"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁) မှ အခန်း (၃)"
"အခန်း ၁"
🎵တောသူတွေမယ်...အရိုးခံပါကွယ်🎵
🎵ချစ်တယ်..ကြိုက်တယ်..ဆိုလာပါတဲ့🎵
🎵ကိုလူညိုထွား....မြို့ကြီးသားရယ်...🎵
🎵ချစ်လွယ်..မုန်းလွယ်..
ကြောက်လှပါတယ်🎵
🎵မချစ်ဝံ့..ချစ်ဝံ့..မယုံမရဲ..🎵
🎵အသဲမှာတုန်တယ်.. 🎵
🎵တောသူကလေးမှာတော့ကွယ်..🎵
ကောက်ပင်၊ပျိုးပင်တို့သာ အသာစီးရထားသော လယ်တောထဲတွင် လေပြင်းတစ်ချက်ဝေ့လိုက်တိုင်း ယိမ်းနွဲ့သွားသော ပျိုးပင်နုနုလေးတွေသည် နေမင်း၏ အရှိန်အဝါနှင့် အားပြိုင်တုရင်း အလျှံညီးညီး တိုးဝေ့ရှင်သန်ဖို့ အားပြိုင်နေကြရလေသည်။
ထို့နည်းတူပင် ကောက်စိုက်နေကြသော လယ်တောသူမလေးများသည်လည်း နေပူဒဏ်ကို မာန်၀င့်ကာ အံတုရင်းနှင့် အများအမြင်မှာ ဘယ်နှယ့်မှတောင်
မဖြုံသော အာဃမိန်းမတွေဟု မြင်ကြရလောက်အောင် သီချင်းသံတစ်ညံညံနှင့် ကောက်စိုက်နေကြလေတော့သည်။
ထမီကို ခြေသလုံးအလည်လောက်အထိ
တိုအောင်၀တ်ထားကြပြီး ဝါးခမောက်ကြီးတွေ အသီးသီးဆောင်းထားကြကာ နေအပူရှိန်ကြောင့် ဖြစ်ပေါ်လာတတ်သည့် မျက်နှာအရေးအကြောင်းတို့ကို ကာကွယ်ဖို့ရန် ခောတ်ပေါ်မိတ်ကပ်များမဟုတ်ပဲ မြန်မာ့သနပ်ခါးအမြစ်တုံးကိုသွေး၍
ဘူးသီးလုံးလောက်ထင်မှတ်ရအောင် ပါးတစ်ဖက်တစ်ချက်တွင် ဗျင်းကျားကွက်ထားကြလေသည်။
ခြေထောက်တွေကို ရွှံ့နွံရေထဲမှာရပ်ထားရပြီး ဖြုတ်ကိုက်လို့ကိုက်မှန်းမသိ၊ မျှော့တွယ်လို့ တွယ်မှန်းမသိနိုင်စွာ အားသွန်ခွန်ဆိုက်ဖြင့် ခန္ဓာကိုယ်အား ကုန်းကုန်းကွကွကြီးလုပ်ကာ နေ့စားခရဖို့အရေး ချွေးဒီးဒီးကြသည်အထိ လုပ်နေကြရလေသည်။
ဆင်းရဲသော တောသူ၊တောင်သားတို့ဘ၀ဆိုသည်မှာ ဤသို့ပင် ကျင်လည်ကြရလေသည်။
"ဟဲ့ဟဲ့..မယ်အဆိုတော်တို့..ဟိုလယ်ကန်သင်းရိုးပေါ်မှာ ပြေးလာနေတာ..မုန့် လေပြွေမ..မဟုတ်လား.."
"အေးတော့..မုန့်လေပြွေ..လေနဲ့လွှင့်လာတာ.."
လယ်ကန်သင်းရိုးပေါ်၀ယ် မုန့်လေပွေမတစ်ယောက် အမောတကောပြေးလာသည်ကိုမြင်ကြတော့ ကောက်စိုက်သမတို့ အကုန်ခေါင်းထောင်ကြည့်ကုန်ကြလေသည်။
"စံပယ်မွှေးရေ...စံပယ်မွှေး..စံပယ်မွှေး.."
"ဟဲ့ မိလေပြွေ..ငါ့ကိုဘုရားမှတ်နေလား..ဒီလောက်တနေရအောင်..ဘာဖြစ်လာတာလဲ.."
ပါးပြင်တစ်ဖက်တစ်ချက်တွင် သနပ်ခါးဘူးသီးလုံးလောက် လိမ်းထားသော စံပယ်မွှေးလည်း ကောက်ရိတ်တံဇဉ်ကို ကိုင်ကာ မျက်ေမှာင်ကို ကြုံ့ပြီး ခါးကိုထောက်ထားလိုက်သည်။
မုန့်လေပြွေမဆိုသည်မှာ သူ့နာမည်ကို တကြော်ကြော်အော်ခေါ်နေတာ ဘေးလူတွေကြားရင် သူမတစ်ခုခုဖြစ်တယ် ထင်နေကြအုံးမယ်။
"ဟဲ့....ဘာဖြစ်လာတာလဲလို့ မေးနေတယ်လေ...."
"နင့်..နင့်အဖွား..မရှိ...ဟောဟဲ"
"ဘာ..အမယ်လေး..အဘွားရဲ့..အီးဟီး"
"ဟဲ့စပယ်မွှေး..ဟဲ့!!ဟဲ့!..ဟောဟဲ..ငါပြောလို့မပြီးသေးဘူးလေ.."
"မိလေပြွေ...ညည်းကစကားတစ်လုံး..လေတစ်ခါဖြတ်နေတာကို..ခေါ်မနေနဲ့..စပယ်မွှေးကအပြေးချန်ပီယံ..ဟိုမှာတွေ့ပလား..ကိုမြတို့လယ်စပ်နားရောက်နေပြီ..ပြေးသာလိုက်သွား.."
"အမယ်လေးမစိန်ရယ်..အသွားပြေး အပြန်ပြေးဆို..ကျွန်မ မသာပေါ်လိမ့်မယ်.."
"အဲ့တာဆိုရွာထဲမပြေးနဲ့တော့...သင်္ချိုင်းကုန်းသာတန်းပြေး..မောရင်ဂူထဲမှာ ၀င်နားပေါ့အေ..."
"ဟား..ဟား...ဟား..."
"မစိန်တို့ကတော့ ပြောလိုက်ရင် အပြတ်ပဲဟေ့...."
တစ်ဖက်တွင်တော့စံပယ်မွှေးတစ်ယောက်
ရွာ့နောက်ဖေး လှည်းလမ်းကြောင်းမှ
ခြေထောက်ဗလာနှင့် အမောဆို့သည်အထိပြေးလေတော့သည်။သူမတစ်ယောက်ထဲကြောင့် လှည်းလမ်းကြောင်းကြီးသည်လည်း သူမကြောင့် ဖုန်တထောင်းထောင်းထကာ မြူခိုးဝေတဲ့ ဆောင်းရာသီအဖြစ်သို့ ရောက်ရလေတော့သည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"အမယ်လေး..ဖြစ်မှဖြစ်ရလေ..အဖွားရဲ့..
သမီးကိုစောင့်ပါရော့လား..အဘွားရဲ့..အီးဟီး
"ဟဲ့..စံပယ်မွှေးအဖွားဘာဖြစ်တာတုံး.."
"သိဘူးလေအေ.."
"လာသွားကြည့်ကြမယ်.."
အိမ်ရှေ့ရောက်သည်နှင့်အော်ငိုရင်းအိမ်ပေါ်ပြေးတက်သွားသည့် စံပယ်မွှေးကြောင့် အိမ်နီးချင်း
ခြံ၀ိုင်းများမှ လူတွေလည်း စပ်စုချင်ကြတာ ကြောင့်ဝိုင်းအုံလာကြလေသည်။
စံပယ်မွှေးတစ်ယောက်ကတော့ အမောတကောနှင့်
အိမ်ပေါ်သို့ အိမ်ပေါ်သို့ပြေးတက်သွားလေသည်။
"အဖွားရဲ့..ကျွန်မကိုထား..ထား.."
"ဟင်ကျုပ်အဖွားဘယ်ရောက်သွားတာလဲ.."
"အရီးမြ ကျွန်မအဖွားဘယ်ပျောက်သွားတာလဲ.."
"ငါဘယ်သိမတုန်းဟဲ့...မတိုး..ညည်းသိလား"
"သိဘူးလေ..ကျုပ်လဲ.."
တစ်ယောက်တစ်ပေါက် ဟိုလူသိလားဒီလူသိလားနှင့် အိမ်လေးထဲမှာဆူညံသွားတော့သည်။
စံပယ်မွှေးမှာတော့ အမျိုးမျိုးတွေးရလေတော့သည်။မုန့်လေပြွေမပြောပုံအရဆိုရင် အဖွားကမရှိတော့ဘူးဆိုတော့ ဆုံးသွားတာပေါ့။
ဒါဆိုရင် အနည်းဆုံး ရုပ်အလောင်းတော့ရှိရမှာပေါ့။
အခု အလောင်းကိုတောင်မတွေးရဘူးဆိုတော့ ..
"ဟင်..ဒါဆို..ဖုတ်..ဖုတ်ကောင်၀င်တာပေါ့..
အမယ်လေး..သွားလေသူအဖွားရဲ့..
ဘယ်ဘ၀က အကုသိုလ်တွေဒီလောက်များခဲ့လို့..သေတာတောင်..ခြေမငြိမ်ရတာလဲအဖွားရဲ့..."
ထိုစဉ်အဖွားကြည်မေတစ်ယောက် မိမိအိမ်ထဲ၌လူတွေစည်နေသောကြောင့်အံ့ဩသွားရသည်။
အိမ်မှာ ပွဲတွေ၊ဘာတွေလုပ်မယ်လို့လဲ မကြေငြာထားပဲနဲ့ လူတွေကဘာလို့ ဒီလောက်များသလဲ တွေးလိုက်မိသည်။ဘုန်းကြီးကျောင်းကနေ ဆရာတော့်တရားလေး နာခဲ့တာမို့ အေးချမ်းသောခြေလှမ်းတွေနှင့် အိမ်အပေါ်သို့တက်လိုက်ရာ၀ယ်။
"မေတ္တာရှင်မကြီး..ကျွန်မကိုထားခဲ့ရက်တယ်ပေါ့.."
"ဟင်..ဒါမိစံပယ်အသံပဲ..ဘယ်သူဘာဖြစ်တာတုံး.."
အိမ်ပေါ်သို့တက်လိုက်တော့ အိမ်ပေါက်ကိုကျောပေးရင်းထိုင်ငိုနေသည့်မိစံပယ်..
"ဟင်..မကြည်မေ.." "ဖုတ်..ဖုတ်ကောင်ကြီးပြန်လာတယ်တော့..ကျုပ်တော့မနေရဲဘူး.."
သူ့ကိုမြင်သည်နှင့်တစ်ယောက်ပြီးတယောက်အိမ်အပေါ်မှဆင်းပြေးသွားကြသည်။စံပယ်မွှေးလည်းငိုရင်းနှင့် အနောက်သို့လှည့်ကြည့်လိုက်ရာ...
"ဟင်အဖွား..အယ်ဟုတ်ပါဘူး..ဖုတ်ကောင်ကြီး"
"ကျွန်မပြုသမျှကုသိုလ်နဲ့အမျှဝေဆို ဝေပါ့မယ်
..အဖွားကိုယ်ထဲကထွက်တော့နော်..
အဖွားအသက်ထွက်ဖြောင့်ပါစေ..ဖုတ်ကြီးရယ်..
အဖွားကိုအခေါင်းထဲအေးဆေး၀င်ခွင့်ပြုပါရှင်..
"ဒေါက်.."
"အာ့..."
"ဖုတ်ကောင်ကြီး..ဘာလို့ခေါက်တာတုံး.."
" သေနာမ..နင်သာအခေါင်းထဲကို၀င် ...
ကျက်သတုံးမ..ငါ့အိမ်မှာနေပြီး..ငါ့ကိုစောစောအသက်ထွက်ခိုင်းနေတယ်.."
"အဘွားတကယ်မသေဘူးလား.."
"ဒေါက်.." "အား.."
"ငါသေတယ်လို့..ညည်းကိုဘယ်သူပြောလဲ.."
"မုန့်လေပြွေမလေ..လယ်ထဲအထိပြေးလာပြီးအဖွားမရှိဆိုတော့..သမီးကဟိုဒင်းဖြစ်တာမှတ်လို့ပေါ့"
"မိစံပယ်ညည်းတော့အမြဲ တလွဲစိန်ပါလား..
ငါဘုန်းကြီးကျောင်းမှာတစ်နေကုန်မှာမို့လို့ အိမ်မှာညည်းပြန်လာတဲ့ထိမရှိဘူးပြောခိုင်းတာပါအေ.."
"..ဟီး..သမီးကအဖွားတကယ်မရှိတော့ဘူးထင်ပြီး
ငိုလိုက်ရတာ..ခုမှပဲအလုံးကြီးကျသွားတယ်..ဟူး.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ရန်ကုန်အပြည်ပြည်ဆိုင်ရာ
မင်္ဂလာဒုံလေဆိပ်"
ခရီးဆောင်အိတ်များအသီးသီးသယ်ရင်းထွက်လာကြသူတွေထဲတွင် အများနှင့်မတူသော အရှိန်အဝါရှိသည့်လူတစ်ယောက် ဟန်အပြည့်နှင့်လျှောက်လာနေလေသည်။
၆ပေဆိုသည့်အရပ်၊ချောမောခန့်ညားနေမှုနှင့် အနက်ရောင်အနောက်တိုင်း၀တ်စုံအပြည့်၀တ်ဆင်ထားပြီး အဆီမပိုမရှိတောင့်ဖြောင့်သည့်ခန္ဓာကိုယ်ကြောင့် လူတိုင်းက၂ခါလောက်တော့လည်ပြန်ကြည့်ကြမြဲပင်။
"ဆရာ..ကျွန်တော်ဒီမှာ.."
"အေး..မောင်ထွန်း.."
မောင်ထွန်းဆိုသူကလက်ပြနှုတ်ဆက်ရာ ထိုကိုလူချောကလည်းလက်ပြန်ပြရင်း ပြုံးပြလေသည်။
"ဆရာဒီတစ်ခေါက်၅နှစ်နေမှပြန်လာတော့ ဒီမှာဘယ်နှစ်ရက်နေမှာလဲ..."
"အေးဆေးပေါ့ကွာ နောက်မှပြောမယ်.."
နှစ်ယောက်သားအတူလျှောက်လာပြီး လေဆိပ်အပြင်ဘက်တွင်အသင့်စောင့်နေသည့်ကားထဲသို့၀င်ထိုင်လိုက်ကြသည်။
"ဆရာ..ဆရာ့အိမ်ကိုတန်းပို့ပေးရမလား..
ကုမ္ပဏီကိုလား.."
"ဒယ်ဒီ့အိမ်ကိုမောင်း..."
"တ..တကယ်လားဆရာ..ဆရာ့အဖေတော့သိပ်ပျော်နေတော့မှာပဲ.."
"ဟင်း..မင်းထင်လို့ပါ.."
သူမဲ့ပြုံးတစ်ခုကိုဖန်တီးလိုက်ပြီး တရွေ့ရွေ့သွားနေသည့်ကားလမ်းအပြင်ဖက်သို့သာငေးနေလိုက်သည်။စိတ်ထဲတွင်တော့..
"၅နှစ်အတွင်းမှာကျွန်တော်လုံး၀မေ့ထားတဲ့ဒယ်ဒီဘယ်လောက်ပြောင်းလဲသွားပြီလဲဆိုတာ ကျွန်တော်ပြန်လာကြည့်မယ်.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အနက်ရောင်ကားတစ်စီးက နန်းတော်တစ်မျှခမ်းနားသည့်ခြံကြီးထဲသို့ ၀င်လာသည်။
ကားရပ်လိုက်သည်နှင့်အနက်ရောင်အနောက်
တိုင်း၀တ်စုံအပြည့်နှင့်လူဆင်းလာပြီး သူနှင့်ရင်းနှီးနေသည့် နေရာတစ်ခုလိုပဲ အိမ်ကြီးထဲသို့၀င်သွားကာ ဧည့်ခန်းထဲသို့လျှောက်လာလေသည်။
ဧည့်ခန်းထဲတွင်တော့ ဦးဘုန်းမာန်ဟာ သတင်းစာကို အကျအနထိုင်ဖတ်နေမိရာမှ လူရိပ်မြင်၍ မော့ကြည့်လိုက်မိရာ အံ့ဩမှုတွေနှင့်အတူ သူ့မျက်၀န်းတွေ ပြူးကျယ်သွားလေသည်။
ငါးနှစ်တာလောက် သူ့ကိုပုန်းရှောင်နေခဲ့သော သားဖြစ်သူကိုပြန်တွေ့လိုက်ရတာကြောင့် ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး ကျေနပ်သောအပြုံးတွေနှင့် သားဖြစ်သူကို ဆီးကြိုလိုက်လေသည်။
"..သားဘယ်တုန်းကပြန်ရောက်တာလဲ..ကြိုပြောရင်ဒယ်ဒီအခန်းပြင်ထားတာပေါ့..ဒေါ်တင့်ရေ.."
"ရှင်...လာပါပြီ...ဟင်..သားဂုဏ်မာန်ရောက်နေတာလား..
ဒေါ်တင့်မှာလည်း ဧည့်ခန်းထဲသို့ ရောက်ရောက်ချင်း နေဂုဏ်မာန်ကိုမြင်လိုက်ရတာကြောင့် ပျော်ရွှင်မှုတွေဟာ မျက်နှာမှာ အရိပ်ထင်သွားလေသည်။
"ဒေါ်တင့်သားအတွက်အခန်းပြင်ပေးလိုက်ပါအုံး.."
"ဟုတ်ကဲ့....."
"ဒီနေ့ဘာနေ့လဲဒယ်ဒီသိလား..."
ဦးဘုန်းမာန်လည်း သား၏မျက်နှာကိုတည့်တည့်ကြည့်ပြီး ဒီနေ့ကဘာများထူးခြားသလဲဟုစဉ်းစားနေမိသည်။နေဂုဏ်မာန်သည်လည်း ဖခင်၏မျက်နှာကိုအကဲခတ်နေမိလေသည်။ထိုစဉ်...
"ဟင်ဒီနေ့ဘာနေ့လဲအိမ်မှာထူးဆန်းတဲ့ပုဂ္ဂိုလ်ရောက်နေပါလား.."
"ချယ်ရီပြန်လာတာနဲ့အတော်ပဲ .."
ချယ်ရီဆိုသည့် မိန်းမရဲ့ပခုံးကိုဖက်လိုက်တဲ့အဖေ့လက်တွေကို နေဂုဏ်မာန်တစ်ချက်ကြည့်လိုက်ပြီး မျက်နှာကြောကို တင်းကာအံကိုကြိတ်လိုက်မိသည်။
"ကျွန်တော်ပြန်တော့မယ်ဒယ်ဒီ.."
နေဂုဏ်မာန် မျက်နှာကိုတင်း အံကိုကြိတ်ရင်း ချယ်ရီဆိုသူရဲ့ပုခုံးကိုတိုက်ကာဧည့်ခန်းမှထွက်လာလိုက်သည်။
"နေဂုဏ်မာန်..နင်လူမှုရေးနားမလည်ဘူးလား..ငါကအခုလက်ရှိနင့်အမေနေရာမှာနော်..နင်ငါ့ကိုနှုတ်ဆက်သင့်တယ်.."
"ဒီမှာဒေါ်ချယ်ရီစူး..ကျုပ်အဖေရဲ့အိပ်ရာပေါ်ကိုတက်နိုင်တာနဲ့ပဲ..ကျုပ်အမေနေရာကိုတက်ထိုင်ဖို့စိတ်မကူးနဲ့.."
"သား..မင်းဘယ်လိုပြောလိုက်တာလဲ.."
သူ့ကို အော်လိုက်သည့်ဒယ်ဒီ့ကိုအဖက်မလုပ်ပဲ ထိုမိန်းမကိုသာရွံရှာစက်ဆုပ်သည့်အကြည့်များဖြင့်ကြည့်လိုက်သည်။
"ကျုပ်အဖေကိုကြာကူလီလို့ရတိုင်း..ကျုပ်ကိုလာ
မချိပ်နဲ့..ခွေးရဲ့နေရာက ခြေနင်းဖက်မှာပဲရှိတယ်.."
အဟင်း..ခွေးအိမ်လှလှလေးဆောက်ပြီး...
ရွှေလည်ပတ်လေးတပ်ပေးခံရတာနဲ့ ရောင့်တက်
မနေနဲ့..ကိုယ့်နေရာကိုယ်သိ.."
"မင်းစော်ကားလှချီလားဟင်.." "ခွပ်!!!!.."
"အာ့.."
"အမယ်လေး..မောင်ဘုန်း ဘယ်လိုလုပ်လိုက်တာလဲ.."
ဦးဘုန်းမာန်၏လက်သီးချက်ကြောင့် နီရဲသွားတဲ့ပါးကိုလက်ဖဝါးနဲ့အုပ်ကိုင်လိုက်ပြီး သွေ့စို့ပြီးအနည်းငယ်ပေါက်သွားသည့်နှုတ်ခမ်းကို လက်မနှင့်အသာပွတ်တိုက်လိုက်သည်။
ဖခင်ဖြစ်သူကိုနာကျည်းချက်များဖြင့် စူးရဲစွာစိုက်ကြည့်လျက်...
"၅နှစ်ကြာမှ ပြန်တွေ့ရတဲ့ဒယ်ဒီ့ရဲ့နှုတ်ဆက်လက်သီးက အတော်ပြင်းတာပဲ..မှတ်ထားလိုက် နောက်နောင်ဘယ်တော့မှ ဒယ်ဒီ့အိမ်ကို ကျွန်တော်ခြေဦးမလှည့်မိစေရဘူး.."
"သား..သား..ဒယ်ဒီ..ဒယ်ဒီတောင်းပန်ပါတယ်.."
ဦးဘုန်းမာန်၏တောင်းပန်စကားမဆုံးခင်မှာပဲ
နေဂုဏ်မာန်ဟာ သွက်လက်သော ခြေလှမ်းများဖြင့် အိမ်အပြင်သို့ ထွက်လိုက်ကာ ကားလေးကလည်းအရှိန်ဖြင့် မောင်းထွက်သွားလေတော့သည်။
"ဒေါ်တင့် ဒီနေ့ဘာနေ့လဲသိလား.."
"ဒီနေ့က..ဖေဖော်ဝါရီလ၊၁၈ရက်ဆိုတော့..
သားနေဂုဏ်မာန်၂၉နှစ်ပြည့်မွေးနေ့လေကွယ်.."
"ဗျာ..ကျွန်..ကျွန်တော်မှားသွားပြီလားဗျာ..
..ကျွန်တော်ကတကယ့်ကိုတာ၀န်မကျေတဲ့ဖခင်ပဲ..ကိုယ့်ရဲ့တစ်ဦးတည်းသော သားလေးရဲ့မွေးနေ့မှာတောင် ပျော်ရွှင်အောင်မထားပေးနိုင်ပါလား..
ဒါတင်မကသေးဘူး....ကျွန်တော်သားကို နာကျင်အောင်ပါ လုပ်လိုက်မိပြီ..."
"ကိုကြီးအမှားမဟုတ်ပါဘူး..ချယ်ရီ့အမှားပါ
..အဟင့်..ချယ်ရီသူ့ကိုနှုတ်ဆက်ခိုင်း
လိုက်မိတာ.."
ချယ်ရီက ဦးဘုန်းမာန်၏ပုခုံးကိုကိုင်ရင်း ဟန်ဆောင်မျက်နှာနှင့်ပြောလေသည်။
တစ်ချိန်က ဂုဏ်တွေ၊မာန်မာနတွေနှင့်ပြည့်နှက်
ခဲ့သည့် ဦးဘုန်းမာန်၏ မျက်၀န်းမှလည်း မျက်ရည်များစီးကျလာရသည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဟင့်အင်း...အဖွားနော်သမီးရန်ကုန်ကိုမသွားချင်ဘူးလို့ဆို ဒီမှာပဲရှိတဲ့အလုပ်လုပ်ပြီး..
သဇင်မွှေးကိုကျောင်းထားပေးမယ်.."
"မိစံပယ်...ငါမကြိုင်ကိုအားလုံးပြောပြီးသွားပြီ သူ့အဆောင်မှာလဲအဆောင်ထိန်းရင်း အလကားနေရမယ်..စတိုးဆိုင်မှာလဲအလုပ်လုပ်ရင်းတစ်လ၁သိန်းကျော်လောက်ရမယ်..
နင့်ညီမကလာမဲ့နှစ် ဆယ်တန်းဘော်ဒါထားရမှာနော်..ဒီကောက်နှုတ်..ပဲနှုတ်ခလေးနဲ့..
ဘယ်လိုလောက်မှာလဲ..ငါ့တို့မှာလဲလက်
ငုတ်လက်ရင်းကလုပ်စားစရာ..လယ်တစ်ကွက်ရှိတာလဲမဟုတ်ဘူး.."
"ဒါကတော့ အဖွားကိုကမွဲတာကိုး.."
"ဒေါက်!!.
.
"အာ့!!..နာတယ်အဖွားရဲ့..
ကြေးစည်ထင်နေလားအလကားနေထုနေတာပဲ.."
"ငါ့ပစ္စည်းတွေက ညည်းမိဘတွေ ဖြုန်းခဲ့လို့ကုန်ပြီလေ.. သေနာမရဲ့..ဟုတ်တယ် ကောင်းကောင်း
ပြောရင်ဘယ်တော့မှမရဘူး..နင်တို့ညီအစ်မက စားစရာရှိရင်သာအဖွားအနားကပ်တာ အလုပ်ခိုင်းရင် ဖားပြုပ်ကိုလှည်းတက်ကြိတ်ခံရတဲ့ရုပ်တွေနဲ့...ငါအစာကျွေးနေတဲ့ခွေးတောင် အစာစားပြီးရင်ငါ့မျက်နှာကို သုံးခေါက်လောက်ပြန်ကြည့်တယ်.."
"ထပ်ကျွေးမယ်ထင်လို့နေမှာပေါ့.."
"ဒေါက်!!.."
"အာ့!!..နာတယ်ဆို.."
"ဘာမှမပြောနဲ့ မနက်ဖြန်ရန်ကုန်လိုက်သွားရမယ်ဒါပဲ.."
"သွားမယ်..သွားမယ်..အခေါက်ခံရတဲ့၀ဋ်ကလွတ်လည်းနည်းသလား..လိုက်ကိုသွားမှာ..ဟွန့်.."
စိတ်ဆိုးပြီးရွာထဲကို ထွက်သွားသူမိစံပယ်ကိုကြည့်ပြီး ဖွားကြည်မေလည်း သက်ပြင်းအရှည်ကြီးချမိလေသည်။
မိန်းကလေးပီပီလိမ္မာစေချင်လွန်းလို့သာ အမြဲတကျီကျီဆိုဆုံးမနေရတာ မြေးမနှစ်ယောက်ထဲတွင်
စံပယ်မွှေးကိုအချစ်ဆုံးပင်။
ဖွားအေကြီးကဘယ်လောက်ဆူဆူ ဘယ်လောက်ဆဲဆဲ ပြန်ခံပြောတာလေးကလွဲရင် အတော်အနွံတာခံသည့်မိန်းကလေးပါ။
ဆံပင်အရှည်ကြီးက ပေါင်တစ်၀က်လောက်ရှိပြီး မျိုးရိုးကရှမ်း၊ကရင်ဆက်ဖြစ်လို့ လယ်ထဲဆင်းရလဲအသားကတော့ဖြူဥနေသူလေး။
မိစုံ၊ဖစုံမရှိ၍ ကွမ်းတောင်မကိုင်ရသော်ငြားလည်း
ရုပ်ရည်ရူပကာမှာရွာ့ကွမ်းတောင်
ကိုင်ထက်များစွာချောမော လှပသူပါ။
သနပ်ခါးကတော့ငယ်ငယ်ထဲကကြိုက်နှစ်သက်သူမို့ မျက်နှာပြည့်အောင်လိမ်းတက်သည့် ရိုးသားသည့်တောသူမလေးဖြစ်သည်။
ဉာဏ်ရည်ကောင်း၍သင်လွယ်တက်လွယ်ပေမဲ့လို့ မိဘများဆုံးပါးသွား၍ကိုယ်တိုင်ပဲအနစ်နာခံကာ ကိုးတန်းနှင့်ကျောင်းထွက်ခဲ့သည်။
၅နှစ်ကွာသည့်ညီမလေးကို ကျရာတောအလုပ်လုပ်ပြီးကျောင်းထားပေးနေသည့် စံပယ်မွှေးကအခုဆိုအသက်၂၀ပင်ပြည့်တော့မည်။
အခန်း..၂...ဆက်ရန်...
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
=========================================================================
"အခန်း(၂)"
🙏ဩကာသ ဩကာသ ဩကာသ 🙏
"အာ..ဘာသံကြီးတုံး.."
🙏ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင်🙏
"ဟဲ့..တောဂိုက်..."
"ရှင်..ဘာ..ဘာဖြစ်လို့လဲ.."
ကိုယ့်ကုတင်မှာကိုယ် အားရပါးရဘုရားရှိခိုးနေမိရာမှ ဘေးကုတင်မှ မမိုးကိုကြည့်လိုက်မိတော့ ဆံပင်တွေက ပွထနေပြီး မျက်နှာကြီးကလည်း ဆူပုပ်နေလေသည်။မသိရင် စံပယ်ကပဲ သူ့ဆီကနေအကြွေးယူထားသလို ရုပ်မျိုး။
"ဘုရားရှိခိုးတာ တိုးတိုးရှိခိုးလို့မရဘူးလား..သူ့အသံဗြဲကြီးမှအားမနာ..လော်စပီကာနဲ့နားအနားမှာလာကပ်အော်နေသလိုပဲ.."
"အန္တရာယ်ကင်း..ဘေးရှင်းအောင်ပါမမိုးရယ်.."
"အဲ့ဒါဆိုရင်ဘုန်းကြီးကျောင်းမှာသွားနေလေ..
ဒါအဆောင်ဟဲ့ လူတွေနေတာ နင်တစ်ယောက်ထဲ
အန္တရာယ်ကင်း ဘေးရှင်းစေချင်နေရင်.... ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊သီလရှင်ကျောင်းဖြစ်ဖြစ် တစ်ခုခုမှာ သွားနေ..."
"အို..အဖွားမှမနေခိုင်းတာ.."
စံပယ်မွှေးရဲ့ စကားကြောင့် မိုးမမခေါင်းကုတ်မိလေသည်။ဘယ်လို အူကြောင်ကျားက မြို့တက်လာသလဲမသိပါဘူး။အိပ်တာတောင် ကောင်းကောင်းမအိပ်ရဘူး။
"ဟင်း..ရွဲ့ပြောလို့ပြောမှန်းလဲမသိ..ရှေ့တည့်တည့်ကနေ ကား နဲ့တက်ကြိတ်မှကား တိုက်ခံရမှန်းသိမဲ့ရုပ်..ဒီမှာဒါအဆောင်..နင်တစ်ယောက်ထဲနေတာမဟုတ်ဘူး..ဘုရားစာကိုအသံတိတ်ရွတ်ပေးပါ..
ပြန်အိပ်တော့မယ်..ဒါပဲ.."
"ဟုတ်ကဲ့ပါရှင်.."
စံပယ်လည်း အသံအကျယ်ကြီး ရှိမခိုးရဲတော့ပဲ ဘုရားကိုတိတ်တိတ်လေးရှိခိုးပြီးနောက် နာရီကိုကြည့်လိုက်ရာ ၄နာရီခွဲပဲရှိသေးသည်။
မိမိနှင့်မျက်နှာချင်းဆိုင်ခုတင်မှ ပါးစပ်ကြီးဟပြီး
ကုလားသေ၊ကုလားမော ပြန်အိပ်နေသောမိုးမမဆိုသူကိုကြည့်ပြီးနှာခေါင်းရှုံ့မိပါသည်။
ရွာမှာဆို၄နာရီထိုး ဘုန်းကြီးကျောင်းမှအုန်းမောင်း
ခေါက်သည်နှင့် ဆွမ်းချက်ရန်ထရသည်။မထရင်လည်းအဖွားက အိပ်ရာထဲအထိ ခေါင်းလာခေါက်ပြီးသားပဲ။မနက်မိုးလင်းပြီဆို သူငယ်ချင်းမတွေနဲ့ လယ်ထဲဆင်းရင်းသီချင်းညီးလိုက်၊အတင်းတုပ်လိုက်နှင့်ပျော်စရာကောင်းလှသည်။
"အော်အခုနေများ..အဖွားရေသမီးကိုခေါင်းတစ်ခါလောက်နာနာလေးလာခေါက်ပေးပါအုံးဆိုလည်း
..ဧရာ၀တီတိုင်းနဲ့ ရန်ကုန်ကိုလက်လှမ်းလို့မှီမှာမဟုတ်ဘူး.."
ခုဆိုစံပယ်ရန်ကုန်ကိုရောက်နေတာ၁လလောက်ရှိသွားပြီ။ ရောက်ခါစက ကားတိုးစီးရင်းခဏခဏ
မူးပြီးသူများအပေါ်အန်ချမိလို့ တောင်းပန်ရတာလည်းအမော။
ကားလမ်းစကူးတုန်းကဆိုရင် လယ်ထဲမှာ ကျွဲလိုက်ခွေ့လို့ ဖင်လိမ်ပြီးပြေးရသလိုပဲ ကားရှင်းတာနဲ့ အပြေးလေးလမ်းဖြတ်ကူးရတာ ဆိုသည်မှာ
သေ ချင်တာပဲ သိတယ်။
ရွာမှာဆိုရင် လမ်းကတစ်ချိုးတည်း တစ်ဖြောင့်ထဲရယ်။ဓနုဖြူမြို့ကို တက်ရင်တောင် ထော်လာဂျီနဲ့ ဈေးအထိ သွားခဲ့ရတော့ မြို့ထဲကို တစ်ခါမှမလည်ဖြစ်တဲ့ ကိုယ်က ဒီရန်ကုန်ရဲ့ ရပ်ကွက်
လမ်းအကြိုအကြား အကွေ့၊အကောက်တွေကြောင့် မျက်လုံးတွေကို မူးနောက်နေရောပဲ။
လမ်းမှားလို့ ပြန်ကွေ့ရတာများ အလုပ်ပင်ပန်းရတဲ့ကြားက ခြေထောက်ပါ အပိုညောင်းရတယ်။
စတိုးဆိုင်မှာလုပ်တော့လည်း တောမှာသနပ်ခါးနဲ့ အာချီပဲလူတိုင်းလိမ်းကြတာ သူတို့မြို့ရောက်မှ မိတ်ကပ်ကိုအမျိုးတစ်ရာလောက်ကွဲနေတယ်။
အစပိုင်းတုန်းကများ နေလောင်ကာခရင်မ်ပေးပါဆိုလို့ ခေါင်းမီးတောက်အောင်လိုက်ရှာပေးခဲ့ရတယ်။
ကိုယ်တို့တောမှာက ဘာနေလောင်ကာခရင်မ်မှမလိုပါဘူး ။သနပ်ခါးကို ပါးမှာထူထူတင်လိုက်တာနဲ့ အေးသွားတာပဲ။သူတို့မြို့က မိတ်ကပ်တွေထက် အပုံကြီးသာတယ်။
စကားတွေကလည်းလူလိုမပြောကြဘူး ဘာတဲ့ဗန်းစကားဆိုလားပဲ။
၀တ်တာ၊စားတာတွေကလည်း ကြည့်မိတဲ့ကိုယ့်မျက်လုံး ကိုယ်ပြန်ရှက်ရတဲ့အဖြစ်။အဲ့ဒီအတိုအပြတ်တွေမ၀တ်ပဲ လုံလုံခြုံခြုံ၀တ်တော့ရော ကိုယ်မှာ ဖုံးသွားတာပဲမဟုတ်ဘူးလားလို့ပြောချင်လိုက်တာ ပါးစပ်ကိုယားနေရော။
တစ်ချို့ယောက်ကျားလေးတွေဆို စတိုးဆိုင်ထဲ၀င်လာတာ ဘောင်းဘီက ပွလျှောင်းပြီး ဖင်အဖျားမှာချိတ်လို့ အတွင်းခံကပေါ်ချင်ချင်ရယ်။
ဒါမျိုးတွေ့ရင် ကိုယ့်မောင်သာဆို အနောက်ကနေ စောင့်ကန်ပစ်လိုက်တယ် မှတ်ကရောဆိုပြီး။
လူသံ၊ကားသံကလည်း အမြဲတစ်၀ီ၀ီနဲ့"အော်ငါတို့ရွာပဲကောင်းတယ်"။
ခုတော့ဒါတွေအသားကျနေပါပြီလေ။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဒေါက်!ဒေါက်!ဒေါက်!"
"၀င်ခဲ့.."
"ဆရာနေ့လည် ၂နာရီမှာစင်္ကာပူကရုံးနဲ့
online Meetingရှိတယ်နော်.."
"အေး...ငါသတိရတယ်.."
"ဒါဆရာလတ်မှတ်ထိုးရမယ့် ဖိုင်လ်တွေပါ.."
"အေး..ချထားခဲ့.."
"ဆရာ..ပုဂံကဟိုတယ်လ်ပရောဂျက်အတွက်
ELဒီဇိုင်းအဖွဲ့ကအခုအချိန်ရရင် နာရီ၀က်အတွင်းအရောက်လာပြချင်ပါတယ်တဲ့.."
"အဲ့ဒါဆိုရင် အခုပဲအစည်းအဝေးခေါ်လိုက်"
"ဟုတ်ကဲ့.."
အတွင်းရေးမှူးထွက်သွားသည်နှင့် ထိုင်ခုံမှကုတ်အင်္ကျီကိုယူ၀တ်လိုက်ပြီး ရုံးခန်းထဲမှထွက်ကာ အစည်းအဝေးခန်းသို့တန်းသွားလိုက်သည်။
အစည်းအဝေးအခန်းထဲတွင် ဒီဇိုင်းဌာနမှလူတွေဟာ သူတို့ရဲ့တင်ပြချက်ပြီးသည့်နောက် ဦးနေဂုဏ်မာန်ဘာများဝေဖန်မလဲဟု အကဲခတ်နေကြလေသည်။ဒါနဲ့ဆိုရင်သူတို့ ပုံစံငယ်ကိုပြန်ပြင်ရတာသုံးခါရှိနေပါပြီ။အခုအချိန်မှာ သူတို့အကြားချင်ဆုံးက
ဦးနေဂုဏ်မာန်၏ နှုတ်မှထွက်သော Yes(ရက်စ်)
ဆိုသည့်စကားပါပဲ။
"မကြိုက်သေးဘူး ပြန်ပြင်ပေးပါ.."
"ဟာဗျာ..ဒါနဲ့ဆိုသုံးကြိမ်ရှိပြီ..ဒီလိုဒီဇိုင်းလ်ကောင်းတစ်ခုထွက်ဖို့အတွက် အသေးစိတ်တွက်ချက်ရတာ ကျွန်တော်တို့၃ရက်ဆက်တိုက်မအိပ်ရသေးဘူး..ဆရာစာနာပေးသင့်တယ်.."
"ဒီဇိုင်းလ်ကောင်း..ဟား..ဒီလိုစုတ်ပျက်နေတာက
ဒီဇိုင်းလ်ကောင်းလား..ကျုပ်လိုချင်တာကခောတ်မှီဆန်းသစ်နေရုံမဟုတ်ဘူး ဆန်းသစ်တဲ့ဖွဲ့စည်းပုံနဲ့
မြန်မာ့ရိုးရာရဲ့ခမ်းနားမှုကိုပေါင်းပြီး ခရီးသွားတွေကို ကိုယ့်အိမ်လိုသက်သောင့်သက်သာခံစားနိုင်စေတာမျိုးကိုလိုချင်တာ..ကြည့်လိုက်တာနဲ့ မြန်မာ့ယဉ်ကျေးမှုကို ခံစားလိုက်ရတာမျိုး...အဲ့လိုခံစားချက်မျိုးမရမချင်းမကျေနပ်နိုင်ဘူး..မင်းတို့မလုပ်နိုင်ဘူးဆိုရင်လည်း ရတယ်.. တစ်ခြားအဖွဲ့ကိုငှားလိုက်ရုံပဲ...."
"အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ...ဒီပရောဂျက်ကို အခြားအဖွဲ့ကို လွှဲပေးလိုက်ရရင် ကျွန်တော်တို့နာမည် ပျက်လိမ့်မယ်...ခုဏက စိတ်လိုက်မာန်ပါ ပြောလိုက်မိပါတယ် .....စိတ်မရှိပါနဲ့ဗျာ...ဆရာလိုချင်တဲ့ပုံစံအထိ ကျွန်တော်တို့ကြိုးစားပေးပါ့မယ်...."
နေဂုဏ်မာန်လည်း တောင်းပန်နေသော သူကို
စူးဆိုက်ကြည့်လိုက်ရင်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ပြန်ပြင်လို့ရတဲ့ အခြေအနေဖြစ်နေသေးတာကြောင့် သူလည်းစိတ်ကိုနည်းနည်းလျှော့ထားလိုက်သည်။
"ကောင်းပြီ...မင်းတို့ကို အခွင့်အရေးနောက်တစ်ကြိမ်ထပ်ပေးမယ်....ဒီဟော်တယ်စီမံကိန်းက
ပါချီပါချက်လေးမဟုတ်ဘူး....ဘတ်ဂျက်ကိုစိတ်ပူမနေပါနဲ့....ဒီဇိုင်းကိုသာ အခမ်းနားဆုံးပုံဖော်ပေးပါ.....လူငယ်တွေကို အခွင့်အရေးပေးချင်လို့ မင်းတို့ဆီမှာ အပ်ထားတာ....ရက်တိုတိုလေးနဲ့
အမြန်ချပြချင်တဲ့ ပြီးစလွယ်စိတ်ကို ပြင်ပေးကြပါ...."
"ဒါဆိုရင်...ကျွန်တော်တို့ ပုဂံနဲ့၊မန္တလေးကို ကွင်းဆင်းလေ့လာချင်ပါတယ်...ဒါပေမဲ့ခရီးစရိတ်က...."
"စီမံခန့်ခွဲရေးဌာနမှာ....မင်းတို့လိုအပ်တဲ့ခရီးစရိတ်ကို တွက်ချက်ပြီးသွားထုတ်ပါ...ဒါပေမဲ့ ကိုယ့်
ကုမ္ပဏီက လူတစ်ယောက်တော့ ထည့်ပေးလိုက်မှာနော်..."
"စိတ်ချပါ....ဆရာ့စိတ်တိုင်းကျ...ဖြစ်စေရပါမယ်..".
နေဂုဏ်မာန်သည်လည်း ထိုင်နေရာမှ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး ELဒီဇိုင်းအဖွဲ့ခေါင်းဆောင်၏ ပခုံးကို ပုတ်ပြီး အားပေးလိုက်သည်။
"အိပ်ချိန်၊စားချိန်တော့ ချန်ကြပါ...ဦးနှောက်နဲ့ ခန္ဓာကိုယ်ကိုလည်း အားဖြည့်ဖို့လိုအပ်တယ်...
တစ်ချို့အရာတွေက ညီမျှမှုမရှိရင် ဘယ်လောက်ကြိုးစားပါစေ အရာမထင်တတ်ဘူး...."
"ဟုတ်ကဲ့....ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်...."
ထိုစဉ် ခုံပေါ်မှာတင်ထားသည့် သူ့ဖုန်းဆီမှအသံမြည်လာသောကြောင့် နေဂုဏ်မာန်လည်း
ခပ်မြန်မြန်ပဲဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို...မောင်ထွန်း...ဘာလဲပြော.."
"ဆရာဒီနေ့..ဆရာ့အမေနှစ်ပတ်လည်နေ့..အဲ့ဒါ.."
"အေး..ငါအခုထွက်လာပြီ.."
"ဆရာ့..ဆရာ့..နေ့လည်၂နာရီအစည်းအဝေးက.."
"အကုန်ဖြတ်လိုက်..ငါ့အတွက်ဒီနေ့ကအရေးအကြီးဆုံးပဲ"
အတွင်းရေးမှူးရဲ့ စကားကိုလည်း ငြင်းဆန်ခဲ့လိုက်ကာ အကုန်လုံးကိုကျောခိုင်းပြီး ခြေလှမ်းကျဲကြီးများနှင့်ကုမ္ပဏီထဲကထွက်လာလိုက်သည်။
ဒီနေ့ဟာ သူ့ဘ၀အတွက် ကမ္ဘာပေါ်မှာ အရေးပါဆုံးလူတစ်ယောက်ကို အချိန်ပေးမှကို ဖြစ်မည့်နေ့ပါပဲ။ကုမ္ပဏီရဲ့ အပြင်ဘက်မှာတော့အချိန်အခါမဟုတ်ပဲ မိုးများအုံ့မှိုင်းနေလေသည်။
"အော်ရာသီဥတုတောင် ငါ့စိတ်ကိုသိနေပါလား.."
သူတစ်ချက်မဲ့ပြစ်လိုက်ပြီး ကားဆီသို့သာ ဦးတည်ပြီး သွားလိုက်သည်။ကားပြူတင်းပေါက်ကနေ မြင်နေရသော ရာသီဥတုအခြေအနေသည် အမှန်တကယ်ပင် သူ့ရင်ထဲက ခံစားမှုနှင့် ထပ်တူအချိုးကျနေလေသည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဂျောက်.."
"ဟင်! ဦးမိုး...ဒီအခန်းထဲကိုဘာကိစ္စရှိလို့လဲ..ဘာယူပေးရမလဲ.."
စံပယ်စတိုခန်းထဲမှာပစ္စည်း၀င်စစ်နေတုန်း ဆိုင်ရှင်မမရဲ့ယောက်ျားကြီးက၀က်အဆီပျံတဲ့မျက်နှာကြီးနှင့်အခန်းထဲ၀င်လာပြီးဂျက်ချလိုက်လေသည်။
"စံပယ်လေးကလဲ ကိုကိုကဘာမှမလိုဘူး စံပယ်လေးရဲ့ဘူသီးလေးလိုကိုယ်လုံးလေးကိုစားရရင်ကျေနပ်ပြီ.."
"သေနာကြီး..ဘာစကားပြောတာလဲ ..
ဘူးသီးစားချင်ရင် တော့်မိန်းမဘူးသီးကိုချက်စား သူ့၀က်ခန္ဓာမှအားမနာ..ဖယ်ကျွန်မအရှေ့က.."
"ဟင့်အင်း..ဖယ်ပေးဘူးဆို..တိုကြီးကစံပယ့်ဘူးသီးလေးစားရမှ ဖယ်မှာ.."
ကျပ်မပြည့်တဲ့ရုပ်နဲ့ လာနွဲ့ပြနေတဲ့ ပိတ္တာကိုကြည့်ပြီးအော်ကလီဆန်လာသည်။စကားကလည်း မွေးကာစကလေးကမှ သူ့ထက်ပီအုံးမယ်။
ခုနထဲကအပြင်စင်မှာတင်ဖို့ယူထားတဲ့ လင်ဗန်း၅ချပ်ကိုမသိမသာဝှက်ထားလိုက်သည်။
"စပယ်လေးရယ် လာပါကွာ..တိုကြီးနဲ့အတူပျော်ရအောင်..ဒီက စားချင်လို့ပါဆို.."
"လွှတ်..ဖယ်..လွှတ်နော်.."
"လွှတ်ဘူးဆို.."
"သေချာလားမလွှတ်တာ.."
"သေချာသမ..ချာချာချာချာကိုမြည်တာ.."
ချာချာလည် မြည်ချင်တဲ့ ၀က်ကို စိတ်ကတအားတိုလာတာကြောင့် လင်ဗန်းကိုင်ထားသည့်လက်ကို မြှောက်ချလိုက်ပြီး ငယ်ထိပ်တည့်တည့်ကို ပိတ်ထုချပစ်လိုက်သည်။
"ဂွမ်!!!!!"
"အဲ့မှာချာချာမြည်ချင်အုံး.." "ဂွမ်!!!!!.."
"အား..လင်ဗန်းနဲ့ရိုက်..ရိုက်တယ်.."
"ရိုက်တော့ဘာဖြစ်လဲ" "..ဂွမ်!!..ဂွမ်!!. ဂွမ်!!.."
"အဲ့ဒါဘူးသီးစားချင်အုံး".. "ဂွမ်!!!.."
"အဲ့ဒါအတူပျော်ချင်အုံး"။ "..ဂွမ်.."
"ဒါက၀က်မျက်နာနဲ့ နွဲ့ချင်အုံး" "..ဂွမ်!!!!.."
"မှတ်ပလားဟမ်.." "ဂွမ်.!!!!."
၀က်ပုပ်ကြီးဦးမိုး လင်ဗန်းစာမြည်းပြီး
အီဆလံဝေကာ ငုတ်တုတ်ထိုင်ကျသွားလေသည်။ကြယ်တွေလတွေလဲ မြင်ကုန်ပြီလားမသိ။
"ရော့..အင့်..စားအဲ့မှာဘူးသီး.."
"အူး..အူး..ဝူး"
"ဘူးသီးစားချင်တယ်ဆို..စားအ၀စား..
မ၀သေးရင် ရှင့်အသုဘမှာကျုပ်ကိုယ်တိုင်အခေါင်းထဲအထိ လိုက်ထည့်ပေးမယ်.."
ခေါင်းချာလည်လည်နေတဲ့ ၀က်ပါးစပ်ထဲကို တွေ့ရာအမှိုက်တွေကောက်ထည့်လိုက်ပြီး အခန်းအပြင်ထွက်လာလိုက်သည်။
"ဟင်း..အလုပ်တော့ပြုတ်မှာသေချာပြီ..မဖြုတ်လည်း ဒီအယုတ်တမာကြီးနဲ့တော့အတူမလုပ်နိုင်ဘူး.."ဘယ်သူမှ အလုပ်မထုတ်ကို ကိုယ့်ဘာသာပဲ အိမ်ပြန်ဖို့ စတိုးဆိုင်မှထွက်လာခဲ့လိုက်သည်။
"ဝေါ..ဝေါ..ဂျိန်း!!!!!"
"ဒီနေ့မှ မိုးကလည်း အချိန်အခါမဟုတ်ရွာနေလိုက်တာ စိတ်ညစ်ရတဲ့အထဲ.. သောက်ကားတွေကလည်း တစ်စီးလာဖို့ နာရီ၀က်လောက်စောင့်နေရတယ်..စိတ်ညစ်ညစ်နဲ့ပတ်ရမ်းရရင်တော့..
လမ်းမတော်ဖိုးတုတ်ထက်ဆိုးတော့မယ်.."
တစ်ဖက်တွင်တော့နေဂုဏ်မာန်တစ်ယောက် အမေ့အုတ်ဂူကိုသွားကန်တော့ပြီးအပြန် လမ်းတစ်၀က်မှာကားက ထပြတ်လေသည်။
"ဟာကွာ..တောက်!!!...အရေးထဲမှ မောင်ထွန်း
ကားကိုသေချာမစစ်ဘူးထင်တယ်..ဘုန်း!.."
စိတ်ညစ်ညူးနေ၍ နက်တိုင်လ်ကိုဖြေလျော့လိုက်ပြီး ကားမှန်ကိုချလိုက်ကာအပြင်ဖက်သို့ကြည့်လိုက်သည်။ရုတ်တရက်ကားတံခါးကိုဖွင့်လိုက်ပြီး မိုးရေထဲမှာခြေစုံရပ်နေလိုက်မိသည်။
"ဝေါ..ဝေါ.."
"မာမီ..မာမီအရမ်းကြိုက်တဲ့မိုးစက်တွေဒီနေ့အသဲအသန်ကိုရွာနေတာ..မာမီ့ကိုမြင်ဆန်းစေချင်တယ်..
အဟင်း..သင်္ကြန်လည်းရောက်တော့မယ်..
မာမီ့ခေါင်းမှာပိတောက်တွေဝေနေတာကို ကျွန်တော်မြင်ချင်လိုက်တာဗျာ..မာမီနဲ့ဒယ်ဒီ သင်္ကြန်ရေပက်ပြီးကျီစားနေကြတာကို ခုထိမြင်ကွင်းထဲကနေ မထွက်သေးဘူး..
သင်္ကြန်မိုးရယ်ကျွန်တော်အရမ်း၀မ်းနည်းနေလို့
မာမီ့ကိုခဏလောက် ကျွန်တော့်ဆီပို့ပေးပါလားဗျာ.."
အရာအားလုံးကိုလျစ်လျှူရှုလိုက်ပြီး လမ်းဘေးပလက်ဖောင်းပေါ်တွင်အားအင်ချည့်နဲ့ကာ မုဆိုးဒူးထောက်ထိုင်ချလိုက်မိလေသည်။မိုးရေစက်တွေဟာ သူ့ခန္ဓာကိုယ်ပေါ်ကို ကြမ်းကြုတ်စွာ ကျရောက်နေလည်းပဲ သူ၀မ်းနည်းစွာခံယူနေမိသည်။
"ဟင်..ဟိုလူရူးနေတာများလား ကားလမ်းဘေးကြီးမှာထိုင်နေတယ်..မိုးတွေဒီလောက်သည်းနေတာကို"
"ဝေါ...ဝေါ..ဂျိန်း! ဂျလိန်း!.."
"ဟော..ဟိုမှာမောင်တော်ကားတော့လာနေပြီ..
ကားက၄၅မိနစ်လောက်စီးရမှာဆိုတော့..အဲ့အချိန်လောက်ဆို မိုးတိတ်လောက်ပါတယ်..
အလုပ်မြန်မြန်ရအောင် ကံဖြည့်ရမယ်..ဟုတ်ပြီ.."
စံပယ်မွှေးလည်း မိုးရေထဲမှလူဆီပြေးသွားပြီး ထီးကိုအတင်းပေးခဲ့ကာ ကားပေါ်အမြန်တက်လာလိုက်သည်။သူ့ဟာနဲ့သူတော့ဒါနတစ်ခုပြုလိုက်ရလို့ကျေနပ်နေလေသည်။
နေဂုဏ်မာန် သူ့ကိုအတင်းထီးလာပေးသွားသူကိုခေါင်းမော့ကြည့်လိုက်တော့ အနီရောင်အရိပ်ကလေးပဲမြင်လိုက်ရသည်။ပေါင်လောက်ရှိတဲ့ဆံပင်ရှည်တွေကိုတော့ လျှပ်တစ်ပျက်သတိထားမိတယ်။ဒါဟာ နတ်သကြားတွေကသူ့ကိုနှစ်သိမ့်လက်ဆောင်ပို့လိုက်တာများလား။ပြီးတော့သူမကပြောသွားသေးတယ်..
"မိုးရေဒီလောက်ချိုးချင်လည်း မိုးတွင်းအထိ
စောင့်လေ..ခုကစဦးမိုး မသာပေါ်သွားမယ်..
ရန်ကုန်မြို့ကြီးမှာလမ်းဘေးလဲနေလည်းဘယ်သူမှလာကူမှာမဟုတ်ဘူး..
ရူးနေလည်းထီးဆောင်းရူး..ရော့!..အေးအေးမိမယ်..မြန်မြန်ယူ.."
သူ့မှာအခြောက်တိုက်လာဟောက်နေ၍ယူ
ထားလိုက်ရသည်။မိုးရေတွေမျက်လုံးထဲ၀င်နေလို့သူမရဲ့ မျက်နှာကိုမသဲကွဲလိုက်ဘူး။သူမ ပေးသွားတဲ့ထီးလေးကိုကိုင်ပြီး သူ့နှုတ်ခမ်းများပြုံးသွားမိသည်။
"အဟက်..မေမေကလွဲပြီးငါ့ကိုဆူဖူးတာ
မင်းပထမဆုံးပဲ..ဘာကြောင့် ကိုယ့်ကို ဒီထီးပေးသွားရတာလဲ....တိုက်ဆိုင်တာလား...စေတနာနဲ့လား...ဒါမှမဟုတ် တမင်ရည်ရွယ်ပြီးတော့လုပ်တာလား..."
အခန်း...၃ဆက်ရန်ရှိသည်...
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
=======================================================================
🌼အခန်း၃🌼
"ဖွားကြည်မေရေ..ဗျို့ဖွားကြည်မေ.."
ဖွားကြည်မေတစ်ယောက် နောက်ဖေး မီးဖိုချောင်တွင် ထမင်းအိုးငှဲ့နေရင်းနှင့် အိမ်ရှေ့မှ မုန့်လေပြွေရဲ့အသံကိုကြားလိုက်တာကြောင့် အိုးကိုမီးဖိုခွင်ပေါ်သို့ မတင်သေးပဲ ကြမ်းပေါ်မှာပဲ ချထားပြီး အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
"ဟဲ့..မုန်လေပြွေ ဘာဖြစ်လာတာတုံး.."
"ဟော့ဒီ့မှာ မြို့ကနေစံပယ်မွှေးစာပို့လိုက်လို့..
လာပေးတာဗျို့.."
"ဟုတ်လား..မိစံပယ်မွှေးကိုငါလဲလွှမ်းနေတာအတော်ပဲ ဖတ်ပြစမ်းပါ.."
"ဟုတ်ကဲ့ကျွန်မဖတ်ပြမယ်..."
နှစ်ယောက်သား အိမ်ရှေ့ကွပ်ပျစ်လေးမှာ အကျအနထိုင်လိုက်ကြပြီး စာအိတ်ကိုဖောက်လိုက်လေသည်။ဖွားကြည်မေဟာ ငယ်စဉ်က မိဘများအဆင်ပြေ၍ ကျောင်းတက်ခဲ့ရသော်ငြားလည်း ဖခင်ဟာ မိန်းကလေးဖြစ်၍ သေစာ၊ရှင်စာလောက်သာ ရရင်တော်ရောပေါ့ဆိုကာ ကျောင်းထုတ်ခဲ့လေသည်။
စာပေနဲ့ နှစ်ပေါင်းများစွာ ဝေးခဲ့ရတဲ့သူမဟာ အသက်ကြီးလာ၍ မျက်စိမှုန်သည့် ဝေဒနာကပါ ရောယှက်လာပြီး ကိုယ့်မြေးမရဲ့ စာကိုတောင် ကိုယ်တိုင်မဖတ်နိုင်သည့်အဖြစ် ရောက်နေရလေသည်။
မိလေပြွေဆိုသည်မှာလည်း ဉာဏ်ထိုင်းလွန်း၍ စာမလိုက်နိုင်ဖြစ်ကာ ငယ်စဉ်က တငိုငို
တရယ်ရယ် ဖြစ်ခဲ့ရာကနေ မိဘများက ကျောင်းထုတ်ပေးခဲ့သူဖြစ်လေသည်။သို့ပေမဲ့ ဖွားကြည်မေထက် အတန်းများများသင်ခဲ့ရတာကြောင့် မြန်မာစာကိုတော့ ဖြောင့်အောင်ဖတ်နိုင်လေသည်။
✉️သို."✉️
✉️"ကျွန်မရဲ့ချစ်လှစွာသော၊မေတ္တာရှင်၊
အနန္တဂိုဏ်း၀င်၊ဘုရားနဲ့တစ်ဂိုဏ်းထဲထားအပ်တဲ့ ကျေးဇူးရှင် ၊ကျွေးသမိခင် ဖွားဖွားရှင့်.."
"အမယ်လေး..နိဒါန်းကို ဖတ်ရုံရှိသေးတယ်.
မောလိုက်တာအဖွားရယ် ရေတစ်ခွက်လောက်တိုက်ပါလား.."
"အေးဟယ်..မိစံပယ်တို့များပြောလိုက်ရင်တော့အကြီးကြီး ပြီးရင်တလွဲ....ကဲဆက်ဖတ်..ဆက်ဖတ်.."
"ခဏလေး ကျွန်မ လေအ၀ရှူလိုက်အုံးမယ်.."
"အမြန်ဖတ်စမ်းပါအေ.."
ဖွားကြည်မေလည်း စိတ်မရှည်ဖြစ်ပြီး မိလေပြွေရဲ့ ခေါင်းကိုတစ်ချက်မျှ ပိတ်ခေါက်လိုက်မိလေသည်။
လူငယ်တွေများ တစ်ခုခုခိုင်းရင် ဝေ့လည်ကြောင်ပတ်လုပ်နေတာနဲ့ လိုရင်းကိုမရောက်နိုင်ကြဘူး။
"အဖွားရယ်...ခေါင်းတော့ထပ်မခေါက်ပါနဲ့.ဆက်ဖတ်ပြပါ့မယ်..."
✉️အဖွားနဲ့ ညီမလေးကို သတိတရနှင့်စာရေးလိုက်ပါတယ်။ကျွန်မဒီမှာအဆင်ပြေပါတယ်။အစားကောင်းတွေလဲစားပါတယ်။အဖွားတို့ ဗွီဒီယိုကားထဲမှာကြည့်ရတဲ့ ပီဇာတို့,ဟမ်ဘာဂါတို့ကိုအဖွားနဲ့ ညီမလေးအတွက်ပါပေါင်းပြီး နေ့တိုင်းအ၀စားပါတယ်အဖွားရေ။
...အီပြီး ဆိမ့်နေတာများ စားလို့ကောင်းပဲ။ပိုက်ဆံကတော့၁သိန်းပို့လိုက်မယ်။ညီမလေးကိုလည်း
စာကြိုးစားလို့ပြောပေးပါ။သင့်တော်တဲ့သူတွေ့ရင်လဲ လင်ပါတစ်ခါတည်းယူလိုက်မယ်နော်အဖွား။
....ကျန်းမာရေးကိုဂရုပစိုက်ပါအဖွားရယ်။
သမီးလင်ယူမယ်ဆိုလို့သွေးတက်မနေနဲ့အုံးနော်..
သမီးယူမဲ့သူကနတ်ပြည်မှာ နတ်သက်မကြွေသေးလို့စောင့်နေတာပါ။ညီမလေးကိုလည်းစာကြိုးစားဖို့ ရည်းစားမထားဖို့ ဆုံးမပေးပါအုံးနော်။✉️
✉️အဖွားရဲ့ချစ်လှစွာသော စံပယ်မွှေး✉️
"အော်..ဖွားအေက သူ့ကိုအလုပ်လုပ်ဖို့လွှတ်လိုက်တာ..ဒင်းက စားဖို့နဲ့လင်ယူဖို့ပဲတွေးနေတာကို..ရန်ကုန်သွားမှနာနာခေါက်ပစ်အုံးမယ်.."
ပြောသာ ပြောရပါတယ်။မြေးမလေးအခုဆို ရန်ကုန်မှာ နေလို့၊ထိုင်လို့အဆင်ပြေတာရော ဟုတ်ရဲ့လားမသိပါဘူး။မိစံပယ်ဟာ သူဘယ်လောက် ဒုက္ခရောက်ရောက် ဘယ်သူ့ကိုမှထုတ်ပြောမဲ့ မိန်းကလေးမဟုတ်ဘူး။ဒါကြောင့်လဲ ပိုစိတ်ပူရတယ်။
ရွာမှာဆိုရင် လယ်ထဲကိုဆင်းရပေမဲ့ ပင်ပန်းလို့ ဟင်းမချက်နိုင်ရင်တောင် ဖွားအေကြီးကရှိတော့ တော်သေးတာပေါ့။ဟို ရန်ကုန်မှာက အပြင်အလုပ်လည်းလုပ်ရသေး ချက်၊ပြုတ်၊လျှော်ဖွတ်ပါ တစ်ယောက်တည်းလုပ်ရရင် ငါ့မြေးလေးဘယ်လောက်တောင် ပင်ပန်းလိုက်မလဲနော်။
တွေးရင်းနှင့် ဘာမှမလုပ်ပေးနိုင်သည့်အဖြစ်မို့ အမယ်အိုကြီးခမျာ သက်ပြင်းသာချနိုင်လေသည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
🎵တောသူစံပယ်လေးရယ်🎵
🎵နာမည်လေးနဲ့ လိုက်အောင်လှတယ်🎵
🎵နာမည်လေးနဲ့ လိုက်အောင်ချောတယ်..🎵
🎵သဘောဖြူစင်ကြယ်🎵
🎵ခင်တွယ်စရာကောင်းလွန်းလို့🎵
🎵တကယ်အောက်မေ့မိတယ်...🎵
"ဟက်ချိုး..အဟွတ်!..အဟွတ်!..."
"စံပယ်မွှေးရယ် နေသာမကောင်းတယ် ရေဒီယိုတော့နားထောင်နိုင်တယ်နော်.."
"ဟီး..ကျွန်မနာမည်ပါတော့ သဘောကျလို့ပါ.."
"နင်ကတော့လေကိုယ့်ဘာသာကျ
နေမကောင်းအဖြစ်ခံပြီး သူများကိုတော့ ထီးလှူလိုက်ရတယ်လို့..မကြားဖူးပေါင်အေ.."
အဆောင်အတူနေသည့် မစိုးဟာ စံပယ်နဲ့ ခင်တာသိပ်မကြာသေးပေမဲ့လို့ ညီအစ်မတွေပမာ ရင်းနီးနေလေပြီ။နယ်ကနေ အလုပ်လာလုပ်ကြသည့် လူချင်းအတူတူမို့ အချင်းချင်း ရှိုင်းပင်းကြရင်းနှင့် သူ့အကြောင်းကိုယ့်ပြော၊ ကိုယ့်အကြောင်းသူ့ပြောလုပ်ရင်းကနေ အတွင်းသိ၊အဆင်းသိတွေ ဖြစ်လာခဲ့တယ်။
အခုပဲကြည့် စံပယ်မိုးမိပြီး နှာစေး၊ခေါင်းကိုက်ဖြစ်နေတော့ မစိုးတို့ကပဲ အဖော်လာပြုပေးတယ်။
မိုးမိတဲ့အကြောင်းကို စဉ်းစားမိရင် မနေ့ကမိုးရေထဲမှာ ထိုင်နေတဲ့ရူးတူးပေါတော လူကြီးကို သွားသတိရမိလေသည်။
"အဲ့လူကြည့်ရတာ ယဉ်ယဉ်လေးရူးနေပုံရတယ်
သိလား..၀တ်ကောင်းစားလှ၀တ်ပြီးမိုးရေထဲမှာငုတ်တုတ်ကြီးထိုင်နေတာပါဆို.."
"ကဲအခုတော့ဘယ့်နှယ့်ရှိစ..အလုပ်လဲပြုတ်၊ထီးလဲဆုံး၊လူလဲဖျားပြီလေ"
"အဲ့ဒါ..ကျွန်မကိုအကြံပေးပါအုံး..ဘယ်အလုပ်
ရရ..အလုပ်ကမရှိလို့မဖြစ်ဘူးတော့..
ညီမလေးကျောင်းစရိတ်ကရှိသေးတယ်.."
ထိုစဉ်အခန်းထဲသို့မိုးမမ၀င်လာပြီး အခန်းထောင့်ရှိထိုင်ခုံမှာ ခပ်မိန့်မိန့်ထိုင်လိုက်လေသည်။
မိုးမမဆိုသည်မှာ အထှာကြီးနဲ့ ဖာသိဖာသာ နေတတ်သူ့မို့ အဆောင်ကမိန်းကလေးတွေက သူ့ဆိုစကားကိုမပြောချင်ကြပေ။မစိုးတို့ဆိုရင် ပိုဆိုးတာပေါ့။
"နင်အလုပ်လိုချင်ရင်တော့ငါတို့ရုံးမှာ သန့်ရှင်းရေး၀န်ထမ်းခေါ်နေတယ်..လစာက၂သိန်းလောက်ရတာနော်..လာလျှောက်မလား.."
မစိုးနဲ့ စံပယ် အကြည့်ချင်းဆုံသွားမိလေသည်။
ခုဏက အခန်းထဲမှာလည်းမရှိပဲနဲ့ စံပယ်အလုပ်လိုချင်တဲ့အကြောင်းကို ဘယ်လိုသိသွားရတာပါလိမ့်။ချောင်းပြီး နားထောင်နေခဲ့သလားမှတ်ရတယ်။
"မိုးမမ..နင်ကရောဘာလုပ်ရတာလဲ.."
"ငါကစာရင်းကိုင်လေ..ငါ့လိုရာထူးဆိုရင်..
LCCIအဆင့်သုံးအထိလတ်မှတ်ရှိရမယ်၊ဘွဲ့ရမှဖြစ်မယ်....နင်ဆိုရင်တော့ ကိုးတန်းတောင်မအောင်တာ တို့ကုမ္ပဏီလို နေရာမျိုးမှာဆိုရင် သန့်ရှင်းရေးတောင်ရတာကံကောင်း..ဒါပေမဲ့ သန့်ရှင်းရေးရဲ့လစာကလည်း များပါတယ်...အဟင်း...လုပ်ပျော်တာပေါ့.."
"နင်စံပယ့်ကို အဲ့လောက်တော့မနှိမ်နဲ့မိုးမမ.."
"ကျွန်မဘယ်မှာနှိမ်လို့လဲ သူမေးလို့ဖြေတာလေ.."
"အပိုတွေ..နင့်အကျင့်ကိုငါသိတယ်.."
"ရှင်ဘာပြောတယ်..မစိုး.."
မဲ့ရွဲ့ကာပြောနေသည့်မိုးမမနှင့် မခံချင်ဖြစ်နေတဲ့
မစိုးတို့နှစ်ယောက်ကြား စံပယ်စိတ်ညစ်လာရသည်။
"ကဲတော်ကြပါတော့..မစိုးကျွန်မအဆင်ပြေတယ်သူပြောတာလဲမှန်နေတာပဲ..ကျွန်မရဲ့ပညာရေးက ရှစ်တန်းအဆင့်ပဲ ရှိတဲ့ဥစ္စာ...."
"စံပယ်အဲ့မှာနင်ပဲခံနေသိလား..တစ်နေ့နင့်ခေါင်းပေါ်..ချီးတက်ပါသွားလိမ့်မယ်.."
ပြောရင်းဆိုရင်းမစိုးဟာ စိတ်ဆိုးပြီး ခြေထောက်ဆောင့်ကာအပြင်ထွက်သွားလေသည်။ဘယ်လိုပဲဖြစ်ဖြစ်အခုအချိန်မှာ စံပယ့်အတွက်အဖွားနဲ့ညီမလေးကသာအရေးအကြီးဆုံးပဲ။သန့်ရှင်းရေးမကလို့ စည်ပင်သာယာမှာပဲလုပ်ရပါစေ သမာအာဇီ၀ကျရင် အကုန်လုပ်ရမှာပေါ့။
အချိန်ကလည်း တစ်နှစ်ပါပဲ။ညီမလေးဆယ်တန်းပြီးရင် ရွာကိုပြန်မှာပဲဥစ္စာ ဒီအလုပ်ကို၀င်လုပ်ပြီး အခြားအလုပ်ကိုလည်း စုံစမ်းထားရမယ်။
ရွာကိုလည်း ပိုက်ဆံပို့ရအုံးမှာဆိုတော့ အလုပ်နဲ့လက်ကတော့ ပျက်လို့မရဘူး။
အော် လူလူချင်းတောင်ပညာမတတ်ရင် ဒီလိုအနှိမ်ခံရတာပါလား။
လက်မှုပညာနဲ့ အသက်မွေးဖို့ကျတော့လည်း
ကိုယ်ကလယ်ပဲလုပ်တတ်တာ။
ပိုက်ဆံဆုပြီး တစ်ချိန်ချိန်လယ်လေး တစ်ကွက်လောက်၀ယ်နိုင်ရင်တော့ ကောင်းသား။
ဒါပေမဲ့ အဲ့ဒီ့နေ့ကိုရောက်ဖို့ ညီမလေးကလည်း ဆယ်တန်းအောင်ဖို့လိုသေးတယ်။ညီမလေး ဘွဲ့ရလို့ ညီအစ်မတွေ တက်ညီ၊လက်ညီလုပ်နိုင်ရင်တော့ လယ်အပိုင်လေးရလာမယ်ထင်ပါတယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဝေါ့..ဝေါ့...."
"ဟယ်အစ်ကိုမိုးထိန်...အန်နေပါလား..နေမကောင်းရင်နေ့တစ်၀က်ခွင့်ယူလိုက်ပါလားရှင်.."
"မဖြစ်ဘူးဟ အမျိုးသားသုံးသန့်စင်ခန်းကိုဒီနေ့သန့်ရှင်းရေးလုပ်မှဖြစ်မှာ..ဝေါ့..အား..ကျွတ်..
ဗိုက်ကလဲထိုးအောင့်လာတယ်..
စံပယ်ဟာ အခုဆိုရင် မိုးမမတို့ရဲ့ကုမ္ပဏီမှာ သန့်ရှင်းရေး၀န်ထမ်းအဖြစ် အလုပ်၀င်နေတာ သုံးရက်လောက် ရှိနေလေပြီ။ကိုမိုးထိန်ဆိုတာ သန့်ရှင်းရေးဌာနက အမျိုးသား၀န်ထမ်းဖြစ်ပြီး အသက်ကသုံးဆယ်ကျော် လေးဆယ်နားကပ်နေလေပြီ။
သားသမီးက နှစ်ယောက်လောက်ရှိပြီး မိသားစုစား၀တ်နေရေးကို ဦးဆောင်ဖြေရှင်းနေရတဲ့ လူတစ်ယောက်ပင်။တစ်ဖက်မှာ မိန်းမက အသုံးမကျတာကြောင့် ရှာသမျှအဖက်မတင်ပဲ သူ့ခမျာထမင်းချိုင့်ထည့်လာရင် ဘဲဥရယ်၊ပဲပြုတ်ရယ်နဲ့သာ နှစ်ပါးသွားရတာကများတယ်။
တစ်ခါတစ်ခါကျ ဘဲဥတောင်ထည့်မလာနိုင်ပဲ ငရုတ်သီးဆားထောင်းလေးပဲ ထည့်လာရလို့ စံပယ်တို့နဲ့ ထမင်းတောင်အတူမစားရဲဘူးတဲ့။
ကိုယ်တွေလည်း ဟင်းကောင်းသိပ်မချက်ပေမဲ့ ကိုယ့်ဟာကိုယ်အတန်အသင့်တော့ စားကောင်းတာလေး ချက်စားဖြစ်တာကြောင့် အဆင်ပြေတယ်။
အလုပ်ခွင်မှာ စံပယ်တို့ကိုအမြဲကူညီတတ်တဲ့စိတ်ကောင်းရှိ ကိုမိုးထိန်ကြီးကို စံပယ်လည်း ကူညီဖို့ဆုံးဖြတ်လိုက်သည်။
"နေ့တစ်၀က်ခွင့်နဲ့အိမ်ပြန်လိုက်ပါရှင်..အစ်ကို့အစားကျွန်မလုပ်လိုက်မယ်.."
"ဖြစ်ပါ့မလား..အမျိုးသားသန့်စင်ခန်းကို..
မသင့်တော်ပါဘူးဟာ.."
"ဖြစ်ပါတယ်..ကျွန်မအဆင်ပြေအောင်လုပ်ပေးမယ်..ဟုတ်ပြီလား..သွား အေးဆေးပြန်.."
အစ်ကိုမိုးထိန်ကိုပြန်လွတ်ပြီးနောက် ရုံးချိန်လည်းဖြစ်နေတော့ အမျိုးသားအိမ်သာထဲမှာလည်းလူရှင်းနေတာနှင့်ကွက်တိပဲ။သန့်စင်ခန်းပင်မတံခါးမှာ"ပိုးသတ်နေသည်၊မ၀င်ရ"ဆိုတာကိုရေးကပ်လိုက်သည်။
ပိုးသတ်နေတယ်ဆိုရင်တော့ ဘယ်သူမှ၀င်လာကြမှာ မဟုတ်ဘူးလို့ ကိုမိုးထိန်ကြီးပြောဖူးတာကြောင့် စံပယ်လည်း ဒီအကြံကိုသုံးလိုက်ခြင်းပင်။
သန့်စင်ခန်းတံခါးတွေကို အကုန်လိုက်ဖွင့်ရင်း နောက်ဆုံးတံခါးကိုအဖွင့်...ဘောင်းဘီကိုဆွဲတင်ရင်းနှင့် လှည့်ကြည့်လာသော လူတစ်ယောက်...
"ဟင်..ဘယ်သူ.."
"အား..ဖင်..ဖင်ပြောင်ကြီး.."
"ဟိတ်..မအော်နဲ့လေ..ငါဘယ်မှာဖင်ပြောင်လို့လဲ..အတွင်းခံဘောင်းဘီပါတာမတွေ့ဘူးလား.."
အာဗြဲကြီးနဲ့အော်နေတဲ့ပါးစပ်ကိုနေဂုဏ်မာန်
အတင်းပြေးအုပ်ရသည်။
မဟုတ်ရင်အရှက်ကွဲမှာပေါ့။လမ်းကြုံလို့အလုပ်
သမားသန့်စင်ခန်းမှာအလေးသွားမိတာကိုကမှားတာ။
ဂျက်ချလိုက်ပေမဲ့ သေချာမကျဘူးထင်တယ်။
"ခွီ..ဖီ..ဖင်ဆေးထားတဲ့လက်ကြီးနဲ့ဘာလို့ ပါးစပ်ကိုလာအုပ်တာလဲ..ရွံစရာကောင်းတာ..ဖီ..ဝေါ့..
အန်တောင်အန်ချင်လာပြီ..ဝေါ့.."
"ဟိတ်..ပေါက်ကရတွေမပြောနဲ့ငါဘယ်မှာလက်နဲ့..ဆေးတယ်ပြောလို့လဲ.."
"ဟင်!!အာ့ဆိုဘာနဲ့လဲ.."
"ဟ..ရေပိုက်နဲ့၊တစ်သျှူးနဲ့ပေါ့"
"ဘာ!!..အာ့ဆိုရှင့်လက်မှာအီးတွေပေနေမှာပေါ့
..ဖီ..ရွံတာ..အာ့ကြောင့်ခုနက ပါးစပ်ထဲမှာငန်နေပါတယ်လို့..ဝေါ့.."
ဒီဟာမလေး ပြောတော့မှ ပိုဆိုးနေပါလား။
ငါ့ကို ဘာကောင်မှတ်နေသလဲမသိဘူး။တံခါးလာဖွင့်တာလဲသူပဲ။အခု တဝေါ့ဝေါ့လာလုပ်ပြနေတာလဲ သူပဲ။
"မင်း...ဘာဖြစ်လို့ အသံမပေးပဲ တံခါးကိုလာဖွင့်ရတာလဲ...."
"ရှင်ကရော...တံခါးကိုဘာလို့ သေချာမပိတ်ရတာလဲ....လူရှင်းတော့ဘယ်သူမှမရှိဘူးထင်ပြီး ဖွင့်လိုက်တာပေါ့....ရှင့်လက်မပါဘူးလား...တံခါးကိုတောင် လော့ကျအောင် သေချာမလုပ်တတ်ဘူးလား....တကယ်ကိုနမော်နမဲ့နိုင်တဲ့လူ...."
"အောင်မာ...အဲ့စကားက ငါပြောရမှာမဟုတ်ဘူးလား...မင်းရဲ့မျက်လုံးကို သေချာဖြဲကြည့်...ဒါအမျိုးသားသန့်စင်ခန်း...ဘာလဲမင်းကဘောပြားလား...."
"ဘာဘောပြားလဲ...စကားကိုဆင်ခြင်ပြောနော်....ကျွန်မကသန့်ရှင်းရေး၀န်ထမ်း....ဒါကျွန်မလုပ်ရမဲ့တာ၀န်ဖြစ်လို့လုပ်တာ....ရှင်သာအရှက်မရှိ....ဝေါ့.!!!..ပြောရင်းနဲ့တောင် အန်ချင်လာပြီ..."
"တော်တော့....တော်တော့...မင်းပါးစပ်ကိုပိတ်ထားလိုက်တော့..."
နေဂုဏ်မာန်လည်းရှက်တာရော ရှေ့မှာတစ်ဝေါ့ဝေါ့လာလုပ်ပြနေတဲ့ မိန်းကလေးကြောင့်မျက်နှာကိုဘယ်ချောင်ထဲထိုးထည့်ရမှန်းမသိတော့ဘူး။"စံပယ်မွှေး" "သန့်ရှင်းရေးဌာနဆိုတဲ့"သူမရဲ့လည်ပင်းကပ်ပြားကိုကြည့်မိပြီး ဟန်ကိုယ့်ဖို့ပြင်လိုက်သည်။
"စံပယ်မွှေး..မင်းနဲ့ငါနောက်မှတွေ့မယ်.."
စံပယ်လည်း ဘေစင်မှာလက်ဆေးပြီးဂိုက်အပြည့်နဲ့ထွက်သွားသူနောက်ကို လိုက်ကြည့်ကာ နှာခေါင်းရှုံ့ပြစ်လိုက်သည်။စကားပြောတာကလည်း တကယ်ကိုဘုကန့်လန့်ပဲ။ဆရာကြီးလိုလို မ သာကြီးလိုလိုနဲ့။
အမြင်မတော်တာတွေဖြစ်သွားရင် တောင်းပန်ပါတယ်လို့ တစ်ချက်မပြောသွားဘူး။မသိရင် ကိုယ်ကပဲ မိန်းကလေးတန်မဲ့ အရှက်မဲ့နေသလို ပုံမျိုးနဲ့ပြောသွားလိုက်တာများ ဖနောင့်နဲ့ ပြေးပြီးပေါက်လိုက်ချင်တယ်။
ရုတ်တရက် ဒီလူ့ရုပ်က ခေါင်းထဲမှာအဆက်မပြတ်ပေါ်လာတာကြောင့် ရင်းနီးနေသလို ထင်နေမိသည်။
"ဒီလူကို..ငါတစ်နေရာမှာမြင်ဖူးသလိုပဲ.."
အခန်း(၄)...ဆက်ရန်
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

Comments
Post a Comment