🔥ဆူးကြိုး...🔥 အခန်း (၄၅) မှ အခန်း(၄၈)
🔥ဆူးကြိုး...🔥အခန်း( ၄၅) သင်္ကြန်မိုးက ရွာသွန်းလေပြီ။ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံးသည် အုံ့မှိုင်းလာကာ ခဲပုပ်ရောင် လွင်ပြင်ကြီးကဲ့သို့ ဖြစ်သွားလေသည်။ တစ်ပေါက်စနှစ်ပေါက်စ မိုးစက်များမှသည် နေရာအနှံ့အပြားသို့ အဆက်မပြတ်ကျဆင်းလာတော့သည်။ ဖုန်ထနေသော လမ်းမကြီးများသည် ရေနှင့်ပက်ဖြန်းလိုက်သလို အငွေ့တလူလူဖြစ်သွားကြပြီး သိပ်သိပ်သည်းသည်းဖြစ်ကုန်ကြသည်။ သင်္ကြန်၏သင်္ကေတဖြစ်သည့် ပိတောက်ပန်းတို့သည်လည်း အမိန့်သံမပါပဲ နုသစ်စွာပွင့်လန်းချင်လာကြသည်။ ပုံရိပ်ကတော့ ပြတင်းပေါက်မှနေ၍ အိမ်ခြေရင်းဘက်ရှိ စံပယ်ရုံတွေပေါ်သို့ကျဆင်းနေသော မိုးစက်တို့ကိုသာ ငေးကြည့်နေမိသည်။ ဒေါ်လေး၏ စံပယ်ပန်းလေးများသည် ဆယ့်နှစ်ရာသီလုံးပွင့်ဖူးကြလောက်အောင်အထိ အပွင့်သန်သည်ဟု ဆိုရမည်။ အိမ်မှာ တကူးတကလာ၀ယ်ကြသူတွေတောင် ရှိလေသည်။ "မမရေ...မအေးဘူးလား...မိုးတွေပက်မယ်လေ..." "မပက်ပါဘူးဟာ..အဝေးကြီးရယ်...လေကအရှေ့ဖက်ကနေတိုက်တာထင်တယ်.." "မမဘာတွေ တွေးနေတာလဲ.." ပိစိမသည်လည်း ပြူတင်းပေါက်၏တစ်ဖက်တွင်မှီ၍ထိုင်လိုက်လေသည်။ပိစိမ၏မျက်နှာကို ကြည့်လိုက်ပြီးနောက် ပြူတင်းပေါက်အပြင်ဘက်ရှိ မိုးစက်တွေသည်းထန်စွာ ကျဆင်းနေသော ကောင်းကင်က...