"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၂၂ ) မှ အခန်း (၂၃)"


 "သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၂၂ ) မှ အခန်း (၂၃)"


#အခန်း၂၂


နေမင်းကြီးကသူ့တစ်ယောက်ထဲကိုပဲ မီးလောင်
တိုက်သွင်းနေသည့်အလား ထင်မှတ်နေမိသည်။
သူ့နှလုံးသားတစ်ခုလုံး သံရည်ပူစက်ထဲသို့ပြုတ်ကျသွားသလို ပူပြင်းနာကျင်လွန်းသည်။
ဘ၀မှာ ကိုယ်တန်ဖိုးထားမိတဲ့အရာရာတိုင်းက 
ကိုယ့်အနားမှာ ကြာကြာအဖော်ပြုပေးဖို့ 
မဖြစ်လာရတာဘာကြောင့်လဲ။
မေတ္တာတရားဟာ ကိုယ့်ဆီမှာရှိနေရင် အန္တရာယ်များနေလို့ပဲလား။

မြတ်မြတ်နိုးနိုး ချစ်ရသူမို့  အမြဲတမ်းပေးဆပ်ဖို့အတွက်ပဲ တိုင်တည်ထားတဲ့ ဘ၀ကြီးမှာ ဆုံးရှုံးမှုတွေက တစ်ပတ်ရစ်ရစ်လာနေတာ မပြီးနိုင်တော့ဘူးလားလို့ အော်ပြောလိုက်ချင်မိတယ်။

ကျွန်တော့်ကို လွှတ်လပ်ခွင့်ပေးပါတော့ ကျွန်တော်ချစ်ရတဲ့ သူတွေကိုနာကျင်အောင်မလုပ်ပါနဲ့လို့ 
အော်ဟစ်ပြောဆို ပစ်လိုက်ချင်ပေမဲ့ ကံကြမ္မာဟာ စိတ်ရိုင်း၀င်ရင် တားဆီးလို့မရတဲ့ အရာဖြစ်နေခဲ့တယ်။

မွှေးဆိုတဲ့ကောင်မလေး ကိုယ့်ရင်ဘတ်ထဲကို ရောက်လာတဲ့နေ့ကစပြီး ရင်ခုန်ကြည်နူးခဲ့ရတယ်။
နှစ်တွေအများကြီး ဝေးကွာခဲ့ရတဲ့ မိသားစုဆိုတဲ့အရသာ သံယောဇဉ်ဆိုတဲ့ နွေးထွေးတဲ့ ဂွမ်းစလေးတွေကို ရင်မှာပွေ့ပိုက်ထားမိသလို ခံစားချက်မျိုးလေးနဲ့ သိပ်ကျေနပ်ခဲ့ရတယ်။
သူမနဲ့ စကားပြောလိုက်တဲ့အချိန်တိုင်း ဟာဒယရွှင်ဆေးတစ်လုံးကို စားလိုက်ရသလို ပေါ့ပါးသွားတာမျိုး။

သူမက ကိုယ်နေမကောင်းတဲ့အချိန်မှာ ညလုံးပေါက်အနားမှာ နေပေးခဲ့တယ်။အဲ့ဒီ့အချိန်တုန်းက အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးပေမဲ့ 
စိတ်ရင်းနဲ့ စိုးရိမ်ပေးခဲ့တဲ့ကောင်မလေး 
အခုဘာကြောင့်ဒီလောက်အထိ ကံဆိုးနေခဲ့ရတာလဲ။
အဖွားကို လုပ်ကိုင်ကျွေးမွေးနေရတဲ့ လိမ္မာသိတတ်တဲ့မိန်းက‌လေးကိုမှ ကံကြမ္မာဟာ မွှေချင်သလို မွှေနှောက်နေခဲ့တယ်။ 

သူမရဲ့ အတိတ်ဘ၀က ‌၀ဋ်ကြွေးတွေကို ပြန်ပေးဆပ် နေရတယ်ဆိုရင်လည်း ကိုယ်တိုင်၀င်ခံစားပေးလိုက်ချင်မိတယ်။
မွှေးရယ် မင်းရဲ့အသားလေးထိခိုက်နာကျင်ဖို့မပြောနဲ့ မျက်ရည်တစ်စက်ကိုယ့်အရှေ့မှာ ကျရင်တောင် ကိုယ့်နှလုံးသားတွေ တဆစ်ဆစ်နာကျင်ရပါတယ်။
အခုတော့ မင်းကိုမမြင်ရမချင်း ကိုယ်လုံး၀စိတ်မအေးနိုင်ဘူး။

ကားလမ်းမထပ်မှာ ဆိုင်ကယ်ကို ကြမ်းတမ်းစွာ မှောင်းနေမိပေမဲ့ သူ့ကိုယ်မှာဒဏ်ရာအနာတရ
ဖြစ်ရင်တောင် မစိုးရိိမ်ဘူး။‌
 မွှေးတစ်ခုခု ဖြစ်သွားမှာကိုပဲ စိုးရိမ်နေမိတယ်။
သူ့စိတ်ထဲမှာရေရွတ်နေမိတဲ့ဆန္ဒလေးက တစ်ခုသာရှိပါတယ်။

"မွှေး..ဘာမှမဖြစ်ပါစေနဲ့.."
"မွှေး..ကိုယ့်ကိုမထားခဲ့ပါနဲ့.."

မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးသူဌေးစာရင်း၀င်
ဦးနေဂုဏ်မာန်တစ်ယောက် အရေးပေါ်လူနာဌာနသို့ခြေလှမ်းကျဲကြီးများနှင့် လျှောက်လှမ်းနေမိသည်။
ဆေးရုံမှာက ဌာနခွဲတွေရှိတာကြောင့် ဟိုမေးဒီမေးနဲ့ 
ရှာနေရတဲ့အဖြစ်ကြောင့် ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်နေမိတယ်။သူနာပြုတွေ၊ဆရာ၀န်တွေကလည်း သူ့အလုပ်နဲ့သူရှုပ်နေကြသလို လူနာတွေကလည်း ဝေဒနာကိုမခံစားနိုင်၍ အော်ဟေ့နေသူများလည်း ရှိသည်။

ထိုလူနာတွေရဲ့ အသံကိုကြားရလေ မွှေးကိုပိုစိတ်ပူမိလေပဲ မြွေကိုက်တယ်ဆိုတာ တော်ရုံကိစ္စလေးမှမဟုတ်ပဲ။အဆိပ်ပြင်းတဲ့  မြွေဆိုရင် 
မွှေးဘယ်လောက်တောင် နာကျင်နေလိုက်မလဲ။
လူနာတွေကြားမှာ ခေါင်းမီးတောက်အောင် 
လိုက်လံရှာဖွေပြီးနောက်မှာတော့ မွှေးရှိတဲ့လူနာ
ကုတင်ကိုသွားတွေ့လေသည်။
သူမရဲ့သူငယ်ချင်းများနှင့်အတူ သူနာပြုဆရာမတွေရယ် ၊ဆရာ၀န်တစ်ယောက်ရယ်က 
လူနာကုတင်ဘေးမှာရပ်နေသည်။
လူတွေ ကာနေတာကြောင့် မွှေးရဲ့မျက်နှာလေးကို သေချာမမြင်ဘူးဖြစ်‌နေသည်။

ထိုနေရာသို့ သူပြေးသွားလိုက်ပြီး
မွှေးရဲ့ကုတင်ဘေးမှာရပ်လိုက်မိတယ်ဆိုရင်ပဲ
သူရင်ကွဲနာကျမတတ်ပင် ခံစားလိုက်ရသည်။
မွှေးရဲ့မျက်နှာလေးက သွေးမရှိတော့သလိုဖြစ်နေပြီး မျက်ခွံလေးတွေ မှိတ်ကျ‌နေလေသည်။

သူ့အဖို့ အသက်ရှူနှုန်းတွေတောင် မမှန်ချင်တော့လောက်အောင် စိတ်တွေလေးလံလာမိသည်။
ကုတင်ဘေးအစွန်းလေးမှာ ကျနေသည့် မွှေးရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်မိသည်။
မွှေးရဲ့ ပါးပြင်လေးကို သူအုပ်ကိုင်လိုက်ပြီး 
၀မ်းနည်းစွာ ညီးညူမိသည်။ 
လူချင်းသာလဲပေးလို့ရရင် မွှေးနေရာမျာ ကိုယ်ပဲဖြစ်လိုက်ချင်တယ်။

"မွှေး..မွှေးရေ..ထပါအုံးကွာ..ကိုယ့်ကိုထကြည့်ပါအုံးနော်..ကိုယ်ရောက်လာပြီလေမွှေးရယ်..
..မာမီ့လိုတော့ကိုယ့်ရင်ကိုခွဲပြီးမထားခဲ့ပါနဲ့ကွာ
..မွှေးမရှိရင်..ကိုယ်အသက်ရှင်နေရတာ
..ဘာအဓိပ္ပာယ်ရှိတော့မှာလည်း...ကိုယ်မငိုပါရစေနဲ့ မွှေးရယ်...အပြင်ပန်းကကြည့်ရင် ကိုယ်က စိတ်ဓာတ်ကြံ့ခိုင်သူလို့ ထင်ရပေမဲ့ ကိုယ်ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရရင် ကိုယ်ခံစားနိုင်မှာမဟုတ်ဘူး...ကိုယ်သေသွားလိမ့်မယ်...
မွှေးကိုထပ်ပြီးမဆုံးရှုံးပါရစေနဲ့...
ကိုယ်တို့ရဲ့ ဘ၀လေးက အခုမှစတင်ခါစပဲ 
ရှိသေးတယ်လေ..ကိုယ်တို့ရဲ့ အဆုံးသတ်က နာကျင်စရာကြီးနဲ့ ဇာတ်မသိမ်းပါရစေနဲ့......."

သူဘယ်လောက်ပင် ငိုကြွေးနေပါစေ မွှေးကတော့မျက်လုံးများပွင့်၍မလာတော့ပါချေ။
မွှေးရဲ့ ပါးပြင်လေးနှစ်ဖက်ကို သူ့လက်ဖဝါးများနှင့် ကာရံပေးထားပြီး နူးညံ့ညင်သာစွာ ကြည့်နေမိသည်။
မွှေးသာ ကိုယ့်ဘေးနားကနေ ထွက်ခွာသွားခဲ့ရင် ကိုယ်ဟာ ဘာကောင်ကြီးပဲဖြစ်နေပါစေ နှလုံးသားမဲ့တဲ့ စက်ရုပ်တစ်ရုပ်လိုဖြစ်သွားရလိမ့်မယ်။

ကိုယ့်နှလုံးသား အင်ဂျင်ရပ်တန့်သွားတာကို မွှေးလည်းမမြင်ချင်ပါနဲ့ ။
အတွေးထဲမှာ လျှောက်ရမဲ့လမ်းတွေ သိပ်များနေရင် ကိုယ်ရှိတဲ့အရပ်ကိုပဲလာခဲ့ပါကွာ။
မှောင်မဲပြီး လမ်းပျောက်နေရင်တောင်
ကိုယ်ရှိနေတယ်ဆိုတာလေးကို သိရဖို့ နှလုံးသားမီးအိမ်လေး ထွန်းပြီး စောင့်နေပါမယ်။
အလင်းပျပျလေး မြင်နေရလိမ့်မယ်မွှေး။
အဲ့ဒီ့နေရာက ကိုယ်ရှိနေတဲ့နေရာပဲ တွေဝေမှုမရှိပဲ လာခဲ့ပေးလို့မရဘူးလား။ကိုယ်ဆီပြန်လာခဲ့ပါမွှေးရယ်။

"ဆရာ..မွှေးကို..မွှေးကိုကယ်ပေးပါနော်ဆရာ.."

"..ခင်များစိတ်ထိန်းပါဗျာ.."

"ဟာ..ကျွန်တော်ကဘယ်လိုစိတ်ထိန်းနိုင်မှာလဲ
..ကျေးဇူးပြုပြီး‌..မွှေးကိုဒီလူနာတွေအများကြီစုပြီး ထားတဲ့နေရာမှာမထားပါရစေနဲ့..သီးသန့်ခန်းပြင်ပေးလို့ရမလား.."

ဆရာ၀န်လေးရဲ့လက်မောင်းကို အားကိုး
တကြီးဆုပ်ကိုင်ပြီးမေးလိုက်မိပေမဲ့ သူသေချာတွေ့လိုက်ပါတယ်။ဆရာ၀န်ဟာစိတ်မကောင်းစွာပင် ခေါင်းခါရမ်းပြလိုက်တာကိုပေါ့။

"မွှေး.."

သူ့ရင်ထဲ အသဲထဲမှ လှိုက်တက်လာသည့် အသံဖြင့် 
ချစ်သူရဲ့ နာမည်လေးကို ခေါ်လိုက်မိလေပြီ။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼

🎵ရှေးရေစက် အကြောင်းဖက်ဖန်လာ🎵
🎵ရွှေပဒေသာ ငွေပဒေသာ🎵
🎵ဝေဝေဆာဆာ စွေရွာဖြိုး🎵
🎵ရတနာမိုးသွန်းတဲ့ ရက်မြတ်မင်္ဂလာ      
      အခါ🎵

အသံချဲ့စက်မှ မင်္ဂလာတေးသံလေးက အုန်းပင်စုတစ်ရွာလုံးကိုပျံ့လွှင့်လို့နေလေသည်။
အပြုံးပီတိများဝေဆာကွန့်မြူးနေသည့်
 ဧည့်ပုရိတ်သတ်များကလည်း မင်္ဂလာမဏ္ဍတ်အတွင်းမှ ၀င်လိုက်ထွက်လိုက်နှင့် ဇာတ်ပွဲကျင်းပနေသည့်နှယ် စုရုံးနေကြလေသည်။

မဏ္ဍတ်၏အ၀င်အ၀တွင် ကာလသားတစ်စုဟာ သန့်သန့်ပြန့်ပြန့်၀တ်ဆင်၍ လာသမျှလူတိုင်းကို လက်ဆောင်ပစ္စည်းလေးတွေ ကမ်းနေကြလေသည်။အဖွားကြည်မေကတော့ သူ့မြေးမလေးရဲ့
ကောင်းခြင်းရက်မြတ်ပေမို့ ပါးစပ်မစိနိုင်လောက်အောင်အထိ ပြုံးပျော်ပြီး လိုက်လံနှုတ်ဆက်စကား
ဆိုနေလေသည်။ ဧည့်သည်တွေကလည်း စံပယ်မွှေးကံကောင်းကြောင်း ၊၀မ်းမြောက်၀မ်းသာ ရှိကြောင်းကို တဖွဖွပြောနေ၍ ဖွားကြည်မေတို့ အပျော်လွန်နေရသည်။

သဇင်မွှေးသည်လည်း သူမ၏တစ်ဦးတည်းသော အစ်မကြီး၏ မင်္ဂလာဆောင်ဖြစ်တာကြောင့် အရောင်ပြိုးပြိုးပျက်ပျက်ဖြစ်သော 
၀တ်ကောင်းစားလှလေးကို ၀တ်ဆင်ရင်း ဧည့်သည်တွေကို တည်ခင်းကြွေးမွေးဖို့ လိုက်လံ ကြည့်ကြပ်နေလေသည်။

အိပ်ခန်းလေးထဲမှာတော့ ရွာရှိအပျိုကြီးများအဖွဲ့ဟာ မိမိတို့အစွန်မထုတ်ရပေမဲ့လို့ ညီမအရင်းလေးလို ခင်မင်ရသော စံပယ်လေးလှနေတာကို မြင်ရတာကြောင့် အင်မတန်ပီတိဝေဖြာနေကြလေသည်။
မိတ်ကပ်လိမ်းပေးသည့် အခြောက်မကလည်း 
ထုဆစ်သလောက် အရောင်ထွက်နေသော 
၀င်းပပသတို့သမီးလေးရဲ့ မျက်နှာနုနုလေးကို အင်မတန်ကြည့်မ၀ဖြစ်နေမိသည်။  
သတို့သမီးလေးခမျာ သဇင်ခက်များဝေဝေဆာအောင် ပန်ဆင်ပြီး ရွှေလိုဝါဝါ၀င်း၍ ယဥ်တင့်နေလေသည်။

သတို့သမီးလေး တစ်ချက်ပြုံးလိုက်တိုင်း လိပ်ပြာတို့နားခိုချင်စဖွယ်ကဲ့သို့ အပြုံးပန်းလေးတွေက ချိုမြိန်လွန်းသည်ဟုထင်မှတ်ရသည်။
လှသွေးကြွယ်နေသော သတို့သမီးလေးရှိရာအခန်းထဲသို့ ၀င်လာသူကတော့ တောက်ပလွန်းတဲ့နေမင်းလိုဂုဏ်ရှိန်ဝါတွေပိုင်ဆိုင်ထားသော သတို့သားလေးပင်ဖြစ်သည်။

မြင့်မားတဲ့အရပ်အမောင်းနှင့် တစ်ပြည်တစ်ပါးမှာအနေကြာခဲ့၍ ဖြူသောအသားအရည်က မြန်မာအမျိုးသားတို့ရဲ့တိုက်ပုံ၊လည်ကတုံးကို ဆင်မြန်းထားလိုက်ရာ နေနတ်သားတစ်ပါးအလား ထင်မှတ်ရပေသည်။

"ဟဲ့..မိစံပယ်ရေ..ဟိုမှာသတို့သားလူချောကြီး၀င်လာပြီဟေ့..နှစ်ပါးသွားကဖို့မစောင့်နိုင်တော့ဘူးထင်ပါရဲ့.."

"ဟာဗျာ..မစိုးတို့ကလည်း..
ကျွန်တော့်သတို့သမီးလေးကို ရွှေပွဲလာတွေ
မမြင်ခင်..ကျွန်တော်အရင်လာဖူးမျှော်တာပါ..
နော့်စံပယ်ရယ်.."

"ရှင်..နော်.."

မစိုးတို့အဖွဲ့နဲ့တောင် စစနောက်နောက်ပြောတတ်နေပြီဖြစ်တဲ့သူ့ကိုမျက်စောင်းလှည့်ထိုးလိုက်မိသည်။
အမှန်ဆိုရင် မင်္ဂလာဆောင်က ဒီလောက်မမြန်လို့ရပါလျှက်နဲ့ ရန်ကုန်ကသူ့လုပ်ငန်းတွေဆီကို ပြန်ကြည့်ရမှာဖြစ်သလို စံပယ့်ကိုလည်း မထားခဲ့နိုင်ဘူးတဲ့လေ။ 
လက်ထပ်ပြီးမှ တစ်၀က်စိတ်ချမ်းသာမယ်၊
မဟုတ်ရင် အနှောက်အယှက်တစ်ခုပြီး တစ်ခု၀င်လာမှာဆိုးသည်တဲ့။

"အမယ်လေး..ကိုယ်နေဂုဏ်တို့တော့..သဲတတ်ရန်ကောစံပယ်ရေ..လယ်ထဲကအဆိပ်မရှိတဲ့ မြွေစိမ်းလေးကိုက်မိတာကို.. ငိုလိုက် ယိုလိုက်တာများ သူ့နှပ်ချီးကို ငါးပိလုပ်ရောင်း‌ရင်တောင်
..‌သူဌေးဖြစ်တယ်.."

"ဒါကတော့..ချစ်တာကိုးဗျ..ဆရာ၀န်က ခေါင်းခါပြတော့..သွားပြီဆိုပြီး..ငိုမိတာပေါ့ဗျာ..."

"အေးလေဟယ်..ဆရာ၀န်ကလည်း..သီးသန့်ခန်းတွေပြည့်နေလို့မရလို့ပါဆိုပြီးပါးစပ်ကနေ..
ပြောရင်ဘာဖြစ်တာမှတ်လို့..တကယ်ပါပဲ..ခေါင်းခါပြတော့ ကိုနေဂုဏ်တို့ငိုလိုက်တာများ တကယ်ကိုကြည့်ကောင်းရောပဲ..."

"မနောက်ကြပါနဲ့တော့ဗျာ....ကျွန်တော်ရှက်လာပြီ.."

နေဂုဏ်မာန်က ရှက်စိတ်နှင့် မျက်နှာကြီးရဲတက်လာတာကြောင့် စံပယ်မွှေးကလည်း သူမ၏ခင်ပွန်းလောင်းကိုကြည့်ကာ ပြုံးမိလေသည်။
နေဂုဏ်မာန်ကလည်း သူ့မွှေးလေးရဲ့ သဇင်ခက်ထက် လှသောမျက်နှာလေးကို ပြန်ပြုံး၍ စိုက်ကြည့်နေမိသည်။

"အမှန်က..စံပယ့်အပြစ်ပါမစိုးရယ်..အစက
ဘာကောင်ကိုက်မှန်းမသိဘူးလေ..သေချာကြည့်တော့မှ..မြွေကိုက်မှန်းသိလည်းသိရော..ကိုယ်ကလည်းမြွေကြောက်တတ်တော့..‌လန့်ပြီး‌သတိမေ့သွားတာပေါ့..စံပယ့်အပြစ်တွေပါ..."

"ဟဲ့!!ဟဲ့!!အခန်းထဲကလူတွေ..လေရှည်မနေကြနဲ့တော့ အပြင်မှာလူစုံနေပြီ..ထွက်လာဧည့်ခံကြလေ.."

"ဟော..ကြားလားစံပယ်..နင့်အဖွားက..
သူ့မင်္ဂလာဆောင်ကျနေတာပဲ..အသံကဆာထွက်နေတာပဲတော်.."

"ဒီမစိုးကတော့လေ..သွားမယ်..သွားမယ်"

သတို့သားနှင့် သတို့သမီးလေးသည်ပန်းပွင့်
တွေကိုခြွေနင်းပြီး လိုက်ဖက်တင့်တယ်စွာရွှေလက်တွဲ၍ မဏ္ဍတ်ထဲသို့၀င်လာကြလေသည်။

နေမင်းနဲ့လမင်းယှဉ်တွဲနေသကဲ့သို့ သူတို့နှစ်ယောက်ရဲ့နေရာလေးကိုသာ ကွက်၍ရောင်ဝါထိန်ညီးနေသည်မှာ မြင်ရသူတိုင်း အံ့ဩမှင်သက်နေကြရလေသည်။

ချီးကျူးထောပနာသံများကလည်း ဝေဝေဆာလို့ပင်။
သတို့သမီးဘက်မှ အဖွားနဲ့ညီမလေးကတပြုံးပြုံးဖြစ်နေသလို၊ နေဂုဏ်မာန်ဘက်ကလည်း ဖခင်ကြီးကမျက်ရည်ပင်ဝဲရလောက်အောင် ကြည်နူးပီတိ
ဝေဖြာလျှက်ရှိနေသည်။
မနာလိုပေမဲ့ ကြည့်နေရုံသာတတ်နိုင်သော မြတင့်တို့မိသားစုကလည်း မတတ်သာလို့သာလာရပေမဲ့ မျက်နှာတွေမရွှင်ပျကြပေ။
သို့ပေမဲ့ အများရဲ့ပါးစပ်ဖျားမှာတော့ လိုက်ဖက်တင့်တယ်မှုက အထင်းသားဖြစ်နေလေသည်။

"ဟဲ့..နှစ်ယောက်လုံးကချောလိုက်၊လှလိုက်ကြတာတော်..ငါ့သား၊သမီးတွေဆိုကောင်းမှာပဲ.."

"အေးဟယ်..တကယ်..လိုက်ဖက်တဲ့စုံတွဲလေးပဲ.."

"သတို့သားလေးကအရမ်းချမ်းသာတာတဲ့..
ဒီရွာမှာ..သိန်းရာချီပြီးလှူဒါန်းထားတာတဲ့နော်.."

"ဟုတ်လား..ငါ့သမီးကျတော့..ဒီလိုကောင်လေးမျိုးနဲ့ဘာလို့မညားလဲမသိဘူးဟာ..လင်အရွေးမတတ်တော့..အရက်သမားနဲ့ညားတာပေါ့.."

"သတို့သမီးလေးကလည်း..အဖွားကိုလုပ်ကျွေးနေတဲ့..အလိမ္မာတုံးလေးဟဲ့..ငါ့သားများကြတော့..
ယူလိုက်တဲ့မိန်းမက အော်ကျော့လန်ပါအေ..
ယောက္ခမကိုလည်း..ရန်ပြန်တွေ့လိုက်တာ...
ကပ်ကပ်ကိုလန်ပါရော.."

မင်္ဂလာပွဲလေး၏ လူစည်းကားနေရခြင်းအကြောင်းမှာ အုန်းပင်စု၊ပွတ်စလီရွာအပြင် မဟာသာလိုမျိုး ရပ်ဝေးရွာမှဧည့်သည်များ၊ဓနုဖြူအ‌ရှေ့ဖက်ကမ်းမှဧည့်သည်များ၊ဇလွန်မြို့‌ ပေါ်မှအသိမိတ်ဆွေများကပါ ရေလမ်း၊ကုန်းလမ်းမှနေ၍ အစုလိုက်အဖွဲ့လိုက်ရောက်ရောက်လာကြတာကြောင့် မင်္ဂလာမဏ္ဍတ်ထဲတွင် ညနေမိုးချုပ်လုအထိ လူမဆဲသေးပေ။

အချို့နယ်ဝေးမှအမျိုးများဆိုလျှင် ညအိပ်ပြီးတော့ကိုပွဲလာတတ်ကြလေသည်။

ဖားကြီးတို့လို၊မိုးနီတို့လို လူပျို၊လူအိုအမျိုးသားစုကတော့ ပင်ပန်းတာမှန်သမျှဒိုင်ခံလုပ်ပေးကြပြီး 
ညဘက်မှာသတို့သားနှင့် တစ်ဝိုင်းချရန်အခွင့်ကိုစောင့်နေကြသူတွေဖြစ်လေသည်။

ထမင်းရုံအကြီးကြီးကိုဆောက်ထား၍ မနက်
လေးနာရီခွဲလောက်ထဲကပင် လယ်ထဲ၊ကိုင်းထဲသို့ဆင်းကြသူများကအစ တစ်ရွာလုံးလိုလိုပင်လက်ဖွဲ့ငွေမလိုပဲ ကြုံတဲ့လူထမင်း၀င်စားလို့ရရန် စီမံထားသောကြောင့် ထမင်းရုံကြီးတွင်လည်းလူများ 
အထူးစည်ကားနေချေသည်။

နေဂုဏ်မာန်နဲ့စံပယ်မွှေးကလည်း ပကာသနမပါပဲ ထမင်းရည်ချောင်းစီးတဲ့ အလှူ‌ပွဲလေးသဖွယ် ဖန်တီးထားကြသည်လေ။ထို့ကြောင့် မင်္ဂလာပွဲကြီးသည် အလှူကြီးတစ်ခုနယ် စည်ကားလွန်းလှပါသည်။ 

🌼🌼🌼🌼🌼🌼🌼🌼

"မိန်းမရေ..မိန်းမ..အေ့..မိန်းမရဲ့ကိုကိုပြန်ရောက်လာပြီဟေ့..ရွှေမျက်‌နှာတော်လေးကိုမော်ဖူးချင်လို့..မောင်တော်ကြီးကို ထွက်ကြိုပါအုံးလား နှမရဲ့.."

"စံကယ်မွှေးရေ..စံပယ်မွှေး..ဒီမှာနင့်ယောက်ျားကိုငါတို့ပြန်လာပို့တယ်နော်..
နင့်မောင်တော်ကြီးကိုထားခဲ့ပြီနော်..."

"ဟေ့ကောင်တွေ..သွားကြမယ်..လာ..မိစံပယ်ဘယ်လောက်လက်သံပြောင်လဲ..ငါသိတယ်..
မထွက်လာခင်..အမြန်လစ်ကြစို့.."

စံပယ် အိပ်ခန်းထဲကထွက်လိုက်တယ်ဆိုရင် မျက်နှာကြီးနီရဲကာ အိမ်ပေါ်ကိုတောင်မတက်နိုင်ပဲ ဖိနပ်ချွတ်ကတိုင်ကိုဖက်ပြီး အရူးကြီးလိုရယ်နေတဲ့ ဦနေဂုဏ်ကိုတွေ့ရ‌လေသည်။

အနားလည်းကပ်သွားလိုက်ရော အရက်စော်တွေဆိုတာ မွှန်ထူနေတာပဲ။
စံပယ်မကြိုက်ဆုံးကအရက်သောက်တာကိုပဲ။

ငယ်ငယ်တုန်းက အမြဲမူးရူးနေတဲ့ဖေ့ဖေ့ကိုကြည့်ပြီးကြီးပြင်းလာရတော့ အဲ့ဒီ့အရက်‌သေရည်သောက်သုံးတဲ့လူဆို အလိုလိုကိုရွံမုန်းနေမိတာ။
အခုတော့ ဒီလိုမူးရူးနေတဲ့လူက ကိုယ့်ယောက်ျားဖြစ်နေပါရော့လား။

ကြည့်ပါလား မျက်ခွက်ကိုက ကျက်သရေကိုမရှိဘူး။
ဖြစ်နိုင်ရင်လေ ဒီမျောက်ဖင်နီရုပ်ကြီးနဲ့လူကို ဖိနပ်ချွတ်မှာပဲ မှတ်လောက်၊သားလောက်အောင်ကို ပစ်ထားလိုက်ချင်တယ်။ဒါပေမဲ့ ‌ဒီနေ့ပဲ လပ်ထပ်ပြီး ဒီနေ့ပဲ မတည့်ကြဘူးလို့ အများမြင်ရင် သိပ်ရှက်ဖို့ကောင်းမှာပဲ။ယောက်ျားလေးပဲ အရက်သောက်တာဆန်းသလားလို့ လာမေးရင်တော့ မေးတဲ့လူကိုဖနောင့်နဲ့ ကြိတ်ပစ်လိုက်ချင်တယ်။

ငယ်ငယ်က အရက်တွေမူးရူးပြီး မိဘတွေအချင်းများကြတာတွေ၊အမေ့ကို အနာတရဖြစ်အောင်လုပ်ခဲ့တဲ့ အမူးသမားအဖေ့ပုံစံကို ပြန်မြင်ယောင်တိုင်း ကိုယ့်ယောက်ျားကိုလည်း ထုထောင်းလိုက်ချင်တယ်။သူကကိုယ့်ထက် အသက်ကြီးနေတော့လည်း ငရဲကြီးမှာဆိုးရသေးတယ်။

ဒီနေ့မှယူထားတဲ့ယောက်ျားကို ဒီလိုလုပ်တာ
မကောင်းပါဘူးလေလို့တွေးလိုက်ပြီး အိမ်ရှေ့ခန်းရှိဘုရားစင်ရှေ့မှာပဲခြင်ထောင် ထောင်ပေး
လိုက်တယ်။

"မိန်းမရေ..‌မိန်းမ.."

"ဘာလဲ.."

"‌အေ့..ကိုကို့မိန်းမအသံလေးက ညင်သာနေတာပဲ 
ဒီ့ထက်ညင်သာလို့မရတော့ဘူးလားဟင်.."

"မညင်သာနိုင်ပါဘူး..ရှင့်လိုအမူးသမားကို
ဖြစ်နိုင်ရင်..အိမ်ပေါ်တောင်ခေါ်မတင်ပေးချင်ဘူး
သိရဲ့လား..အဖွားကဒေါ်သောင်းတို့အိမ်မှာ
သွားအိပ်လို့ပေါ့..မဟုတ်ရင်အဖွားပါ..
စိတ်ဆင်းရဲရမှာ..မင်္ဂလာဦးညမှာတင် ရှင့်ကိုစိတ်ပျက်နေမိပြီ...ပြောလိုက်ရင်တော့ အချစ်တွေ အနှစ်တွေနဲ့...စာစီစာကုံးပြိုင်နေသလိုပဲ...
တကယ့်လက်တွေ့ကြတော့ ဗလောင်းဗလဲကြီး.."

"မိန်းမကလဲ...ဒီတစ်ညလေးပဲ သောက်တာပါကွာ..
သူများတွေကို အားနာလို့ပါ...."

"တစ်ညတွေ နှစ်ညတွေလာမပြောနဲ့...ဒီညကျွန်မကို လုံး၀လာမခေါ်နဲ့..."

"ဟာ..အဲ့လိုမလုပ်ကောင်းဘူးလေ..ကိုယ်ဒီည..
ညစာငတ်လို့မရဘူးနော်..ဟဲ..ဟဲ.."

"ရှင့်ဖာသာရှင်..စားချင်တဲ့နေရာမှာသွားစား..
ကျွန်မအိပ်ခန်းထဲကိုတော့ ၀င်လာမယ်စိတ်မကူးနဲ့ ဒီမှာတုတ်ဆောင်ထားတယ်..တံခါးဖွင့်သံကြားတာနဲ့..ခေါင်းကွဲပြီသာမှတ်.."

"ဟာ..မိန်း..မိန်းမ..ကိုယ့်ကို အဲ့လိုဟက်ကော့ကြီး
မထားခဲ့နဲ့လေ..
မိန်းမတွေများ..တစ်ယောက်မှကိုမကောင်းဘူး..
ငါ့ဘာသာအိပ်တာပဲကောင်းတယ်.."

စံပယ်တံခါးကို အသာဟပြီးချောင်းကြည့်လိုက်တော့ ကိုယ်တော်ကတခေါခေါနဲ့ အိပ်နေတာများခြင်တောင်အပြင်ဘက်ကိုတောင် ကိုယ်တစ်၀က်ရောက်နေသည်။စံပယ်လည်း နှုတ်ခမ်းကိုမဲ့ပစ်လိုက်သည်။

"ဟွန့်..ယောက်ျားတွေများတစ်ယောက်မှမကောင်းဘူး..."

🌼🌼🌼🌼🌼🌼🌼🌼🌼

"ဝါး..ဇာတ်ကျောတွေနာလိုက်တာ..မိန်းမရာ.."

"ဟင်.."

သူ့ကိုသူ အိပ်ခန်းထဲမှာလို့ထင်ထားတာ ဘယ်လိုလုပ်ဘုရားစင်ရှေ့ရောက်နေတာပါလိမ့်။
ဒါဆို ညတုန်းကမွှေးနဲ့သူ ဘာမှမဘာလိုက်ရဘူးပေါ့။

ဟာကွာနေဂုဏ်မာန် မင်းအတော်ညံ့တဲ့အကောင်ပဲ ဒါမျိုးအခွင့်အရေးကိုမှလက်လွှတ်လိုက်ရတယ်လို့ ရာဇ၀င်ရိုင်းလိုက်လေခြင်း။
နေဂုဏ်မာန်ချက်ချင်းထလိုက်ပြီး အိမ်ထဲကိုလှည့်ပတ်ကြည့်တော့ မွှေးကိုမတွေ့ရချေ။

အိမ်ဘေးကရေတိုင်ကီသို့သွားပြီး ရေမိုးချိုးချလိုက်ရာတော်တော်လန်းသွားလေသည်။
အိမ်ပေါ်ကိုပြန်တက်လာတော့ မွှေးကသူ့မရဲ့
အိင်္ကျီတွေကိုခေါက်နေလေသည်။

"နေ့ခင်းကျရင်..ရန်ကုန်ပြန်ဖို့..အ၀တ်တွေလားမွှေး.."

"ဘယ်သူကရှင်နဲ့လိုက်မယ်ပြောလို့လဲ.."

"ဟာ..မွှေးကလဲ..ဒီလိုမလုပ်ရဘူးလေ..ဟိုမှာလည်းကိုယ့်မိတ်ဆွေတွေကအများကြီးပဲ..
ဧည့်ခံပွဲလေးလောက်ကတော့..လုပ်ရမှာပေါ့..
ဟိုမှာလည်းအလုပ်တွေကရှိနေတော့..ကိုယ်တို့ရန်ကုန်မှာပဲနေရမှာလေ.."

"အို..ရှင်နဲ့လဲ မလိုက်နိုင်သလို..ဘာဧည့်ခံပွဲမှလည်း
မလုပ်ဘူး..ကျွန်မကိုပဲကွာရှင်းပေးတော့.."

သူမစကားကြောင့်အခုမှ သူမမျက်နှာကို သေချာကြည့်မိသည်။
အခြေအနေကတော့ မုန်တိုင်းတိုက်တော့မဲ့ပုံပဲ။
ကြည့်ရတာ မိန်းမကို အချီကြီးချော့ရတော့မယ်ထင်ပါရဲ့။
သူလည်းမွှေးဘေးနားသို့သွားလိုက်ပြီး
သူမရဲ့ ပခုံးလေးကို ခပ်ဖွဖွဖက်လိုက်မိလေသည်။

"ဖယ်စမ်းပါ..."

"ကိုယ်တို့မနေ့ကမှ..မင်္ဂလာဆောင်ထားတယ်..
ဒီနေ့ပဲကွဲတယ်ဆိုရင်..လူကြားလို့မကောင်းပါဘူးကွာ..ကဲပြော..ဘာကိုစိတ်ဆိုးနေတာလဲ.."

"ဘာကိုစိတ်ဆိုးနေလဲဟုတ်လား..တော်မနေ့ညက မူးရူးလာတာလေ..အဲ့အရက်သောက်တာကိုကျွန်မလုံး၀မကြိုက်တာကိုရှင်မသိဘူးလား..ရှင်တို့ယောက်ျားတွေကလေ..မရခင်ကသာဖျာလိုလိပ်ပြီး..ထိပ်ပေါ်တင်ချင်ကြတာ..
ရလည်းပြီးရော..ဖျာလိုခင်းပြီးနင်းချင်တဲ့အမျိုးတွ တွေကြီးပဲ....

"ဟာကွာ...ကိုယ့်ကိုကိုယ်တော့..ဖျာလိပ်ကြီးနဲ့မနှိုင်းပါနဲ့..ခေါင်းအုံးလောက်တော့လုပ်ပါ.."

"ရှင့်ပါးစပ်ကိုပိတ်ထား..ရှင့်အသံကိုရော..
အဲ့ဒီမျက်ခွက်ကြီးကိုရော..တစ်စက်မှမမြင်ချင်ဘူး..သွား!!!..."

"မျက်နှာလောက်တော့ လုပ်ပါကွာ..."

"ဦးနေဂုဏ်မာန်!!!!သွားသွား ရှင့်မျက်နှာကိုလုံး၀
မမြင်ချင်ဘူး..."

"အဲ့လိုတော့မပြောပါနဲ့ကွာ..ကိုယ်မွှေးကိုဘယ်လောက်အထိချစ်လဲဆိုတာ..မွှေးမသိဘူးလား.."

"အဲ့ဒါဆိုရှင်ဘာလို့..အဲ့အရက်တွေကိုသောက်တာလဲ.."

"ဒါကတော့..ကိုယ်ကစီးပွား‌ရေးသမားလေ...
လုပ်ငန်းရှင်တွေနဲ့ တွေ့ရင်လည်းမဖြစ်မနေသောက်ပေးရတာပေါ့..နောက်ပြီးကိုယ်တို့လိုလူငယ်တွေက အသောက်၊အစားနဲ့ဘယ်ကင်းပါ့မလဲကွာ..."

"အဟက်..လူငယ်..ဟုတ်လား..ရှင့်အသက်
ဘယ်နှနှစ်ရှိပြီလဲ.."

"နှစ်ဆယ့်ကိုးနှစ်လေမွှေးရဲ့.."

"နှစ်ဆယ့်ကိုးနှစ်အထိ..ဒီအရည်တွေကိုသောက်လာတာ အခုထိမ၀သေးဘူးလား..ဟမ်...အလကား
တမင် ကလိမ်ဆင်နေတာ...နောက်ပြီး..ဘာတဲ့..
စီးပွားရေးသမားဟုတ်လား..
အဲဒီ့စီးပွားရေးလုပ်ငန်းရှင်တွေက..
အရက်သောက်ပြီးပြောတဲ့အမူးသမားရဲ့စကားနဲ့.
.လူကောင်းရဲ့စကား..ဘယ်ဟာကိုအလေးထား
မလဲ.."

သူမပြောတော့လည်းဟုတ်နေတာပဲ။မဟုတ်တာကငါပေါ့လေ။ဘယ်လိုပဲ ဖြစ်ဖြစ် မိန်းမနဲ့အဆင်ပြေဖို့က အရေးကြီးတာမို့ မရရအောင် ချော့ရတော့မှာပဲ။

"အဟင့်..အဖေ့တုန်းက ညညဆိုမူးပြီးအမေ့ကိုခဏခဏရိုက်လိုက်တဲ့ အရိုက်ဆိုတာ..
အခုကိုယ့်အလှည့်ကျတော့လည်း ဒီလိုပဲအရိုက်ခံရရင်..ကျွန်မတော့ သေရချည်ရဲ့.."

သူမပုံစံကရန်တွေ့နေတာနဲ့မတူပဲ ရယ်စရာတောင်းနေလေသည်။ကိုယ်က ရိုက်ရက်ပါ့မလား မွှေးရယ်လို့ပြောလိုက်ချင်သည်။ရိုက်ရက်ဖို့မပြောနဲ့ ကိုယ့်မွှေးကို ချင်လာကိုက်တာတောင် မကြိုက်ချင်ဘူး။
အခုနားလည်သွားတာက‌တော့ သူမလေးရဲ့ရင်ထဲမှာ အရက်သောက် မူးရူးပြီး အိမ်တွင်းအကြမ်းဖက်တတ်တဲ့ သူမရဲ့အဖေနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိနေပုံပဲ။ဒီလိုဆိုရင်တော့ မွှေးခံစားနေရတာဟာ 
ပေါ့သေးသေးမဟုတ်တော့ဘူး။

"ဟုတ်ပြီကွာ..ဟုတ်ပြီ..နေဂုဏ်မာန်ဆိုတဲ့ဒီကောင်ကြီး..ဒီနေ့ကစပြီး..ကမ္ဘာပေါ်ကဘယ်အရက်
သေရည်မှမသောက်သုံးတော့ပါဘူးလို့..ကျိန်ဆိုတယ်ကွာ..ကျေနပ်ပြီလား.."

"မကျေနပ်ပါဘူး..အခုချက်ချင်းဘုရားမှာသစ္စာဆိုပြ..အဲ့ဒါမှယုံမယ်.."

"ဟုတ်ပြီ..ဆိုပြမယ်..ကြည့်နေနော်.."

🙏"အရှင်ဘုရားတပည့်တော်သည်..ယနေ့မှစ၍မူးယစ်စေသောဘယ်အရာကိုမှ..သောက်သုံးခြင်းမပြုတော့ပဲ..ရာသက်ပန်ရှောင်ရှား
ပါမည်လို့သစ္စာဆိုပါတယ်..ဤသစ္စာစကားကိုဖောက်ဖြတ်မိပါက..ဖောက်ဖြတ်မိပါက.
"🙏

"ဆက်ဆိုလေ..ဘာလို့အဲ့နေရာမှာတင် တစ်နေရတာလဲ.."

"အဟန်း..ဖော်..မဟုတ်ပါဘူး..‌ဖောက်ဖြတ်မိပါက..အ..အသေဆိုးနဲ့..‌သေ..သေရပါစေဘုရား..."

အပြင်မှာသာတိုင်တည်ပြီးရှိခိုးနေရပေမဲ့စိတ်ထဲမှာတော့"အရှင်ဘုရား..ကျွန်တော်မျိုးကမသိနား
မလည်တဲ့..ကလေးဖြစ်တာကြောင့်..
ခုနကစကားတွေကို..ဗွေမယူပါနဲ့ဘုရား..မနူးမနပ်ကလေးမို့ခွင့်လွှတ်ပေးတော်မူပါဘုရား.."

"ကဲကျေနပ်ပြီလား..မွှေး.."

"အင်း..ကျေနပ်ပြီ.."

"အဟင်း..ဒါဆိုရန်ကုန်ပြန်ကြစို့နော်..ရန်ကုန်ကျမှပဲဒီညအတွက်ပါရောပြီး..နှစ်ညစာကို.."

"ရှင်နော်.."

"ဟား..ဟား.."

အိမ်လေးထဲမှာတော့ နံနက်ခင်းရဲ့နေခြည်လေးကိုကြိုဆိုရင်း ကြင်စဦးဇနီးမောင်နှံနှစ်ယောက်မှာအချစ်မိုးတွေ ရွာသွန်းဖြိုးနေပါတော့သည်။


🤍🤍🤍🎉🎉🎉🎉


#သနပ်ခါးရနံ့လေးကြူကြူမွှေး 
#စာရေးသူ_ဆောင်း‌ငွေ့ဝေ 
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်


=========================================================================



#အခန်း၂၃


လူတစ်ယောက်ရဲ့တည်ရှိမှုလေးကို ဖော်ပြနေသော အဖြူရောင်အုတ်ဂူလေးဟာ အထီး
ကျန်ဆန်စွာ တည်ရှိနေလေသည်။
နေမင်းကြီး၏ ထွန်းတောက်ပေးမှုကြောင့် အဖြူရောင်အုတ်ဂူလေးဟာ နေရောင်အောက်၀ယ် 
စိန်တုံးလေးတစ်ခုသဖွယ် ထင်းလင်းနေလေသည်။
အနီးအနားတွင် ပေါက်ရောက်နေသော မလေးရှားပိတောက်ပင်ကြီးမှ သစ်ရွက်တို့နှင့်အတူ ပန်းမှုန်လေးတွေဟာ လွှင့်ပျံ၍ မြေပေါ်သို့ ကြွေကျဆင်းသက်လာသည်။

အုတ်ဂူလေးဘေးတွင် စုံတွဲတစ်တွဲရပ်နေပြီး 
ကောင်လေးရဲ့ မျက်၀န်းတွေကတော့ အုတ်ဂူလေးထပ်မှ ဓာတ်ပုံလေးကိုပဲ ကြည့်နေရှာသည်။
၀မ်းနည်းပေမဲ့ အရင်လိုစိတ်ရှိတိုင်းငိုရမဲ့ အရွယ်မှမဟုတ်တော့ပဲ။ဆယ်ကျော်သက်အရွယ်က မာမီ့ရဲ့ အသက်မဲ့တဲ့ ရုပ်ခန္ဓာဘေးနားမှာ ရင်နင့်စွာ ငိုကျွေးခဲ့ဖူးတဲ့ သူဟာ အခုတော့ မာမီ့ရဲ့ အရိုးပြာအိုးလေး မြှုပ်နှံထားရာ အုတ်ဂူလေးနဘေးမှာ အိမ်ထောင်ဦးစီးလူလတ်ပိုင်း အမျိုးသားတစ်ယောက်အဖြစ် ရပ်နေရလေပြီ။

သူ့သားရဲ့ ပြောင်းလဲမှုတွေကိုသာမြင်ရင် မာမီဘယ်လိုများ ညီးတွားလိမ့်မလဲဆိုတာ သိပ်သိချင်တာပဲ။မာမီငိုလိမ့်မလား၊ကျေနပ်လိမ့်မလား၊
ပီတိဝေဖြာနေလိမ့်မလားဆိုတဲ့ မေးခွန်းလေးတွေက 
အဓိပ္ပာယ်ရှိမရှိတော့ မသိပေမဲ့ သားမေးကြည့်ချင်တယ်။သားရဲ့ ဘေးနားမှာ သားရဲ့လက်ကို ကိုင်ဆွဲပေးထားတဲ့ အမျိုးသမီးလေးရဲ့ ပုံပန်းသဏ္ဍန်ကို 
 မြင်စမ်းစေချင်တယ်။

သားရဲ့ မျိုးဆက်ဖြစ်လာမဲ့၊မာမီ့ရဲ့ မြေးလေးတွေ
လူ့လောကကြီးထဲကို ရောက်လာရင် အပြုံးတွေနဲ့ 
ချီပွေ့ခိုင်းစေချင်တယ်။
မာမီ့အပြုံးလေးတွေ ဘယ်လောက်တောင် ကျက်သရေ ရှိနေလိုက်မလဲ။

ကျွန်တော့်ရဲ့ သာယာနေတဲ့အိမ်ထောင်ရေးဘ၀လေးကို မာမီနဲ့ဒယ်ဒီက ပြုံးပြုံးကြီး ထိုင်ကြည့်နေတယ်လို့ အမြဲအိပ်မက်မက်တယ်။
ကျွန်တော့်မှာ လိုချင်တဲ့ ဆန္ဒတွေအများကြီး 
မရှိပါဘူး မာမီရယ်။

ကိုယ်ချစ်ရသူတွေကို တစ်စုတစ်စည်းတည်း ရှိနေတာလေးကိုပဲ လိုချင်တာပါ။အခုတော့ မာမီ့ရဲ့အုတ်ဂူလေးဘေးမှာပဲ ကျွန်တော်တွေဝေစွာ ရပ်နေရတယ်။ ကျွန်တော် စကားတွေအများကြီးပြောရင်တောင် မာမီဟာ မမြင်နိုင်မကြားနိုင်တော့ဘူးဆိုတဲ့ အသိဟာ အတိုင်းအစမဲ့ ခံစားရစေတယ်။

‌ကျွန်တော့်ဘ၀မှာ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုကြီးတစ်ခုဟာ မာမီပါပဲ။မိခင်ကို ဆုံးရှုံးလိုက်ရခြင်းက
ကျွန်တော့်အတွက် အနက်နဲဆုံးဝေဒနာတစ်ခုပဲ။
ကျွန်တော်သာ ကံကြမ္မာကို ဆေးခြယ်လို့ရတဲ့ ပန်းချီဆရာတစ်ယောက်ဆိုရင် ဘ၀တွေတိုင်းကို ပျော်ရွှင်စရာ ဇာတ်သိမ်းလေး‌တွေအဖြစ်ရေးဆွဲပေးမိမှာပဲ။
အခုတော့ ကံကြမ္မာဟာ ကျွန်တော့်ဘ၀ကို မိခင်မဲ့တဲ့ ဘ၀အဖြစ် ပုံဖော်ပေးလိုက်နိုင်ခဲ့ပါတယ်။

နေဂုဏ်မာန် ပန်းစည်းလေးကိုအုတ်ဂူလေးထက်မှာအသာချလိုက်ပြီးနောက်မှာ မွှေးရဲ့လက်ကလေးကို နူးညံ့စွာဆုပ်ကိုင်လိုက်လေသည်။
လူငယ်ဆန်စွာ ဂျင်းဘောင်းဘီရှည်နှင့် 
တီရှပ်နက်ပြာကို ၀တ်ဆင်ထားတာကြောင့် 
ဖြူသည့် သူ့အသားအရည်ဟာ နေရောင်အောက်တွင် ပို၍ကြည့်ကောင်းနေလေသည်။
သို့ပေမဲ့ သူ့ရဲ့မျက်နှာမှ ၀မ်းနည်းမှုလေးကတော့ သူ့ရဲ့သစ်လွင်ပြီးလူငယ်ဆန်သော ၀တ်စားဆင်ယင်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။

"..ဒီနေ့မာမီ့ချွေးမလေးကိုခေါ်ပြီး သားအဖော်လာပြုပေးတာပါ..ဒီကမ္ဘာကြီးထဲမှာ သားချစ်မြတ်နိုးရတဲ့အမျိုးသမီး‌က မာမီတစ်ယောက်ထဲပဲရှိမယ်လို့ ထင်ထားခဲ့တာ..အခုတော့..တစ်ယောက်ထဲသောချစ်ရသူလေးကို..ကျွန်တော်ရှာတွေ့ခဲ့ပြီ..
သူမကမာမီ့လိုပဲလှပပြီး မဟုတ်မခံနဲ့ချစ်စရာအမူအရာလေးတွေနဲ့ပဲ...မာမီ့လိုတော့
ခောတ်ဆန်တဲ့အမျိုးသမီးလေးမဟုတ်ပေမဲ့..
သူမမှာသိပ်လှတဲ့ဆံပင်အရှည်ကြီးတွေရှိပြီး..
မွှေးပျံ့လွန်းတဲ့သနပ်ခါးပါးကွက်ကလေးတွေကို
ပါးမှာအမြဲတင်ထားတာကိုက..ကျွန်တော်မြတ်နိုးရတဲ့သူမရဲ့ပုံစံလေးပဲမာမီ..မွှေးကိုတွေ့ရင် မာမီလည်းသဘောကျမယ်ထင်ပါတယ်..."

ကိုယ့်ကိုဘေးမှာထားပြီး ချီးမွှမ်းခန်းဖွင့်ပြနေတော့ အုတ်ဂူတွေပဲရှိပြီး လူသူကင်းတဲ့အရပ်ပေမဲ့ ရှက်တောင်ရှက်လာလေသည်။
သူ့မျက်နှာက အရမ်း၀မ်းနည်းနေပုံပေါ်သည်။
တကယ်တော့ သူ့မှာက အဖေတစ်ယောက်လုံး သက်ရှိထင်ရှားရှိနေသေးလို့ ခံသာပါသေးတယ်။

ကိုယ့်မှာကတော့ မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့ပြီ။
သို့ပေမဲ့ အဖွားဖြစ်သူကြောင့် ဘ၀မှာခိုနားရာ လုံခြုံတဲ့ အရိပ်ကလေးတစ်ခုရှိနေခဲ့တယ်လို့ ဆိုရမယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် စံပယ်သူ့ကိုစာနာပါတယ်လေ။
သူ့ရဲ့ အခုလို၀မ်းနည်းနေတဲ့ ပုံစံကိုမြင်တော့ 
ကိုယ်ပါ၀မ်းနည်းလာမိသလိုပဲ။
ထို့ကြောင့်ပဲ သူ့လက်မောင်းပေါ်ကို ခေါင်းလေးမှီရပ်ရင်း ကတိတွေများစွာပေးနေမိသည်။

"အမေ..စံပယ်..အမေလို့ခေါ်မယ်နော်..
အမေ့သားကိုလေ စံပယ်အများကြီးဂရုစိုက်ပေးပြီး..
လူလိမ္မာကြီးဖြစ်အောင်စောင့်ရှောက်ပေးမယ်
သိလား..အမေစိတ်ချပါနော်..
အမေ့ရဲ့ချစ်သားလေးက..စံပယ့်ထက်အများကြီးကြီးပေမဲ့..
တစ်ခါတစ်လေမှာ..ကလေးလိုစကားနားမထောင်တတ်လို့..အမေ့နေရာမှာသမီးအစား၀င်ပြီး
..ဆုံးမသွန်သင်ပေးပါ့မယ်လို့..
ကတိပေးပါတယ်..အမေ.."

နေဂုဏ်မာန်တစ်ယောက် ဆွေးနေတာတွေတောင်ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဖြစ်နေရသည်။
အခုမှအသက် နှစ်ဆယ်‌ကျော်ပဲရှိသေးတဲ့ပေါက်စလေးက သူ့ကိုဆုံးမမည်တဲ့။
မာမီ့ဆီမှာတောင် ခွင့်တောင်းနေလိုက်သေးတယ်။
မာမီ‌သာရှိရင်လေ သူ့ချွေးမကြောင့် တစ်နေ့တစ်မျိုးမရိုးရအောင်ကို ခွီနေရမှာ သေချာပါတယ်။
မာမီရယ် အတူရှိနေစေချင်လိုက်တာဗျာ....

🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ဆလိုက်မီးထိုးလိုက်၍ အရောင်တဖြတ်ဖြတ်လတ်လာသည့် စိန်ပွင့်‌ လေးတွေကဲ့သို့ ကြယ်‌ရောင်တွေ လင်းလတ်နေသည့်ညကောင်းကင်ကိုနောက်ခံထားကာ  တောက်ပဆန်းသစ်သည့် မင်္ဂလာဧည့်ခံပွဲကြီးအား ‌ထည်ဝါစွာ ခင်းကျင်းနေလေသည်။
နေဂုဏ်မာန်၏  ခြံ၀န်းကြီးထဲတွင် ပြုလုပ်သော ပွဲဖြစ်တာကြောင့် မီဒီယာသမားတွေတော့ ၀င်ခွင့်မရကြပေ။

သို့ပေမဲ့ ပွဲအတွင်းရှိ ဂုဏ်ပြုထောပနာ ပြုသူများဟာလည်းဂုဏ်သရေရှိလူကြီးများနှင့် နယ်ပယ်မျိုးစုံမှ အသိပညာ ၊အတတ်ပညာရှင်များ ဖြစ်ကြလေသည်။ 
စွန့်ဦးတီထွင်သူထိတ်တန်းစာရင်း၀င် ဖြစ်သည့် 
နေဂုဏ်မာန်၏ မင်္ဂလာဧည့်ခံပွဲဖြစ်သည့်အလျှောက် စည်ကားမှုကလည်း အံ့မခန်းပင်ဖြစ်သည်။
ဖန်ခွက်ချင်းတိုက်သံ စကားစမြည်ပြောသံတွေကလည်း ဆူညံလွန်းလှသည်။

ကတော်များ၊လုပ်ငန်းရှင်အမျိုးသမီး‌များနှင့် လူချမ်းသာတို့ရဲ့ သား၊သမီးများကလည်း သူ့ထက်ငါအပြိုင်၊အဆိုင်၀တ်စားဆင်ယင်လာကြသည်မှာ မျက်စိကြိမ်းလောက်အောင်ပင်ဖြစ်နေလေသည်။

နောက်ဆုံးပေါ်ကားအမျိုးမျိူးဟာလည်း ခြံ၀န်းကြီးထဲတွင်သာမကပဲ ခြံပြင်မှာပါ အလကားယူရန်တန်းစီထားသည့်အလား ပြည့်ကြပ်နေလေသည်။

မြန်မာနိုင်ငံရဲ့ထိတ်တန်းသူဌေးကြီး
ဦးနေဂုဏ်မာန်ရဲ့ မင်္ဂလာဧည့်ခံပွဲဆိုတော့ 
ဒီလောက်အရှိန်အဝါရှိနေရမည်ပေါ့။

အချို့ကလည်း ဂုဏ်ပြုချင်လို့လာကြသလို၊
အချို့ကတော့စူးစမ်းချင်တာကများနေကြသည်။
ဦးနေဂုဏ်မာန်ကို မြင်ဖူး၊သိဖူးသောမိတ်ဆွေများလဲရှိသလို၊မြင်ဖူးချင်၍လာကြသူများလည်းရှိကြလေသည်။

အချို့ကတော့ ဒီလိုပုဂ္ဂိုလ်ရွေးချယ်လိုက်သည့် အမျိုးသမီးဟာ ဘယ်လိုပုံစံ၊ဘယ်လောက် အရည်အချင်း ရှိသလဲဆိုတာ သိချင်ကြ၍ဖြစ်သည်။
သားမက်မတော် လိုက်ရ၍ သူတို့၏သမီးတွေနှင့်ယှဉ်ကာ ကဲ့ရဲ့ချင်သူတွေက‌လည်း အဆင်သင့်ဖြစ်နေလေသည်။

ထိုအချိန်မှာပဲ လူအများကိုဖြတ်ကျော်၍ 
အဖြူရောင် အနောက်တိုင်း၀တ်စုံ ၀တ်ဆင်ထားသော  နေဂုဏ်မာန်ဟာ လှပစွာပုံဖော်ထားသည့် စင်ပေါ်သို့တက်လိုက်ပြီး။မိုက်ကိုကိုင်လိုက်လေသည်။
ပုံမှန်ထက် ဆံပင်ကိုသေသပ်စွာ ဖီးသင်ထားပြီး 
ရင်ဘတ်တွင်လည်း ပန်းပွင့်ခက်ကလေးတစ်ခုကို တပ်ထားလေသည်။မိုက်ကို ကိုင်ထားရင်းမှ သူကျေနပ်စွာ ပြုံးလိုက်သည်။ လျှောက်လမ်းလေးရဲ့ တစ်ဖက်တစ်ချက်ဆီမှာ လူအများကလည်း သူ့ကို 
စူးစမ်းလိုစွာ ကြည့်နေကြလေသည်။

"အားလုံးပဲ..မင်္ဂလာပါ..ကျွန်တော့်ကနေဂုဏ်မာန်ပါခင်မျာ..ကျွန်တော့်ပွဲကိုလာတက်ရောက်ပေးခဲ့တဲ့လူတစ်ဦးတစ်ယောက်ဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်..အရင်ကဆိုရင်ကျွန်တော့်ဘ၀ထဲမှာ‌
 တွေးစရာဆိုလို့ စီးပွားရေးတစ်ခုပဲရှိခဲ့တယ်"

"ဗျို့..ကိုနေဂုဏ်..အခုတော့အချစ်ပါရှိလာပြီပေါ့.."

"အဟင်း...မှန်တယ်ဗျ..ကျွန်တော်မရှက်တမ်း၀န်ခံရရင်..ချစ်တတ်ခဲ့ပြီပေါ့ဗျာ.."

"ဟား..ဟား..ကိုနေဂုဏ်တို့တော့..အချစ်နဲ့တွေ့မှ
..ဟားတိုက်ခံနေရပြီပေါ့.."

"ကျွန်တော်လည်း..ဒီလိုပဲထင်တယ်..အဟင်း.."

"အားလုံးပဲ..ကျွန်တော့်ကိုခင်မင်သလို..ကျွန်တော့်ဇနီးလေးကိုလဲ..ကျွန်တော့်နည်းတူ..
သဘောထားပေးကြပါလို့..ပြောကြားရင်းနိဂုံးချုပ်ပါတယ်..အားလုံးပဲပျော်ရွှင်စွာသုံးဆောင်ကြပါခင်ဗျာ..."

"ကိုနေဂုဏ်ရေ..သတို့သမီးလေးကိုအမြန်ပြပါဗျို့.."

"ဟုတ်တယ်ဟေ့..အဲ့ဒါကအဓိက.."

နေဂုဏ်မာန် စင်ပေါ်မှဆင်းသွားပြီး အိမ်ကြီးထဲကို၀င်သွားတယ်ဆိုရင်ပဲ အနောက်မှစကားပြောသံတွေစီသွားတော့သည်။
ယောက်ျားများကတော့ သွေးအေးတဲ့နဂါးကြီး နူးညံ့တတ်ပြီပေါ့လို့ ဝေဖန်ကြသလို မိန်းကလေးများကတော့...

"ဟယ်..ချောလိုက်တာဟယ်.."

"ဟုတ်ပ..ငါကအသက်ကြီးကြီးထိပ်ပြောင်ကြီးလို့ထင်ထားတာ..၂၉နှစ်ကလည်း..နုလိုက်တာ.."

"ငါ့မာမီက..ဘာလို့ဒီကိုကိုနဲ့မိတ်ဆက်မပေးခဲ့တာလဲဟယ်..လူဖြစ်ရှုံးလိုက်တာ.."

"မိန်းမနော်..သူယူတဲ့သူ့မိန်းမိန်းက..ငယ်တယ်လို့ကြားထားတယ်..နင့်အသက်ကဖင်စောင့်နေပြီလေ..မျှော်မနေနဲ့တော့..."

ထိုစဉ် ပွဲထဲရှိ လူများစွာ၏ အာရုံထဲသို့  အဖြူရောင်လိပ်ပြာလေးတစ်ကောင်ဟာ လှပစွာ ပျံ၀ဲ၍
လာ‌လေသည်။
အဖြူရောင်သတို့သမီးလေးဟာ ခန့်ငြား၊ချောမောသော ချစ်ခင်ပွန်းရဲ့လက်ကိုတွဲကာ
 နူးနူးညံ့ညံ့လေးလျှောက်လှမ်းလာလေသည်။

ဖြူလွှနေတဲ့ ပိုးသားဗြောင်ဂါ၀န်ရှည်ကြီးက ‌
ဖွေးဥနေတဲ့ခြေဖမိုးလေးတွေကို ဖုံးအုပ်ထားပေမဲ့ သူမလေး ခြေလှမ်းလိုက်တိုင်းမှာ မဖုံးဖိနိုင်တဲ့ ခြေဖမိုးဖွေးဖွေးလေးကတောင် လူတိုင်းကို
ငေးငေါင်သွားအောင်လုပ်နိုင်လေသည်။ 

"ဟယ်..လှလိုက်တာဟယ်.."

"ဟုတ်ပ..နတ်သမီးလေးကျနေတာပဲ..
မိန်းကလေးချင်းတောင်..ငေးယူရတယ်..
ကြည့်ရတာတိုင်းရင်းသူလေးနေမယ်..
အသားဒီလောက်ဖွေးနေတာ.."

"ကြိုက်လိုက်တာဟယ်..သတို့သားလည်းကြိုက်တယ်..သူတို့သမီးလည်းကြိုက်တယ်..
နှစ်ယောက်လုံးကိုဆွဲစိလိုက်ရမလား.."

"နင်ကတော့လေ..ပေါက်ကရ.."

နေဂုဏ်မာန်ကတော့ သူ့ထက်ပိုပေါ်ပြူလာဖြစ်နေတဲ့သူ့မိန်းကလေးကြောင့် သ၀န်တိုနေရတာလည်းမောနေလေပြီ။
ယောက်ျားတွေကလည်း အိုအို၊ပျိုပျိုအကုန်
လုံး သူ့စံပယ်လေးကိုကြည့်လိုက်ကြတာများ မျက်လုံးတွေကအောက်‌ပြုတ်ကျတော့မဲ့အတိုင်းပဲ။

ဒီလိုမှန်းသာသိရင် မွှေးကို သနပ်ခါးပါးကွက်ကြားပဲကွက်ပေးပြီး ခေါ်လာလိုက်ပါတယ်။
ဒီအတွေးကို တွေးလိုက်မိတော့ သူ့ကိုယ်သူတောင် ပြန်ရယ်ချင်မိသည်။သူမလှလို့ လူတွေငေးကြတာဟာ သူ့အတွက်ဂုဏ်ယူစရာပဲ မဟုတ်ပါလား။
ဘယ်သူတွေက ဘယ်လောက်ပဲငေးငေး နောက်ဆုံးမှာ ပိုင်ရှင်က ကိုယ်ပဲဆိုတာ ငြင်းလို့မရတဲ့အချက်ပဲ။

လှိုက်လှဲစွာ ပြုံးရယ်လိုက်ပြီး သူ့လက်ကိုချိတ်ဆွဲထားသည့် အမျိုးသမီးလေးရဲ့ မျင်နှာလှလှလေးကို ကြည့်လိုက်သည်။
မျက်လုံးဝိုင်းဝိုင်း၊နှုတ်ခမ်းဖူးဖူးလေးနှင့် သူ့ကိုပြုံးပြလာသည့် ကောင်မလေးရဲ့ အပြုံးကြောင့် ဘ၀မှာမက်ခဲ့ရတဲ့ အိပ်မက်လေးတစ်ခုကို လက်တွေ့ပိုင်ဆိုင်လိုက်ရပြီဟု အသိ၀င်လာခဲ့တယ်။
ပျားရည်တောင် သူမရဲ့အပြုံးလောက် ချိုမယ်
မထင်ဘူး။
ဘယ်အရာကမှလည်း သူမရဲ့ရွှန်းပတဲ့မျက်၀န်းဝိုင်းလေးလောက် ဖမ်းစားနိုင်မယ်မထင်ဘူး။

သူမရဲ့အလှဟာ စွဲမက်စရာကောင်းတဲ့ စာအုပ်ကလေးတစ်အုပ်လိုပဲ အပေါ်ယံ စာအုပ်အဖုံးလေးကလည်း လှပသလို  ပါ၀င်တဲ့ရသကလည်း ထူးခြားတယ်။
လှပတဲ့စာအုပ်ကလေးကို နေရာတိုင်း သယ်သွားချင်စိတ်ရှိပေမဲ့ အခြားသူတွေကိုတော့ ပေးဖတ်ခွင့်မပြုနိုင်ဘူး။
ဒီစာအုပ်ကလေးရဲ့ ထူးခြားမှုကို သူများတွေသိရှိသွားမှာစိုးလို့ပါ။
စာအုပ်ကလေးဟာ ကိုယ့်အပိုင်ပဲ ဖြစ်နေရမယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼

ပြတင်းတံခါးအပြင်ဘက်မှ လမင်းသည် အားမာန်ပြည့်နေသယောင် ထင်မှတ်ရလောက်သည်အထိ ၀င်းပမှုအတိဖြစ်နေလေသည်။
နှစ်‌ယောက်ကုတင်‌ဘေးနားရှိ မီးအိမ်လေးမှ ဝါကျင့်ကျင့် အလင်းရောင်လေးသည် အခန်းတစ်ခုလုံးသို့ ပျံ့လွှင့်နေသည်။
ထိုမီးရောင် လေးကြောင့် အိစက်လှသော မွေ့ယာအထူကြီးပေါ်တွင် ပြန့်ကျဲနေသော နှင်းဆီပန်းပွင့်ဖက်နီနီလေးတွေကို သေချာစွာ မြင်နိုင်လေသည်။

အခန်းတစ်ခုလုံးကလည်း မွှေးပျံ့နေပြီး လေထုကလည်း နွေးထွေးသလိုရှိသည်။
စံပယ်ထိုင်နေမိသည့် ကုတင်ပေါ်မှ နှင်းဆီပွင့်ဖက်လေးကို ကောက်ကိုင်လိုက်ပြီး မွှေးကြည့်လိုက်မိသည်။တကယ်တော့ စံပယ်ကနှင်း‌ဆီရဲ့ ရနံ့ကိုကြိုက်နှစ်သက်သူမဟုတ်ပေ။သို့ပေမဲ့ အခုတော့ တစ်ယောက်တည်း ရောက်တတ်ရာရာလုပ်နေမိလေပြီ။

"ငါ...ဘာလို့ထိုင်နေမိတာပါလိမ့်..."

အ၀တ်အစားတွေလည်း မလဲရသေးပဲ ဘာကြောင့်ထိုင်နေမိလည်းဆိုတာ ကိုယ့်ဘာသာတောင်စဉ်းစားမရဖြစ်နေသည်။သူ၀င်အလာကို စောင့်နေမိတာလားဆိုပြီး အတွေး၀င်လိုက်မိတော့ ချွေးစေးတွေတောင် ပြန်ချင်လာလေသည်။

ဒီနေ့က စံပယ်တို့ရဲ့ပထမဆုံးမင်္ဂလာဦးညမဟုတ်ပါလား။ရွာမှာ မင်္ဂလာပွဲလုပ်ပြီးနောက်တစ်နေ့မှာပဲ  ရန်ကုန်ကို ပြန်လာခဲ့ကြတယ်။ရန်ကုန်မှာမင်္ဂလာဧည့်ခံပွဲ မလုပ်ရသေး‌တာကြောင့် သူနဲ့အခန်းခွဲပြီးအိပ်ဖို့ကို ပြောတော့ အစကလက်မခံပေမဲ့ နောက်တော့ သူလက်ခံလိုက်တယ်။
ဒါကို မကျေနပ်လို့ပဲလားမသိပါဘူး။
ဧည့်ခံပွဲကို သူ့ခြံ၀န်းထဲမှာပဲ ခမ်းခမ်းနားနားလုပ်ဖို့ နှစ်ရက်အတွင် လူအင်အားများများနဲ့ စီစဉ်ပစ်တယ်။

ချစ်သူသက်တမ်းက တိုခဲ့တဲ့အပြင် ဒီကြားထဲမှာအထင်လွှဲမှုတွေနဲ့ ကွဲကွာသွားခဲ့ရတယ်။
ပြန်အဆင်ပြေပြီး သိပ်မကြာခင်ပဲ လက်ထပ်လိုက်ရရော။သူ့ကို ချစ်လို့ လက်ထက်လိုက်တာဆိုပေမဲ့
အခုထိ သူ့စိတ်ကိုနားမလည်သေးဘူး။

လူ့စိတ်တွေက အချိန်စက္ကန့်မလပ် ပြောင်းလဲတတ်တာကြောင့် နောင်လည်းနားလည်မယ်မထင်ပါဘူး။
ယုံကြည်မှုနဲ့ပဲ ရှေ့ဆက်တိုးရမှာပေါ့။
သူလို လူမျိုးကတောင် ကိုယ့်လက်ကို မလွှတ်တမ်းဆွဲထားပေးမှတော့ ကိုယ်ကလည်း အကြောက်လွန်ပြီး လက်တွဲမဖြုတ်ပစ်မိအောင် နေရမှာပဲ။
ဟုတ်တယ်...စံပယ့်ကို သူမစွန့်လွှတ်သရွေ့ စံပယ့်ဘက်ကလည်း မစွန့်လွှတ်ဘူး။

"ဘာတွေ...တွေးနေတာလဲ....."

"ဟင်..."

ခပ်လေးလေးအသံကြောင့် တံခါး၀ဆီသို့ လှမ်းကြည့်လိုက်တော့ သူကလက်ပိုက်ပြီး မရယ်မပြုံးပဲ ခပ်တည်တည်နှင့်မေးလာလေသည်။
သူ့အရပ်က ရှည်တော့ သူ့ခြေတံတွေကလည်းရှည်သည်။လက်ပိုက်ထားတဲ့ သူ့ဟန်ပန်ကိုက ဆွဲဆောင်မှုတစ်မျိုးရှိနေသလိုပင်။စူးရှပြီး ညှို့ယူနေသလို
သူ့မျက်၀န်းတွေကြောင့် နှလုံးသားဟာ ဒိန်းကနဲမြည်လောက်အောင် ဆောင့်ခုန်သွားလေသည်။
ခုဏက နွေးထွေးနေတဲ့ လေထုကလည်း အေးစက်စက်ဖြစ်လာသလို ခံစားနေရသည်။
စံပယ့်လက်ဖျားတွေ ခြေဖျားတွေအေးစက်နေလေပြီ။

သူနဲ့ အကြည့်ချင်းမဆုံမိအောင် ခေါင်းကိုငုံ့ထားလိုက်မိသည်။ချွေးစေးပြန်လာသည့် လက်တွေကိုလည်း အချင်းချင်းပွတ်သပ်နေမိသည်။
သူ့ဆီကို မကြည့်ပေမဲ့ သူစံပယ့်ကိုပြုံးပြနေသလား
စိုက်ကြည့်နေတုန်းပဲလားဆိုတာကို သိချင်နေမိသည်။

မျက်လုံးအစွံလေးကနေ ခိုးကြည့်လိုက်မိတဲ့အချိန်မှာ အိမ်စီးဖိနပ်တောင် စီးမထားတဲ့ သူ့ရဲ့ခြေထောက်ဖွေးဖွေးလေးက ကြမ်းပြင်ကို 
အသံမထွက်မိအောင် နင်းလာသလိုထင်မိသည်။
စံပယ် စိတ်လှုပ်ရှားလွန်းလို့ နှုတ်ခမ်းကိုကိုက်ပြီး
မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။
ပြင်းထန်လာတဲ့ ကိုယ့်အသက်ရှူသံကိုတောင် ပြန်ကြားနေမိသည်။

ရုတ်တရက်နားသယ်စပ်နားသို့ လာယှက်တိုက်နေသည့် လေငွေ့နွေးနွေးက စံပယ့်အနားမှာ သူလာထိုင်နေသည်ဟု အချက်ပြ‌နေလေသည်။
ထိုအသိက စပယ့်မျက်လုံးတွေကို ပို၍တင်းကြပ်စွာမှိတ်ထားမိစေဖို့ တွန်းအားဖြစ်သွားစေသည်။

သူ့ကိုမကြည့်ဘူး။သူနဲ့ အကြည့်ချင်မဆုံချင်ဘူးလို့
ရေရွတ်နေစဉ်မှာပဲ စံပယ့်‌ပခုံးပေါ်သို့ နွေးထွေးတဲ့ လက်တစ်စုံက ပြင်းအားတစ်ရာ ရာခိုင်နှုန်းလောက်နှင့် ဆုပ်ကိုင်လာပြီး စံပယ်ဟာ မွေ့ယာပေါ်သို့ မျက်စိစုံမှိတ်လျှက်လဲကြသွားရသည်။

"ကိုယ့်ကို မကြည့်ချင်တော့ဘူးလား...."

နှာသီး၀အနား လာရိုက်ခတ်‌တဲ့ လေငွေ့ထဲတွင်
 စပယ်မကြိုက်တဲ့ ရနံ့တွေပါ၀င်နေသည်။
သူအရက်သောက်ထားတာပဲ။
ဒေါသစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် မျက်လုံးတွေကို ချက်ချင်းဖွင့်ကြည့်လိုက်မိတော့ ရီဝေစွာ ကြည့်လာသည့် သူ့မျက်၀န်းအရောင်တောက်တောက်တွေက
စပယ့်ကိုစွံ့အ သွားစေတယ်။

တမင် ညှို့ငင်နေသလိုပဲ။ပြောချင်တဲ့ စကားတွေကို 
အာခံတွင်းထဲမှာ ငုံထားလိုက်မိပြီး ပါးစပ်ကိုတင်းတင်းစေ့ကာ နီးကပ်လွန်းနေသည့် သူမျက်နှာကို မဝံ့မရဲကြည့်လိုက်မိသည်။
ထိုအချိန်လေးမှာ ပြုံးလိုက်သည့် သူ့ရဲ့အပြုံးရေးရေးကို မီးအိမ်ရဲ့ အလင်းရောင်ကြောင့် စပယ်သေချာ မြင်လိုက်မိသည်။

"ရှင်ဘာပြုံးတာလဲ...."

"ကိုယ်တို့ လက်ချင်းချိတ်ပြီး လျှောက်နေတဲ့အချိန်တုန်းက မွှေးကိုစာအုပ်တစ်အုပ်လို တွေးလိုက်မိတာလေးကို ပြန်တွေးပြီး ရယ်ချင်သွားတာ...."

စံပယ်လည်း နားမလည်နိုင်စွာ မျက်မှောင်ကြုံ့ပြီး သူ့ကိုကြည့်လိုက်မိသည်။သူ့မျက်၀န်းတွေကလည်း 
စံပယ့်နှလုံးသားတွေကိုတောင် ထိုးဆိုက်နိုင်သည့်အလား စူးရှလွန်းနေသည်။

"ကျွန်မကို ဘာလို့စာအုပ်လို တွေးလိုက်တာလဲ...
နားမလည်ဘူး...."

"ကိုယ်က မွှေးကိုအမြဲတမ်း ရင်ဘတ်ထဲမှာ ထည့်သိမ်းထားချင်လို့ပေါ့ ဘယ်သူ့ကိုမှ ပေးမဖတ်ဘူး
ကိုယ်တိုင်လည်း အဲ့ဒီ့စာအုပ်လေးကို
 ခေါက်ရာတောင်မထင်အောင် ပွေ့ပိုက်ထားချင်လို့လေ..."

သူ့စကားတွေက ဘာအဓိပ္ပာယ်တွေမှန်း စံပယ်လည်းနားမလည်တော့ဘူး ။ 
အရက်ကလေး မူးနေလို့ ခဏတာရူးသွားတာများလား။ 
ဒီအချိန်မှာ သိလိုက်တာတစ်ခုက သူ့ရဲ့စိတ်ခံစားချက်ဟာ ထူးခြား‌လွန်းတယ်ဆိုတာပဲ။
သူ့ရဲ့အတွေးတွေက သူပဲခံစားသက်၀င်နိုင်တာမျိုး။

"စာအုပ်ဆိုတာ သက်မဲ့လေ...ကျွန်မကသက်ရှိ...
ဘာတူလို့လဲ...နောက်ပြီး စာအုပ်တစ်အုပ်လို သိမ်းဆည်းခံရမှာကို မကြိုက်ပါဘူးနော်...."

"မွှေးသိရဲ့လား...လူ‌တွေကလေ တန်ဖိုးကြီးတဲ့ စာအုပ်တွေ၊သူတို့ တန်ဖိုးထားကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို လုံခြုံပြီး အလွယ်တကူမပျက်စီးနိုင်တဲ့ နေရာမှာ သိမ်းဆည်းတတ်ကြတယ်..
ကိုယ်ကလည်း မွှေးကို တန်ဖိုးကြီး စာအုပ်ကလေးတစ်အုပ်လို တန်ဖိုးထားချင်တာလို့ ပြောချင်တာပါ..."

"အဟင်း....ဒီလိုဆိုတော့ မစိုးပါဘူး...."

သူ့စကားကို နားလည်သွားတော့ ပြုံးသွားတဲ့ သူမရဲ့ မျက်နှာလေးက အနီးကပ်ကြည့်မှ ပိုလှနေသလိုပင်။သူမရဲ့ ပခုံးကိုဆုပ်ကိုင်ထားမိသော သူ့လက်တွေဟာ သူမရဲ့လည်တိုင်မှတစ်ဆင့် သူမရဲ့ပါးပြင်လေးပေါ်သို့ ရောက်မှန်းမသိ ရောက်သွားလေသည်။

ဖြူစင်တဲ့ မျက်၀န်းလေးတွေက သူ့အကြည့်ကိုခဏ ခဏလွှဲဖယ်နေတည်းက သူမသိပ်စိတ်လှုပ်ရှားနေမှန်း သိသာလွန်းတယ်။
သူစွဲမက်ဖွယ် အပြုံးတစ်ခုကို တမင်ဖန်တီးလိုက်ပြီး သူမရဲ့ ပါးပြင်အနားသို့ တိုးကပ်ကာ လေပြေအေးနှင့် ပြောလိုက်လေသည်။

"ကိုကိုလို့ ခေါ်ကြည့်ပါလား...."

"ရှင်မူးနေရင်လည်း စိတ်ကူးယဉ်တာလေးကို
 နည်းနည်းလျှော့ အဲ့လိုအသုံးအနှုန်းကြီးက 
ကျွန်မကို အနေခက်စေတယ် သိရဲ့လား...."

စံပယ်သူ့ရင်ဘတ်ကို တွန်းပြီး လေသံမာမာနဲ့ ပြောပစ်လိုက်တော့ စံပယ့်ကိုမကျေနပ်သလို ကြည့်လာသည်။စံပယ်လည်း သူ့ကို သတ္တိမွေးပြီး တန်ပြန်စိုက်ကြည့်ပစ်လိုက်သည်။
သူက အသံထွက်အောင်ပင်  ရယ်လိုက်ပြီး စံပယ့်နားဘေးနားတွင် သူ့ခေါင်းကိုချလိုက်သည်။
ပြီးနောက် သူပြောလိုက်သည်က...

"ဒါဆို....ယောက်ျားလို့ခေါ်...."

"ဟင်...."

ချစ်ခြင်းတရား၏ တိုက်စားမှုကြောင့် တိတ်ဆိတ်သော ညအမှောင်ရိပ်၀ယ် လိပ်ပြာတို့
ပျံဝဲ‌လာလေသည်။ပန်းတို့သည်လည်း လရောင်ကို သောက်သုံးကာ ပွင့်လန်းလာကြသည်။
ပိုးစုန်းကြူးလေးတွေဟာ ကိုယ်ပိုင်အလင်းနှင့် ပျံသန်းနေသည်ဟု ထင်မှတ်ရလောက်သည့် 
အားမာန်မျိုး ဖြစ်ထွန်းလာကြသည်။
ထိုအချိန်တွင် ငှက်တွေ အိပ်တန်းတက်နေကြဆို
ပေမဲ့ အိပ်၍မပျော်သော ညဉ့်ငှက်နှစ်ကောင်ဟာ လမင်းကြီးကို ဝိုင်းပတ်၍ လှပစွာတွန်းကြူးနေလေတော့သည်။

(ဇာတ်သိမ်းပိုင်းမျှော်....)

🙈🙈🤭🤭🤭🤭🤭

ဇာတ်သိမ်းပိုင်းက အရမ်းရှည်နေလို့ နောက်တစ်နေ့မှ ထပ်တင်ပေးမယ်‌နော်....

#သနပ်ခါးရနံ့လေးကြူကြူမွှေး 
#စာရေးသူ_ဆောင်း‌ငွေ့ဝေ



Comments

Popular posts from this blog

🦋အခန်း ၁ မှ အခန်း ၃ 🦋

🌿အခန်း ၁ မှ အခန်း ၄ 🌿

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁) မှ အခန်း (၃)"