"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁၉ ) မှ အခန်း (၂၁)"

 


"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁၉  ) မှ အခန်း (၂၁)"


#အခန်း၁၉


လေ‌တဖြူးဖြူးတိုက်ခတ်၍ စပါးပင်တို့ယိမ်းထိုးနေလေသည်။ဝါကျင့်ကျင့် စပါးစေ့ကလေးများဟာလည်း ရိုးတံကိုမြဲမြန်စွာ ဖက်တွယ်ထားကြပေမဲ့ ကြွေလွှင့်ကြရသည်များလည်း ရှိသည်။
ပိုးကောင်ငယ်လေးများသည် စပါးပင်များကြားသို့ တိုးဝှေ့ပျံသန်းနေကြလေသည်။
ဗျိုင်းငှက်ကလေးများသည် ရေတင်ထားသော
မရင်းခင်းထဲတွင် လည်တစ်ဆန့်ဆန့်လုပ်၍ ပိုးကောင်ငယ်တို့ကို စားသောက်နေကြလေသည်။

ဦးခေါင်းတည့်တည့်ရှိ ကောင်းကင်၌ ထွန်းတောက်နေသော နေလုံးကြီးကြောင့် အပေါ်ယံပူလောင်မှု
သည်တစ်စတစ်စ ပြင်းထန်လာသည်။
သို့ပေမဲ့ လောကနိယာမတရားပေမို့ ပြောင်းလဲလို့
မရသည့် ဘဘာ၀တရားအား ကျိန်ဆဲ၍မရပေ။

ထို့အတူပင် တံစဉ်နှင့်အဖြတ်ခံလိုက်ရသော 
စပါးပင်ကလေးများဟာလည်း နာလိုက်တာဟု 
ညည်းတွားခွင့်မရှိပေ။လူတို့သည် သစ်သီး၊သစ်ဥတို့ကို စားသုံးသည့် သတ္တဝါဖြစ်သည့် နည်းတူ သစ်ပင်တို့သည်လည်း မြေဓာတ်၊ရေဓာတ်၊နေရောင်ဓာတ်တို့ကို စားသုံးကြရသည်။
သဘာ၀တရားသည် သူ၏လုပ်ရိုးလုပ်စဉ်အတိုင်း လည်ပတ်နေမည်ဖြစ်တာကြောင့် ထိုင်၍ညည်းညူနေပါက အလုပ်ဖြစ်မည်မဟုတ်ပေ။

ထို့ကြောင့်လည်း စံပယ်မွှေးတို့ ကောက်စိုက်သမအုပ်စုလေးဟာ နေ့စဉ်လုပ်နေရသည့်အလုပ်ကို 
တောင်စဉ်ရေမရ ညည်းတွားမနေပဲ သီချင်းတ‌ကြော်ကြော်အော်ဆိုရင်းသာ မိမိတို့လုပ်ငန်းကို ပြီးမြောက်အောင်လုပ်နေကြလေသည်။

🎵မလှဘူးပြောရင် ငိုလိုက်မယ်🎵
🎵မချစ်ဘူးပြောရင် စိတ်ဆိုးတယ်🎵
🎵မှန်ထဲကြည့်ရင် မလုံမလဲ🎵
🎵တကယ်ပဲ အကျည်းတန်နေလား🎵
🎵သံသယစိတ်တွေ ၀င်ခဲ့မိတယ်ကွယ်🎵
🎵စနေနေ့တွေ့မယ် သူချိန်းတယ်🎵
🎵တကယ်တမ်းတော့ မျှော်သူမောတယ်🎵
🎵သူနဲ့တွေ့ချင်ကာမှ 
ရှောင်တိမ်းရက်လေတယ်လို့🎵
🎵ချစ်ဒေါသပို ငိုခဲ့မိပြန်တယ်🎵

"ဟဲ့...ဟဲ့..သီချင်းဆိုတာရပ်ကြစမ်း..ဟိုးမှာလာနေတာ မိုးနီနဲ့မြို့သားမဟုတ်လား.."

မလှရီက စပါးရိတ်ရင်းနှင့် သီချင်းညည်းနေကြသူတွေကို ခဏရပ်ခိုင်းကာ ခပ်ဝေးဝေးရှိ လူရိပ်နှစ်ခုကို လက်ညှိုးထိုးပြလေသည်။
စံပယ်အပါအ၀င် ကောက်ရိတ်သူတစ်သိုက်ဟာ 
စူးလွန်းလှသည့်နေရောင်ကို လက်နဲ့အုပ်ကာပြီး 
ထိုလူရိပ်တွေကို ကြည့်လိုက်ကြသည်။

မိုးနီနှင့် နေဂုဏ်မာန်ဟာ မြက်ရိုင်းများနင့်  ကန်စွန်းနီတို့‌အလေ့ကျပေါက်နေသည့် လယ်ကန်သင်းရိုးပေါ်သို့ နင်းပြီး တစ်လှမ်းချင်း ခပ်ဖြည်းဖြည်း လာနေကြလေသည်။

"ဟဲ့...သူတို့က လယ်ထဲကိုဘာလာလုပ်ကြတာပါလိမ့်..."

"..နင်ကလည်း..လယ်ထဲမှာကောက်စိုက်သမားတွေပဲရှိတာလေ..အဲ့တော့..ငါတို့ကိုလာကြည့်တာနေမှာပေါ့...ဟီဟိ"

မငယ်လေးဆိုသည်မှာ  ဟာသသရုပ်ဆောင် 
ကင်းကောင်ထက်ပင် မျက်လုံးစွေလေသည်။
ရွာထဲမှ လူတွေကတော့ သူမကို နေ၊ကျောက်ခဲလို့လည်း စနောက်ပြီး ခေါ်ကြသည်။
ခေါ်တဲ့လူတွေကိုလည်း အပြစ်ပြောလို့မရဘူး။
 သူ့မျက်လုံးတွေကိုက  တောင်တစ်လုံး မြောက်တစ်လုံးဖြစ်နေသလားမှတ်ရတယ်။
 ဘယ်အလုံးက ဘယ်ကိုကြည့်လို့ကြည့်‌နေမှန်းကို  မခန့်မှန်းတတ်အောင်ပါပဲ။
တစ်လုံးက နေကိုကြည့် နေပြီး ကျန်တစ်လုံးက မြေကြီး‌မှကျောက်ခဲကို ကြည့်နေသလား မှတ်ရတယ်။

သူမရဲ့ မျက်လုံးသူငယ်အိမ်က မကြာခဏဆိုသလို လည်တတ်တာကြောင့် ငယ်ငယ်က လေယာဉ်ပျံကြီးလာပြီဆိုကာ ကောင်း‌ကင်ကိုမော့ကြည့်လိုက်တာ မြေကြီးပေါ်က ပိုက်ဆံငါးကျပ်ကို သွား‌တွေ့ပါသတဲ့။ဒါကြောင့် အခြားသူတွေက ချစ်စနိုးနဲ့ 
နေ၊ကျောက်ခဲလို့ စနောက်ပြီးခေါ်ရင် ကစုန်ပေါက်ပြီးကို စိတ်ဆိုးတတ်သည့်သူပင်။

"ဟဲ့..ဟဲ့...ဒီနားကိုနီးလာပြီ...ငါ့ကိုကြည့်စမ်းပါအုံး...
ရုပ်ဆိုးနေသလား..."

"အမယ်လေး..မိန်းမ ကြိတ်ပျော်‌မနေပါနဲ့..
ဟိုကနင့်ကိုကြည့်လည်း..နင်ပြန်ကြည့်လိုက်ရင်
သူ့ကိုကြည့်တယ်လို့ထင်မှာမဟုတ်ဘူး..."

"မလှရီနော်..တော်ပေါက်ကရမပြောနဲ့.."

"ငါပြောတာမဟုတ်လို့လား..တော်ကြာ..ဟိုမြို့သားနဲ့မိုးနီလာလို့..အပေါ်ကိုကြည့်လိုက်ပေမဲ့ 
အောက်ကို လှမ်းမြင်‌နေရရင်ဒုက္ခ.."

"မလှရီ...ရှင်ပြောလေကဲလေပါလား!!..အင့်ဟယ်..."

"မကြောက်တာ..ဆယ့်နှစ်ခါ.."

မငယ်လေးခမျာ ပဲပေးနေပါတယ်ဆိုမှ စကားနာလာထိုးနေတဲ့ မလှရီကြောင့်  အရမ်းဒေါသထွက်သွားပြီး လက်ထဲမှရိတ်ပြီးသား စပါးပင်တွေနဲ့ ကောက်ပေါက်ရင်း ရှက်ရမ်းရမ်းလေတော့သည်။

"ဟဲ့မိစံပယ်..ဟိုနေ့က အုပ်ကြီးကြိမ်းလို့..ဟိုသားအမိနင်တို့အိမ်ကိုလာတောင်းပန်သေးလား.."

"အုပ်ကြီးရဲ့အိမ်မှာတော့ တောင်းပန်ပါတယ်...
စံပယ်တို့အိမ်ကို သီးသန့်ထပ်လာပြီး တောင်းပန်မယ်လို့ ပြောပေမဲ့.....ကျွန်မဘာသာ ကန်တော့ပွဲကြီးကိုရွက်ပြီးသွားအတောင်းပန်ခံမှပဲရမယ်.."

"အေးဟယ်..အဲ့သားအမိကအရှက်ကိုမရှိဘူး..
အခုလည်း အဲ့ဒီ့ကိစ္စကြောင့်ရွာထဲမှာမျက်နှာမပြရဲလို့..အိမ်အပြင်တောင်မထွက်ရဲကြဘူးတဲ့တော်..
ဘယ့်နှယ့်ရှိစ..."

"အိမ်အပြင်မထွက်ရဲတာလည်း မပြောနဲ့လေ ရန်ဖြစ်ပြီးနောက်တစ်နေ့မနက်ပဲ မိစံပယ်ရဲ့အဖွားက သူ့မြေးကို မဟုတ်တမ်းတရားတွေ လုပ်ကြံစွပ်စွဲရမလားဆိုပြီး..ထမီစွန်တောင်ဆွဲပြီးကို ရန်တွေ့ပြစ်လိုက်တာကို.....ဟားဟား...ဖွားကြည်မေရဲ့ မြေးကိုမှလာစမ်းချင်နေတာကို ...ဒင်းတို့ခံအလှည့်ပေါ့...""

"အားရချက်တော်..လုပ် လုပ်..အဲ့လိုမှဒင်းတို့မှတ်မှာ..ဟိုတစ်ခါအကြွေးလာတောင်းတာ..
ကျုပ်အိမ်ကနွားမကြီးကို သိမ်းသွားတည်းက
 ဒင်းတို့ကို မကျေတာသိလား... ဘယ့်နှယ် နောက်နေ့ပေးပါ့မယ် တစ်ရက်ပဲစောင့်ပါဆိုတဲ့ဟာကို ၀က်တွေ့ ၀က်သိမ်း၊နွားတွေ့  နွားသိမ်းနဲ့ 
တကယ့်ချစ်တီးတွေပါဟယ်..
အခုတော့ အပုပ်တွေပေါ်ကုန်တာ ဘယ့်နှယ့်ရှိစ..
ကောင်းလိုက်တဲ့ ရိုက်ချက်အေ..."

"မှတ်ပြီပေါ့ဟယ်..အခုဆိုသူ့သမီး ကွမ်းတောင်
ကိုင်မ လင်တရူးကြောင့် သူ့အမေကြီးလည်း အရှက်ကိုဗြန်းဗြန်းကွဲရော.....အုပ်ကြီးကို ကိုယ့်ရွာသားအချင်းချင်းမို့ ရဲစခန်းမှာတိုင်ရယ်တောရယ် မလုပ်ပါနဲ့ဆိုပြီး ထိုင်ကန်တော့ကြတာတဲ့......."

"ငါ့စိတ်နဲ့ဆိုရင့် အဲ့ဒီ့မြတင့်ရော...မကြိုင်ကိုရော...
အချုပ်ထဲမှာ ညအိပ်ခိုင်းလိုက်ချင်တာ...."

"ဟုတ်ပ...သူများကို မတရားစွပ်စွဲတာ...."

မြတင့်တို့သားအမိအကြောင်းကို ပြောနေစဉ်မှာပဲ ဟိုလူကြီးနဲ့ကိုမိုးနီတို့က စံပယ်တို့ကောက်ရိတ်‌ 
နေသည့်လယ်ကွင်းအနားသို့ ရောက်လာကြလေသည်။ဒီနေ့စံပယ်တို့ရိတ်ရသည့်လယ်ကွက်က 
ကိုမိုးနီရဲ့အဒေါ် အန်တီကြည်ဝေ၏လယ်ဖြစ်နေတော့လည်း သူတို့နှင့်ဆိုင်နေသည်ပေါ့။

"ဟေ့..မြို့သားတို့..မိုးနီတို့ဘာလာလုပ်ကြတာတုန်း.."

"ဒီမှာဗျာ..ကိုနေဂုဏ်ကလယ်ထဲကိုလိုက်ကြည့်ချင်တယ်ဆိုလို့..လိုက်ပြတာဗျ.."

"အမယ်လေး...မြို့သားရယ်...ကျွန်မတို့လယ်ထဲမှာ 
ဘာတွေများ ထူးထူးဆန်းဆန်းကြည့်စရာရှိလို့တုန်း...ထူးဆန်းတာဆိုလို့...ဟော့ဒီက ကောက်စိုက်တဲ့ အချောအလှတွေပဲ ရှိတယ်..."

"ဟား...ဟား...မစိုးတို့ကတော့ နောက်ပြီဗျာ...
ဟုတ်ပါတယ်ခင်‌ဗျာ...အစ်မကြီးတို့ရဲ့ 
ဘီလူးသံပုရာပေါင်းထားတဲ့ မျက်နှာလေးတွေကို
လာရှုစားတာပါ...."

"အောင်မယ်...မိုးနီရေ...ငါတို့လက်ထဲမှာ တံစဉ်ကိုင်ထားတာနော်....အကုန်လုံးဝိုင်းဖြဲလိုက်လို့...
ရွာထဲကို ပုဆိုးမပါပဲ ၀င်နေရမယ်..."

"ဟား...ဟား..."

"မစိုးရေ....တကယ်ဖြဲမှာလား...အာ့ဆို ကျွန်မအရင်နော်...."

"အသာနေကြစမ်းပါ...ငါကအ‌ပျိုခေါင်းမို့ ငါအရင်ဖြဲမယ်...."

"အမယ်လေးလေး...မလုပ်ကြပါနဲ့ဗျာ....
နောက်တစ်ခါ ဘောင်းဘီထူထူခံ၀တ်လာတော့မှ 
ဖြဲကြပါ...အခုတော့ ချမ်းသာပေးကြပါ..ရှိကြီးခိုးပါရဲ့...."

"အေးပါ...ငါတို့ကလည်း မကြည့်ရဲပါဘူး...."

"တော်ပါသေးရဲ့...‌ရှက်ကြောလေးတွေပါလာကြလို့..."

"ဟား...ဟား..."

မစိုးတို့အဖွဲ့နဲ့ ကိုမိုးနီဓာတ်ကျ‌နေစဉ်မှာ ဦးနေဂုဏ်က တိတ်ဆိတ်နေပြီး စံပယ့်ကိုသာလှမ်းကြည့်နေလေသည်။စံပယ်လည်း မသိမသာသူ့ဘက်သို့ စောင်းကြည့်လိုက်မိသည်။

ဦးနေဂုဏ်ရဲ့အခုပုံစံက ရန်ကုန်မှာလို အနောက်တိုင်း၀တ်စုံအပြည့်နဲ့  နခ်တိုင်တစ်မျိုးပြီး တစ်မျိုးပြောင်း၀တ်တတ်သည့်  အရမ်းချမ်းသာသည့် သူဌေးပုံစံနှင့် အလွန်ကွဲပြားနေလေသည်။
ပုဆိုး အကွက်ကျဲကျဲကို ဒူးဆစ်လောက်အထိ 
ခပ်တိုတို ၀တ်ထားပြီး တီရှက်လက်တိုနှင့်အပေါ်မှာလက်ရှည်အိင်္ကျီကို  ထပ်၍၀တ်ထားလေသည်။
စံပယ်သူ့ကို ဟိုနေ့ကအတွက်ကျေးဇူးတင်နေမိပေမဲ့ ဘယ်လိုစကားစပြီး ကျေးဇူးတင်စကားပြောရမှန်းမသိဖြစ်နေသည်။ 

"ကိုမိုးနီ..ဒီမှာကောက်ရိတ်ဖို့..တံစဉ်အပိုရှိလား.."

"ဟမ်..ဘာလုပ်မလို့လဲဗျ.."

"စပါးရိတ်ကြည့်ချင်လို့..."

"ဟယ်တော့..."

ကိုယ့်ရဲ့စကားတစ်ခွန်းကြောင့် အကုန်လုံးပါးစပ်အဟောင်းသားဖြစ်သွားမယ်လို့သူထင်မထားခဲ့မိ‌ ပေ။
သူ့ကိုထူးဆန်းတဲ့လူကြီးလို မျက်လုံးများပြူးပြီး ဝိုင်းကြည့်နေကြလေသည်။

အကုန်လုံးကအမျိုးမျိုးဝိုင်းတားကြပေမဲ့ သူ့ရဲ့ခေါင်းမာမှုကြောင့် နောက်ဆုံးတော့လက်ထဲတွင်
တံစဥ်ကို ကိုင်ခွင့်ရခဲ့လေသည်။
မွှေးတို့မပြန်မချင်း သူလည်းမနားဘူးဟုစိတ်ထဲမှာတေးထားပြီး မိုးနီကိုသာ အရင်ပြန်ခိုင်း
လိုက်သည်။
မိုးနီလည်းသားသမီးကိုစိတ်မချတဲ့အမေကြီးလို လှည့်ကြည့်လှည့်ကြည့်နှင့်ပြန်သွားရလေသည်။

"ကဲ..ဒီလို အောက်အခြေရင်းကနေ သေချာစုကိုင်ပြီး..အားပါပါရိတ်ရမယ်နော်..‌စစချင်းတော့အရမ်းအလျှင်မလိုနဲ့ လက်ကိုမထိအောင်သတိထားပါ..."

"ဟုတ်ကဲ့ကျွန်တော်..နားလည်ပါပြီ.."

မရင်ဆိုသည့် အမျိုးသမီးသင်ပေးတာကို လိုက်ကြည့်ရင်းပင် ကောက်ရိတ်ရသည့်အနေအထားကိုသူသ‌ဘောပေါက်သွားသည်။
သူ့အတွက်တော့သိပ်မခက်ခဲပေမဲ့ အလေ့အကျင့်
မရှိသေးသည်မို့ လက်မထိအောင်တော့ခပ်နှေးနှေးသာရိတ်နေရသည်။

ကိုယ့်ကိုကိုယ် အတော်လေးဟုတ်နေပြီဟု ထင်ကာစံပယ့်ဘက်ကိုလှမ်းကြည့်လိုက်တော့ သူမက
လက်မှာစက်တပ်ထားသကဲ့သို့ မြန်လိုက်သည့်ဖြစ်ခြင်း။ သူမအတွက်က‌တော့ နေ့စဉ်လုပ်နေကြအလုပ်ဖြစ်၍ လုံး၀အခက်အခဲရှိပုံမပေါ်ပေ။

သူမကပုံမှန်ထက်သနပ်ခါးကို ပါးအပြည့်ထူနေအောင်လိမ်းထားပြီး ခေါင်းမှာလဲခေါင်းပေါင်းပုံစံ ပေါင်းထားသေးသည်။
တကယ့်ကို အဖွားကြီးပေါက်စလေးလိုပါပဲ။
သူတွေးနေမိတာက မွှေးကိုမပင်ပန်းစေချင်တာပဲ။

အမြဲတမ်းခါးကုန်းပြီးလုပ်နေရတဲ့နာကျင်မှုကို ကိုယ်တိုင်လုပ်ကြည့်မှကိုယ်ချင်းစာမိသည်။
သူတောင်နာရီ၀က်လောက်ပဲရိတ်ရသေးတာကို ကျောရိုးတွေဒီလောက်တောင့်နေရင် အမြဲလယ်ထဲဆင်းနေရတဲ့သူမလေးခမျာ ဘယ်လောက်
တောင်နာကျင်မှုတွေခံစားနေရမလဲ။

သူမရဲ့လက်ကလေးတွေ ဘယ်လောက်တောင် 
အသားမာတက်နေလိမ့်မလဲ။ 
ရွံ့ရေထဲမှာ အကြာကြီးရပ်နေရလို့ ခြေချောင်းလေးတွေ ဝဲစားတာမျိုးဖြစ်မှာ သေချာတယ်။ 

အခြားသူတွေလည်း ဒီလိုပဲပင်ပန်းကြမှာပေမဲ့ 
မွှေးကိုတော့ ကိုယ်မပင်ပန်းစေချင်ဘူး။
မွှေးကို ကိုယ်ကအလှလှပပလေး မပင်မပန်းပဲရှိနေစေချင်တာ။ဘာကြောင့်လဲလို့မေးရင် မြတ်နိုးလွန်းလို့ပေါ့။လူတွေက ကိုယ်တကယ်နှစ်သက်မြတ်နိုးတဲ့ အရာဆိုရင် ‌သေချာတန်ဖိုးထားပြီး သိမ်းဆည်းထားတတ်ကြတယ်။
ထို့အတူပဲ မွှေးဟာ ကိုယ်တန်ဖိုးထားရတဲ့ အမျိုးသမီးလေးမို့ ဒီနေရာအထိ ရောက်အောင်လာခဲ့တာပေါ့။မွှေးသာ ကိုယ်နဲ့ပြန်လိုက်ခဲ့ရင် ကိုယ့်ရဲ့ဘ၀က တကယ်ကိုပြည့်စုံတဲ့ ဘ၀လေးတစ်ခုဖြစ်လာမှာ သေချာတယ်။

"အာ့..အား.."

"ဟယ်..သွေး..သွေးတွေ..အမယ်လေး..အဲ့တံစဉ်ကိုချထားလိုက်စမ်းပါမြို့သားရယ်.."

အတွေ့နယ်ချဲ့မိ၍ လက်ကိုတံစဉ်ရှသွားမိလေသည်။စံပါးပင်တွေပေါ်ကိုပါ သွေးတွေပေကုန်တာကြောင့် အကုန်လုံးစိတ်ပူပြီး သူ့ဘေးနားမှာဝိုင်းအုံနေကြတော့သည်။မရင်ဆိုသူက သူမရဲ့ ခေါင်းပေါင်းစကို ဆွဲဖြဲလိုက်ပြီး သူ့လက်မှာစည်းနှောင်လိုက်လေသည်။

ဒဏ်ရာက သိပ်မနက်ပေမဲ့ ဒဏ်ရာ ရတာပဲကောင်းသွားသည်ထင်ပါရဲ့ မွှေးကပါ စိုးရိမ်သည့်မျက်၀န်းလေးတွေနှင့် သူ့ကိုကြည့်လာသည်။
အကုန်လုံးကတော့ ကောက်ဆက်မရိတ်ပဲ ပြန်ဖို့သာတိုက်တွန်းနေကြ၍ သူလည်းတံစဉ်ကိုချပြီး 
ကန်သင်းရိုးပေါ်သို့ ပြန်တက်လိုက်ရသည်။

"စံပယ်ရေ..ဒေါ်ကြည်ဝေတို့အိမ်ကို ပြန်တာလိုက်ပို့ပေးလိုက်စမ်းပါဟာ...တော်ကြာလမ်းမှာတစ်ခုခုဖြစ်မှာ စိုးလို့....နင့်အတွက်ပါရောပြီး ရိတ်ထားလိုက်မယ်..."

"ဟုတ်..ဟုတ်ကဲ့မစိုး..ကျွန်မသိပ်မကြာဘူး...
ပြန်လာခဲ့ပါ့မယ်...."

"အေး...အေး...

အမှန်တွင်တော့ နေဂုဏ်မာန်ဟာ အသက်သုံးဆယ်နားနီးသည့် လူတစ်‌ယောက်ဖြစ်တာ‌ကြောင့် 
သက်တူရွယ်တူ အပျိုကြီးတွေဖြစ်ကြတဲ့ မစိုးတို့ မလှရီတို့လိုက်ပို့ပါက သူများအတင်းပြောစရာဖြစ်မှာသေချာသည်။ထို့‌ကြောင့် အဖွဲ့ထဲမှာအသက်အငယ်‌ဆုံးဖြစ်သည့် စံပယ်မွှေးကိုသာ လိုက်ပို့ခိုင်းခြင်း ဖြစ်သည်။

လှည်းလမ်းကြောင်းလေးတွင် နှစ်ယောက်အတူ ယှဉ်‌တွဲပြီးလမ်းလျှောက်နေရပေမဲ့ သူ့မွှေးက စကားတစ်လုံးမှမပြောပဲ မျက်မှောင်တောင်
 ကြုံ့ထားလိုက်သေးသည်။
ဒီလိုနှစ်‌ယောက်တည်းရှိသည့်အခြေအနေမျိုးက နောက်ထပ်ဖန်လာဖို့ ခက်ခဲနိုင်တာကြောင့် 
မွှေးကို စကားပြောဖို့ ကြိုးစားကြည့်မိသည်။
သို့ပေမဲ့ သူမကသူ့ကို တစ်စက်မှ အရေးမလုပ်ဘူး။

"မွှေး..မွှေး.."

"ဘယ်လိုဖြစ်လို့ တစ်မွှေးထဲမွှေးနေတာလဲ.."

"ကိုယ့်ကိုစကားပြောအုံးလေ..အား..ဒီမှာလက်ကအရမ်းနာနေတာ..စကားပြောပေးမှ..အာရုံပြောင်းမှာပေါ့.."

အရမ်းနာနေတယ်လို့ ပြောတော့ စံပယ်လည်း 
သူ့ဘက်သို့ပြန်လှည့်ကြည့်လိုက်သည်။
ဒဏ်ရာကို အ၀တ်စည်းထားပေမဲ့ အ၀တ်စကိုဖောက်ပြီး သွေး တွေ ရဲနေလေသည်။
ကိုယ်တိုင်တံစဥ်ရှတုန်းကတောင်  ဒီလောက်အထိ
မစိုးရိမ်ခဲ့မိပေ။အခုတော့ သူ့လက်ကိုကြည့်ပြီး စိတ်ထဲမှာ ၀မ်းနည်းမှုနှင့် နာကျင်မှုက တစ်လှည့်စီဖြတ်ပြေးနေသလိုပဲ။

"..ဘောပင်ကိုင်တဲ့လက်က ဘာလို့တံစဉ်ပြောင်းကိုင်ချင်နေရတာလဲ...အဲ့ဒီ့အစားဒီမှာအချိန်ကုန်ခံပြီးမနေပဲ ရန်ကုန်ကိုသာပြန်သွားပြီး ကိုယ့်လုပ်ငန်း‌ တွေကိုသာ ပြန်လုပ်နေလိုက်ပါလား..
..လက်ချောင်းတွေဘာတွေပြတ်သွားရင်ဘယ်လိုလုပ်မလဲ..ရှင်တော်တော်မဟုတ်တာလုပ်တယ်.."

"ကိုယ်မဟုတ်တာလုပ်နေတာမဟုတ်ဘူး..မွှေးကိုသက်သေပြနေတာလေ.."

"ဘယ်လို..ကျွန်မကိုသက်သေပြနေတာ.."

လေတွေက တဟူးဟူးတိုက်နေတာကြောင့် သူ့ရဲ့ဆံပင်တိုတိုလေးတွေက ယိမ်းထိုးနေလေသည်။
စံပယ့်မျက်နှာကို ဆိုက်ကြည့်နေသည့် သူ့မျက်၀န်းတွေဟာ ရန်ကုန်မှာလို အားအင်အပြည့်၊ဝံ့ကြွားမှု အပြည့်နှင့်ဖြစ်မနေပဲ အသနားခံမှု၊အရှုံးပေးလိုမှုတွေနှင့်သာ ပြည့်နှက်နေသည်။
သူ စံပယ့်ကို အသနားခံနေတာလား။
သူ့လို့လူက  စံပယ့်လိုလူတစ်ယောက်ကို အသနားခံစရာ အကြောင်းမှမရှိပဲလေ။ 

"ဟုတ်တယ်..ကိုယ့်ကိုဘုန်းကြီးကျောင်းမှာ..
မွှေးကိုယ်တိုင်ပြောခဲ့တယ်လေ..ရွာမှာရှိတဲ့
အပင်ပန်းဆုံးအလုပ်တွေ..အကုန်လုပ်ပြရမယ်ဆို
..အခုမှကိုယ်က စံပါးရိတ်ပြရုံပဲရှိသေးတယ်..ဒီလိုအလွဲတွေဖြစ်နေတော့..ကိုယ့်ကိုစိတ်ပျက်သွားပြီလားဟင်.."

"ကျွန်မပြောခဲ့တဲ့ စကားကြောင့် ရှင်ဒီလိုလုပ်နေတာလို့ ပြောချင်တာလား...."

"ဟုတ်တယ်....ကိုယ်‌ မွှေးနဲ့ ပြန်အဆင်ပြေချင်တယ်....မွှေးဖြစ်ချင်တာမှန်သမျှ ကိုယ်ဖြည့်ဆည်းပေးပါ့မယ်...."

"မဖြစ်နိုင်တော့ဘူး....ရှင်ရန်ကုန်ကိုပဲ ပြန်လိုက်ပါတော့...ကျွန်မကရှင့်ရဲ့ ပစ္စည်းဥစ္စာတွေကို မက်မောခဲ့လို့ ရှင့်ကိုပြန်ကြိုက်ခဲ့တာလည်းမဟုတ်ဘူး...
အခုလည်း အဲ့လိုပဲ ရှင့်ဆီကနေ ကျွန်မဘာတစ်ခုမှ မလိုအပ်တော့ဘူး....ရန်ကုန်ကိုသာ ပြန်လိုက်ပါ..."

"မွှေး....ကိုယ့်ကိုအဲ့လိုမပြောသင့်ဘူး...မွှေးရဲ့တစ်မျက်နှာတည်းကြောင့် ကိုယ်ဒီနေရာမှာ ရှိနေတာပါ....ကျန်တာတွေက မွှေးလောက်အရေးမကြီးဘူးလို့ ကိုယ်တွေးထားလို့ မွှေးရှိတဲ့နေရာမှာ ကိုယ်ရောက်နေတာပေါ့....မွှေးကသာ ကိုယ့်ရဲ့ပထမဦးစားပေးပဲ..."

သူ့ရဲ့စကားကစံပယ့်အသဲကိုညာတာပါတေးနဲ့ ခြွေယူနေတာလားပဲ။
ကိုမြို့သားဆိုတဲ့အတိုင်း စကားပြောတာကလဲညက်ညက်က‌လေးရယ်ပါ။မွှေးကသာ ကိုယ့်ရဲ့ပထမဦးစားပေးတဲ့။ကိုယ့်သားသမီးတွေကို ဒုတိယနေရာမှာထားတဲ့ လူကဘယ်မှာရှိပါ့မလဲ။
ရှင့်စကားကို ယုံချင်ပေမဲ့ မယုံရဲဘူး။
တိုက်ရိုက်မေးလိုက်ချင်ပေမဲ့ ရှင့်ဆီကနေပြောထွက်လာမဲ့ အမှန်တရားတွေကို ကျွန်မပြန်ကြားရရင် 
ရင်ထဲမှာရှိနေတဲ့ အနာလက်ကျန်ကပိုပြင်းထန်လာလိမ့်မယ်။
မစဉ်းစားမဆင်ခြင်ပဲ ရှင့်အချစ်ကို လက်ခံမိခဲ့တဲ့ ကိုယ်ကိုကိုယ်လည်း တုံးလိုက်တဲ့မိန်းမလို့ အပြစ်မတင်ချင်ဘူး ။

ဦးနှောက်ထဲမှာ သူ့ကလေးနှစ်ယောက်ဆိုတာကြီးကိုသာ မတွေးမိရင် သူ့ရဲ့နာသွားတဲ့လက်ကလေးကိုလည်း တယုတယကိုင်ကြည့်မိမှာဖြစ်သလို 
စံပယ်စိတ်ပျက်သွားမှာကို မကြောက်ပါနဲ့လို့လည်း အခါတစ်ရာလောက် နှစ်သိမ့်ပေးနေမိမှာပါ။
အခုတော့ စံပယ်ရှင့်ကို စိတ်ပျက်ခဲ့ပြီးပြီ။
စံပယ်တို့ကြားမှာပြတ်သားမှရတော့မယ်။

"မနက်ဖြန်..သတင်းကျွတ်လပြည့်နေ့ဆိုတာရှင်သိတယ်မှတ်လား.."

"အင်းကိုယ်သိတယ်လေ.."

"မနက်ဖြန်‌ ညနေခြောက်နာရီမှာ..ဘုရားဆိပ်ကိုလာခဲ့ပါ..အဲ့မှာဆီမီးပူဇော်ကြမှာ..ကျွန်မရှင့်ကိုတိကျတဲ့အဖြေတစ်ခုပေးမယ်..အခုတော့သွားကြတာပေါ့..."

"ကိုယ်စိတ်ချမ်းသာရမှာလားမွှေး.."

"အဲ့ကျရင်သိမှာပေါ့..."

နေဂုဏ်မာန်ကြိတ်ပျော်နေမိသည်။
ဒီအတိုင်းဆိုရင်မွှေးကသူ့ကိုမီးစိမ်းပြတော့မယ်ထင်တယ်။‌
ကျေးဇူးရှင်တံစဉ်ရှသွားတဲ့ လက်ကလေးကိုတောင် အာဘွားပေးလိုက်ချင်မိသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼

သီတင်းကျွတ်လပြည့်နေ့🪔🪔🪔🪔

"စံပယ်သဘောမတူဘူးနော်..အဖွား..လုံး၀ပဲ.."

"ဟဲ့..သူတို့လိုပညာတတ်၊ဥစ္စာရှိမျိုးရိုးက 
ညည်းကို..ဒီလိုတန်ဖိုးထားပြီး..လာနားဖောက်ချင်တာကိုဘာတွေသဘောမတူဖြစ်နေရတာလဲ..ဟမ်.."

"မသိဘူး..အဖွားရယ်..အဲဒီ့..မိုးနီကိုလဲမလိုချင်ဘူး..
မိုးညိုကိုလဲမလိုချင်ဘူး..
အဲ့လောက်ပေးစားချင်နေလဲ...
..အဖွားမွေးထားတဲ့ ၀က်မကြီးနဲ့သာပေးစားလိုက်..
သူသာဆိုရင် အမြီးနံ့ပြီးတော့ကိုယူမှာ ကျိန်းသေတယ်"

"ဒေါက်!!"

"အာ့!!!အဖွားနော်..သူဖြစ်ချင်တာမဖြစ်ရရင်အဲ့လိုပဲလိုက်ခေါက်နေသိလား..နေပါအုံး
စံပယ့်အသက်ကအခုမှ နှစ်ဆယ့်တစ်နှစ်တောင်
မပြည့်သေးဘူး..ဘာလို့ယောက်ျားအတင်းပေးစားချင်နေရတာလဲ..ကိုယ့်မြေးမလေးကို စောစောခွဲနိုင်တယ်ပေါ့လေ.."

"ဟဲ့..ငါ့အသက်က ခြောက်ဆယ်ပြည့်တော့မယ်ဟဲ့..
ရုတ်တရက်ငါများသေသွားရင်..ညည်းဘယ့်နှယ့်လုပ်မလဲ..အဲ့တော့ညည်းကိုလင်ပေးစားပြီးမှ..
ငါအသေဖြောင့်မယ်.."

"အဖွားရယ်..ယောက်ျားတစ်ယောက်ကို မှီခိုရမှ ရပ်တည်နိုင်မယ်ဆိုရင် ကျွန်မသိပ်ညံ့ရာကျသွား
မှာပေါ့....နောက်ပြီး...လူတစ်ယောက်ယောက်သေလို့..ကျန်ခဲ့တဲ့လူကဒုက္ခရောက်မယ်ဆိုတာ
မဖြစ်နိုင်လိုက်တာ..ဥပမာစံပယ်ပေါ့..အဖွားကိုအခု‌‌ရောဘယ်သူကလုပ်ကျွေးနေတာလဲ..
အဖွားမရှိလဲ ကိုယ့်ခြေထောက်အပေါ် ကောင်းကောင်းရပ်တည်နိုင်ပါတယ်.."

"မယုံပါဘူးအေ.."

"မယုံရင် အဖွား အခုပဲသေကြည့်လိုက်ပါလား..ဘာခက်တာမှတ်လို့.."

"ကျေးဇူးကန်းတဲ့ဟာမ....ညည်းကငါ့ကိုတောင် အစမ်းသေခိုင်းနေတာပါလား...."

"အာ့!!!ခေါက်ပြန်ပြီ..အီဟီး.."

"ငါသေသွားခဲ့ရင်...ဒီအိမ်‌လေးမှာ ညည်းတစ်ယောက်ပဲကျန်နေခဲ့ရမှာ...မိန်းကလေးတစ်ယောက်တည်းနေတဲ့ ဟော့ဒီ့အိမ်လေးက လုံခြုံပါ့မလား...ပတ်၀န်းကျင်အမြင်မှာ‌ရော...
အုပ်ထိန်းသူမရှိတဲ့ မိန်းကလေးကို ဘယ်လိုတန်ဖိုးထားပါ့မလဲ...မှတ်ထား..ငါညည်းအဖွားပါ..
ညည်းထက်အရင်လူ့လောကထဲကို ငါ၀င်လာတာပါအေ..ငါခိုင်းတာပဲလုပ်ရမယ်.."

"ဟုတ်ပါတယ်..လူ့လောကထဲကိုအရင်၀င်လာလို့ပဲ..အတွေးအခေါ်တွေက ကျောက်ခောတ်ကကိုမတတ်တာ......"

"သေနာမ..ငါလုပ်ထည့်လိုက်ရ.."

"အမယ်လေး..!!!"

ဘေးကသနပ်ခါးတုံးနဲ့ကောက်ပေါက်ဖို့ရွယ်ယုံရှိသေးတယ် အိမ်ပေါ်မှ ဖနှောင့်နှင့်တင်ပါး တစ်သားထဲကျအောင် ပြေးဆင်းသွားလိုက်တာများ အနောက်ကနေ ကျားလိုက်ဆွဲသလားမှတ်ရတယ်။

"ညည်းမသိပါဘူးအေ..ဒီအဖွားကြီးရဲ့ရင်ထဲမှာညည်းအတွက်ဘယ်လောက် ပူပန်နေရသလဲဆိုတာ.."

လူငယ်တွေဟာ လူကြီး‌တွေရဲ့အတွေးကို ဘယ်သိနိုင်ပါလိမ့်မလဲ။
ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင်တဲ့ ဒီနေ့မနက်အသက်ရှင်နေနိုင်ပေမဲ့ နောက်တစ်နေ့မနက်ဟာ သူမအတွက်မသေချာနိုင်တဲ့ အနာဂတ်နေ့ရက်တွေဆိုတာ သူမသိပ်သိတာပေါ့။

အဖွားကြီး ကြည်မေသာ အခုနေဖြုတ်ခနဲသေသွားကြည့် စံပယ်မွှေးဆိုတဲ့မိန်းမငယ်လေး လူ့လောကထဲမှာ အထီးကျန်စွာကျန်ရစ်ခဲ့ရရင်ဆိုသည့် အတွေးများက သူမ၏စိတ်အစဉ်မှာ တွယ်ညှိနေတဲ့ ပူပင်သောကတွေဖြစ်နေသည်လေ။
အနည်းဆုံးတော့ စံပယ်မွှေးလေးကို စိတ်ချရတဲ့ လူတစ်ယောက်ရဲ့လက်ထဲမှာ အပ်ထားခဲ့ပြီးပြီဆိုတဲ့ စိတ်လေးနဲ့ တမလွန်ကို စိတ်အေးလက်အေး 
ကူးဖြတ်ချင်မိသည်။။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

သီတင်းကျွတ်လပြည့်ည🌝
🪔🪔🪔🪔🪔

သီတင်းကျွတ်လပြည့်ညမှာသာတဲ့ လမင်းကြီးက
စံပယ့်အတွက်တော့ အရင်လပြည့်နေ့တွေထက်ပင်ပိုဝိုင်း၊ပို‌တောက်ပနေ‌သယောင် ထင်မှတ်မိသည်။

သီတင်းကျွတ်လပြည့်နေ့ဟူသည် မြတ်စွာဘုရားရှင်ဟာ တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူတဲ့နေ့ဖြစ်လို့ ဆီမီးများထွန်း၍ပူဇော်ကြခြင်းဖြစ်သည်ဟု လူကြီးများကဆိုကြသည်။

စံပယ်တို့တစ်ရွာလုံးမှာလည်းဆီမီးတိုင်တွေထိန်ထိန်
ညီးနေ‌လေတော့သည်။
အုန်းပင်စုနှင့်ပွတ်စလီရွာနှစ်ရွာ၏အလယ်မှာရှိ
သည့် ဘုန်းကြီးကျောင်းနှင့် မျက်နှာချင်းဆိုင်လမ်း
နံ‌ဘေးတွင် ကြာပန်းများပွင့်လန်းသည့် ကြာကန်ကြီးတည်ရှိနေသည်။

ထိုကြာကန်၏တောင်ဘက်စွန်းစွန်းတွင်ရှိသော ချောင်းနံဘေးမှ ဘုရားဆိပ်မှာတော့ ဆီမီးမျှောသူကမျှော၊စေတီလေးမှာ ဆီမီးကပ်လှူသူကလှူနှင့် 
လူများစည်ကားနေလေတော့သည်။
သိပ်မကြာခင်မှာပဲ ဦးနေဂုဏ်မာန်၏ မတည်မှုနဲ့ 
ဒီစေတီလေးကိုပြန်ပြုပြင်တော့မည်ဖြစ်လေသည်။

"ဟဲ့စံပယ်ရေ..ဆီမီးတွေ‌ချောင်းထဲကို မျှောကြမယ်လေ.."

"ဟို..ဟိုလေ.."

"ဘာမှမဟိုနဲ့...အမြန်လာ.."

အခြားအဖော်တွေကဆီမီးမျှောရန် အတင်းလာခေါ်နေကြ၍ ကမ်းစပ်သို့သွားလိုက်ရပေမဲ့ စံပယ်သူ့ကိုမျှော်နေမိသည်။
နောက်ဆုံးနှုတ်ဆက်တဲ့‌ နေ့အဖြစ်သူနဲ့ဆီမီးအတူတူမျှောချင်ပါရဲ့။

မိုးနီနှင့်အတူနေဂုဏ်မာန်ရောက်လာသည့် အချိန်မှာ မွှေးကချောင်းစပ်တွင် ဆီမီးမျှောရင်းလက်အုပ်ချီကာ ဆုတောင်းနေပုံရလေသည်။

ဒီနေ့မှ အနီရောင်၀မ်းဆက်လေးနဲ့ ဆံပင်အရှည်ကြီးတွေကို အပေါ်တစ်ရစ်ပဲစည်းပြီးချထားတဲ့ သူ့အမျိုးသမီးလေးက ကျက်သ‌ရေရှိလိုက်လေခြင်းလို့ ကြွေးကြော်ပြစ်လိုက်ချင်သည်။

ချောင်းထဲတွင် ရေအလျှင်နှင့်စီးမျောလိုက်ပါနေသည့် ဆီးမီးအလင်းရောင်တွေအကုန်လုံးဟာ 
သူမကိုယ်ပေါ်သို့ ရောင်ပြန်ဟပ်နေသလား မှတ်ရ‌ လောက်အောင် သူမလေးရဲ့အလှကအများကြားမှာ ထင်ပေါ်လွန်းနေသည်။

ပါးမှာ‌လည်း သနပ်ခါးဖွေးဖွေးလေးကိုတင်ထားပြီး အရှေ့ကိုကျလာသည့် ဆံနွယ်ရှည်ကြီးတွေကို ကျောဘက်သို့ သပ်တင်ရင်းမှ ပြုံးလိုက်သည့်အခါ အင်မတန်ကိုချစ်စရာကောင်းလွန်းသည်။

အနီရောင်၀မ်းဆက်လေးနဲ့ဆံနွယ်များလှုပ်ခါသွားတဲ့ သူမရဲ့ကျောပြင်ကိုကြည့်ပြီး သူ့အတွေးထဲမှာတစ်ခုခုကိုမှတ်မိလိုက်သလိုပဲ။

မိုးသည်းတဲ့ညက သူမြင်ခဲ့တဲ့အနီရောင်အရိပ်ကလေး။
သူ့မိခင်ကိုတမ်းတ‌နေချိန်မှာသူ့ကိုထီးရိပ်လာမိုးပေးခဲ့သည့် မိန်းကလေးက မွှေးများဖြစ်နေမလား။
ကားပေါ်ကို တက်သွားတော့ သူမရဲ့ နောက်ကျောလေးကို သူသေချာမြင်လိုက်ပါတယ်။ဆံပင်ပုံစံလည်းတူသလို အိင်္ကျီပုံစံလည်း တူနေတယ်။

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်စွာပြုံးလိုက်မိပြီး 
စံပယ့်ကို လှမ်းကြည့်လိုက်စဉ်မှာတော့  မိုးနီက သူ့ကိုတောင် မပြောခဲ့ပဲ စံပယ့်အနီးသို့ရောက်နေလေသည်။နှစ်ယောက်သား ပြုံးပျော်နေကြတာကို 
မြင်လိုက်ရတော့ သူရင်ထဲမှာမုန်တိုင်းထန်လာသလိုပဲ။
ဒေါသရော သ၀န်တိုစိတ်ရောပါပေါင်းစည်းလာပြီး သူ့ခြေလှမ်းတွေကထိုနှစ်ယောက်ဆီသို့ခပ်သွက်
သွက်လေးလှမ်းနေမိသည်။

"မြို့သားလည်း..ဆီမီးလာမျှောတာလား.."

"ဟုတ်တယ်ဆိုပါတော့..ဟို..ကျွန်တော်မိုးနီဆီကိုခဏသွားချင်လို့..ခွင့်ပြုပါအုံး.."

"အယ်..ဒီလိုသာသနာမဖြတ်ရဘူးလေ..သူတို့
ဘာသာကြည်နူးနေကြတဲ့ဟာကို.."

"ဘယ်လို.."

သူ့ကိုအတင်းဝိုင်းအုံလာကြသည့် အမျိုးသမီးအုပ်စုကြောင့် သူအနေရခတ်နေစဉ် "ကြည်နူး"
တယ်ဆိုတဲ့စကားက သူ့ရင်ကိုလှိုင်းလုံးကြီးအရှိန်ပြင်းစွာရိုက်ခတ်လိုက်သလို ကျိန်းစပ်သွားစေသည်။

"ညီမပြောတာ..ကျွန်တော်နားမလည်ဘူး..ဘာကိုကြည်နူးတာလဲ.."

"ဟယ်..မိုးနီနဲ့တစ်အိမ်ထဲနေပြီးတော့..မသိဘူးလား..မကြာခင်မိုးနီက..ကျွန်မတို့စံပယ်လေးကို..မိသား၊ဖသားပီပီတောင်းရမ်းတော့မှာသိရဲ့လား...အဲ့ဒါ ဒေါ်ကြည်ဝေက..မင်္ဂလာဆောင်ရင် 
ကူလုပ်ဖို့တောင် ကျွန်မတို့ကိုကြိုပြောထားသေးတယ် "

"ဘာ!!!!"

သူ့အသံကကျယ်သွားတာကြောင့် မလှမ်း၊မကမ်းမှစံပယ်နှင့်မီုးနီပါ သူ့ဘက်ကိုလှည့်ကြည့်လာကြလေသည်။
သူလည်း မိုးနီနှင့် စံပယ့်ကို တစ်ချက်မျှ ခပ်စူးစူး
စိုက်ကြည့်လိုက်သည်။
ရင်ထဲမှာသာ တက်ခေါက်ပြီး ဘုရားဆိပ်မှပြန်လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်လုံးတွင် ပျော်ရွှင်နေသူတွေရဲ့အပြုံးတွေက သူ့ကိုလှောင်နေသယောင်ထင်မှတ်နေမိသည်။

ကိုယ်ဒီရွာအထိ လိုက်လာခဲ့တာက မင်းရဲ့မင်္ဂလာပွဲကို တက်ဖို့မဟုတ်ဘူးမွှေး။ကိုယ်မင်းကို ချစ်လွန်းလို့၊သစ္စာတရားကို မက်မောလို့ ကိုယ့်ဒယ်ဒီလို 
မဖြစ်ချင်လို့ပဲ။ ကိုယ်မှားသွားခဲ့ပြီလား။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်းဘက်ကနေ ကိုယ့်ကိုအပြတ်မငြင်းသ၍ ကိုယ်ရပ်တန့်ပစ်မိမှာ မဟုတ်ဘူး။ လူတစ်ယောက်ကို လွယ်လွယ်လေးစွန့်ပစ်ဖို့အတွက် ကိုယ်ချစ်ခဲ့တာမဟုတ်ဘူး။

တစ်သတ်လုံးအတွက် ရည်ရွယ်ထားခဲ့တာ။
အခုတော့ ခံစားချက်တစ်ခုကို အလေးအနက်ထားမိလို့ ‌ခံရတဲ့အခါလည်း ပိုနက်နဲနေမိတယ်။
ကိုယ်ချစ်မိခဲ့တာပဲ မှားတဲ့လုပ်ရပ်တစ်ခုလား။
ဒါမှမဟုတ် မင်းကိုချစ်ခြင်းမေတ္တာတွေ ပေါပေါသီသီပေးနေမိလို့ ကိုယ့်ကိုတန်ဖိုးမထားတာလား။
ကိုယ့်အချစ်တွေက မင်းအတွက်သိပ်ကိုတန်ဖိုးမဲ့နေတာလား မွှေး။

"မိုးနီ..မင်းကတယ်လက်သွက်ပါလား..
ရာရာစစ..ငါ့မိန်းကလေးကိုများ.."

ကိုယ့်မာနကြောင့်သူမကို စွန့်လွှတ်ပြစ်ဖို့ တွေးမိသလို တစ်ဖက်မှာလည်း သူမကိုစွန့်မခွာရပ်ပေ။
စီးပွားရေးနဲ့ပတ်သတ်ရင် ဆုံးဖြတ်ချက်ကို ပြတ်သားစွာချနိုင်ခဲ့တဲ့သူက ခံစားချက်နဲ့ပတ်သတ်ရင်တော့ ကန်ရေပြင်ကို ကျောက်ခဲကြီးကြီးနဲ့ပေါက်လိုက်သလို  လုံး၀မတည်ငြိမ်တော့ဘူး။

ကိုမိုးနီကစကားရောဖောရော လာလုပ်နေ၍ စံပယ်သူ့ဆီကိုသွားချင်ပေမဲ့ သွားမရဖြစ်နေသည်။
ရုတ်တရက်သူကစံပယ့်ကို မီးတောက်တော့မဲ့အကြည့်စူးစူးနဲ့ကြည့်ပြီး ချက်ချင်းလှည့်ပြန်သွား တော့ စံပယ့်ရင်ထဲမှာ နင့်ကနဲခံစားလိုက်ရတယ်။

ပြောတော့ စံပယ့်ကိုသက်သေပြချင်လို့ပါတဲ့။
အခုတော့ နှုတ်တောင်မဆက်ပဲ အရင်လှည့်ပြန်သွားတာက သူဖြစ်နေသည်။
လူ့စိတ်ဆိုတာ တယ်လည်းအစိုးမရတဲ့အမျိုး‌ပါလား။နေ့လည်ကတော့ အရမ်းကိုလေးနက်တဲ့ပုံစံနဲ့ သနားစရာလေးဖြစ်နေပြီး ညဘက်ရောက်တော့ တစ်မျိုးပြောင်းလဲသွားခဲ့တယ်။

အခန်း၂၀....ဆက်ရန်... 
                                        #စာရေးသူ_ဆောင်း‌ငွေ့ဝေ 

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

မကြာခင်မှာ ဇာတ်သိမ်းတော့မယ်နော်.....

#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည် 
#သနပ်ခါးရနံ့လေးကြူကြူမွှေး



========================================================================




#အခန်း၂၀


လပြည့်၀န်း၏ အလင်းရောင်သည် ရွာငယ်ကလေးအား လွှမ်းခြုံထွေးပွေ့ထားသည်။လေပြေအေးအေးနုနုကြောင့် သာယာပျော်ဖွယ် ညခင်းက အေးငြိမ့်စွာ စီးဆင်းနေသည်။ပုရစ်ငယ်တို့က ဟိုအပင်၊ဒီအပင်သို့ ကူးလူးနေကြသည့်နည်းတူ ကလေးငယ်များကလည်း ပျော်မြူးရွှင်လန်းစွာ လရောင်ရိပ်ကိုခို၍ ခုန်ပေါက်ကစားနေကြသည်။

သက်ကြီးပိုင်းများကမူ ကလေးများဆော့ကစားနေကြသည်ကို ကြည့်နေကြသူများရှိသလို ရွာလမ်းမပေါ်တွင် ထွက်ကာ မတ်တပ်ရပ်၍ အလာဘ၊
သဘာဘပြောဆိုနေကြသူများလည်း ရှိလေသည်။
ရွာရှိ ခြံဝိုင်းများဟာ အလွန်ပင်ကျယ်‌ကြသောကြောင့် အချို့က အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်ကြသူများရှိသလို  အဖီထိုးထားသည့်အောက်ရှိ 
ခုံတန်းရှည်များပေါ်တွင် ရေနွေးကြမ်းကလေးသောက်၊လက္ဖက်ကလေးစား၊
ထန်းလျှက်ကလေးဝါး၊ကွမ်းကလေးငုံ၍ ရှေးဟောင်းနှောင်းဖြစ်များကို စမြှုံ့ပြန် မဆုံးနိုင်အောင်ရှိကြသည်။

ငှက်တို့သည်လည်း အိပ်တန်းတက်နှင့်ကြသည်မို့ ညဉ့်အမှောင်ဟာ လရောင်အောင်တွင်ပင် 
လှပနေလေသည်။
တောရွာကလေးပေမို့ မီးရောင်မှိန်ဖျဖျတောင် 
မထွန်းလင်းရှာသော နောက်ဖေးချောင်းကလေးတွင်  ငွေလမင်း၏အလင်းရောင်ပြန်ဟပ်သော ရေပြင်ဟာ ငြိမ်သက်မှုအတိဖြစ်နေပြီး လှိုင်းတို့ဟာလည်း ပြေပြစ်စွာခရီးနှင်နေလေသည်။
လရောင်လွှမ်း၍ ခရမ်းရောင်ဗေဒါပွင့်ကလေးတွေဟာ ရေအလျှင်ကလေးနှင့် မျောပါရင်း လူးလွန့်နေသည့်နှယ် လှပလွန်းသည့် ကဗျာတစ်ပုဒ်ကို
ဆောင်ကျည်းပေးရှာသည်။

ထိုသို့သောတိတ်ဆိတ်မှုကို သဘာ၀ကြီးကဆောင်ယူပေးထားသော်ငြားလည်း ‌အုန်းပင်စုရွာရှိ ဒေါ်ကြည်ဝေတို့၏ ခြံဝိုင်းကလေး‌တွင်တော့ အသံဗလံတွေဆုံနေလေသည်။
ခိုက်ရန်ဖြစ်ပွား၍ အချင်းများသောအသံများမဟုတ်ပဲ ပျော်ရွှင်စွာ စကားနာလုနေကြသောအသံ၊
တောသူ၊တောသားတို့၏ ပွင့်လင်းမှုကို 
ဆောင်ကျည်းပေးသော အသံပင်ဖြစ်သည်။

လူစုလူဝေးနှင့် ရှိနေကြတာကြောင့် ခြံဝိုင်း၏
မျက်စောင်းထိုးရှိ သရဲခြောက်လှပါသည်ဆိုသော ဝါးရုံတောကိုလည်းသတိမရကြပေ။
ပျော်ရွှင်မှုသည် လူ၏စိတ်ကိုမြူးထူးစေသည်မှာ 
အင်မတန်မှန်၏။
အပျော်ကြူးပါကလည်း အရူးဖြစ်တတ်လေသည်။သို့ပေမဲ့ ဤလူတစ်စုအတွက်တော့ သည်လို အပျော်ကလေးဟာ ရခဲလှသော ရှားပါး
သည့်ပျော်စရာ အခွင့်အရေးလေးပင်ဖြစ်လေသည်။

"ဟဲ့..အပျိုကြီးဘ၀က ကျွတ်ချင်တဲ့လူတွေ..မုန့်များများပိုလုပ်ကြနော်.."

"အောင်မယ်..ဒီမှာဖားကြီး..နင့်ကိုသာပြန်ကြိုက်မဲ့သူမရှိလို့..ဖားဘ၀ကနေမကျွတ်သေးတာဟဲ့
သိရဲ့လား..ကြာရင်..ဖားကနေပိုးဟပ်ဖြစ်မှာမြင်ယောင်တယ်.."

"ဟဲ့ဘာတုန်း..ပိုးဟပ်ဆိုတာ.."

"နင်ကလဲ..သူပိုးတဲ့လူမှန်သမျှ..သူများကဟပ်ဟပ်သွားတာလေဟယ်.."

"ဟာ..ဟ..ဒါတော့သိပ်မှန်..အခုစံပယ့်ကိုပဲကြည့်..
မိုးနီကအသံတောင်မပေးဘူး ဟပ်တော့မယ်..."

သတင်းကျွတ် လပြည့်နေ့ဖြစ်တာကြောင့် 
 ‌ဒေါ်ကြည်ဝေဟာ သူ၏ခြံ၀န်းထဲတွင် ရွာထဲမှ ‌အမျိုးသမီးတို့နှင့် သူ့ထံတွင်အလုပ်လုပ်ဖူးသော အလုပ်သမားမှန်သမျှကို ခေါ်ယူကာ ပျော်ပျော်ပါးပါး မုန့်လုပ်စားဖို့ ခေါ်ထားသည်မို့ ဒေါ်ကြည်ဝေ၏ ခြံ၀န်းလေးဟာ ပွဲဈေးတန်းအလား စည်းကားလွန်းပေသည်။

မြေကြီးပေါ်တွင် အုတ်နီခဲများကို တြိဂံပုံသဏ္ဍန် 
ပြုလုပ်ထားပြီး ထင်းမီးနိုင်နိုင်ထိုးထား၍ မီးညွှန့်၊မီးပွားကလေးတလူလူတက်လာလေသည်။
ထင်းနှင့်မွှေးသောမီးဖြစ်၍ အခိုး၊အငွေ့
တလူလူထွက်လှသော်လည်း ခြင်ကိုက်တောင်သက်သာသေးသည်ဟု မှတ်ကြ‌သည်။

"စံပယ်ကလေးရယ်တဲ့ ဖူးငုံငုံ...မကြာခင်ပွင့်လမ်းတော့မည်...ခူးလှည့်မယ်လေး...ဟုတ်သလား...
စံပယ်ရေ..."

"မစိုးတို့နော်....ဘာတွေပြောနေကြတာလဲ...မဟုတ်ဘူး...မဟုတ်ဘူး..."

"အမယ်လေး...လျှိုမနေစမ်းပါနဲ့အေ...."

ကိုမိုးနီနဲ့စံပယ့်ကိုအတင်းလှော်နေတဲ့အဖွဲ့ကြောင့် 
အိမ်ကိုသာ တန်းပြေးချင်စိတ်တွေ ဖြစ်နေမိသည်။
ကိုမိုးနီကိုလည်း စံပယ်တစ်စက်မှ ရင်မခုန်သလို စိတ်လည်းမ၀င်စားဘူး။စံပယ့်ရင်ထဲမှာ ချစ်ရတဲ့လူဟာ အစတည်းက သူတစ်ယောက်တည်းပဲ ရှိသလို ဘယ်အချိန်မေးမေး သူကပဲ အတွေးထဲ၊နှလုံးသားထဲမှာ အမြဲစိုးမိုးနေခဲ့တာပါ။

သို့ပေမဲ့ နှလုံးသားနှစ်ခုကို ခြားထားတဲ့တံခါးတစ်ချက်အပြင် တံတိုင်းငယ်တွေ များများတည်ရှိနေတာကြောင့် စံပယ်ကျော်လွှားနိုင်ရင်တောင်
 သူ့ဆီကိုဘယ်တော့မှပြန်သွားတော့မှာ မဟုတ်ဘူး။
သူ့ကို စံပယ်ချစ်ပေမဲ့ သူ့အချစ်မှာတော့ လိမ်ညာမှုတွေပါနေတယ်။ ဘုရားဆိပ်မှာ သူနဲ့နောက်ဆုံးသော စကားတွေ ပြောဖို့ရှိနေပေမဲ့ သူထွက်သွားခဲ့တာ 
ဘာကြောင့်လဲ။

"မကြည်အေးတို့..ကျွန်မထင်းသွားယူပေးမယ်..
ထင်းတွေကဘယ်မှာထားတာလဲ.."

"အမယ်လေး..တို့အပျိုကြီးရှက်နေပြီပေါ့..
ထင်း‌တွေကရှိပါသေးတယ်..ယူချင်သပဆိုလည်း..
နောက်ဖေးကစပါးပုတ်စင်ရဲ့ ခြေရင်းဘက်မှာပုံထားတယ်..အဲ့ဘက်ကနဲနဲမှောင်တယ်..
သတိထားသွားနော်.."

"ဟုတ်ကဲ့.."

မုန့်လုပ်နေကြသော အဖွဲ့တွေက စကြနောက်ကြလုပ်တာကြောင့် စံပယ်လည်းထိုနေရာမှာ မနေချင်တော့တာနဲ့ ထင်းသွားယူဖို့ပဲ အာရုဲလွှဲလိုက်သည်။
ထင်ပုံတွေထားသော ပုတ်စင်က အိမ်ကြီးရဲ့ အနောက်ဘက်တွင် ဆောက်ထားတာကြောင့် 
အိမ်ခေါင်းရင်းဘက်မှ ပတ်သွားရသည်။
 ရွာကလေးက လျှပ်စစ်မီးမရသေးတာကြောင့် ပတ်၀န်းကျင်ကမှောင်နေလေသည်။
လရောင်ကြောင့်သာ ပတ်၀န်းကျင်ကို မြင်နေရခြင်းဖြစ်သည်။စံပယ်လည်း အိမ်ရှေ့ကလူတွေရဲ့
အပြောကို မခံနိုင်လို့သာ ထွက်လာမိပေမဲ့  တစ်ယောက်တည်းဖြစ်နေတာကြောင့် 
ခပ်ကြောက်ကြောက်နဲ့ ပုတ်စင်ရှိရာကို အမြန်သွားနေမိသည်။

ထိုစဉ် ရုတ်တရက် အကွယ်တစ်ခုမှ လူတစ်ယောက်ထွက်လာပြီး စံပယ့်လက်ကိုဆွဲကာ
 ဖက်လိုက်တာကြောင့် စံပယ်မျက်လုံးပြူးပြီး
 ထအော်မိလေသည်။

"အမယ်လေး!!ရှင်..ရှင်ဘယ်သူလဲ..လွှတ်..ကျွန်မကိုလွှတ်.."

"ကိုယ့်ကိုလှည့်စားရတာ..တော်တော်ပျော်နေတယ်ပေါ့.."

"ဟင်..ရှင်.."

"ဟုတ်တယ်..မင်းရဲ့နေဂုဏ်မာန်လေ..မင်းနဲ့စာရင်းရှင်းရအောင် မင်းနောက်ကနေလိုက်လာတာ..."

"ဘာကိုစာရင်းရှင်းမှာလဲ.."

"မင်း..အတိတ်မေ့ချင်ယောင်မဆောင်နဲ့..မင်းနဲ့မိုးနီကဘာတွေလည်း..မှန်မှန်ပြောနော်.."

အမှောင်ထဲမှာပေမဲ့ လပြည့်၀န်း၏အလင်းကြောင့် သူ့မျက်၀န်းမှဒေါသမီးတွေကို စံပယ်ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဘုရားဆိပ်ကကိစ္စမှာ စံပယ့်ဘက်ကစိတ်ဆိုးရမဲ့အစား သူကလာစိတ်ဆိုး‌ပြနေတယ်။
သူ့ဘက်ကမလုံတဲ့အိုးကို တမင်ပဲဖာထေးချင်လို့လား။ ဒါမှမဟုတ် စံပယ့်ကိုသ၀န်တိုနေလို့ မေးနေတာများလား။

"ဘာတွေလာပြောနေတာလဲ..ကျွန်မနဲ့သူကမိတ်ဆွေအဆင့်ပဲ..ဘာမှမပိုဘူး.."

"ဒါဆိုမိုးနီကမင်းကိုလာတောင်းမယ်ဆိုတာကရော.."

"အဲ့ဒါကအဖွားဘာသာလျှောက်စီစဉ်နေတာ..
ကျွန်မကတော့လုံး၀ပဲ.."

"သေချာလား.."

"ဒီမှာ..ကျွန်မစကားကိုနှစ်ခါမပြောဘူး.."

"အဟင်း..ဒါကြောင့်မွှေးကိုချစ်နေရတာသိလား.."

"ဟင်..ရှင်ရှေ့ကိုတိုးမလာနဲ့နော်.."

မှောင်နေပေမဲ့ ရောင်ဝါဖွေးဖွေးလပြည့်၀န်းကြောင့် သူစံပယ့်အနားသို့တိုးကပ်လာသည်ကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။

စံပယ်ထွက်ပြေးရန်ပြင်လိုက်‌တော့ ခါးကိုသူ့လက်နှစ်ဖက်နဲ့လှမ်းဆွဲပြီး အတင်းဖက်လေသည်။
သူ့မျက်နာကြီးကတစ်ဖြည်းဖြည်းနဲ့တိုးကပ်လာတာကြောင့် ထိတ်လန့်သွားမိသည်။

"ရှင်..ရှင်မလုပ်နဲ့နော်..လွှတ်.."

"ကိုယ်စိတ်ရှိုင်း၀င်လာရင်..ဘယ်သူမှအမိန့်ပေးလို့မရဘူး.."

စံပယ်ငြင်းဆန်ဖို့မရလောက်အောင်အထိ ပါးပြင်ပေါ်မှ သူ့အနမ်းတွေကပြင်းထန်လွန်းသည်။
လပြည့်၀န်းကြီးက ချစ်ကြည့်နူးနေသည့် စုံတွဲလေးကို ငုံ့မိုးကြည့်နေသယောင် ထင်မှတ်ရလေသည်။
လ၀န်းဝိုင်းဝိုင်းထဲမှ ယုန်ကလေးနှင့် ဆန်ထောင်းနေသောအဖိုးအိုတို့ကပါ စံပယ်တို့ကို ကြည့်၍ လှောင်နေသယောင် ခံစားလာရသည်။

"ကိုယ်နဲ့ရန်ကုန်ကိုပြန်လိုက်ခဲ့ပါကွာနော်.."

"သေလိုက်ပါလား..ရှင့်လိုကလေးနှစ်ယောက်
အဖေကြီးရဲ့နောက်ကို သေတာတောင်မလိုက်ဘူးလူယုတ်မာရဲ့....ရှင်ရန်ကုန်ကိုပဲပြန်လိုက်တော့..."

"ဟမ်....မွှေးဘာပြောတာလဲ..."

သူ ကြောင်ပြီးလွှတ်ပေးလိုက်တယ်ဆိုရင်ပဲ သူမကလှစ်ကနဲပြေးထွက်သွားလေသည်။
လရောင်အောက်တွင် အမှောင်ရိပ်ကိုခို၍ 
သူတွေတွေငေးငေး ရပ်နေမိသည်။
သူဟာဒီနေရာနှင့်လည်းစိမ်းသလို ဒီကလူတွေအကုန်လုံးနှင့်လည်း စိမ်းသက်သည့်လူတစ်ယောက်ပင်။အခု မြေကြီးပေါ်မှာ ရပ်နေမိတာကိုက သူ့ရဲ့စိတ်နဲ့မဟုတ်နေသလိုပဲ။

ချယ်ရီစူး မွှေးကိုဘာတွေ ပြောလိုက်တာလည်း
ခုဏကမွှေးပြောသွားတဲ့စကားတွေက မြန်လွန်းလို့သူသိပ်မကြားလိုက်မိဘူး။ဒါပေမဲ့ ကလေးအဖေဆိုတာကိုတော့ ကြားလိုက်မိတယ်။

"ကလေးအဖေဆိုတာ ...ငါ့ကိုပြောနေတာလား...
ဟာ....ဘာတွေလည်းကွာ..ငါဘယ်တုန်းက 
ကလေးနှစ်ယောက်အဖေဖြစ်သွားတာပါလိမ့်..
ငါလဲမသိလိုက်ရပါလား.."

စိတ်ညစ်ညူးလာ၍ ဆံပင်တွေကို အားပြင်းပြင်းနှင့် သပ်ချလိုက်မိသည်။အေးမြလန်းဆန်းနေတဲ့ လရောင်ကတောင် သူ့ကို အပူလှိုင်းတွေ ထစေသလားမပြောတတ်ပေ။
ချစ်မိရင် တကယ်ကိုပူလောင်ရတာပါလား။
နှစ်နှစ်ကာကာချစ်မိလေ ပိုနက်နဲတဲ့ရသတစ်ခုကို ခံစားရလေပဲ ထင်ပါရဲ့။

"မောင်နေဂုဏ်...ဒီညတော့ ဒီရွာမှာပဲအိပ်လိုက်နော်..."

"ဟုတ်ကဲ့ခင်ဗျ...."

အိမ်ရှေ့တွင် ဒေါ်ကြည်ဝေတို့နှင့် အတူထိုင်နေရင်း
မုန့်လုပ်နေကြသော အမျိုးသမီးအဖွဲ့ထဲမှ မွှေးကိုမသိမသာငေးကြည့်နေမိသည်။ တင်ပါးအုပ်ထိရှည်တဲ့ ဆံပင်တွေကို ကျစ်ဆံမြှီးလေးကျစ်ကာထားတာကြောင့် အသက်နှစ်ဆယ်ဆိုတာထက်ဆယ်ကျော်သက်အရွယ်ကလေးနှင့်ပင်တူနေသည်။
သနပ်ခါးကို စက်ဝိုင်းသဏ္ဍန်လေး ပါးမှာတင်ထားပြီး နူးညံ့သည့် ချစ်စဖွယ်အပြုံးလေးနဲ့ ပေါင်းလိုက်သောအခါ မွှေးပျံ့တဲ့စံပယ်ပွင့်ချက်ကလေးတွေ ကြွေကျလာသလိုပါပဲ။

ခုဏက ကြမ်းတမ်းစွာသူမွှေးကြူလိုက်တဲ့ ပါးပြင်လေး မဟုတ်ပါလား။
သနပ်ခါးရနံ့သင်းသင်းကလေးကတော့ အခုထိနှာသီး၀မှာ စွဲထင်ခဲ့တုန်းပင်။
ချစ်တဲ့ မျက်စိနှင့်ကြည့်၍ထင်ပါရဲ့ သူမရဲ့ အပြုအမူတိုင်းက သူ့အတွက် ချစ်စရာကောင်းနေလေသည်။

"...ဒါနဲ့မောင်နေဂုဏ်...မနက်ဖြန်ကြရင် စံပယ်လေးကို တောင်းရမ်းဖို့ ‌အဖွားကြည်မေတို့အိမ်ကိုသွားကြမှာ အပန်းမကြီးရင် လိုက်ခဲ့ပါလား..."

"ဗျာ....စံပယ့်ကိုတောင်ရမ်းဖို့...ဟုတ်လား..."

"ဟုတ်တယ်လေ...စံပယ့်အဖွားကလည်း 
လာတောင်းရမ်းဖို့ သဘောတူလိုက်ပြီမို့ တစ်ခါတည်းမင်္ဂလာရက်ပါ သတ်မှတ်ခဲ့မှာလေ
...မောင်နေဂုဏ်လိုက်ရင်တော့ အတိုင်းမသိပေါ့ကွယ်...‌မကြာခင်မြို့ကိုပြန်တော့မယ်ဆိုပေမဲ့ မိုးနီရဲ့ မင်္ဂလာဆောင်ကြရင်လည်း လာခဲ့ပါအုံးနော်
...အဒေါ်ဖိတ်ပါတယ်..."

"စံပယ်မွှေးကရော မင်္ဂလာကိစ္စကို သဘောတူသလား...."

"အင်း ဖွားကြည်မေကတော့ သူ့‌‌မြေးကသူ့စကားကို မငြင်းဆန်ဘူးလို့ပြောတာပဲကွယ်...
ဒါကြောင့်လဲ လက်ခံတာပေါ့....တို့ကလည်း မိုးနီကတောင်းဆိုလာတော့ လိမ္မာရေးခြားရှိတဲ့ စံပယ်မွှေး‌ လေးနဲ့  သဘောမတူနိုင်စရာမရှိပါဘူး.."

"မကြည်နဲ့လည်း အဖော်ရတာပေါ့..."

"ဟုတ်တာပေါ့....ဟုတ်တာပေါ့.."

ဒေါ်ကြည်ဝေက ၀မ်းသာအားရနှင့်ပြောပြနေသလို ဘေးနားမှလူတွေကလည်း ၀မ်းပန်းတသာရှိနေကြလေသည်။
မပြုံးမရယ်နိုင်၊၀မ်းမသာနိုင်သည့်လူဟာ 
သူတစ်ယောက်တည်းသာရှိပေလိမ့်မည်။
မုန့်လုပ်သည့်နေရာတွင် ဝိုင်း၍ထိုင်နေရင်း ရယ်မောနေသည် စပယ့်ကိုသူလှမ်းကြည့်လိုက်မိသည်။

...မွှေးရေ ကိုယ့်အတွက်ကြတော့ရော။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"မိုးနီ..ခင်များကို ကျွန်တော်ပြောစရာရှိတယ်..ချောင်းစပ်ကိုခဏလိုက်ခဲ့ပါ..."

ကိုနေဂုဏ်ကိုကြည့်ရတာ အရမ်းထူးဆန်း‌နေတယ်။ပုံမှန်ဆိုရင် သူ့ကိုညီအစ်ကိုလို ပြောဆိုဆက်ဆံတတ်တဲ့လူက ဒီနေ့တစ်နေ့လုံး သူစိမ်းတစ်ယောက်လို ခပ်တည်တည် သာနေပြီး မျက်နှာမှာတစ်ခုခုကို အလိုမကျပုံပေါ်နေသည်။

‌မိုးနီလည်း တာလမ်းမ၏ ဘေးတစ်ဖက်ကုန်းစင်းမှ ချောင်းစပ်သို့ဆင်းသွားပြီး ကုက္ကိုလ်ပင်ကြီးတစ်ပင်အောက်မှာရပ်‌စောင့်‌နေသည့် ကိုနေဂုဏ်ဆီသို့ သွားလိုက်သည်။

နေဂုဏ်မာန်အတွက်တော့‌ရောင်ဝါပြင်းပြင်းနေမင်း၏ပူလောင်မှုက ရေလှိုင်းတွေအပေါ်သို့ဖြတ်ပြေးပြီး သူ့မျက်နှာကိုလာဟပ်၍ လောင်မြိုက်နေသလိုခံစားနေရသည်။သူ့စိတ်ထဲမှာလည်း မေးခွန်းပေါင်းများစွာကို တွေးနေမိသည်။
မနေ့က သိလိုက်ရတဲ့ကိစ္စကြောင့် သူဒီစကားကိုပြောမှဖြစ်မည်။
လူကြီးတွေကို ပြောလိုက်ရင် အပျော်တွေကနေ အပျက်ဖြစ်သွားမှာသေချာတယ်။
သူများရွာမှာ ကိုယ့်ကြောင့်အားလုံးကို 
အာရုံမနောက်‌စေချင်ဘူး။
ဒါပေမဲ့ မိုးနီကတော့ ခြွင်းချက်ပေါ့။

"ကိုနေဂုဏ်..ကျွန်တော့်ကိုဘာပြောချင်လို့လဲ.."

မိုးနီဘက်သို့ လှည့်ကြည့်လိုက်တော့ သူ့ရဲ့စကားကို သိလိုနေသော အကြည့်တွေကို တွေ့နေရသည်။
သူသက်ပြင်းချလိုက်မိသည်။
ဒီပွဲမှာ သူ့ဘက်ကနေလူမသိသူမသိ အရှုံးပေးလိုက်ရတာမျိုးမဖြစ်စေရဘူး။အရှုံးပေးပါပြီလို့ အော်ဟစ်နေမိရင် ကိုယ့်ရဲ့ရပိုင်ခွင့်တွေအားလုံးကို လုယူသွားကြလိမ့်မယ်။
ဒီတော့ ပွင့်လင်းမှဖြစ်မယ်။

"ခင်များ..စံပယ်မွှေးကိုတောင်းရမ်းမဲ့ကိစ္စကိုရပ်တန်းကရပ်လိုက်ပါ.."

"ဘယ်လို..အဟား....အဲ့ဒါခင်များနဲ့ဘာဆိုင်လို့လဲ..ခင်များမှာ ပြောပိုင်ခွင့်မရှိဘူးထင်တယ်.."

"အဟင်း..ရှိတာပေါ့..သိပ်ရှိတာပေါ့..စံပယ်မွှေးကကိုယ့်ရည်းစားပဲ..ကိုယ်သူ့ကိုလက်ထက်ဖို့အထိတောင်တွေးထားပြီးသား..
သူလဲသဘောတူထားပြီးသား.."

"အော်ဟော်..ဒါဆိုရင်စံပယ်ကဘာလို့ ခင်ဗျားကို
မသိချင်ယောင်ဆောင်နေစရာလိုမလဲဗျာ 
ယုတ်တိရှိအောင်လဲ ပြောစမ်းပါ.."

မိုးနီက ခနဲ့သလိုစကားကို ဆိုလိုက်တာကြောင့် လမ်းကိုကောင်းကောင်းလျှောက်နေရင်း ခလုတ်တိုက်မိသလို နာကျင်မှုနှင့် ဒေါသကပေါင်းထွေးသွားသည်။
သူတည်း‌နေတဲ့အိမ်က မိုးနီရဲ့အိမ်မဟုတ်ရင် 
ဒီရွာကို‌‌ ခေါ်လာပေးသူမဟုတ်ရင်
သူ့လိုလူမျိုးကို ဒီလိုစကားလာပြောရဲတဲ့မိုးနီကို
 မှတ်လောက်အောင် ဆုံးမမိမှာသေချာတယ်။

"ဒီမှာမိုးနီ..မင်းကိုယ့်အ‌ကြောင်းကိုသိမှာပါ 
ကိုယ်ကအပိုအလုပ်တွေမလုပ်တတ်ဘူး အပိုစကားလည်းပြောစရာဘာအကြောင်းမှမရှိဘူး..
ကိုယ့်လိုလူတစ်‌‌ယောက်အတွက် ဘ၀လက်တွဲဖော်ကို သူစိမ်းလူကိုလွယ်လွယ်‌လေးကြွေးကြော်ပြလိမ့်မယ်လို့ မင်းထင်နေသလား..
သူကိုယ့်ကိုစိတ်ဆိုးနေတာ..
ဒါကြောင့်..မင်းပွဲလန့်တုန်း..
ဖျာ၀င်မခင်းမိစေဖို့..ကြိုသတိပေးတယ်လို့မှတ်ပါ.."

"ဟုတ်ပါပြီ သူကခင်များနဲ့ချစ်သူဖြစ်ခဲ့တယ်ပဲထား...
စံပယ်သာခင်ဗျားနဲ့ပတ်သတ်ချင်နေသေးရင်..
ခင်ဗျားဒီရွာမှာရက်အကြာကြီးနေစရာလိုမှာတောင်မဟုတ်ဘူး..ကြည့်ရတာခင်ဗျားဘက်ကပဲတစ်ဖက်သတ်ဖြစ်နေ‌တယ်လို့ပဲ ကျွန်တော်ကတော့မှတ်ချက်ချတယ်.."

"မင်း!!!!"

မိုးနီရဲ့လည်ပင်းအင်္ကျီစကို ဆောင့်ဆွဲလိုက်ပြီး လက်သီးတစ်ဖက်က မြှောက်တက်သွား‌သည်။
သူများရွာမှာဆိုသည့်အသိစိတ်နဲ့ လက်သီးကိုပြန်ချထားလိုက်ပြီး ဆောင့်တွန်းထုတ်လိုက်သည်။
မိုးနီကလည်း သူ့ကိုဒေါသထွက်နေသည့် မျက်၀န်းတွေနဲ့ ခပ်စူးစူးပြန်စိုက်ကြည့်လာသည်။
နှစ်ယောက်သားရဲ့ မျက်၀န်းတွေက မီးပွင့်တော့မတတ် ပြင်းထန်နေလေသည်။

"ဒီမှာကိုနေဂုဏ်..ကျွန်တော်လဲကြိုသတိပေးလိုက်မယ်..ဒီညနေပဲ..လူကြီးမိဘစုံလင်စွာနဲ့စံပယ်လေးကိုသွားတောင်းတော့မှာ..
တကယ်လို့စံပယ့်စိတ်ထဲမှာ ခင်ဗျားသာရှိနေသေးတယ်ဆိုရင်..
သူကျွန်တော့်ကိုလက်ခံလိမ့်မယ်မထင်ဘူး..
ဒါပေမဲ့ စံပယ်ကသူ့အဖွားစကားကိုလိုက်နာမှာတော့သေချာတယ် ကျွန်တော်တို့ကအရင်တည်းက
သိကျွမ်းပြီးသားလူတွေဆိုတော့အထွေအထူးရင်းနှီးအောင် လုပ်စရာတော့မလိုပါဘူး..
ဘယ်လိုလဲ ဒီအလောင်းအစားကိုခင်ဗျားလက်ခံ
နိုင်လား..ကျွန်တော်ကတော့စမ်းကြည့်မှာပဲ..
ဘာဖြစ်လို့လဲဆိုရင်..ခင်များနည်းတူ
ကျွန်တော်လည်း စံပယ့်ကိုချစ်နေလို့ပဲ..."

မိုးနီဟာ သူနှင့်ဘေးချင်းကပ်လျှက်လာ၍ယှဉ်ရပ်လိုက်ပြီး သူ့ပုခုံးကိုပုတ်လိုက်တာကြောင့် 
သကောင့်သားကို အခဲမကျေစွာပြန်ကြည့်လိုက်သည်။

"အဟင်း...ကျွန်တော်နဲ့ခင်ဗျား ဘယ်သူ့ကိုရွေး
မလဲဆိုတာတော့ အခုခင်ဗျားရဲ့ဒေါသတွေက သက်သေပဲမဟုတ်လား သူမကိုခင်ဗျားပိုင်နေမယ်ဆိုရင် ကျွန်တော့်ကို ဒီလိုတောင်လာပြောစရာ 
လိုမယ်မထင်ဘူး ဟုတ်သလား..."

ထွက်ခွာသွားတဲ့ မိုးနီရဲ့ကျောပြင်ကိုကြည့်‌နေမိရာမှ မျက်နှာလွှဲလိုက်ပြီး ‌ရေစီးမြန်လွန်းနေသည့်
ပွတ်စလီချောင်းထဲသို့သာ ခဲလုံးတစ်လုံးပစ်ပေါက်လိုက်သည်။ရင်ဘတ်တစ်ခုလုံး အောင့်သပ်သပ်နှင့် နာကျင်လာ၍ ဆောက်တည်ရာမရဖြစ်နေမိသည်။
ဒေါ်ကြည်ဝေ ပြောခဲ့သလို သူမရဲ့အဖွားစကားကို ပဲနားထောင်မှာ သေချာပါတယ်။
ဒါကြောင့်လည်း လာတောင်းရမ်းဖို့ကို သဘောတူခဲ့တာနေမှာပေါ့။
သူမသာ ငြင်းရင်ဘယ်သူကများ ရှေ့ဆက်ရဲမှာလဲ။

"မွှေးရယ် ကိုယ့်ကို တကယ်ပဲမရွေးချယ်တော့ဘူးလားကွာ.."

သူငုတ်တုတ်ထိုင်ကျနေမိသည်။ရေပြင်ပေါ်သို့ သက်ရောက်နေသော စိန်ပွင့်သဏ္ဍန်
တဖြတ်ဖြတ်လတ်နေသည့် နေအလင်းရောင်ဟာ
သူ့မျက်၀န်းကို လာရိုက်ခတ်လေသည်။
မျက်လုံးတွေ ကျိန်းစပ်လာ၍ ခဏတာလောက်
မှိတ်ချလိုက်စဉ်မှာ မျက်ရည်တစ်စက်က
သူ့ပါးပြင်ပေါ်သို့ ‌ခပ်ပြေပြေလှိမ့်ဆင်းလာသည်။

"...ကိုယ်နှုတ်ဆက်ခဲ့ပါတယ်မွှေးရယ်....အနည်းဆုံးတော့ မင်းကိုယ့်ကို ချစ်ခဲ့တယ်မဟုတ်လား...
ကိုယ့်မာန သိက္ခာတရားတွေကို ဘေးချထားပြီးတော့ ကိုယ့်အချစ်ကိုလုယူသွားသူရဲ့ အိမ်မှာတော့ ဆက်မနေချင်တော့ဘူး....ကိုယ်နှုတ်ဆက်ခဲ့ပါတယ်..."
🌼🌼🌼🌼🌼🌼🌼🌼🌼

"ကဲ..လူကြီးတွေအားလုံး..လာကြ..လာကြ..မိစိုးတို့အဖွဲ့တွေ..ကော်ဖီမစ်တွေ..ကိတ်မုန့်ပွဲတွေလာချတော့လေ.."

"ဟုတ်ကဲ့အဖွားကြည်မေရေ..မကြာပါဘူး.."

အဖွားဟာလေ သူ့စိတ်တိုင်းကျသာအကုန်လိုက်လုပ်နေတာပဲ။
ငါ့မြေးလေး ဘယ်လိုသဘောရလဲလို့တစ်ခွန်းမမေးဘူး။
သဇင်မွှေး လင်နောက်လိုက်ပြေးတိုင်း မိစံပယ်ကိုလည်းလင်ရမှား မှာစိုးနေပုံရသည်။

"ဟဲ့စံပယ်..နင့်ရုပ်ကလည်းအီးမှန်ထားတဲ့အတိုင်းပဲဟယ်..ညည်းလင်ရကောင်းမှာပါ..မိုးနီက 
တော်ရှာပါတယ်..."

"မစိုးနော်..ဒီမှာစိတ်ညစ်နေရတဲ့အထဲ..
အဟင့်..အဟင့်...အီဟီး.."

"ဟဲ့..ဟဲ့..လုပ်ကြပါအုံး..သတို့သမီးကငိုနေပြီတော့်.."

"ဟယ်..စံပယ်ရယ်..ဘာဖြစ်လို့ငိုရတာတုန်း.."

"အေးလေ..ဟိုမှာလူတွေစုံနေပြီ..အလှတွေပျက်ကုန်တော့မှာပဲ..တိတ်..တိတ်..."

မီးဖိုတဲထဲတွင် စံပယ်မွှေးခမျာ အကျအနထိုင်ငိုနေလေသည်။ 
ဝိုင်းကူလုပ်ပေးနေကြသူတွေအကုန်လုံးလဲ 
အငြိမ်မနေနိုင်ကြတော့ပဲ သတို့သမီးအငိုတိတ်‌
အောင်ချော့တစ်ခါ ခြောက်တစ်လှည့်လုပ်နေကြရလေသည်။စံပယ့်မှာတော့ ကိုယ်မချစ်မနှစ်သက်သူကို ယူရတော့မည်ဆိုသည့်အတွေးနှင့် ယူကြုံးမရဖြစ်နေရသည်။
အဖွားရဲ့တဇွတ်ထိုးဆန်တဲ့စိတ်ကို စံပယ်တော်လှန်နိုင်မယ်မထင်ဘူး။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼

နေဂုဏ်မာန်လည်း ခရီးဆောင်အိတ်ထဲသို့အလာတုန်းကယူလာသမျှ အ၀တ်အစား၊အသုံး
အဆောင်တွေ အကုန်‌ထည့်လိုက်လေသည်။
အကုန်ထည့်သိုပြီးတဲ့နောက်မှာ မိုးနီတို့ခြံ၀ိုင်းထဲကထွက်လိုက်တယ်ဆိုလျှင် ဒီအရပ်မှာနေစဉ်အတွင်း ခင်မင်ခဲ့သည့်လူမှန်သမျှကို လိုက်နှုတ်ဆက်မိသည်။

"ဘကြီးစိန်ရေ..ဗျို့ဘကြီးစိန်.."

"ဟာ..မောင်နေဂုဏ်ပါလား..အထုပ်ကြီးဆွဲပြီးဘယ်သွားမလို့လဲကွ.."

"ကျွန်တော်...ဒီညနေပဲရန်ကုန်ပြန်တော့မလို့ဗျ.."

ရင်ထဲမှာ စိတ်ဆင်းရဲမှုတွေပေါင်းစုံနေပေမဲ့ အပြုံးမပျက်သာနှုတ်ဆက်လိုက်ပါသည်။

"ဟေ..မင်းနယ်..တစ်ပတ်ကျော်ပဲရှိသေးတဲ့ဥစ္စာ..
ရောက်တုန်းလေး..နေပါအုံးလားကွာ.."

"လူကနေချင်ပါတယ်ဗျာ..ဟိုမှာအလုပ်တွေကပစ်ထားတာကြာနေပြီဗျ..အဲ့ဒါကြောင့်ပါ.."

"အေး..အေး..အဲ့ဒါဆို..ဘေးမသီ၊ရန်မခပဲ..လိုရာခရီးကိုအမြန်ရောက်ပါစေကွယ်.."

"ဟုတ်ကဲ့..ပေးတဲ့ဆုနဲ့‌ပြည့်ပါစေ အဘ.."

ဘကြီးစိန်ကိုကန်တော့်ခဲ့ပြီးနောက် ခရီးဆောင်အိတ်ကြီးကိုဆွဲကာ ဘုန်းကြီးကျောင်းသို့ ၀င်ရန်ဆုံးဖြတ်လိုက်သည်။
ဘုန်းဘုန်းကိုကန်တော့ပြီးနောက်မှာ ရွာမှာလိုအပ်တာများရှိရင် အကြောင်းကြားနိုင်ရန်သူ့ရဲ့အိမ်လိပ်စာကိုပါ ပေးခဲ့လိုက်သည်။
ထို့နောက်သူဌားထားတဲ့ မောင်ထွန်း‌ရဲ့
မော်တော်စောင့်နေသော‌ချောင်းဆိပ်သို့ဆင်းလာလိုက်သည်။

မော်တော်လေးက ရေအလျှင်အတိုင်းခုတ်မောင်းသွားစဉ်မှာတော့ သူ့ရဲ့မျက်၀န်းတွေက ကမ်းပါးပေါ်မှာမြင်နေရတဲ့ အိမ်လေး‌တွေဆီကိုလွှမ်းမောစွာကြည့်နေမိသည်။

ကိုယ်သိပါတယ်စံပယ် မင်းကိုယ့်ကိုရွေးချယ်မှာမဟုတ်ဘူးဆိုတာ။
မင်းရဲ့အဖွားဆန္ဒကိုမင်းဘယ်လောက်အထိ အလေးထားလဲဆိုတာ ကိုယ်သိပါတယ်။

ပြီးတော့မိုးနီနဲ့မင်းကတစ်ရွာတည်းသားတွေဆိုတော့ မင်းတို့မှာငယ်သံယောဇဉ်တော့ရှိကြမှာပဲ။
ဟိုစဉ်အခါက ရွာပြန်မဲ့ မင်းနဲ့အတူကိုယ်လိုက်နိုင်အောင် ကြိုးစားခဲ့ရမှာပါ။

မင်းကိုခဏလေး သတိလက်လွှတ်ဖြစ်လိုက်မိတာဟာ ကိုယ့်ရဲ့ဆုံးရှုံးခြင်းတစ်ခုဖြစ်ခဲ့မယ်ဆိုတာသိရင်လေ ကိုယ်မင်းကိုစက္ကန့်မလပ် ထွေးပွေ့ထားမိမှာပဲ။
ကိုယ်ချစ်ရတဲ့ မာမီနဲ့သေကွဲကွဲခဲ့ရသလို မင်းနဲ့တော့ရှင်ကွဲတဲ့လားကွာ ကိုယ့်အဖြစ်က အချစ်စစ်နဲ့
မထိုက်တန်လို့‌ပဲလား။
မာမီ့ရဲ့အုတ်ဂူဖြူဖြူလေးအရှေ့ရောက်မှသာကျလာတတ်တဲ့ သူ့မျက်ရည်တွေဟာ ဒီချောင်းရေနဲ့ရောပြီး လွှင့်မျောသွားပြီထင်ပါရဲ့။

စံပယ်ရေ ကိုယ်မင်းကိုသိပ်ချစ်တယ်။
မင်းနဲ့အတူပြန်ဖို့ရည်ရွယ်ထားတဲ့ ဒီလမ်းကလေးက ကိုယ်တစ်ယောက်ထဲရင်နာစရာတွေ ထွေးပွေ့ရင်း ရွက်လွှင့်ရလိမ့်မယ်လို့ မတွေးခဲ့ဖူးတာအမှန်ပါပဲ စံပယ်ရယ်။

မင်းရဲ့ပါးပြင်မှာ ကိုယ်မွှေးခဲ့ဖူးတဲ့ သနပ်ခါးရနံ့သင်းသင်းလေး၊ကိုယ့်စိတ်တွေကိုရွှင်လန်း‌အောင်လုပ်‌‌ပေးနိုင်တဲ့ မင်းရဲ့နွေးထွေးမှုတွေနဲ့ မင်းရဲ့
ဆံစကနေ၊ခြေဖျားအထိပုံရိပ်ကလေးတွေကိုသာ ရင်မှာ‌ ထွေးပိုက်ရင်း ကိုယ်ပြန်ပါတော့မယ်။

📞"တီ..တီ..တီ..တီ.."

📞"ဟယ်လို.."

📞"သားနေဂုဏ်မာန်လား..ဒယ်ဒီပါ.."

"ဟုတ်ကဲ့.."📞

📞"ဒယ်ဒီ...ချယ်ရီစူးကိုအမျိုးမျိုးခြောက်မေးပေမဲ့ စံပယ်မွှေးဘာကြောင့်ထွက်သွားခဲ့လဲသူမဖြေဘူး..
ဒီနေ့တော့သူနဲ့ကွာရှင်းမယ်လို့ပြောလိုက်တာ..
သူဒယ်ဒီ့ကို..အကြောင်းစုံပြောပြလိုက်ပြီ.."📞

📞"ကျွန်တော်သိစရာမလို...ဘာ!!!!"📞

သူ့ရဲ့"ဘာ"ကတော်တော်ကျယ်သွားတော့ မော်တော်သံကိုတောင်ဖုံးအုပ်သွားရသည်။
ဖုန်းပြောပြီးတယ်ဆိုရင်ပဲ နောက်မှာကျန်ခဲ့တဲ့ အုန်းပင်စုရွာလေးကို လှိုင်းထနေတဲ့ချောင်းရိုး
အတိုင်းသူလှည့်ကြည့်လိုက်မိသည်။
စံပယ့်ကိုအသိမပေးပဲ အင်္ဂလန်မှာလနဲ့ချီပြီး‌နေခဲ့တဲ့ကိစ္စကြောင့် သူမသူ့ကိုမုန်းနေသည်လို့ထင်ခဲ့မိတာ အခုတော့အခြားကိစ္စကြောင့်ပါလား။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"ကျွန်မကလည်း..ဒီမြေးမလေးကိုစိတ်ချချင်တယ်လေ.."

"မှန်တာပေါ့ဗျာ..မှန်တာပေါ့..ဟား..ဟား.."

အဖွားနဲ့ကျန်တဲ့သူတွေရယ်မောနေသလောက် အဖွားဘေးမှထိုင်နေတဲ့စံပယ်ကတော့ ကျောက်ရုပ်ကြီးချထားတဲ့အတိုင်းဖြစ်နေလေသည်။
တစ်စက်မှမလှုပ်ဘူး၊ဘယ်ကိုမှလည်းမကြည့်ဘူး။စံပယ့်ရင်ထဲမှာ အရမ်းနာကျင်နေလို့ ငိုချင်နေတာပဲသိတယ်။

ချစ်ရတဲ့လူကတစ်ခုလပ်ဖြစ်နေ၍ စွန့်လွှတ်ခဲ့ရ
ပေမဲ့ မချစ်မနှစ်သက်သူကိုတော့ ကိုယ့်ဘ၀တစ်ခုလုံးပုံပေးနိုင်မယ်မထင်ဘူး။
ဘ၀တစ်ခုလုံခြုံဖို့ အခြားလူတစ်ယောက်ကိုအမှီသဟဲပြုမှရမယ်ဆိုတဲ့အတွေးမျိုးကိုသာ 
မိစံပယ်ရွေးချယ်ခဲ့ရင်လေ ဘာလို့ချစ်ရသူကိုစွန့်လွှတ်စရာလိုမလဲ။

"ကဲအကုန်လုံးကသဘောတူပြီဆိုတော့..
သတို့သမီးလေးကရော ‌လက်ခံတယ်မဟုတ်လား.."

"ကျွန်မ.."

အုပ်ချုပ်ရေးမှူးကိုကျွန်မလက်မခံဘူးလို့ ပြောဖို့ဟန်ပြင်လိုက်ပေမဲ့ စံပယ့်လက်ကိုအဖွားကလာဆုပ်ကိုင်လေသည်။
စကားတွေက လည်ချောင်း၀မှာတင်
တစ်နေပေမဲ့ အပြင်ကိုထွက်မလာခဲ့ဘူး။

"လက်ခံတာပေါ့ရှင်..ကျွန်မမြေးမလေးကလည်းလက်ခံပါသတဲ့.."

"ကဲဒါဆိုနှစ်ဖက်မိဘများကလည်းသဘော
တူကြည်ဖြူတယ်..သတို့သား၊သတို့သမီးကလည်းသဘောတူ.."

"ကျွန်တော်သဘောမတူဘူး.."

"ဟင်.. "
"ဟာ.."
"ကိုနေဂုဏ်.."

မျက်လွှာချထားရာမှ ဦးနေဂုဏ်မာန်အသံကြောင့်စံပယ်မော့ကြည့်လိုက်မိသည်။
ဦးနေဂုဏ်က ကျောပိုးအိတ်အလေးကြီးကို လွယ်ထားပြီး တံခါး၀မှာရပ်နေကာ မောပန်းနေပုံပေါ်လေသည်။
အိင်္ကျီတစ်ခုလုံးလည်း ချွေးတွေရွဲနေပြီး မျက်နှာကလည်း အလောတကြီးပြေးလာခဲ့ပုံပေါ်လေသည်။

"စံပယ်နဲ့ကျွန်တော်ကချစ်သူတွေဖြစ်တဲ့အတွက်ကျွန်တော်..ဒီပွဲကိုဖြတ်ပါတယ်.."

"ဟဲ့သူငယ်..မင်းဘာတွေလာပြောနေတာလဲ..ဒီမှာရက်ကောင်းရက်မြတ်ရွေးပြီးလို့..မင်္ဂလာရက်တောင်သတ်မှတ်ပြီးနေပြီ..
မင်းငါ့မြေးလေးကိုအရှက်ရအောင်လာမလုပ်ပါနဲ့ ..."

"ဟုတ်တယ်ကိုနေဂုဏ်..စံပယ့်ကို နွားတစ်ရှင်း..
လယ်ဆယ်ဧကနဲ့တင်တောင်းဖို့တောင်သတ်မှတ်ပြီးသွားပြီ..ခင်များလာမရှုပ်ပါနဲ့တော့.."

သူ့ပိုင်ပြီဆိုတော့ မာန်တက်နေဟန်ဖြင့် ဟိတ်ဟန်လာထုတ်ပြနေသည့် မိုးနီအရှေ့မှာ နေဂုဏ်မာန်မေးငေါ့ကာပိတ်ရပ်ပစ်လိုက်သည်။
မိုးနီက အရပ်အရမ်းမပုပေမဲ့ နေဂုဏ်မာန်၏
ရှည်လွန်းသောအရပ်၊တောင့်တင်းကျစ်လစ်သော ခန္ဓာကိုယ်က သူ့ကိုနေရိပ်ထိုးနေရာမှ ကွယ်ရပ်လိုက်သလိုဖြစ်သွားပြီး သူ့အရောင်အဝါကမှေးမှိန်သွားသလို ဖြစ်နေသည်။

"ဒီမှာမိုးနီ..ဒါက..ငါနဲ့မွှေးရဲ့ကြားကကိစ္စ..မင်းသာလာမရှုပ်ရင်..အခုလိုဖြစ်လာမှာမဟုတ်ဘူး.."

မိုးနီကိုမျက်ထောက်နီကြီးနဲ့ကြည့်၍ ‌အော်ထည့်လိုက်ပြီး အဖွားကြည်မေနဲ့ စံပယ်တို့ရှိရာဘက်သို့လျှောက်သွားလိုက်သည်။

"အဖွား..အဖွားသာသဘောတူရင်လေ..
နွားတစ်ရှင်း..လယ်ဆယ်ဧကလောက်ကိုမပြောနဲ့..
အဖွားတို့တစ်အိမ်လုံးကိုတောင်..ကျွန်တော်
စိန်စီပေးနိုင်ပါတယ်..အဖွားတို့မြေးအဖွားနှစ်ယောက်စလုံးက လေပေါ်မှာပဲနေချင်ရင် လေယာဉ်ပျံ၀ယ်ပေးပါ့မယ် ၊ရေပေါ်မှာပဲနေချင်သလား ရေပေါ်နန်းတော်တောင်ဆောက်ပေးအုံးမှာဗျာ.."

"ဦးနေဂုဏ်မာန်..ရှင်ဘာတွေလျှောက်ပြောနေတာလဲ..ရူးနေလာ"

 ကြွားလုံးတွေဖိထုတ်နေ၍ အော်ထည့်လိုက်မှ 
စံပယ့်လက်ကိုအတင်းလာဆွဲလေသည်။

"အားလုံးပဲ..ကျွန်တော်စံပယ်နဲ့ ခဏလောက်ဆွေးနွေးစရာရှိလို့..ခွင့်ပြုကြပါအုံး.."

"ဟဲ့..ဟဲ့..ငါ့မြေးကိုဘယ်ခေါ်သွားမလို့လဲ.."

"ဟဲ့မိုးနီ..ဟိုမှာနင့်ဟာလေးပါသွားပြီ..လိုက်ခေါ်လေ.."

ဒေါ်ကြည်ဝေအတင်းတိုက်တွန်းနေပေမဲ့ မိုးနီကတုတ်တုတ်မျှမလှုပ်ပဲ အကုန်လုံးကိုတိတ်တိတ်နေရန် လက်ကာပြလိုက်သည်။

"အားလုံးပဲ..တကယ်တော့သူတို့နှစ်ယောက်ကချစ်သူတွေဆိုတာ..ဟုတ်ပါတယ်..
ကျွန်တော်သိရက်နဲ့..အတင်းအကြပ်တောင်းရမ်းယူဖို့ဆုံးဖြတ်မိခဲ့တဲ့အတွက်..အားလုံးအလှုပ်ရှုပ်ကုန်ရပြီ..အားလုံးကိုတောင်းပန်ပါတယ်.."

"ဘုန်း!!!"

"အာ့.."

"လာခဲ့..ကမြင်းမသား..နင်နဲ့ငါအိမ်ရောက်မှတွေ့မယ်.."

"အာ့..အား..အဒေါ်ရေ..နာ..နာတယ်လို့.."

ဒေါ်ကြည်ဝေတစ်ယောက် သူ့တူကိုကျောကုန်းကြီးအား"ဘုန်း"ကနဲမြည်အောင်ပိတ်တီးပစ်ပြီး နားရွက်လိမ်ဆွဲကာအိမ်ပြန်ခေါ်သွားလေတော့သည်။
အဖွားကြည်မေကတော့ အခုထိဇာတ်ရည်မလည်သေးပဲ ကြောင်တောင်တောင်ကြီးဖြစ်နေလေသည်။

"ငါ့မြေးမရဲ့တောင်းရမ်းပွဲက ကလေးတွေလာကစားသွားသလိုဖြစ်နေပါရော့လား.."

အခန်း(၂၁...မျှော်....)
________

ဇာတ်သိမ်းတော့မယ်ရှင် နေဂုဏ်မာန်တို့စုံတွဲလေးကို မမေ့ကြပါနဲ့နော်......

ဒီ၀တ္ထုလေးက အဟောင်းကိုလည်း ခပ်တိုတိုပဲရေးထားလို့ ပြန်ပြင်ပြီးတင်ပေမဲ့ စာကိုပဲပြင်ပြီး
အပိုင်းကို ထပ်မရှည်ချင်တော့လိုပါ....

#သနပ်ခါးရနံ့လေးကြူကြူမွှေး 
#စာရေးသူ_ဆောင်း‌ငွေ့ဝေ 
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်



=========================================================================



#အခန်း၂၁


ညနေ နေ၀င်ရီတရောအချိန်ဖြစ်သည့်အလျှောက် စိမ်းစိုပျိုနုတဲ့ စပါးခင်းကြီးတွေဟာ ပုဇွန်ဆီရောင်ရေးရေးလေးယှက်သန်းနေကြသည်။
လူသွား၊လူလာကင်းပြီး လှည်းတစ်စီး၊ယာဉ်တစ်စင်းတောင် ဖြတ်အမောင်းမခံရ၍ လှည်းလမ်းကြောင်းရဲ့ဖုန်မှုန့်တွေဟာလည်း ငြိမ်သက်လို့နေလေသည်။

ထိုညနေဆည်းဆာအောက်တွင် သစ်ပင်အရိပ်တစ်ခုအောက်သို့ နေဂုဏ်မာန်ဟာ စံပယ်မွှေးအား လက်ကိုဆွဲ၍ ခေါ်လာလေသည်။
နှစ်ယောက်လုံး၏ ပါးပြင်ပေါ်သို့ ရောင်နီအလင်းတန်းတွေဟာ ဖြာကျလို့နေလေသည်။
တိတ်ဆိတ်မှုသာ တည်ရှိနေသော အချိန်အခါတွင် သူမတို့ရပ်နေသော လှည်းလမ်းကြောင်း၏ တစ်ဖက်ခြမ်းရှိ အရောင်စိမ်းစိမ်းစပါးပင်တန်းတို့ဟာ လေပြေနှင့်အတူ ဘယ်ညာယိမ်း၍ နေလေသည်။

မွှေးကို ဆုပ်ကိုင်ထားသည့်လက်အား ဖြုတ်ပေးလိုက်ပြီး သူမရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်လိုက်မိသည်။
သူ့ကိုမကြည့်ပဲ အဝေးကိုသာ အကြည့်လွှဲထားသည့်
သူမ ဘယ်လောက်တောင်ခံစားချက်ပြင်းထန်ခဲ့
မလဲ။

ကိုယ်တောင် သိသိချင်း ဒေါသထွက်ခဲ့ရင်
 အလှည့်စားခံလိုက်ရတယ်လို့ ထင်ခဲ့တဲ့သူမက
 ပိုလို့တောင် ကြေကွဲခဲ့ရမှာပဲ။
မွှေးရဲ့စိတ်က ရိုးသားပြီးပွင့်လင်းတဲ့အပြင် 
သစ္စာတရားကိုလည်း အင်မတန်တန်ဖိုးထားတာ
 သူသိပ်သိတာပေါ့။
ကိုယ့်ဆီကနေ ဘာကိုမှမျှော်လင့်ခဲ့တဲ့ မိန်းကလေးမဟုတ်တော့ အဝေးကိုထွက်သွားဖို့ပဲ သူမဆုံးဖြတ်ခဲ့တယ်ထင်ပါရဲ့။
ဒါပေမဲ့ မွှေးရေ မင်းဘယ်နေရာကိုရောက်ရောက် ကိုယ်ရအောင် ရှာနိုင်ခဲ့တယ် မဟုတ်လား။

"ကဲ..ပြောစရာရှိတာ..မြန်မြန်ပြောစမ်းပါ...ဘာတွေ
ငိုင်ကြည့်နေတာလဲ...."

"အရင်ဆုံးကိုယ်ပြောချင်တာက..တောင်းပန်ပါတယ်.."

"ဟမ်..ဘာကိုတောင်းပန်တာလဲ.."

တောင်းပန်ပါတယ်တဲ့။ဘာအတွက်လဲ။သူ့မိန်းမနဲ့ ကလေးတွေကို ဦးစားပေးမိတဲ့အတွက်လား။
စံပယ့်ကို လိမ်ညာခဲ့တဲ့အတွက်လား။
အရာရာဟာ မှားယွင်းခဲ့တယ်ဆိုရင် 
ကျွန်မကိုယ်တိုင်က အမှားကိုလက်ယက်ခေါ်မိလို့ 
ကိုယ့်ကိုကိုယ် ‌ပြန်ဒဏ်ခတ်မိတယ်လို့ပဲ မှတ်ပါတယ်။

"‌မွှေးကို‌အသိမပေးပဲ..လွန်ခဲ့တဲ့လေးလလောက်တုန်းက..အင်္ဂလန်မှာရှိတဲ့ကိုယ့်ဦးလေးဆီကို
သွားမိခဲ့တဲ့အတွက်ပါ..."

အစက ဘယ်လိုကလိမ်ဆင်တွေနဲ့သံတော်ဦး
တင်မလဲလို့ တွေးနေမိရာမှ သူ့စကားကြောင့် မျက်လုံးပြူးပြီး သူ့ကိုပြန်ကြည့်နေရသည့်အဖြစ်
ရောက်သွားရသည်။နားကြားမှားတာများလားလို့ 
ကိုယ့်နားကိုယ်တောင် လိမ်ဆွဲကြည့်လိုက်ချင်သည်။သူ့မျက်၀န်းတွေကို တန်ပြန်ကြည့်လိုက်တော့လည်း မှားယွင်းမှုတစ်စုံတစ်ရာရှိနေတဲ့ အငွေ့အသက်မျိုးကို မတွေ့ရဘူး။

"..ရှင့်ဦးလေးဆီကိုသွားခဲ့တာဟုတ်လား..
ရှင်လိမ်ပြောနေတာ မဟုတ်လား..."

"ဟာ...ကိုယ်အမှန်တွေပြောနေတာပါ..
မွှေးရွာကိုပြန်လာပြီးနောက်တစ်နေ့ပဲ..အင်္ဂလန်ကကိုယ့်ဦးလေးအသည်းအသန်ဖြစ်လို့..ကိုယ်ပြန်သွားမိတာပါ..မွှေးကိုမပြောခဲ့ရတာကလည်း..
အလျှင်စလိုဖြစ်သွားတာရယ်..မွှေးလည်းအဖွားရဲ့ကျန်းမာရေးကြောင့်စိတ်ထိခိုက်နေမယ်ထင်လို့..ကိုယ်မပြောရက်ခဲ့တာပါ.."

"နေပါဦး..ကျွန်မ..မရှင်းလို့မေးပါရစေ..အင်္ဂလန်မှာ‌ နေတဲ့ရှင့် သားနေမကောင်းလို့သွားတာဆို..
အခုဘာလို့ ဦးလေးဖြစ်နေရတာလဲ...စကားကို
ဗလောင်းဗလဲမပြောနဲ့နော်...."

"ဟာ..ပေါက်တက်ကရတွေ..ဘယ်သူကပြောတာလဲ.."

"ဟို..မချယ်ရီစူး..ပြောတာလေ..ရှင့်မိန်းမနာမည်ကမယ်ရီတဲ့ နောက်ပြီးရှင်တို့မှာကလေးနှစ်ယောက်
လည်းရှိတယ်တဲ့..အငယ်ဆုံးကလေးနေမကောင်းလို့..အင်္ဂလန်ကိုလိုက်သွားတာဆို.."

"ဟာ..မွှေးရယ်..သူများပြောတိုင်းဘာလို့ လျှောက်ယုံရတာလည်း....အဲ့ဒီ့မိန်းမက ကိုယ်နဲ့မှမတည့်တာ
အဲ့ဒါကြောင့်မင်းကိုတုံးတယ်လို့ပြောချင်တာ.."

"ရှင်နော်.."

"ဘာရှင်နော်လဲ..စကားတစ်ခုကိုယုံသင့်လား..
မယုံသင့်ဘူးလားဆိုတာ..ပြောတဲ့သူကိုကြည့်လေ
..ကိုယ့်လိုဂုဏ်သိက္ခာရှိတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားဆိုရင်တော့ယုံပေါ့..ဟိုအယုတ်တမာမရဲ့စကားများ
..မွှေးပဲယုံနေသိလား..
ကိုယ်ကလေလူပျိုကိုမှ..တစ်ရာရာခိုင်နှုန်းလူပျိုအစစ်ပါခင်ဗျာ.."

"ဒါဆို..ရှင်က..ကလေးနှစ်ယောက်အဖေမဟုတ်ဘူးပေါ့..ကျွန်မအခုထိ မယုံချင်သေးဘူးနော်...
သူကအင်စတာဂရမ်ဆိုလား အဲ့ပုံတွေပါပြတာ...
ရှင်ကလေးကို ဆေးရုံမှာချီထားတာတွေရော..စုံနေတာပဲ...."

ဘယ်လိုရှင်းရှင်း ရှုပ်နေတုန်းပဲဖြစ်နေသည့် ကလေးမကို ထိပ်သာဖွဖွထုပစ်လိုက်ချင်သည်။
ကိုယ့်ကိုကိုယ် လူပျိုဖြစ်ကြောင်း ခဏခဏကြေငြာ၀င်နေရတာလည်း နားမလည်သေးပါလား။
ကိုယ့်ရုပ်ကပဲ တကယ့်ကလေးအဖေရုပ်ကြီးနဲ့ တူနေသလားမသိပါဘူး။

" ချယ်ရီစူးဆိုတဲ့မိန်းမကတော့ ကိုယ့်ဘ၀ကိုဖြတ်စီးတဲ့နေရာမှာ အကွက်ကိုစိနေပါလား..
အဲ့ကလေးနှစ်ယောက်က မယ်ရီနဲ့ကိုယ့်သူငယ်ချင်း ဒန်နီရယ်ရဲ့က‌လေးတွေဗျ ဓာတ်ပုံရိုက်ပေးတဲ့လူက အဲ့ကလေးတွေရဲ့အဖေဗျာ..ကဲရှင်းပြီလား..
မယုံသေးရင် ဒယ်ဒီ့ကိုပါ ဖုန်းဆက်ပြီး 
လူပျိုစစ်မစစ် မေးလိုက်ရမလား..."

"ဟယ်...တော်ပါ...ယုံပါပြီ...."

ရယ်ကျဲကျဲလာလုပ်ပြနေသည့် ကောင်မလေးရဲ့မျက်နှာအနားသို့ သူ့မျက်နှာကိုတိုးကပ်လိုက်ပြီး ခန္ဓာကိုယ်ကိုကိုင်းညွှတ်ကာ ခါးကိုထောက်လိုက်သည်။

"ဒီလောက်တောင်လိုချင်နေတဲ့ကလေးနှစ်ယောက်..
လာခဲ့အခုချက်ချင်း ငါးယောက်လောက်ထွက်သွားအောင်ကို..‌ပွဲကြမ်းပြမယ်.."

မှောင်ရိပ်ပျိုးစ လှည်းလမ်းကြောင်းနံ‌ဘေးမှာ 
စံပယ့်ခါးကိုလက်နှစ်ဖက်နဲ့ ရစ်သိုင်းပြီးတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။
ခွဲခွာခဲ့ရတဲ့ရက်များစွာက နှစ်တစ်ရာလောက်ပင်ကြာနေတော့သလို ထင်မှတ်မိတာကြောင့် စံပယ်လည်းသူ့ခါးကို ပြန်ဖက်ထားလိုက်မိသည်။

ကြားလေ သွေးလို့ ဝေးခဲ့ရတယ်ဆိုပေမဲ့ စံပယ်တို့နှစ်ယောက်ကြားက ကြိုးကလေးဟာ ခိုင်အောင် သေချာမချည်ခဲ့မိတာဆိုရင်ပိုမှန်ပါလိမ့်မယ်။
စံပယ်လည်း ကိုယ့်အကြောင်းကို အများကြီးမပြောပြဖူးသလို သူလည်းတိုင်ပင်ဆွေးနွေးမှုမရှိခဲ့ဘူး။
အဲ့ဒီတော့ ဖူးစာကြိုးလေးဟာ ခဏတာလောက် ပြတ်တောက်ခဲ့ရတာပေါ့။

"မွှေး.."

"ဟင်.."

"ကိုကိုလို့..ခေါ်ပါလား"

"မခေါ်ချင်ပါဘူး..လျှာယားတယ်.."

"ဟာ..အဲ့ရှင်တွေ..ဦးနေဂုဏ်တွေခေါ်နေတာကတော့..လျှားမယားဘူးပေါ့လေ.."

"ဟာ..မသိဘူး..မခေါ်ချင်ဘူးဆို.."

"ဟာ..ခေါ်ရမယ်ကွာ..တစ် နှစ် သုံးရေလို့မှ မခေါ်ရင်ပွဲကြမ်းပြီနော်..ကဲ..ရေပြီနော်..တစ် နှစ် သုံး.."

"ကိုကိုရေ!!!...."

"ဟာ....ဘယ်ကအသံကြီးလည်း.."

"ဟဲ ဟဲ..မိစိုးတို့အဖွဲ့ရယ်ပါ..ကိုကိုရေ.."

"ဟာ..မစိုးတို့..မလှရီ..မရင်..မငယ်လေး..ရှင်တို့ဘယ်လိုကနေ..ဘယ်လိုရောက်နေကြတာလဲ.."

ပြိုင်တူထွက်လာသည့် အသံ၏ လားရာက 
ခပ်မှောင်မှောင် ချုံပင်ကြီး၏အနောက်မှ ဖြစ်လေသည်။
 လုပ်အားလာပေးသည့် အပျိုကြီးများအဖွဲ့သည် ပြုံးစိ၊ပြုံးစိနှင့် အုပ်စုလိုက်ကြီးထွက်လာကြသည်။စံပယ်ကတော့ သူခိုးလူမိသလို ဖြစ်နေ၍ ရှက်‌လွန်းလို့ မျက်နှာကြီးကိုသာလှည်းလမ်းကြောင်းမှာ 
ပစ်ချခဲ့လိုက်ချင်သည်။

"တို့ကလေ..ဟို ပွဲကြမ်းမယ်ဆိုတဲ့အချိန်ထဲကချောင်းနေကြတာပါရှင်.."

"ဟုတ်ပါတယ်..စံပယ်ရေ..ငါးယောက်ဆိုလား..
ထွက်လာရင်ချီရအောင်. တို့အပျိုကြီးအဖွဲ့ကအသင့်စောင့်နေကြတာပါရှင်.."

ဘယ်ကတည်းက ချုံကြားထဲမှာပုန်းနေကြလဲ
မသိဘူး ။
အဖွဲ့လိုက်ကြီး ချောင်းကြည့်နေကြတာများ 
ဒီအပျိုကြီးတွေနဲ့တော့ခက်ပါတယ်။
ဝါသနာကလည်း မသေးကြပါလား။
စံပယ့်မျက်နှာကြီးလည်း ရှက်သွေးဖြာပြီး 
ထူပူလာတာကြောင့် ထိုအဖွဲ့အရှေ့မှ အမြန်ပြေးထွက်လာခဲ့လိုက်သည်။

"ဟာ..ဟေ့..စံပယ်ရေမပြေးနဲ့လေ..ပွဲကြမ်းမယ်ဆို.."

"ဟား...ဟား...စံပယ်တို့ကတော့ ရှက်ပြီး ထွက်ပြေး
သွားပြီ...အဲ့တော့ ကျန်ခဲ့တဲ့တစ်ယောက်ကိုပဲ
...စစ်ကြောရေးလုပ်ရမယ်..."

နေဂုဏ်မာန်လည်း သူ့ဘက်လှည့်လာသည့် အပျိုကြီးအဖွဲ့ကြောင့် ရင်တော်တော်လေးနေ‌ရသည်။ဒီအဖွဲ့က မထင်ရင်မထင်သလို ဟားတိုက်တဲ့အဖွဲ့မို့ ဝေးဝေးကရှောင်းနေတာပဲကောင်းတယ်ဟု တွေးပြီး ပြေးလေတော့သည်။

"ဟဲ့....ဟဲ့...ဘယ်ကိုပြေးတာလဲ...."

အတွဲအချောင်း‌ ကောင်းသည့် အပျိုကြီးများအဖွဲ့ကြောင့် စံပယ်‌မွှေးနှင့် နေဂုဏ်မာန်တို့ချစ်သူနှစ်ဦးအဖို့ တောင်ပြေး၊မြောက်ပြေးဖြစ်ကုန်လေတော့သည်။

🌻🌻🌻🌻🌻🌻🌻🌻🌻

🎵သူ့ကိုမှ..ချစ်မိနေပါတယ်..🎵
🎵တွေ့နေ..မြင်နေကြမို့🎵
🎵ဖြေဖျောက်ဖို့လည်းမလွယ်🎵
🎵မျက်စိထဲ တဝဲဝဲ လည်လည်🎵
🎵သူ့အလှ ပင့်ကူမြှေးသဖွယ်🎵
🎵အော်...ရစ်ပတ်ဖွဲ့နှောင်ထားလို့🎵
🎵ရုန်းထွက်ဖို့လည်း ခက်လှတယ်🎵
🎵ကိုယ့်ကိုကွယ် စိုးမိုးနိုင်လွန်းတယ်🎵

အိမ်ခေါင်းရင်းထရံ တံခါးမှလခြမ်းကွေးလေးကိုကြည့်နေရင်း ရေဒီယိုလေးနားထောင်နေရတာဟာသူ့အတွက်တကယ့်ကို သုခဘုံပါပဲ။
ဘ၀မှာ စိတ်ညစ်စရာတွေ၊ အားငယ်စရာ၊ ၀မ်းနည်းစရာအခိုက်အတန့်တွေ အများကြီးရှိခဲ့တယ်။
ကျရှုံးဖို့ တစ်လှမ်းစာပဲလိုတဲ့အချိန်တွေမှာလည်း
မဆုတ်မနစ်ပဲ ကြိုးစားပြီး အားတင်းခဲ့ရဖူးတယ်။

အဆိုးဆုံးအခြအနေတွေကို ရင်ဆိုင်လာခဲ့ဖူးတာကြောင့် ခံစားချက်ရသအစုံကိုမြည်းစမ်းကြည့်ခဲ့ဖူးပြီး‌လေပြီ။ဒါပေမဲ့ အခုအချိန်မှာ ဖြစ်နေတဲ့ခံစားချက်ကတော့လုံး၀ကို ကွဲပြားတယ်။

အခု ခံစားနေရတာက အမြင့်ဆုံးဆိုတဲ့ နေရာကိုရောက်လို့ ဂုဏ်ယူ၀င့်ကြွားနေတာမျိုးလည်း 
မဟုတ်သလို၊ သိန်းထီဆုကြီးပေါက်လို့  
ပျော်နေမိတဲ့ အပျော်မျိုးလည်း မဟုတ်ပါဘူး။
ဘ၀မှာ အလိုချင်အတောင့်တဆုံးသော ဆုလာဒ်ကလေးကို ရလိုက်တဲ့ခံစားချက်မျိုး၊ အသက်လောက် တန်ဖိုးကြီးတဲ့ ပစ္စည်းလေးကို ဆုံးရှုံ့ရပြီလို့ ထင်ခဲ့မိကာမှ ပြန်လည်ရရှိလာတဲ့ ခံစားချက်မျိုးပါပဲ။

ချစ်တဲ့သူလေးကို ပိုင်ဆိုင်ခွင့်ရတော့မည်ဖြစ်တာ‌ ကြောင့် လောကကြီးကဘယ်လောက်တောင် 
လှနေလိုက်သလဲ။
လမင်းကြီးဟာ လပြည့်ညကျော်လွန်သွားတဲ့အခါ တဖြည်းဖြည်းသေးငယ်သွားပေမဲ့  မွှေးအပေါ်ကို ထားရှိတဲ့ခံစားချက်တွေကိုတော့ သေးငယ်၊
ကုန်လွန်မသွားအောင် ထိန်းသိမ်းချင်တယ်။

"ရှင်..မအိပ်သေးဘူးလား..ဒီမှာ...ချမ်းရင်ခြုံရအောင်..စောင်လာ‌ပေးတာ...."

အသံလာရာကို လှည့်ကြည့်လိုက်တော့ သူ့ရဲ့မွှေးလေးက ညဘက်မို့ဆံပင်တွေကို ဖြန့်ချထားပြီး 
သူ့ခြင်ထောင်ဘေးမှာ ပဆစ်တုတ်၍လာထိုင်နေလေသည်။ပါးပြင်လေးက သနပ်ခါးတို့ကင်းလွတ်နေ၍ ၀င်းပကြည်လင်နေသည်။ခုဏက သူကြည့်နေမိတဲ့ လရောင်ကို ထိန်လင်းလှပြီထင်ခဲ့တာ။
ယခု သူ့ချစ်သူရဲ့မျက်နှာလေးကမှ လမင်းထက်အဆတစ်ရာလောက် ရောင်ဝါတောက်ပနေသလိုပါပဲ။

အရမ်းချစ်တယ်မွှေးရယ်။မင်းကြောင့်သာ 
ကိုယ်တစ်ခါမှ မတွေးတောမိခဲ့တဲ့ လုပ်ရပ်တွေကို လုပ်မိနေခဲ့တာ‌ပေါ့။ ပရဟိတအဖွဲ့တွေကို အလှူငွေထည့်ပြီးပဲ လှူခဲ့တဲ့ကိုယ်က အခုလိုရွာငယ်လေးအထိ ကားတစ်တန်လှေတစ်တန်‌နဲ့ ရောက်လာပြီး
ကိုယ်တိုင်လှူဒါန်းမိအောင် မင်းလုပ်ခဲ့တယ်။

ဘယ်လောက်ဈေးကြီးတဲ့အရာဖြစ်ဖြစ် 
ကြိုက်တယ်၊နှစ်သက်တယ်၊လိုချင်တယ်ဆိုတာနဲ့ အလွယ်လေး ကိုယ့်အရှေ့ရောက်လာအောင် 
လုပ်နေမိတဲ့အကျင့်ကနေ လယ်ထဲမှာ ကောက်ရိတ်ပြပြီး ချစ်သူဆီကမေတ္တာတရားကို 
တောင်းခံခဲ့ရသတဲ့။ဟာသတစ်ပုဒ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ မေတ္တာတရား၊ချစ်ခြင်းတရားရဲ့ တန်ဖိုးကြီးမားမှုကို ယောင်လို့တောင် အထင်မသေးရဲတော့ဘူး။

"ဟိတ်လူကြီး...ဘာတွေတွေးနေတာလဲ...ဒီမှာခြုံဖို့စောင်ယူလေ...."

ခြင်ထောင်ထဲသို့ စောင်ကိုထည့်ပေးနေသည့် 
သူမရဲ့လက်ကလေးကို သူဆုပ်ကိုင်လိုက်ပြီး 
သူမရဲ့ အံ့ဩနေတဲ့မျက်၀န်းလေးတွေကို 
တည့်တည့်ကြည့်ကာ  သူပြုံးပြလိုက်သည်။
သူ့အပြုံးရဲ့အဓိကအချက်ကတော့ သူမရဲ့ခန္ဓာကိုယ်လေးကို ခြင်ထောင်ထဲသို့ဆွဲသွင်းပြီး ရင်ခွင်ထဲမှာ ပွေ့ဖက်ထားမိခြင်းကြောင့်ပါပဲ။
နှစ်ယောက်သားရဲ့ နှလုံးခုန်နှုန်းတွေမြန်ဆန်လာသည်မှာ ဆူနာမီငလျှင်ကဲ့သို့ပြင်းအားမျိုးနှင့် တင်စားရလောက်သည်။

"ရှင်ဘာဖြစ်နေတာလဲ..လွှတ်နော်.."

"ရှူး..တိုးတိုးနေလေ..တော်ကြာမွှေးရဲ့အဖွားထွက်လာမှ..ညတွင်းချင်းမင်္ဂလာ‌ဆောင်ပေးနေအုံးမယ်.."

"ရှင်မဟုတ်တာမပြောနဲ့နော်.."

"စိတ်ချ..မဟုတ်တာမပြောဘူး..မဟုတ်တာပဲလုပ်မှာ.."

‌သူ့မျက်နှာကြီးက စံပယ့်မျက်နှာနဲ့တဖြည်းဖြည်း
နီးကပ်လာပြီးသူ့လက်တစ်ဖက်ကို 
စံပယ့်ခါးအောက်မှာထားကာ နောက်လက်တစ်ဖက်ကတော့ စံပယ့်ဦးခေါင်းကိုထိန်းကိုင်ထားလေသည်။
စံပယ်ကသူ့ခေါင်းအုံးကိုအုံးနေရပြီး သူကတော့ 
စံပယ့်‌ခေါင်းဘေးမှာ လက်ထောက်ရင်း
‌ကြယ်ရောင်စုံတောက်နေသည့် မျက်၀န်းမျိုးနှင့် ကြည့်လာသည်။

စံပယ်လည်း ဘာကြောင့်ရယ်မသိ သူ့ရဲ့ပါးပြင်ကို လက်ဖဝါးလေးနဲ့ အုပ်ပြီးကိုင်လိုက်မိသည်။
သူသာ စံပယ့်ကိုလက်လျှော့ခဲ့ရင် အခုလိုပြန်စုံစည်းနိုင်မှာမဟုတ်ဘူး။တကယ်တော့ သရဲဘောကြောင်ခဲ့တဲ့လူက စံပယ်ရယ်ပါ။
သူ့လို ပုဂ္ဂိုလ်တစ်ယောက်ကတောင် စံပယ့်အတွက်အရာရာ လက်ခံပေးခဲ့တဲ့အချိန် စံပယ်ကတော့ 
သူ့ကိုထားရစ်ခဲ့မိတယ်။
အမှန်ဆိုရင် သူကတောင် စံပယ့်ကိုငြိုငြင်ရအုံးမှာပါ။

သူက နိုင်ငံခြားမှာ ဘွဲ့ရခဲ့တဲ့လူတစ်ယောက်၊
စံပယ်ကတော့ ကိုးတန်းနဲ့ကျောင်းထွက်ခဲ့ရတယ်။
သူ့ဆီမှာတုန်းက ခမ်းနားတဲ့တိုက်တာကြီးနဲ့ စံပယ်နေခဲ့ရပေမဲ့ စံပယ့်ဆီမှာတော့ ကြူထရံကာ
အိမ်ကလေးကိုမှ သူ့အတွက်အိပ်ခန်းအပိုမရှိလို့ ဘုရားခန်းမှာ အိပ်နေရရှာတယ်။
ရုံးခန်းထဲမှာ နေ့စဉ်နေ့တိုင်း အဲယားကွန်းအေးအေးကိုဖွင့်ပြီး ဘော့ပန်င်သာကိုင်ရတဲ့  တန်ဖိုးရှိတဲ့လက်တွေက ကောက်ရိတ်လို့ တံစဉ်ရှပြီး သွေးသံတရဲရဲ
ဖြစ်ခဲ့ရတယ်။သူအများကြီး ကြံ့ခိုင်ပေးခဲ့ပါတယ်။
သူအများကြီး နားလည်ပေးခဲ့တယ်။ 

စံပယ်ကသာ ကွာခြားလွန်းတဲ့ဘ၀အခြေအနေအရပ်ရပ်ကို သတ္တိမဲ့ပြီး စိုးရိမ်ပူပန်ခဲ့တာ။
ကိုယ့်ရဲ့ သတ္တိမဲ့မှုက သွေးထိုးစကားတစ်ခုလောက်ကြားယုံနဲ့ သံသယအဖြစ်ကို ပြောင်းသွားပြီး
 မာနတရားတွေချုပ်နှောင်လာတော့ အမုန်းတရားတွေ ပေါက်ဖွားလာခဲ့တယ်။
ချစ်သူဟာ ဆူးပန်းတစ်ခုဖြစ်ရင်တောင် စံပယ်ဟာမိုက်ကန်းပြီး ခူးရဲရမှာပေါ့။
အခုတော့ မွှေးရနံ့သာရှိတဲ့ တောပန်းကလေး 
စံပယ့်ကို သူကသာ သတ္တိရှိရှိ ခူးယူဖို့ကြိုးစားခဲ့ရ
ရှာတယ်။သူဟာ သစ္စာတရားကို သိပ်မြတ်နိုးမှန်း စံပယ်သိလိုက်ပါပြီ။

"အရမ်းချစ်တယ်....မွှေး...."

နူးညံ့ညင်သာလွန်းတဲ့ စကားလုံးလေးနဲ့အတူ
 ပါးပြင်ပေါ်ကို မှုတ်ထုတ်လိုက်တဲ့ လေငွေ့နွေးနွေးလေး အိစက်သိမ်မွေ့သော အထိအတွေ့တစ်ခုမှာ စံပယ်တုန်လှုပ်သွားမိတယ်။
ချစ်သူနမ်းရှိုက်တာကို ခံယူဖူးတဲ့ပန်းကလေးပေမဲ့ 
စိမ်းသက်တဲ့ ခံစားချက်တွေကတော့ ဖြတ်ပြေးသွားလေသည်။
စံပယ် မျက်လုံးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ သူက
စံပယ့်ကို ပြုံးပြီးကြည့်နေပြန်သည်။
သူဘာလို့ ခဏခဏပြုံးနေသလဲ မသိဘူး။

"..ကျွန်မသိချင်တာတစ်ခုရှိတယ်.."

"ဘာသိချင်တာလဲ..မေးစေဗျာ.."

"ရှင်ဘာဖြစ်လို့ ဒီရွာမှာအကြာကြီးနေပြီး ကျွန်မကိုလိုက်ချော့နေတာပဲ တကယ်ဆိုရင်ရှင့်အတွက် ကျွန်မထက်သာတဲ့ မိန်းမလှတွေမှအများကြီးပဲ
ဥစ္စာကို.."

သူကစံပယ့် မေးဖျားလေးကိုညင်သာစွာ
မော့ယူလိုက်ပြီး ချစ်ရေရွှမ်းတဲ့အကြည့်တွေနှင့် ကြည့်လာပြန်သည်။စံပယ်လည်း  သူ့ရဲ့အဖြေကို စောင့်စားနေမိသည်။သူဘယ်လို ဖြေမှာပါလိမ့်။

"မွှေးထက်သာတဲ့ မိန်းမလှလေးတွေအများကြီးရှိပေမဲ့ ကိုယ်ချစ်မြတ်နိုးတဲ့ ‌စံပယ်မွှေးဆိုတဲ့မိန်းကလေးကတော့ တစ်ယောက်ပဲရှိတာလေဗျာ
..ကိုယ့်လိုလူရဲ့ဘေးမှာနေရင် အရာရာပြည့်စုံချမ်းသာနိုင်မှန်းသိလျှက်‌နဲ့ ကိုယ့်ဆီကထွက်ပြေးသွားတဲ့ အာဃလေးက အချစ်စစ်တစ်ခုကိုပဲ လိုချင်ခဲ့တာလို့ ကိုယ်သိလိုက်ရတယ်...
ကိုယ်မှတန်ဖိုးမထားရင် သူများကလုယူသွားမှာပေါ့.."

"ဒါပေမဲ့ ရှင်နဲ့ကျွန်မက အရာရာမှာ ကွာဟမှုတွေ သိပ်များတယ်လေ...တချိန်ချိန်မှာ မလိုက်ဖက်မှန်းသတိထားမိပြီး ကျွန်မကိုပစ်သွားမှာလား...
ပညာရေးမှာဖြစ်ဖြစ်...ဥစ္စာပဲဖြစ်ဖြစ်...အရာရာမှာ 
ကွာခြားနေတာပဲလေ..."

"အင်း....မွှေးပြောတာလည်း မှန်တာပဲ ကိုယ်တို့ကတကယ်ကို မတူညီဘူး..."

"ဦးနေဂုဏ်မာန်...ရှင်အခုတော့ဒီစကားပြောလာပြီ
ပေါ့...."

မေးစေ့ကိုပွတ်ပြီး ခေါင်းငြိမ့်လိုက်တဲ့ သူ့ပုံစံကြောင့်
စံပယ်စိတ်ဆိုးပြီး ထထိုင်လိုက်တော့ သူကလည်း လိုက်ထိုင်သည်။
သူ့ကိုမျက်စောင်းထိုးတော့လည်း ထရယ်ပြန်ရော ။ခုဏက စိတ်ထဲမှာ ချီးကျူးပေးနေတာ တောင် ဘယ်ချောင်ရောက်သွားသလဲမသိတော့ဘူ။

"ဟား...ဟား...ကိုယ့်ကိုစိတ်ဆိုးသွားတာလား..."

"ရှင်...ပြောတဲ့ ပုံကိုလည်း ကြည့်အုံးလေ..."

သူ့ကို မေးငေါ့ပြီး မျက်နှာကြီးဆူပြတော့ စံပယ့်လက်ကို သူ့လက်နှစ်ဖက်နဲ့ လာအုပ်ကိုင်ပြီး
 ရယ်ကျဲကျဲလာလုပ်ပြသည်။
တတ်လည်း တတ်နိုင်တယ်။

"ကိုယ်ပြောချင်တဲ့ မတူဘူးဆိုတာက 
လူတစ်ယောက်နဲ့ တစ်ယောက် လုပ်ကိုင်နိုင်စွမ်း
မတူတာကိုပြောတာပါ အခုပဲကြည့်လေ...
မွှေးလိုမျိုး ကိုယ်ကောက်ရိတ်ကျွမ်းကျင်သလား
...စပါးအိတ်တောင်မှ တစ်အိတ်လေးထမ်းရုံနဲ့ ကျောအောင့်နေပြီ...
လူတစ်ယောက်နဲ့တစ်ယောက်က သူနေတဲ့အရပ် ဒေသနဲ့လိုက်ပြီး သိတာ၊တတ်တာလည်း တူမှာမဟုတ်ဘူး..
ဒီလူ့လိုငါမလုပ်တတ်လို့...သူ့လောက်မတော်လို့ဆိုပြီး အားငယ်နေရင်ဘာအကျိုးရှိမှာလည်း...
ကိုယ်လိုမလုပ်နိုင်တဲ့လူတိုင်းကို လိုက်အထင်အမြင်သေးနေရင်လည်း ဘာအကျိုးရှိမှာလဲ..."

"အင်း...ရှင်ပြောတာလည်း ဟုတ်တာပါပဲ...ဒါပေမဲ့
ရှင်တို့ယောက်ျားတွေက အစကတော့အားလုံးဒီလိုတွေကြီးပါပဲ မရခင်တုန်းကတော့ ဖျာလိုလိပ်ပြီး
ထိပ်ပေါ်ကိုတင်ထားချင်ကြတာ...ရလည်းပြီးရောဟိုဟာ အကြောင်းပြ ဒီဟာအကြောင်းပြလာကြရော အခုကျွန်မမှာက ရှင့်ရဲ့ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်တဲ့အချက်တွေအများကြီးရယ်...
နောက်ကျမှ ငြိုငြင်လာရင် ဘယ့်နှယ့်လုပ်မလဲ..."

"ဘယ်နှယ့်မှ မလုပ်ဘူး...စံပယ်လည်းကိုယ်ပြောရင် စဉ်းစားပြီးအတတ်နိုင်ဆုံး လုပ်ပေး...ကိုယ်လည်းစံပယ်လိုချင်တဲ့ ပုံစံခွက်ထဲမှာ နေနိုင်အောင်နေပြမယ်ကွာ...ပြောသာပြောတာပါ ကိုယ်ကအသက်လည်း ပိုကြီးသလို ပိုလည်းချစ်ရသူဆိုတော့
ကိုယ်ပဲ အမြဲအရှုံးပေးရမှာပါ....ချစ်တော့လည်းလေ..."

စံပယ်လည်း မျက်နှာလွှဲလိုက်ပြီး ပြုံးလိုက်မိသည်။
အပြောကတော့ ရွှေမန်းဆိုတဲ့လူကြီးပါ။သူ့စကားတစ်ခွန်းမှာ အသဲနှလုံးကြီးကပ်ပါသွားအောင်ကို စကားကြွယ်တဲ့လူကြီး။
စံပယ့်ကို နှိမ့်ချပြီးမပြောတဲ့အပြင် မဖြစ်စလောက်အားသာချက်ကလေးတွေကိုပါ အမွှမ်းတင်ပေးတယ်။
တကယ်ပါ သူမို့လို့ကြမ်းပိုးကို လိပ်ဖြစ်အောင် 
ပြောတတ်တယ်။

စံပယ်ပြုံး၍ပင်မဆုံးသေး ပါးကိုလာနမ်းတဲ့
သူ့ကြောင့် မျက်နှာကနီမြန်းသွားရသည်။
ဒီမှာကြာကြာဆက်နေရင် သေချာတယ်ဒီ့ထက်အဆင့်တွေကျော်လာတော့မှာပါ။
ရုပ်ကိုက ဘီလူးကြီးနှာဘူးထနေသည့်ရုပ်။

သူ့ကိုတွန်းထုတ်ပြီး အခန်းထဲ၀င်သွားတဲ့ သူမကို
ကြည့်လိုက်‌တော့ဆံပင်‌အရှည်ကြီးတွေကို ဖားလျားချထားတဲ့သူမရဲ့အလှက သူ့ရင်ကိုဖုတ်လိုက် 
ဖုတ်လိုက်ဖြစ်ကျန်ခဲ့အောင် ပြုစားရက်ပါသည်။
သူပက်လက်လှန်ချပစ်လိုက်ပြီး ရင်ဘတ်ပေါ်သို့ လက်တင်လိုက်မိသည်။

"ဟူး...မွှေးရဲ့အဖွားက ဒီနေ့တော့ဘာမှမပြောပေမဲ့ မနက်ဖြန်ကျရင် ဘယ်လိုတွေစီရင်ချက်ချမလဲမသိဘူး.."

🌼🌼🌼🌼🌼🌼🌼🌼

မနက်မိုးသောက်အာရုဏ်ဦးရဲ့လင်းရောင်ခြည်အောက်၀ယ် ဝါဝါ၊၀င်း၀င်းစံပါးခင်းတွေကြားကောက်စိုက်သမများဟာ တကုန်းကုန်း၊တရုန်းရုန်းအလုပ်လုပ်နေကြရလေသည်။
စံပယ်မွှေးမှာတော့ ကန်သင်းရိုးပေါ်မှာ ထိုင်နေမိရာမှပုလိပ်စစ် အစစ်ခံနေရ၍ စိတ်ညစ်နေရလေသည်။
လာတာက အိမ်စားဖို့ လယ်ကန်စွန်းခူးယူဖို့ပင်။
အခုတော့ စစ်ကြောရေးမိနေလေသည်။

အရင်တည်းက စပ်စုစိန်တွေဖြစ်တာကြောင့် 
မဖြေမချင်းကို အစ်မေးနေကြလေသည်။
ကိုယ်တိုင်ကလည်း သူများကိစ္စကို ဒီလိုစပ်စုခဲ့သူမို့ ၀ဋ်ပြန်လည်တယ်လို့ ပြောရမည်။

"နင်တို့ချစ်သူဖြစ်တာဘယ်လောက်ကြာပြီလဲ..
ပြောစမ်း.ပြောစမ်း.."

"သိပ်မကြာသေးပါဘူး.."

"ဟယ်..ဒါတောင်..ဟိုလူကြီးကသည်းသည်းလှုပ်ပါလားနော်..မိစံပယ်တို့ကံကောင်းချက်ကတော့.."

"ဟဲ့..ဒါနဲ့..နင်တို့နှစ်ယောက်..ဘယ်လိုစတွေ့ကြတာလဲ.."

မမိုးရဲ့အမေးကြောင့် စံပယ်ဘယ်ကနေဘယ်လို
စဖြေရမှန်းမသိဖြစ်နေသည်။
စတွေ့တဲ့အဖြစ်က အိမ်သာထဲမှာလို့သာပြောလိုက်ရင် ဝါးလုံးကွဲအောင်ကို ဝိုင်းရယ်ကြမှာသေချာတယ်။‌
 စံပယ်ကိုယ်တိုင်ကလည်း ကိုယ့်သမီးရည်းစားကြားက ကိစ္စတွေကို အပြင်လူတွေကို ပြောပြရမှာ သိပ်ရှက်နေမိသည်။

ကိုယ်ကသူ့ဆီမှာ သန့်ရှင်းရေး၀န်းထမ်းလုပ်ခဲ့ရာကနေ ချစ်သူအဆင့်ရောက်ခဲ့တယ်ဆိုရင် လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြမ္မာ့ပြည်ကအပ်တစ်စင်းထိခတ်တယ်ဆိုပြီး မတန်မရာဆိုတဲ့ စကားတွေကိုမကြားချင်ဘူး။
သူ့ဆီမှာ အလုပ်သမားဖြစ်ခဲ့တာက ရှက်စရာမဟုတ်ပေမဲ့ မဟုတ်တရုတ်နည်းလမ်းတွေနဲ့
ချည်းကပ်ခဲ့တယ်လို့ အထင်မြင်လွဲမှာကိုတော့ မခံနိုင်ဘူး။
ထို့ကြောင့်ပဲ စံပယ်ချက်ချင်းထရပ်လိုက်မိသည်။

"တော်တို့ကအရမ်းစပ်စုတာပဲသိလား..ကျွန်မကန်စွန်းရွက်လာခူးတာတောင်ဘယ်ပျောက်သွားမှန်းမသိဘူး..သွားတော့မယ်.."

"ဟဲ့ဟဲ့..တန်းလန်းကြီးမထားခဲ့နဲ့လေ.."

ထိုအဖွဲ့ကြီးကိုထားခဲ့ပြီး တစ်ဖက်လယ်မှာ
ကန်စွန်းရွက်နုနုလေးတွေကိုသာရှာခူးနေလိုက်သည်။
ကန်စွန်းရွက်တွေက လယ်ကန်သင်းရိုးပေါ်တွေမှာ ပေါက်နေတာများ ဖွေးဖွေးကိုလှုပ်နေတာပါပဲ။
စံပယ်တို့ ဆီမှာတော့ ငါးလေးကိုပြုတ်ပြီး 
အရိုးထွင်ကာ ငါးပြုတ်ရည်လေးထည့် ကန်စွန်းရွက်ကိုရော မန်ကျည်းသီးအနှစ်ကလေးနဲ့ အရည်ကျဲကျဲ ချဉ်ရည်ဟင်းလေးတစ်ခွက်ရရင်ဖြင့် ငရုတ်သီးဆားထောင်းသုတ်လေးနဲ့များ သိပ်ကိုလိုက်ဖက်နေတာပါပဲ။

ကန်သင်းရိုးပေါ်ကနေ နဲနဲကုန်းလိုက်ပြီး ရေထဲတွင်ထောင်ထွက်နေသော ကန်စွန်း‌ပင်လေးကို လှမ်းခူးလိုက်သည်။
ရုတ်တရက် စံပယ့်ခြေဖမိုးနေရာမှ ဆစ်ခနဲဖြစ်သွားသလို ခံစားလိုက်ရသည်။
 ပြန်ငုံ့ကြည့်လိုက်တော့လည်းဘာမှ မတွေ့ဘူးဖြစ်နေသည်။

မလှရီခမျာ စံပယ်ရှိရာလယ်ကွက်သို့ ကောက်
ရိတ်ရင်းလှမ်းကြည့်လိုက်မိသည့်အခါမှာ ရုတ်တရက်စံပယ်က စံပါးခင်းတွေကြား‌ထဲသို့ 
ငုတ်လျှိုးသွားသလိုမျိုးပုံနှင့် လူရိပ်ကချက်ချင်းပျောက်သွားလေသည်။

"ဟဲ့..ဟဲ့..မိစံပယ်ကိုသွားကြည့်ရအောင်..
ခုနကပဲမတ်တပ်ရပ်ပြီးအရွက်တွေလိုက်ရှာနေတာ..အခုမတွေ့တော့ဘူးနော်..."

"မလှရီရယ်..စိုးရိမ်တက်ရန်ကော..ထိုင်ခူးနေလို့
နေမှာပေါ့..ကန်စွန်းကအောက်မှာ ပေါက်တဲ့ဥစ္စာ
စံပါးပင်တွေကွယ်နေလို့မတွေ့တာဖြစ်မှာပါ.."

"မဟုတ်ဘူးနော်..ငါ့စိတ်ထဲမှာတစ်မျိုးပဲ..
လာသွားကြည့်ကြမယ်အေ.."

မလှရီကစိုးရိမ်တကြီး လောဆော်နေလေတော့ မစိုးလည်း မနေနိုင်တော့ပေ။ထို့ကြောင့် ရိပ်ပြီးသားစပါးတွေကို အမြန်ထုံးလိုက်သည်။

"ကဲ..ကဲ..လိုက်ခဲ့မယ်..လိုက်ခဲ့ပါ့မယ်.."

မလှရီနှင့် မစိုးမှာ စံပယ်ရှိရာလယ်ကွက်သို့ကူးလာကြပြီး နာမည်ကိုအော်ခေါ်ကြပေမဲ့ ထူးသံမကြားရ၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိတ်လန့်သွားကြလေသည်။

"ဟဲ့...တစ်ခုခုတော့ ဖြစ်နေတာသေချာပြီ..."

"လုပ်အုံး...ကျွန်မစိတ်ပူလာပြီ...စံပယ်ရေ...
စံပယ်‌...ညီမလေးဘယ်မှာလဲ...."

နှစ်ယောက်သား ကန်သင်းရိုးအပေါ်မှ 
ချော်မကျအောင် လျှောက်ကြရင်း စံပါးပင်တွေကြားမှာ တိုး၍ လိုက်ရှာမိကြသည်။
အော်ခေါ်တာလည်း မရတော့ အတော်စိတ်ပူလာကြသည်။

"ဟယ်..ဟိုမှာ..ဟိုမှာ..မလှရီ.."

ကန်သင်းရိုးတစ်ခုအပေါ်မှာ  အပေါ်ပိုင်းတင်နေပြီး ရေထဲကို ခြေထောက်ကျကာ သတိလစ်နေသည့် 
စံပယ့်ကိုတွေ့တော့ မလှရီက ကုန်းပေါ်မှ
ပြေးသွားပေမဲ့ မစိုးကတော့ အလျှင်လိုကာ ရေထဲသို့ခုန်ဆင်းပြီး ပြေးလေတော့သည်။

"အမယ်လေး!!!စံပယ်ရေ..စံပယ့်..ဟဲ့မိစံပယ်က
..ခေါ်လို့လဲမထူးဘူး..မစိုးအခြားအဖွဲ့တွေကိုသွားခေါ်စမ်းဟယ်.."

လယ်ကန်သင်းရိုးပေါ်တွင် လဲကျနေသည့်စံပယ့်ကိုပွေ့ချီပြီး သူ့စိတ်ထဲမှာတစ်ခုခုထင့်နေ၍ခန္ဓာကိုယ်အနှံ့လိုက်ကြည့်လိုက်ရာ ခြေဖမိုးပေါ်တွင်
 သွေးစို့နေသည့်အပေါက်ကလေးနှစ်ပေါက်ကို တွေ့လိုက်ရလေသည်။
မြွေကိုက်ခံလိုက်ရပြီဟု သူမချက်ချင်းမှတ်ချက်ချလိုက်မိသည်။ 
ရိုးရိုး အဆိပ်မရှိတဲ့မြွေဆိုရင် ဘာမှမဖြစ်ပေမဲ့ မြွေဟောက်တို့ဘာတို့ဆိုရင် အသက်အန္တာရာယ်ပါ ထိခိုက်နိုင်သည်။အခြားလူတွေ အလာကိုစောင့်ရင်းနှင့် စံပယ်လေးအသက်အန္တာရာယ်မကျရောက်ဖို့ ဆုတောင်းမှုအထပ်ထပ်ပြုလုပ်နေမိသည်။

"စံပယ်ရယ်..ဖြစ်မှ..ဖြစ်ရလေ..ဒီလယ်ကွက်ထဲမှာမြွေတွေပေါလို့..မသွားပါနဲ့လို့..မလှရီမတားခဲ့ဘူးလားကွယ်..အဟင့်.."

သူမအဖို့ သတိမလည်လာသေးသော စံပယ်မွှေးရဲ့မျက်နှာလေးကို ကြည့်ပြီး မျက်ရည်များတောင် စီးကျလာလေသည်။

တဖက်တွင်တော့နေဂုဏ်မာန်တစ်ယောက် အဖွားကြည်မေနှင့် အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ရင်းစကားတွေဖောင်ဖွဲ့နေလေသည်။ 
ထိုစဉ် ရွာလမ်းအတိုင်းပြေးလာသူတစ်ယောက်ဟာ ဖွားကြည်မေတို့ခြံထဲသို့ ပြေး၀င်လာလေသည်။
ထိုသူမှာ အခြားသူမဟုတ်ပဲ ‌ကောက်စိုက်သမားအဖွဲ့ထဲမှ မုန့်လေပွေပင်ဖြစ်သည်။

"အဖွားကြည်မေရေ..အဖွားကြည်မေ.."

"ဟဲ့..မုန့်လေပွေ..ဘာဖြစ်လာတာတုန်းဟဲ့..‌
နင့်ကြည့်ရတာမောနေသလိုပဲ..
ရေသောက်အုံးမလား.."

"ရေကအသာထားပါရှင်..ဟိုမှာ..စံပယ်မွှေးပိုးထိလို့.."

"ဘာ..ခင်ဗျား...ဘာပြောလိုက်တယ်.."

"မိစံပယ် ပိုးထိလို့..လယ်ထဲကလူ‌တွေသားဖွားသူနာပြုဆေးပေးခန်းကို ခေါ်သွားကြပြီ..
အဲ့ဒါလာပြောတာ.."

"ဟာ!!!.."

နေဂုဏ်မာန် ချက်ချင်း ဖိနပ်တောင်မပါပဲ သားဖွားမီးယပ်ဆေးပေးခန်းသို့ တဟုန်ထိုးပြေးလေတော့သည်။
ဦးဘသိုက်တို့အိမ်ကိုပြေးသွားလိုက်ပြီး 
ဆိုင်ကယ်လ်၀င်ငှားလိုက်သည်။
သည်ရွာမှာ ဆိုင်ကယ်လ်ရှိတဲ့အိမ်ကခပ်ရှားရှားရယ်ပါ။

စက်တုဆေးပေးခန်းသို့ရောက်တယ်ဆိုရင်ပဲ ဆေးခန်းထဲသို့အမောတ‌ကောနှင့်ဒုန်းဆိုင်း 
ပြေး၀င်လိုက်သည်။
ဆေးခန်းထဲကို ၀င်လိုက်တော့ လူနာဆိုလို့ 
တစ်ယောက်တစ်လေတောင် ရှိမနေခဲ့ဘူး။
မွှေးကို မတွေ့ရတော့ သူပိုပြီးစိတ်ပူနေမိသည်။
ရင်ထဲမှာ လေးလံနေပြီး စိတ်တွေလည်းသိပ်ရှုပ်ထွေးနေသည်။

"ဘာကူညီပေးရမလဲရှင်.."

"ဟို..မြွှေကိုက်ခံရလို့ရောက်လာတဲ့ စံပယ်မွှေးကဘယ်မှာလဲမသိဘူး.."

"အော်..လူနာကို..သားဖွားဆရာမကြီးနဲ့အတူ 
..မြို့ကဟင်္သာတဆေးရုံကို‌ ထွေလာဂျီနဲ့ခေါ်သွား
ပြကြပြီရှင့်.."

"ဗျာ..."

သူချက်ချင်းပဲဆိုင်ကယ်ပေါ်ကို ပြေးတက်လိုက်ပြီး ဟင်္သာတဆေးရုံသို့လီဗာကို တအားနင်းကာမိုင်ကုန် မောင်းနှင်နေမိသည်။
အခုအချိန်မှာ အသက်အန္တရယ်ရှိတာတွေ ဘာတွေသူနားမလည်တော့ဘူး မွှေးသာတစ်ခုခုဖြစ်ရင် 
သူအသက်ရှင်နေလည်းဘာထူးတော့မှာလဲ။
ဘာလို့ ဒီလိုအဖြစ်အပျက်ကြီးက ကိုယ်တို့ကြမှလည်းကွာ။မွှေးနဲ့ကိုယ်တို့ရဲ့ ဘ၀လေးအေးချမ်းပြီလို့ ထင်ထားခဲ့မိတာ အခုတော့မထင်မှတ်တဲ့
ဖြစ်ရပ်ဆိုးတွေ ဘာကြောင့်ဖြစ်လာရတာလဲ။

"မွှေးရေ..ကိုယ့်ကိုစောင့်ပါကွာ...မင်းဘာမှမဖြစ်ရဘူး..."

အခန်း(၂၂)...ဆက်ရန်

🌼🌼🌼🌼🌼🌼🌼🌼🌼🌼

မွှေးလေးတို့ ဘယ်လိုဆက်ဖြစ်ကြမလဲ....

#စာရေးသူ_ဆောင်း‌ငွေ့ဝေ 
#သနပ်ခါးရနံ့လေးကြူကြူမွှေး 
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်




Comments

Popular posts from this blog

🦋အခန်း ၁ မှ အခန်း ၃ 🦋

🌿အခန်း ၁ မှ အခန်း ၄ 🌿

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁) မှ အခန်း (၃)"