🔥ဆူးကြိုး...🔥 အခန်း (၁၃) မှ အခန်း(၁၆)
🔥ဆူးကြိုး...🔥အခန်း(၁၃)🔥 "ဖိုးလမင်းကြီးရေ...ရွှေလင်ဗန်းနဲ့ထမင်းဆီစမ်းလေးပေးပါဗျို့...ဝါ..ဝါ..ဝါ..." ကလေးငယ်သည် ဖယောင်းတိုင်မီးမှိန်ပျပျသာလင်းသောအခန်းလေးထဲမှနေ၍ ပြူတင်းပေါက်ကိုမေးထောက်ကာထားလျှက် ပါးစပ်ကိုလက်ဖဝါးဖြင့် ပိတ်လိုက်ဖွင့်လိုက်လုပ်၍ လမင်းကြီးအား ကြည်ရွှင်သောမျက်၀န်းအစုံဖြင့်ကြည့်နေရှာသည်။ လမင်းသည် ကမ္ဘာမြေပြင်မှ မိုင်ပေါင်းနှစ်သိန်းကျော်လောက်ဝေးကွာသော အရန်ဂြိုလ်တစ်ခုဆိုတာထက် သူ့စိတ်ထဲတွင်လမင်းသည် ဝိုင်းဝိုင်းစက်စက်ဖြင့် သိပ်လှသည်ဟုသာ တွေးမိသည်။ လ၏မျက်နှာပြင်ပေါ်တွင် မြင်နေရသော ဆန်ထောင်းနေသောအဖိုးအိုနှင့်ယုန်ငယ်လေးတို့သည် ကမ္ဘာ့အကျော်အမော် ပန်းချီဆရာတစ်ယောက်ယောက် ရေးခြစ်ထားသော သိပ်လှသည့်ပန်းချီကားတစ်ချက် ဟုသာ စိတ်တွင်မှတ်၍ထားမိသည်။ သူ့အတွေးထဲတွင် ပေါ်လာသည်က မေမေဆိုနေကြကဗျာလေးနှင့် ပြူးတင်းပေါက်မှ အနီးကပ်မြင်နေရသလိုရှိသည့် လပြည့်၀န်းကြီးအကြောင်းသာဖြစ်သည်။ စန္ဒာလမင်း၏ ပတ်ပတ်လည်နှင့် သူမြင်နိုင်သမျှ ပမာဏလေးထဲတွင်တော့ ကြယ်အစုအဝေးလေးတွေဟာလည်း စိန်ရောင်စုံကိုမီးရိပ်ထိုးသည့်နယ် တဖြတ်ဖြတ်လက်နေကြသည်။ ကျောင်းပြူတင်းပေါက်၏ ခပ်လှမ်းလှမ်းတွင်ရှိသော အစိမ်း...