကိုပြေး၀င်သွားပြီ..
အိမ်ပေါ်ကနေဆွဲချကွာ.."

"ဟာ..ဟေ့ကောင်တွေ..မလုပ်.." 

"ဗွမ်း!"

ကိုညိုကြီးမှာ ရေဆော့နေသူတွေကို ခြံစည်းရိုးအ၀နားကနေ ပြုံးကြည့်ရင်းနှင့် သကောင့်သားလေးတွေသူ့ကိုရေလာပက်ကြမည်ဆိုတာ တွေ့သွား၍ အိမ်ပေါ်သို့ တက်ပြေးပေမဲ့ အိမ်ပေါ်ကနေ ဆွဲအချခံလိုက်ရပြီး အိုးမဲစာမိသွားလေတော့သည်။

"ဟား..ဟား..ကိုညိုကြီးမဟုတ်တော့ဘူး..မည်းကြီးဖြစ်သွားပြီဟေ့.."

"ခွေး မသားတွေ.."

"ဟား..ဟား..သင်္ကြန်မှာမ ဆဲ ရဘူးလေ.."
သိကြားမင်းစာရင်းမှတ်လိမ့်မယ်..ဟား..ဟား..
တော်ကြာမဲရာကနေ ချိုးတူးသွားမှဒုက္ခ...."

"ဟေ့!..ဒေါ်မိုး.."

"အမယ်လေး..ပလုတ်တုတ်.."

"ဒေါ်မိုး..ဒီနေ့ဥပုဒ်မစောင့်ဘူးလား.."

"အေးကွယ်..မစောင့်ဖြစ်ဘူး.."

"မစောင့်ရင်ပက်တယ်ဗျို့..!.."

"အား..‌ေ သနာလေးတွေ..ငါဈေးဆိုင်သွားမလို့ဟာကို.."

"ဟား..ဟား.."

အုန်းပင်စုနဲ့ ပွတ်စလီရွာနှစ်‌ရွာက သိပ်ပြီးသာ
မတည့်ချင်ကြတာ ဟိုဘက်ရွာ၊ဒီဘက်ရွာမှာ အကုန်လုံးကအမျိုးတွေလိုဖြစ်နေသည်။
မဏ္ဍပ်တွေမှလည်း မုန့်လုံးရေပေါ်ကျွေးကြလိုက်၊သာကူကျွေးလိုက်နှင့်ဥပုဒ်မစောင့်သူလူငယ်များမှာ ကလေးကအစ၊ခွေးအဆုံး လမ်းပေါ်မှာမုန့်စားလိုက်၊ရေပက်ခံလိုက်၊အသံချဲ့စက်တွေအရှေ့မှာ 
ကသူက ကလိုက်နှင့်မြူးပျော်နေကြလေသည်။

အနီးအနားရွာတွေမှလည်း ထော်လာဂျီများနှင့် မြို့တက်ချင်တက်၊မတက်လျှင် ရွာစဉ်လှည့်နေကြသည်ပင်။
လှည်း၀င်ရိုးသံ တစ်ညံညံပေးပြီး ရေပက်ခံကြသူတွေတောင်ရှိပါသေးတယ်။
လုံမပျိုတွေကတော့ မဏ္ဍပ်နားမှာ ရေပက်လျှင်ပတ်၊မပက်ရင် မုန့်လုံးရေပေါ်လုံးလိုက်ကြ၊သာကူပြင်ကျိုလိုက်ကြနှင့်အလုပ်ကိုရှုပ်နေကြတော့သည်။

စံပယ်တို့ညီအစ်မနှစ်ယောက်ကတော့ သင်္ကြန်အကြိုနေ့မှာ ရေမဆော့ချင်သေးတာကြောင့် တရားစခန်း၀င်သူ သက်ကြီးရွယ်အိုတွေရဲ့ဝေယာဝေစ္စလုပ်ပေးရင်း ကုသိုလ်သာယူဖြစ်သည်။အသက်အရွယ် ကြီးရင့်သော ယောဂီကြီးများကို ခြေသုတ်လက်နယ် ပြုစုခွင့်ရသည့် ကုသိုလ်ဟာလည်း အင်မတန်ထူးမြတ်ကြောင်းကို အဖွားကခဏ၊ခဏဆုံးမလေ့ရှိသည်။

ဥပုဒ်ဆောင့်၊တရားနာနေကြသည့် သက်ကြီး၊ရွယ်အို 
အဖိုး၊အဖွားတွေကို ကူညီလိုက်မိတဲ့အခါတိုင်းမှာ သူတို့ဆီမှ ပြန်ပေးလာသည့် ကျေးဇူးတင်သည့် အပြုံးလေးတွေဟာ အင်မတန်ကိုချိုမြိန်လွန်းပါတယ်။

💦💦💦💦💦💦💦💦💦💦💦💦💦💦💦

(အင်္ဂလန်UK[ Oxford City]

🕐နေ့လည်12နာရီ

နေဂုဏ်မာန်တစ်ယောက် တစ်မနက်ခင်းလုံး အလုပ်တွေရှုပ်နေတာနဲ့ ‌နေ့လည်12နာရီလောက်မှ 
နေ့လည်စာ စားဖြစ်သည်။ဟိုငပေါတွေနဲ့ချိန်းထားတာကြောင့် အဖြူရောင်တီရှပ်လက်ရှည်အပါးကို ၀တ်ဆင်လိုက်ပြီး အဖြူရောင်ဂျင်း‌ဘောင်းဘီအရှည်နှင့်တွဲဖက်၀တ်ဆင်လိုက်တာ‌ကြောင့်သူ့တစ်ကိုယ်လုံးက သန့်ခန့်တဲ့လူငယ်တစ်ယောက်ပုံစံ ဖြစ်သွားလေသည်။

အောက်စဖို့ဒ်မြို့ထဲတွင် ၁နာရီ‌ခွဲကျော်လောက်လျှောက်ပတ်လိုက်ပြီးမှ တက္ကသိုလ်ကို‌၃နာရီထိုးခါနီးရောက်လေသည်။
ချိန်းထားတဲ့အချိန်က ကွက်တိ‌လောက်ပါပဲ။

သူတို့အဖွဲ့အရင်ကထိုင်နေကြ ခုံတန်းတွေမှာလက်ပိုက်ကာထိုင်စောင့်ပြီးဖုန်းသုံးနေလိုက်သည်။

ထိုစဥ် သူ့ရှေ့မှလူငယ်စုံတွဲလေးဖြတ်လျှောက်သွားလေသည်။
သူ့လက်တွေက ဖုန်းရဲ့Contactsဆိုတာကိုချက်ချင်းရောက်သွားပြီး စံပယ်မွှေးဆိုတာကိုနှိပ်လိုက်မိသည်။

မတော်တဆမှုဖြစ်တဲ့နေ့ကသူမဆီကနေဖုန်းနံပါတ်တောင်းထားလိုက်တာမှန်သွားပြီလို့ ဆိုရမယ်။

တစ်ဖက်တွင်တော့ တောဓလေ့အရ ည၉နာရီခွဲမှာအိပ်မောကျနေတဲ့ စံပယ်မွှေးတစ်ယောက် ကီးပတ်ဖုန်းလေးမှအသံမြည်လာ၍ လန့်နိုးသွားရလေသည်။အိမ်ချင်မူးထူးနဲ့ပဲ ဖုန်းကိုင်လိုက်ရသည်။

"ဟယ်လို..ဒီအချိန်ကြီး..ဘယ်သူဆက်တာလဲ.."

"ဟယ်လို..စံပယ်မွှေးလား..ကိုယ်ပါ.."

"ဘယ်က..ကိုယ်တွေခေါင်းတွေ..လာပြောနေတာလဲ..လူနာမည်မရှိဘူးလား.."

"ဟား..ဟား..မင်းကတော့လေ..ကိုယ့်နာမည်
နေဂုဏ်မာန်..ကဲသိပြီလား.."

"နေဂုဏ်..ဟင်!..သူ..သူဌေး..ကန်တော့နော်..ဘာကိစ္စရှိလို့လဲမသိဘူး.."

"မင်းအခုဘာလုပ်နေလဲ.."

"အိပ်နေတာလေ..သူဌေးဖုန်းသံကြောင့်လန့်နိုးသွားတာ..ဝါး.."

"ဟာအဲ့ဒါဆို..ဆောရီးပါကွာ..မြန်မာနိုင်ငံကအချိန်ကို..ကိုယ်မေ့သွားတာ.."

"မြန်မာနိုင်ငံကဆိုတော့..သူဌေးကအခု..ဘယ်နိုင်ငံခြားမှာမို့လို့လဲ.."

"ကိုယ်ကUKမှာလေ.."

"UK..UKကဘာကြီးတုံး.."

"အင်္ဂလိပ်လူမျိုးတွေနေတဲ့..အင်္ဂလန်ပေါ့ကွာ.."

"အင်္ဂလန်..ဒါဆိုသူ‌ဌေးကအင်္ဂလိပ်စာတော်တော်ကျွမ်းမှာပေါ့နော်.."

"ဒါပေါ့..ကိုယ်ကငယ်ငယ်ထဲက..ဒီနိုင်ငံမှာပဲ..
ကျောင်းတက်ခဲ့တာ..အခုတောင်ကိုယ်တက်ခဲ့တဲ့အရမ်းခမ်းနားတဲ့တက္ကသိုလ်၀န်းထဲမှာရောက်နေတာလေ.."

"အာ့ဆို..အဲ့ဘက်မှာကအခုဘယ်အချိန်ရှိပြီလဲ.."

"နေ့လည်၃နာရီ.."

"ဟင်..ကျွန်မတို့ဆီမှာက၉နာရီခွဲနေပြီ..ဘယ်လိုဖြစ်ပြီးမတူတာလဲ.."

"အင်း..မင်းနားလည်အောင်ဆိုရင်..မင်းအခု လကိုကြည့်လို့ရရင်ကြည့်လိုက်ပါလား.."

စံပယ်လည်း ဘေးမှကျူထရံကာတံခါးကို ဖွင့်လိုက်ရာလမင်းဖွေးဖွေးကိုမြင်ရလေသည်။‌
ယောက်ျားတစ်ယောက်ရဲ့ ခိုင်းစေချက်ကြောင့်လမင်းကိုကြည့်မိတာ ဒါပထမဆုံးပါပဲ။

"ကျွန်မအခု..လမင်းကြီးကိုကြည့်နေပြီ..ပြောပြတော့လေ.."

"အင်း..အဲဒီ့လမင်းကြီးက..တို့နေထိုင်တဲ့ကမ္ဘာကြီးကိုပတ်နေတာလေ..ကမ္ဘာကြီးကလည်းနေကိုတစ်လှည့်ပတ်‌နေပြန်ရော..အဲ့ဒီတော့နေနဲ့ကမ္ဘာအကြားကိုလရောက်သွားတဲ့နေရာက ညဘက်ဖြစ်သွားတာပေါ့..
ဥပမာ အခုလမင်းက စံပယ်နေတဲ့နေရာနဲ့ နေရဲ့ကြားမှာ ပိတ်ရပ်နေတော့ ..စံပယ့်နေရာကမှောင်သွားတာပေါ့.."

"အော်..နားလည်ပြီ..ဝါး!!!!.."

စံပယ်လည်း ဖုန်းသာကိုင်နေရတာ မျက်လုံးတွေကတော့ မဖွင့်ချင်လောက်အောင် မှေးစင်းနေလေသည်။ဘာအကြောင်း ထွေထွေထူးထူးမှလည်းမရှိပဲ ဖုန်းလာဆက်တဲ့ သူ့ကိုသာ အံ့ဩနေမိတယ်။

"ဟင်..စံပယ်အိပ်ချင်ပြီလား.."

"အိပ်ချင်တာမှ..မျက်လုံးကိုဖွင့်မရတော့တာ"

"ဆောရီးပါကွာ..ကိုယ်ကလွမ်းလို့ဆက်လိုက်တာ..
အာ့ဆို..ဒါပဲနော်.."

"တူ....."

ဟိုဖက်ကဖုန်းကျသွားသည်နှင့်အတူ စံပယ့်မှာမျက်လုံးတွေလည်းပြူးကျယ်သွားရသည်။

"လွမ်းလို့"ဆိုတော့ "ငါ့ကိုလွမ်းတာလား"..ဘယ်လိုစကားကြီးလည်း" ရင်တုန်သွားတဲ့ ကိုယ့်နှလုံးသားကိုယ်လက်နဲ့ပြန်ဖိမိသည်။စိတ်ထဲမှာတော့..

"ဦးနေဂုဏ်မာန်..ရှင်ကျွန်မကိုနှလုံးရောဂါရအောင်လုပ်ခဲ့တာလား.."စကားပြောဖူးတာမှ သုံးခါလားပဲရှိသေးတာကို လွမ်းလို့ဆိုတော့ စံပယ့်ကို ကစားဖို့နည်းလမ်းရှာနေတာများလား။ဒါမှာမဟုတ် မိန်းမ
‌ေတွအများကြီးယူထားပြီး ငွေတိုးချေးစားနေတဲ့ ဦးမှတ်ကြီးလို စားနေကြကြောင်ပါးကြီးများ ဖြစ်နေမလား။

"ဦးနေဂုဏ်မာန်...ရှင်ကဘယ်လိုလူလဲ...ဒီစကားကိုမှ ဘာလို့ရွေးပြောသွားရတာလဲ...စကားမှားသွားတာများလား....မသိတော့ဘူးဟာ အိပ်တာပဲကောင်းတယ်..."

စံပယ်လည်း ကျူထရံတံခါးကိုပြန်ပိတ်ပြီး စောင်ကိုခေါင်းမြီးခြုံကာ တစ်ချိူးတည်းအိပ်ပစ်လိုက်ပါသည်။လမင်းကြီးရဲ့ အလင်းဖျဖျကတော့ ထရံအပေါက်ငယ်တွေကြားမှ တိုးဝေ့လို့ပေါ့။

💓💓💓💓💓💓💓💓💓💓💓💓

(အင်္ဂလန်UK[ Oxford City]

"ဟေ့ကောင်BL.."

"!..ဟာ....ဒေးဗစ်!လန့်လိုက်တာကွာ.."

ပြုံးစိစိလုပ်နေတဲ့BLကိုနှောက်လိုက်တော့ဒီကောင်ဖုန်းတောင်လွှတ်ကျမတတ်ပဲ။
BL၊ဂျက်ခ်၊ဝီလီယံနဲ့ဒေးဗစ်ဆိုတာ အောက်စဖို့ဒ်တက္ကသိုလ်ကျောင်းသားဖြစ်စဉ်က တက္ကသိုလ်ရဲ့
အမွှေတုံးတွေဆိုလည်းမမှားဘူး။

ဥပမာBLခေါ်နေဂုဏ်မာန်ပေါ့။‌
သူ့ရဲ့အင်္ဂလိပ်နာမည်ကSun(နေ)ပါ။

အတန်းဖော်အများစုက BL(Bright Light )
"တောက်ပသောအလင်းရောင်"လို့ခေါ်ကြတယ်။

အဲ့လိုခေါ်ရင်ဒီကောင်အရမ်းနာတာ မသိသူကဟိုBLထင်ကြမှာစိုးလို့တဲ့။
ဒီကောင်ယောက်ျားစစ်မှန်းပိုသိလိုက်ရတာက တက္ကသိုလ်ဒုတိယနှစ်မှာပါပဲ။

 ပရောဂျက်တစ်ခုပြတိုင်း အပြစ်မရှိအပစ်ရှာတတ်တဲ့ ပရော်ဖက်ဆာကို ဘယ်သူကမှဘာပရောဂျက်မှမပြရဲကြဘူး။

ပြလည်းပရော်ဖက်ဆာရဲ့လက်ထောက်ကပဲကြည့်ပေးပြီး ပရော်ဖက်ဆာဆီလုံး၀မရောက်ဘူး။

ပရော်ဖက်ဆာဆီရောက်သွားတဲ့ပရောဂျက်တစ်ခုတော့ရှိတယ်။
သေချာပေါက်BLရဲ့ပရောဂျက်ပေါ့။

တစ်နေ့မှာပရော်ဖက်ဆာရဲ့ရုံးခန်းထဲကိုမ၀င်ရဲတဲ့BLတစ်ယောက်။
ဒေါက်အမာပါတဲ့ဖိနပ်ကောင်းကောင်းကိုစီးပြီး။ပ‌ရော်ဖက်ဆာရုံးခန်းအပြင်မှာတစ်ဒုန်းဒုန်းနဲ့ အခါ၁၀၀လောက်လျှောက်ပြလိုက်တာ ဖရော်ဖက်ဆာကြီးလည်း ခေါင်းကြိမ်းပြီး သူ့ပရောဂျက်ကိုကြည့်ပေးလိုက်ရတယ်။
အဲ့နေ့ကစပြီးBLဆိုတာကျောင်းသားတွေကြားထဲမှာနာမည်မွှေးသွားတော့တာပဲ။

"BLကြီးဒေါက်ဖိနပ်စီး"ဆိုပြီးပေါ့။

"ငါ့ကောင်တွေဘယ်သွားပြီး..ဘာစားကြမလဲ..ငါတကာခံမယ်.."

"ငါတို့ကတော့ KFC(ကြက်ကြော်)သွားစားမယ်လို့တိုင်ပင်ထားကြတယ်BL.."

"ဟာမင်းတို့ကလည်း..သူငယ်ပြန်နေကြတာလား
ကလေးလဲမဟုတ်ကြပဲနဲ့...ကျောင်းတုန်းကလို ကြက်ကြော်နဲ့ ကိုကာကိုလာနဲ့ သောက်ရမဲ့အရွယ်မဟုတ်တော့ဘူးနော်..."

"ဟား..ဟား..ဟား..ဟား.."

💦💦💦💦💦💦💦💦💦💦💦

ဧရာ၀တီတိုင်း(သင်္ကြန်အကျနေ့)💦
မနက်၈နာရီ🕣

🎵ရှာပုံတော်မင်းသားကြီး..
...မဏ္ဍပ်တကာရောက်ခဲ့ပြီ🎵

🎵ဘယ်အရပ်သူ ဇာတိမှန်းလည်း...
..မသိတော့အခက်တွေ့ပြီ🎵

🎵မနှစ်ကပေးတဲ့မင်းလိပ်စာ...
....ရေတွေစိုလို့ပျက်ကုန်ပြီ🎵

🎵မမှတ်မိတော့ခက်သားလားဒေဝီ🎵

"ဟေး..ပျိုမေတို့...ဟိုမှာ..ကိုအေးရဲ့တူ..
ရှာပုံတော်မင်းသားကြီးက..ဒေဝီလေးစံပယ်‌
မွှေးကိုလာရှာတယ်တော့"

"အေးဟယ်..လိပ်စာက..ရေစိုလို့ပျက်ကုန်ပြီဆို.."

"အော်စာရွက်ပေါ်မှာပျက်ပေမဲ့..နှလုံးသားထဲမှာသိမ်းထားလို့နေမှာပေါ့.."

"ဒို့အပျိုလေးတော့..ဂေါ်စွံတော့မယ်ထင်တယ်ဟေ့.."

"တော်ကြပါတော့..မစိုးတို့ရယ်.."

"အယ်..မိစံပယ်အပျိုကြီး..ရှက်သွားပြီ..ရှက်သွားပြီ.."

တကယ်လည်းစံပယ်မျက်နာတွေနီလာရသည်။
ကိုအေးရဲ့တူ ကိုမိုးနီဆိုသူကိုရင်ခုန်လို့တော့မဟုတ်ပါဘူး။
မစိုးတို့ရဲ့အလှော်လွန်နေတဲ့စကားတွေကြောင့်ပါ။

ကိုမိုးနီဆိုသူက ရုပ်ကအတန်အသင့်ကြည့်ကောင်းသူဖြစ်သလို အင်ဂျင်နီယာဘွဲ့ရဆိုတော့ရွာကလူတွေကအထင်တွေဇွတ်ကြီးနေကြတာပေါ့။

အဲ့အထဲမှာအဖွားက ထိပ်ဆုံးကပါသည်။
ကိုမိုးနီကလည်းစံပယ့်ကို သဘောကျနေဟန်တူတယ်။

သင်္ကြန်ရက်အတွင်း‌မှာသူ‌နေတဲ့ပွတ်စလီရွာကနေ စံပယ်တို့အုန်းပင်စုကိုချောင်းပေါက်မတတ်ကိုလာနေတော့ ပြောစရာဖြစ်ပြီပေါ့။

‌"ဟေ့စံပယ်ရေ..‌မောင်မိုးနီကိုမုန့်လုံးရေပေါ်ပေးလိုက်ပါအုံး.."

"ကိုမိုးနီ..စားနော်အားမနာနဲ့..မ၀လည်းအများကြီးရှိသေးတယ်.."

"အမယ်လေး..မိစံပယ်တို့သဒ္ဒါတွေလွန်နေတာ..
တဏှာတော့မကျွန်နဲ့တော်ရေ့..တို့ကရှက်တတ်တယ်.."

"အဲ့မစိုးဟာလေ..ကိုမိုးနီစိတ်မဆိုးနဲ့နော်..သူတို့ကသိပ်နောက်တတ်တာ.."

"ဟုတ်ကဲ့ကျွန်တော်က..ဘာမှ..အား..အား..
စပ်..စပ်တယ်..ရေ..ရေပေးပါ..စူး.."

ကိုမိုးနီကြီးလည်းရှက်ရှက်နဲ့ ငရုပ်သီးပါတဲ့မုန့်လုံး
ရေပေါ်တွေပါးစပ်ထဲသုံးလုံးလောက်
ထိုးထည့်မိပြီး ရှုံ့မဲ့ကာထအော်တော့သည်။

"ရေ..ရေ..ပေးပါ.."

"ဒီမှာ..အဆင်သင့်ပဲ..ရော့..ရော့.."

"..အား..ပူတယ်..ပူတယ်.."

"အယ်..ဟုတ်သားပဲအဲ့ဒါရေနွေးတွေ..ကျွန်မမှားလို့..ရေအေးယူပေးမယ်လေ.."

"တော်..တော်ပါပြီ..ကျွန်တော်ပြန်တော့မယ်နော်.."

"ဟို..ကိုအေးအတွက်မုန့်လုံးရေပေါ်ယူသွားအုံးလေ.."

"တော်ပါပြီဗျာ..ခင်ဗျားတို့ဘာသာစေတနာရှိရင်အိမ်လာပို့ပေးပါ.."

ပြောပြီးကိုမိုးနီတစ်ယောက်ပုဆိုးမပြီး တစ်ချိုးတည်းပြေးတော့သည်။

"ဟား...ဟား..ငါပြောပါတယ်သဒ္ဒါလွန်‌ရင်..
တဏှာကျွံတယ်လို့..ခုတော့..နှပ်တွေရော..
မျက်ရည်တွေရောထွက်သွားရရှာတယ်..."

"သွားပေါ့..ဒီလောက်လေးနဲ့ငါတို့စံပယ်လေးကိုလှည့်တောင်မကြည့်တာ..နေပစေ.."
 စံပယ်သိလိုက်ပါပြီ။ဒါမစိုးတို့‌တွေ တမင်နှိပ်ကွက်လိုက်တာပဲ။တကယ်တော်တဲ့ငါ့အစ်မတွေ‌ပါလား။တစ်ရန်တော့အေးသွားပြီထင်တယ်။

အခန်း..၇ဆက်ရန်
💦💦💦💦💦💦💦💦💦💦💦💦💦

"စံပယ်မွှေးနဲ့ နေဂုဏ်မာန်ရဲ့ မတူညီတဲ့လူနေမှုပုံစံလေးကိုလဲ ပြချင်လို့ပါ.."

💦မဟာသင်္ကြန် ၅တန်းတည်းကရေမဆော့ဖြစ်တော့တာအခုထိပဲ

2023သင်္ကြန်နားနီးမှာ ဒီအခန်းလေးကို ရေးခဲ့တာပါ...



Comments

Popular posts from this blog

🦋အခန်း ၁ မှ အခန်း ၃ 🦋

🌿အခန်း ၁ မှ အခန်း ၄ 🌿

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁) မှ အခန်း (၃)"