"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁၃) မှ အခန်း (၁၅)"
"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁၃) မှ အခန်း (၁၅)"
🌼 အခန်း၁၃🌼
နေဂုဏ်မာန်အစည်းအဝေးပြီးလို့ ရုံးခန်းကိုပြန်ပြီးခဏနားမယ်ကြံရုံရှိသေးတယ် အိမ်ဖုန်းလာ၍ကိုင်လိုက်မိသည်။
"ဟယ်လို..ဒေါ်ညို..ဘာကိစ္စရှိလို့လဲ.."
"ဘာ..ဘယ်ကဧည့်သည်လည်း.."
"ဟုတ်ပြီ..ကျွန်တော်အခုချက်ချင်းလာခဲ့မယ်.."
နေဂုဏ်မာန်လည်း အိမ်ကိုရောက်ချင်ဇောနဲ့
ကားကိုအရှိန်ပြင်းစွာမောင်းနေမိသည်။
ရင်ထဲမှာလည်းတော်တော်ပူနေသည်။
"ငိုပြီးအခန်းထဲကနေကိုထွက်မလာဘူးကွယ်..
ဒေါ်ညိုတို့ခေါ်တာလည်းမထူးဘူး..တံခါးကိုလည်း လော့ချထားတယ်.."ဆိုသည့် ဒေါ်ညို့ရဲ့အသံကိုသာနားထဲမှာထပ်ခါထပ်ခါကြားနေမိလို့ ခေါင်းကိုသာတွင်တွင်ခါနေမိသည်။
"တောက်! ဟာကွာ..ဘယ်ကောင်ဖြစ်ဖြစ် စံပယ့်ကို
ငိုအောင်လုပ်တဲ့ကောင် တွေ့မယ်...."
ကားကို ပေါ်တီကိုအောက်မှာထိုးရပ်လိုက်ပြီး
ကားပေါ်မှအမြန်ဆင်းကာ အပေါ်ထပ်ကိုပြေးတက်သွားလိုက်သည်။သူမနေတဲ့ အခန်းအရှေ့မှာရပ်လိုက်ပြီး တံခါးကိုအဆက်မပြတ်ထုနေမိသည်။
"ဒုန်း!!!!. ဒုန်း!!!.."
"စံပယ်..ကိုယ်နေဂုဏ်မာန်ပါ..ကြားလားစံပယ်..
ကိုယ့်ကိုတံခါးဖွင့်ပေးပါလား..ကိုယ်တို့စကားပြောရအောင်လေ..."
အခေါက်ပေါင်းများစွာခေါ်နေပေမဲ့
တံခါးလာမဖွင့်တာကြောင့် သူတော်တော်
စိတ်ညစ်နေရသည်။အခန်းထဲကနေထွက်လာသည့်
ငိုသံ၊ရှုက်သံသဲ့သဲ့တွေကိုသာ ကြားနေရတာကြောင့် စိတ်ထဲမှာလည်း နေထိုင်လို့မကောင်းတော့ပေ။
သူမဘယ်လောက်အထိ ခံစားနေရလို့ပါလိမ့်။
"စံပယ်..မနက်ဖြန်အဖွားဆီကို ပြန်မလို့ဆို..
တံခါးဖွင့်ပေးပါအုံး..စံပယ်..ကိုယ်ပြောတာကြားလား.."
"မခေါ်နဲ့..ရှင့်အသံကိုလည်းမကြားချင်ဘူး..
ရှင့်ကိုလည်းမုန်းတယ်..ရှင့်ကိုကျွန်မသိပ်မုန်းတယ်..
ဟိုမိန်းမကိုလည်းမုန်းတယ်..အဟင့်..
ကျွန်မအဖွားဆီကိုပဲပြန်မယ်.."
တံခါးမဖွင့်ပေးပေမဲ့အခန်းထဲကနေ စကား
ပြန်ပြောတော့မှ နဲနဲစိတ်အေးသွားရသည်။
သို့ပေမဲ့ သူ့ကို"မုန်းတယ်"ဆိုသည့်စကားကိုပဲ ဆက်တိုက်ပြောနေတာကြောင့် သိပ်တော့ဘ၀င်မကျမိပေ။
သူမဆီက မေတ္တာကိုပဲလိုချင်သည့်သူ့အဖို့ အခုလိုအမုန်းတရားတွေပေးလာမှာကို အကြောက်ဆုံးပဲ။
တွေးလိုက်မိတိုင်း စံပယ့်ကိုမဟုတ်တမ်းတရားတွေ ပြောသွားတဲ့လူကိုပဲ ဆုံလည်ထဲကို ထည့်ပြီးထောင်းချင်နေသည်။
ဒေါ်ညိုကတော့ ချယ်ရီစူးဖြစ်နိုင်ပေမဲ့ မသေချာဘူးတဲ့။သေချာလို့ကတော့ ဒီမိန်းမကောင်းကောင်း
မနေရဘူးမှတ်။
"ဒေါ်ညို..ဒီအခန်းသော့က အပိုရှိတယ်မဟုတ်လား.."
"ဟုတ်ကဲ့ရှိပါတယ်.."
"အာ့ဆိုသွားယူဗျာ.."
"ဟုတ်ကဲ့.."
ဒေါ်ညို အခန်းသော့ယူလာတာနဲ့ ချက်ချင်း
တံခါးကိုသော့ဖွင့်လိုက်တော့ သူမြင်လိုက်ရတာက
အမြဲသနပ်ခါးကို ပါးမှာတင်မှနေသာတဲ့သူမဟာ
အခုတော့ ပါးပြင်မှာသနပ်ခါးတွေကင်းစင်နေလေသည်။
မျက်နှာတစ်ခုလုံးကနီရဲနေပြီး အံကိုတင်းနေအောင်လည်းကြိတ်ထားတဲ့သူမ၊ သူ့ကိုမုန်းတီးစွာဆိုက်ကြည့်နေတာ သူတောင်အံဩလွန်းနေမိသည်။
သူဘာအမှားလုပ်မိလို့လဲ။
သူမရဲ့အကြည့်တွေကသူ့ကို အရမ်းမုန်းနေသလိုပဲ။
ရုတ်တရက် ခရီးဆောင်အိတ်ကိုဆွဲပြီး
ထဖို့ပြင်နေတဲ့သူမကိုအတင်းပဲ လှမ်းဆွဲလိုက်ရသည်။
မဆွဲရင် ချက်ချင်းထွက်သွားတော့မှာ မလွဲဘူး။
"စံပယ်..ဘယ်သွားမလို့လဲ..ကိုယ့်ကိုပြောအုံးလေ.."
"ရွာပြန်မလို့..စိတ်ချစမ်းပါ...ရှင့်ဆီကို..
ရွာကခြံရောင်းပြီး..အကြွေးပြန်လာဆပ်မယ်..
လွှတ်..ကျွန်မလက်ကို.."
"စံပယ်မသွားပါနဲ့ကွာ..မင်းဘာဖြစ်ခဲ့တာလဲ..
ဘယ်သူကဘာပြောလိုက်လို့လဲ..
ကိုယ့်ကိုပြောပြပါကွာ..ကိုယ်ဖြေရှင်းပေးမယ်.."
"မလိုဘူး!..ရှင့်အိမ်မှာဆက်မနေရင်ကို
ဒီကိစ္စကပြီးပြီ..တောင်းပန်ပါတယ်..အဟင့်..
ကျွန်မကိုအဖွားဆီပဲပြန်ခွင့်ပြုပါတော့..
ကျွန်မသူပြောသလိုမိန်းမဟုတ်ပါဘူး..
သူများအပြောအဆိုလည်းမခံနိုင်တော့ဘူး..."
သူ့စကားကြောင့်သူမထပ်ငိုနေပြန်ပြီ။
သူဘယ်လိုနှစ်သိမ့်ပေးရမလဲ။ဘယ်လိုစကားလုံးတွေကြောင့် သူမဒီလောက်အထိ ရှိုက်ကြီးတငင်ငိုပြီး ၀မ်းနည်းနေရတာလဲ။
"ကျွန်မသွားတော့မယ်.."
"စံပယ်! မင်းမသွားရဘူး.."
နေဂုဏ်မာန်လည်း သူ့လက်ကိုဆောင့်ရုန်းချလိုက်တဲ့သူမကို အတတ်နိုင်ဆုံးပြန်ဆွဲထားလိုက်ရသည်။
လူကောင်လေးကသာသေးတာ အားကတော့အတော်သန်သည်။သူ့မှာ သူမကိုချုပ်ဖို့မနည်းရုန်းနေရသည်။
"ကျွန်မကိုလွှတ်..အခုပြန်မယ်.."
"မသွားနဲ့ကွာ..ဒေါ်ညို..အဲ့တံခါးကိုပိတ်ပြီး
အပြင်ကနေသော့ခတ်လိုက်..အခုလုပ်!"
"ဟုတ်..ဟုတ်ကဲ့.."
"ဒုန်း!.."
"ဟင့်အင်း...ဒေါ်ညို..တံခါးဖွင့်ပေးပါ..
အဟင့်..ကျွန်မရွာပြန်မယ်...
အဖွားဆီကိုပြန်ပါရစေ..တံခါးဖွင့်ပေးပါ..
တောင်းပန်ပါတယ်.."
ဒေါ်ညိုက တံခါးကိုပိတ်လိုက်တာကြောင့်
သူ့လက်တွေကို ဖြေလျှော့လိုက်စဉ်မှာ သူမဟာ
ဖားလျားချထားသည့်ဆံနွယ်တွေ
ယိမ်းခါသွားသည်အထိ တံခါးဆီသို့ပြေးသွားကာ လက်သီးဆုပ်လေးနှင့် တံခါးကိုထုဖို့ပြင်လေသည်။
"ဘုန်း!..ဘုန်း!..ဘုန်း!.."
တံခါးကိုတဘုန်းဘုန်းရိုက်ကာ ငိုနေတဲ့သူမအနားကိုသူတိုးကပ်သွားလိုက်ပြီး အနောက်မှသိုင်းဖက်လိုက်လေသည်။
"ရှင်..ဘာလုပ်တာလဲ..အခုလွှတ်.."
"မလွှတ်ဘူး..မင်းရင်ထဲမှာ ဘာဖြစ်နေသလဲ..ကိုယ့်ကိုပြောပြ..ကိုယ်ဖြေရှင်းပေးမယ်.."
"ဘာမှ မဖြေရှင်းနဲ့..ရှင်တို့မြို့ကလူတွေ
တစ်ယောက်မှမကောင်းဘူး..အီဟီး.."
စံပယ်လှုပ်လို့လည်းမရသလို ရုန်းကန်ရတာ
ကြာလာတော့ မောပင်လာရသည်။
စံပယ်ငိုရလွန်းလို့လည်း ပင်ပန်းနေပါပြီ။ကျောဘက်က ပူပူနွေးနွေးသူ့ရဲ့ရင်ခွင်ကြောင့် စံပယ်လုံခြုံသွားသလိုခံစားရတာတော့အမှန်ပင်။
နောက်ဆုံးမှာတော့ သူ့ရဲ့ယှက်ထွေးထားတဲ့လက်မောင်းပေါ်မှာပဲ ကလေးတစ်ယောက်လို
စံပယ်ခေါင်းမှောက်ပြီးငိုချလိုက်မိသည်။
တကယ်တော့တစ်ခြားသူတစ်ယောက်ရဲ့စကားကြောင့် စံပယ်သူ့အပေါ်အပစ်ပုံမချသင့်ပါဘူး။
စံပယ်ကဆယ်ကျော်သက်ဘ၀ထဲက မိဘအုပ်ထိန်းသူကြောင့်ဆိုတာထက် ကိုယ့်အရှက်သိက္ခာကိုအသက်လောက်တန်ဖိုးထားတဲ့သူပါ။
စံပယ့်ကိုအခြားစကားလုံးနဲ့ထိပါးရင် ခံနိုင်ပေမဲ့ မိန်းမပျက်လို့ပြောတာလောက် ခံပြင်းတဲ့စကားလုံးမရှိဘူး။
"ကိုယ့်ကိုပြောပါ..စံပယ့်ကိုဘယ်သူကဘာပြောလိုက်လို့လဲ...ဟင်..ပြောပြပါကွာ...နော်.."
သူမကိုသူ့ဘက်သို့ လှည့်စေလိုက်ပြီး မျက်ရည်များကိုသုတ်ပေးရင်းမေးလိုက်သည်။
"သူ..သူကစံပယ့်ကို..ရှင့်ဆီကခြူစားနေသလို
ပြောတယ်..အဟင့်..ရှင်..ရှင်ကစံပယ့်ကို..ဗိုက်.."
"ဘာဖြစ်လဲဆက်ပြောလေ..ပြောဆိုကွာ.."
သူမရဲ့ပခုံးတွေကို သူလှုပ်ရမ်းပြီး မေးလိုက်တော့
မျက်ရည်တွေခိုတွဲကာ နီအစ်နေသော မျက်၀န်း
ရွှဲလေးတွေနှင့် သူ့ကိုကြည့်လာလေသည်။
"ရှင်ကစံပယ့်ကို...ဗိုက်တစ်လုံးနဲ..ချန်ထားခဲ့မှာတဲ့.."
"ဟာကွာ..တောက်!.."
အခုမှအသက် နှစ်ဆယ်ပဲရှိသေးတဲ့ မိန်းကလေးကိုဘယ်လိုရက်စက်တဲ့ စကားလုံးတွေ ပြောရက်ရတာလဲ။
သူမဘာလို့ဒီလောက်အထိငိုကြွေးနေခဲ့သလဲဆိုတာ သူလုံး၀နားလည်သွားပါပြီ။ရိုးသားဖြူစင်ပြီး ငယ်ရွယ်တဲ့ဂွမ်းဖြူလေးကို မှင်အိုးထဲကို
လာပြစ်ချမှတော့ အသည်းအသန်ရုန်းကန်ဖို့ကြိုးစားနေတာ ဘယ်ဆန်းတော့မှာလဲ။
အဲ့ဒီ့မိန်းမကဘယ်သူဖြစ်နိုင်မလဲ။
သေချာတာကတော့ မိန်းမကောင်းတစ်ယောက်
မဖြစ်နိုင်ဘူး။
"ဘယ်သူလဲ..ပြော!..အဲ့လူကဘယ်သူလဲ.."
"ချယ်..ချယ်ရီစူးတဲ့.."
"ဘာ!.."
ထင်တဲ့အတိုင်းပါပဲ။ချယ်ရီစူးတဲ့။
ဒီမိန်းမတော်တော်ယုတ်မာပါလား။
တွေးမိတိုင်း အရေးခွံ နွာပစ်ချင်လာသည်။
တွေ့မယ် မင်းအလှည့်ရောက်ရင် မနွဲ့နဲ့ပေါ့။
"စံပယ်..."
စံပယ့်ကို သူ့အားဆိုက်ကြည့်စေရန် မေးဖျား
လေးကိုမော့ပင့်စေလိုက်ပြီး။
"ဒီမှာစံပယ်..ကိုယ်ကလေ..အဲ့မိန်းမပြောခဲ့သလို..
စံပယ့်ကိုဘယ်တော့မှနာကျင်အောင်မလုပ်ဘူး..
ကိုယ်ကစံပယ့်ကိုမြတ်မြတ်နိုးနိုးနဲ့ကိုချစ်တာ..
ကိုယ့်ရဲ့အချစ်မှာရမ္မက်တွေနဲ့လည်း..
နှောင်ဖွဲ့ထားမှာမဟုတ်သလို..
ဂုဏ်တွေ၊ပကာသနတွေနဲ့လည်း စည်းမခြားစေ
ရဘူး..အနူးညံ့ဆုံးချစ်ခြင်းဆိုတာ..စံပယ့်ကို
တဖြည်းဖြည်းသက်သေပြမယ်..
စံပယ်ကကိုယ့်ရဲ့အချစ်ဦးဖြစ်သလို..
နောက်ဆုံးအချစ်လဲဖြစ်စေရမယ်လို့..
ကိုယ်ကျိန်ပြောရဲတယ်.."
တရစပ်ပြောချလိုက်တဲ့သူ့စကားကြောင့်စံပယ်ကြောင်တောင်တောင်ဖြစ်နေရသည်။
သူကရည်းစားစကားပြောနေတာလား ရက်ပ်ရွတ်နေတာလားမဝေခွဲတတ်အောင်ပါပဲ။
"ဟိုလေ..ရှင်ဘယ်ကသီချင်းစာသားတွေရွတ်ပြနေတာလဲ.."
"ဟာကွာ..ဒီကောင်မလေးကတော့..မင်းကိုရည်းစားစကားပြောနေတာကွ.."
နေဂုဏ်မာန်လည်း မျက်လုံးပြူးကြောင်ကြောင်လေးအား အသဲယားလွန်းလို့ နှာဖျားလေးကိုလိမ်ဆွဲလိုက်တော့ သူမကစိတ်ဆိုးသွားဟန်ပေါ်သည်။
".ကျွန်မ၀မ်းနည်းနေတာနော်..ကလိမ်ကကျစ်လာမကျနဲ့..သွားကျွန်မအခန်းထဲက..အခုသွား.."
"သွားဆို သွားပါ့မယ်..စိတ်တော့မဆိုးပါနဲ့...
အဖြေတော့စဉ်းစားထားနော်..အဲ့ဒီ့မိန်းမပြောခဲ့တာကိုလည်း စိတ်ထဲထားမနေနဲ့..."
တံခါးဆီသွားနေသည့် လူလည်ကြီးကို ကုတင်ပေါ်မှခေါင်းအုံးယူပြီးကောက်ပေါက်ပစ်လိုက်သည်။
သူ့ ပုံစံကလုံး၀စိတ်မဆိုးတဲ့အပြင် စံပယ်ကောက်ပေါက်လိုက်တဲ့ ခေါင်းအုံးကိုတောင် အပြင်ယူသွားခဲ့ သေးတယ်။
"စဉ်းစားပေးမယ်..မနက်ဖြန်တစ်လပြည့်တဲ့နေ့မို့..ရွာပြန်ရောက်မှ စဉ်းစားပေးမယ်.."
တကယ်တော့ စံပယ့်စိတ်ထဲမှာ ဟိုမိန်းမပြောသွားတဲ့စကားတွေက အခုထိနာနေတုန်းပါပဲ။
စဉ်းစားပေးမယ်လို့ တွေးထားပေမဲ့ သူ့လိုလူမျိုးကို
ဘယ်လိုပဲ ရေလာမြောင်းပေးပေး စံပယ်ဆိုတဲ့ရေအလျှင်လေးက စီးဆင်းဖို့ရာ ဘယ်အားသန်ပါ့မလဲ။
စံပယ့်သူ့ကို မချစ်ရဲပါဘူးလေ။
🌼🌼🌼🌼🌼🌼🌼🌼🌼
မြို့အရပ်ဆိုတာအင်မတန်လူစည်ကားပြီး လက်ထဲတွင်ပိုက်ဆံလေးများရွှင်ပါက လိုရာရနိုင်ပေသည်။စံပယ်ဟာတောသူပီပီ အရောင်အသွေးစုံသည့် မြို့ပြဒေသထက် တောအရပ်ဒေသရဲ့တိတ်ဆိတ်ငြိမ်းအေးမှုနှင့် စိမ်းစိုညိုမြတဲ့သစ်ရိပ်၊ဝါးရိပ်တို့ကိုသာ ပို၍ခုံမင်သည်။ပို၍မြတ်နိုးသည်။ပိုသံယောဇဉ်ရှိသည်။
မြို့မှာဘယ်လောက်အနေကြာကြာ သူစိမ်းအိမ်မှာ ခဏတာတက်နေရသလို ခံစားချက်မျိုးပဲ ဖြစ်ခဲ့သည်။မြို့အရပ်ဟာ စံပယ့်နဲ့ အမြဲတမ်းစိမ်းသပ်သလိုပါပဲ။
စံပယ်ဟာ တောစမ်းချောင်းလေးမှာသာ
ရေအေးအေးကိုစိမ်ချိုးချင်သလို ကျေးလတ်
လေနုအေးကိုသာရူရှိုက်ချင်သူပါ။
ကိုယ့်တောအရပ်မှာ လူတိုင်းကိုဘွင်းဘွင်းရှင်းရှင်း မောင်နှမသားချင်းလိုပြောဆိုနိုင်ပေမဲ့ မြို့အရပ်မှာ တော့စကားတစ်ခွန်းကြောင့် ဘုံပြောက်သွားနိုင်တာမျိုးပါရှိတတ်သည်လေ။
ဘယ်သူက ကိုယ့်အပေါ်အစစ်အမှန်၊ဘယ်သူက
သာပေါင်းညာစားနေသလဲဆိုတာ ခွဲခြားဖို့ရာ အင်မတန်ခက်လှသည်။
"ဟေ့စံပယ်ရေ..မိစံပယ်..."
"ဟယ်မိမိုး..ဘာဖြစ်လာတာလဲ..အမောတကောနဲ့..
ရော့ရော့ရေနွေးကြမ်းသောက်ပြီး..ထန်းလျက်ခဲစား.."
"အမယ်လေး..ဒါတွေအသာထားပါ..
ဒေါ်အုန်းမြိုင်ရဲ့ယောက်ျား ဦးသာရင်ရဲ့အလောင်းကို မြေမြှုပ်တော့မှာသွားကြည့်မလို့..
အဲ့ဒါဟိုဖက်ကမ်းကိုလိုက်အုံးမလား..."
ဦးနေဂုဏ်ရဲ့ခွင့်ပြုချက်နဲ့ စံပယ်ရွာကိုရောက်နေတာတစ်ရက်မျှရှိနေပေမဲ့ ဘယ်မှမထွက်ဖြစ်ပဲ
အိမ်တွင်းသာပုန်းနေခဲ့မိသည်။
ထို့ကြောင့် မိမိုးနဲ့သွားဖို့ရန်ဆုံးဖြတ်လိုက်သည်။
ရွာဖျားမှဒေါ်ညွှန့်တို့အိမ် ဟိုဖက်ကမ်းကိုကူးပြီး သင်္ချိုင်းကုန်းကိုရောက်လေသည်။
လူအများဝိုင်းနေကြသောနေရာတွင် အခေါင်းကိုဖွင့်ထားပြီး နောက်ဆုံးအနေနဲ့ ဒေါ်အုန်းမြိုင်က
ငိုရှိုက်ကာ ဦးသာရင်ရဲ့ ရုပ်အလောင်းကိုငေးကြည့်နေလေသည်။
အော် သူ့ယောက်ျားသေတော့ သူလည်း
၀မ်းနည်းရှာမပေါ့လေ။ငိုနေတာများ
ရှိုင်ကာရှိုက်ကာနဲ့ ဆို့နင့်လွန်းလို့ အသံလေးတောင် မထွက်နိုင်ရှာတော့ပေ။
"အမယ်လေး..သာရင်ရယ် အသေစောလှချည်လားကွာ...တောက်!!!"
စံပယ်အံ့ဩနေသည်က ဦးအေးဖေပဲ။
အခေါင်းဘေးနားမှာမတ်တက်ကြီးရပ်ပြီး
အသံဗြဲကြီးနဲ့ငိုနေတာများ မသိရင်သူ့မယားသေနေတဲ့အတိုင်းပဲ။မသာရှင်ဖြစ်တဲ့ဦးသာရင်ရဲ့မိန်းမတောင်သူ့လောက် ငိုသံမထွက်ဘူး။
"..သာရင်..မင်းကွာ..မင်းသေတာက
အရေးမကြီးဘူးကွ..ငါ့လေးခွလေးပါသွားတာတော့ရင်နာလို့ကိုမဆုံးဘူး..အီဟီး..
..ကိုအေးဖေရေ ငှက်ပစ်မလို့ လေးခွလေး
ခဏလာငှားတာပါဆို..အခုတော့..
မင်းလဲဆုံး ငါ့လေးခွလဲဆုံးပါပေါ့လား..
ဟမယ်လေး..သာရင်ရဲ့..
ငါ့ဥစ္စာလေးပြန်ပေးပြီးမှ..မသာပေါ်ပါတော့လား.."
"ဟာ..ကိုအေးဖေ...ခင်ဗျားအပေါက်ကြီးကို
ပိတ်ထားစမ်းပါဗျာ..တော်ကြာ
မအုန်းမြိုင်ထရိုက်နေလို့..နှစ်လောင်းပြိုင် မြေဖို့ခံနေရမယ်..."
"မင်းဘာသိလို့လဲ လှမောင်ရာ ..
ဒီကောင်သာရင်လေ...
ငါ့လေးခွကို ခဏလာငှားပြီး..ငှက်သွားပစ်တာ...
ငါ့မှာတော့ဘယ်အချိန်ပြန်လာပေးမလဲမျှော်လို့
အခုလူကသေပြီ...
ငါ့လေးခွလည်းပြန်လာမပေးဘူး...
လုပ်ရက်လိုက်လေခြင်း သာရင်ရယ်..."
"ကိုအေးဖေ...ခင်ဗျားတယ်ပြီး ဆိုးနေပါလားဗျ...
လေးခွလေးတစ်လတ်ကို သေရွာအထိ
လိုက်တောင်းနေရတယ်လို့...ဒီမယ်...
အဲ့လေးခွကို ကျုပ်ပြန်လုပ်ပေးမယ်...
ခင်ဗျားရဲ့ကျက်သရေမရှိတဲ့ အပေါက်ကို
အခုပိတ်...."
"မင်းဘာသိလဲ....အဲ့လေးခွက ငါတို့မိသားစုလက်ဆင့်ကမ်းလာတဲ့ အမွေပစ္စည်းကွ..."
"အမယ်လေး မကြား..မကြားဖူးပေါင်ဗျာ...
လေးခွကိုမှ အမွေပေးခဲ့ရတယ်လို...ခင်ဗျားတို့
မိသားစုက အဲ့လောက်မွဲမှန်းအခုမှသိတော့တယ်..."
"ကဲ...တော်ကြပါရှင်....ကိုအေးဖေ..
အသဘုချပြီးတာနဲ့ တော့်လေးခွကို
မြေလှန်ပြီး ပြန်ရှာပေးမယ် စိတ်ချ...
အခုတော့ ကျုပ်ယောက်ျားအလောင်းကို
အေးအေးချမ်းချမ်း မြေချပါရစေတော်...
ဒေါ်အုန်းမြိုင်၀င်ပြောမှပဲ ဦးအေးဖေကြီး
ရှိသမျှအပေါက်အကုန်ပိတ်ပြီး တိတ်တော့သည်။
စံပယ့်မှာလည်း အမြင်တွေများဝေဝါးနေသလားလို့ခေါင်းကိုအတင်းခါရမ်းပြီး မျက်လုံးကိုပြူးနေအောင်ကြည့်လိုက်သည်။
ကြည့်ဆို အခေါင်းထဲမှာစံပယ်မြင်နေရတဲ့
ရုပ်အလောင်းကြီးက ဦးသာရင်မဟုတ်ပဲ
ဦးနေဂုဏ်မာန်ကြီးဖြစ်နေလို့ပါပဲ။
ဘယ်လိုကြည့်ကြည့်သူမှသူပဲ။
သူကဘယ်လိုလုပ်ပြီး အခေါင်းထဲကို ရောက်နေရတာလဲ။
"ဦး..ဦးနေဂုဏ်မာန်..."
"ဟဲ့မိစံပယ်..ဘာတွေပြောနေတာလဲ..
ဘယ်သူလာလို့လဲ.."
"ဦးနေဂုဏ်မာန်လေ.."
"ဘယ်သူ...ဘယ်သူ့ကိုပြောတာလဲ..နင်ပြောနေတဲ့လူကဘယ်မှာလဲ.."
"ဟို..ဟိုမှာလေ..အခေါင်းထဲမှာ
တုံးလုံးကြီးလဲပြီး သေနေတာ.."
"ဟမ်.."
မိမိုးကကြောင်ပြီး စံပယ့်ကိုပြန်ကြည့်လာတော့ စံပယ်လည်း ကိုယ့်ဘာသာပေါက်ကရတွေ
ပြောမိတာကို သတိထားမိသွားရသည်။
ထို့ကြောင့် အသုဘချနေတဲ့နေရာမှ
အမြန်လစ်လာလိုက်ရသည်။မဟုတ်ရင် စိတ်တွေဝေဝါးပြီး ဦးနေဂုဏ်ကြီးကိုပဲ မြင်ယောင်နေမှာ သေချာတယ်။
အိမ်ကိုရောက်မှ ရေအမြန်သောက်ပြီး
ရင်အေးအောင်လုပ်ရသည်။ဟိုတစ်ခါရည်းစားစကားအပြောခံရပြီးကတည်းက စိတ်တွေကအဲ့လူအကြောင်းပဲတွေးနေမိတာ။အခေါင်းထဲက အလောင်းကောင်ကြီးကိုတောင်အလွတ်မပေးပဲ သူလို့မြင်နေမိတဲ့အထိဖြစ်နေပါလား။
"မိစံပယ်..မိစံပယ်..နင်တော့ဆေးမမှီတော့ဘူး"
🌼🌼🌼🌼🌼🌼🌼🌼🌼
အရှိန်ပြင်းစွာတောက်ပနေတဲ့နေလုံးပူပူက
နေဂုဏ်မာန်ရဲ့ဒေါသကိုပိုနှိုးဆွပေးနေသလို
ဖြစ်နေသည်။
ကားကို ပိတောက်ဝါအိမ်ထဲသို့ အရှိန်ပြင်းစွာ မောင်း၀င်လိုက်ပြီး ပေါ်တီကိုအောက်မှာရပ်လိုက်ကာ အိမ်ကြီးထဲသို့ဒုန်းဆိုင်း၀င်လိုက်သည်။
"ဟယ်..သားနေ..အလည်လာတာလား..
၀မ်းသာလိုက်တာကွယ်..မင်းအဖေသိရင်
ပို၀မ်းသာမှာ.."
"ဒေါ်တင့်...ချယ်ရီစူးရှိလား.."
ဒေါ်တင့်နဲ့ ဘာစကားမျှ အပိုမပြောတော့ပဲ
ဟိုမိန်းမယုတ်ရဲ့ နာမည်ကိုသာ တန်းမေးလိုက်သည်။
ဒီမိန်းမနဲ့သူ ဒီနေ့ပဲချက်ချင်း စာရင်းရှင်းရမှ
ဖြစ်မယ်။
"ရှိပါတယ်..အပေါ်ထပ်မှာပါ.."
"သွားခေါ်လိုက်..နေဂုဏ်မာန်က သိပ်တွေ့ချင်နေတယ်လို့ပြော.."
"အေး..အေးပါကွယ်..."
ဒေါ်တင့်လာခေါ်တော့ ချယ်ရီစူးလည်း
နေဂုဏ်မာန်ခေါ်တယ်ဆိုလို့အံ့ဩနေမိသည်။
အောက်ထပ်ဧည့်ခန်းကိုရောက်တော့ သူမကိုမြင်သည်နှင့် ကိုနေက ဝုန်းဆိုထရပ်ပြီး သူမဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လှမ်းလာလေသည်။
အေးစက်ပြီးစူးရှလွန်းတဲ့သူ့မျက်၀န်းတွေထဲမှာ မုန်းတီးမှုတွေပါ ရောပါနေသလိုပဲ။
ရက်စက် ခက်ထန်မှုတွေပါ၀င်နေတဲ့ သူ့ရဲ့ဒေါသမျက်၀န်းတွေက သိပ်ကြောက်ဖို့ကောင်းတယ်။
အနားကိုချက်ချင်းရောက်လာပြီး သူ့လက်ကို
မြှောက်ချလိုက်ချိန်မှာ ချယ်ရီရှောင်ချိန်ပင်မရလိုက်ပါ။
"ဖြန်း!!!!"
"အာ့!!!..."
"အမယ်လေး..သားနေ.."
ရိုက်ချက်ပြင်းလွန်းလို့ ချယ်ရီ့ရဲ့မျက်နှာဟာလည်ထွက်သွားပြီး လူပါယိုင်ကျသွားသည်။
ကျိန်းစပ်သွားသည့် ပါးပြင်ကိုအုပ်ကိုင်ပြီး ချယ်ရီသူ့ကို မော့ကြည့်လိုက်တော့ သူဟာဒေါသမပြေသေးသည့်နယ် လက်သီးကိုဆုပ်ထားပြီး ချယ်ရီ့ကိုလည်း မျက်မှောင်ကြီး ကြုံ့ပြီး ကြည့်လာသည်။
ဒေါ်တင့်လည်း သူ့ပါးစပ်ကို သူပိတ်ပြီးရပ်နေရာမှမလှုပ်ရဲပေ။
နေဂုဏ်မာန်ဟာ ချယ်ရီစူး၏ လည်ပင်းအိင်္ကျီစကို ဆောင့်ဆွဲထားပြီးမီးတောက်တော့မဲ့အကြည့်နဲ့
ကြည့်လိုက်သည်။ယောက်ျားတစ်ယောက်သာဆိုရင် အသ က်ထွက်အောင်ကို ဆွဲထိုးပစ်မိမှာသေချာတယ်။နဂိုအမုန်းစိတ်အခံကြောင့် ဒီမိန်းမရဲ့မျက်နှာကို ကြည့်လေ ရွံလာလေပဲ။
"အဟင်း..ဘာတဲ့ဗိုက်တစ်လုံးနဲ့ကျန်ခဲ့မယ်..
ကိုယ်နဲ့နှိုင်းရင်ရိုင်းတယ်တဲ့..ငါ့မိန်းကလေးကို
ပြောခဲ့တာတွေက တစ်ချိန်တုန်းကမင်းလုပ်ခဲ့တာတွေမဟုတ်ဘူးလား..ဟမ်!!..
မင်းကြောင့် ငါ့မာမီသိပ်ကိုစိတ်ဆင်းရဲခဲ့ရတယ်
..ရွံစရာကောင်းတဲ့မင်းရဲ့ပါးစပ်က ရင်သွေးဆိုတဲ့စကားကြောင့်ပဲ..
ထွီ!!!.မှတ်ထား!!လောကမှာငါအရွံဆုံးမိန်းမက
မင်းပဲ..ခွေးထက်အောက်တန်းကျတဲ့မိန်းမ..
မင်းလိုရွံစရာကောင်းတဲ့မိန်းမပျက်ကို..
ဒယ်ဒီနဲ့လက်ချင်းတွဲထားရင်တောင်..
ငါ့ကိုယ်ထဲကဒယ်ဒီ့သွေးတွေကိုဖောက်ထုတ်
ပြစ်လိုက်ချင်တယ်..နောက်တစ်ခါ..စံပယ့်ကိုလက်ဖျားနဲ့ထိဖို့မပြောနဲ့..စကားတစ်လုံးကျွံရင်တောင်..မင်းဘ၀ကြီး..စုတ်ပျက်သတ်သွားမယ်..ကြားလား!!! "
"ဒါပေမဲ့..သူ့လိုဆင်းရဲပြီး ပညာမဲ့တဲ့မိန်းကလေးတစ်ယောက်ကရှင့်လိုလူမျိုးနဲ့တန်လို့လား..
ကိုနေ..ရှင့်ကုတင်ပေါ်ကိုတက်နိုင်ဖို့ ဖြူစင်ချင်ယောင်ဆောင်ပြီး..ရှင့်ဆီကရှိသမျှအကုန်ခြူစားသွားမှာနော်.."
"ဖြန်း!!!!"
"အာ့!! အစ်!!အစ်!!"
"သားနေ..မလုပ်ပါနဲ့..မင်းဒယ်ဒီပြန်လာရင်.."
သူ့အသဲထဲအထိ စူးကနဲနာကျင်စေတဲ့စကားက သူ့ကိုလုံး၀ဟန်မဆောင်နိုင်အောင်တွန်းအားပေးလိုက်တာကြောင့် ချယ်ရီစူးကိုအားကုန်လွှဲရိုက်လိုက်ရုံနဲ့အားမရတော့ပဲ လည်ပင်းကိုပါအသားကုန်ညစ်ပစ်ချင်လာသည်။သူမရဲ့ အိင်္ကျီလည်စကို ပိုအားထည့်ကာ ဆွဲနေမိသည်။သူမရပ်တန့်ပစ်ချင်ဘူး ။မာမီဆုံးပြီးတည်းက ဒီမိန်းမကို သူဒီလိုလုပ်ပစ်ချင်ခဲ့တာ။
သူမလည်ပင်းကို သူအသားကုန် ညှ စ်နေမိတာကြောင့် မျက်နှာကြီးနီတင်းလာပြီးမျက်လုံး၊မျက်ဆံတွေ ပြူးလာလည်းပဲ သူမသနားဘူး။
"အာ့!!အစ်...အစ်.."
"မှတ်ထား!!သူနဲ့တန်လို့ငါကပေးတာ မင်းကသာ ပညာတတ်ပြီး အောက်တန်းကျတဲ့မိန်းမ...
သူကမင်းလိုအတွင်းရောအပြင်ရောပုပ်အက်..
စုတ်ပျက်နေတဲ့မိန်းမပျက်မဟုတ်ဘူး..
ငါ့ကုတင်ပေါ်ကိုသူကမတက်နိုင်ရင်တောင်..
ငါကပန်းလှေကားထောင်ပြီးကိုတင်ပေးအုံးမှာ..
နောက်တစ်ခါမင်းရဲ့သောက်ပါးစပ်ကသူ့တန်ဖိုးကိုယောင်လို့တောင် မတွက်မိစေနဲ့.."
"သားနေ..လွှတ်လိုက်ပါကွယ်..သေ..သေသွားလိမ့်မယ်..မင်းအဖေနဲ့ပြဿနာမတက်ချင်ပါနဲ့
ဒေါ်ကြီးတောင်းပန်ပါတယ်.."
ဒေါ်တင့်သတိပေးတာကြောင့်မဟုတ်ပဲ
ဒီမိန်းမကို သ တ်ပြီး သူ့ဂုဏ်သိက္ခာနဲ့ လဲလှယ်ဖို့မတန်လို့ လည်ပင်း ညှစ်ထားတဲ့ လက်တွေကိုဖြေလျှော့ပစ်လိုက်သည်။
ပြီးနောက် ဘာစကားတစ်ခွန်းမှ ထပ်ပြောဖို့
မတန်လို့ ထိုမိန်းမကို စောင့်တွန်းလွတ်ခဲ့ပြီး
သူ့ကားဆီသို့သာ ပြန်သွားလိုက်သည်။
"အဟွတ်..အဟွတ်..အဟွတ်.."
ချယ်ရီစူးမှာ လည်ပင်းက နာကျင်မှုကိုပြန်စမ်းကြည့်ပြီးနေဂုဏ်မာန်မောင်းထွက်သွားတဲ့ကားကို မျက်ရည်တွေကြားမှကြည့်နေမိလေသည်။
စိတ်ထဲတွင်လည်း စကားလုံးများစွာအံထွက်လာသည်။
"ကျွန်မဘ၀မှာ မယားငယ်နေရာတစ်ခုကို
အရယူမိတဲ့ အားထုတ်မှုတွေရဲ့နောက်ဆုံးပန်းတိုင်ကရှင်ပဲနေဂုဏ်မာန်...အကြည့်တစ်ချက်မှာတင်ချစ်ခဲ့မိတဲ့ကျွန်မက..ရှင့်ကိုမရလို့..ရှင်နဲ့အနီးဆုံးမှာရှိနိုင်အောင်ကောက်ကျစ်ခဲ့မိတာမှားလား..
ရှင့်မာမီအတွက်စိတ်မကောင်းဖြစ်ခဲ့ပေမဲ့..
ချယ်ရီနောင်တမရဘူးသိလား..ချယ်ရီ့ရဲ့ကြိုးစားအားထုတ်မှုတွေက တစ်ချိန်ချိန်မှာ ရှင်နဲ့နီးစပ်ဖို့ဖြစ်နေလို့ပဲ..ရှင့်အမေရဲ့ ဘေးနားမှာ ကျွန်မပြုစုပေးနေခဲ့တုန်းက နိုင်ငံခြားကနေ ပြန်လာတဲ့ တက္ကသိုလ်ကျောင်းသားလူငယ် ပုံစံလေးကို အခုထိမျက်လုံးထဲမှာ မြင်ယောင်နေမိတုန်းပဲ...စတွေ့မိတဲ့အချိန်မှာတင် ကျွန်မရှင့်ကို စွဲလမ်းမိခဲ့ရတာ ...
တိုက်တိုက်ဆိုင်ဆိုင် ရှင်နဲ့ကျွန်မ အကြည့်ချင်း
ဆုံမိတော့ ရှင်ပြုံးလိုက်တဲ့အပြုံးလေး....
ခဏတာလေးပေမဲ့ အခုထိမှတ်မိနေတုန်းပဲ....
ကိုနေဂုဏ်မာန်...ရှင်ဟာကျွန်မအမြဲမက်နေကြ အိပ်မက်ထဲက စိတ်ကူးယဉ်မင်းသားလေးဆိုတာ ရှင်သိရဲ့လား...
ရှင့်ကုမ္ပဏီမှာ ကျွန်မအလုပ်၀င်ခိုင်းထားတဲ့
မိုးမမပြောလို့ စံပယ်မွှေးကိုအခန်းထဲမှာ
ပိတ်မိအောင် လုပ်ခိုင်းခဲ့မိတယ်...
ကျွန်မရဲ့ ကြိုးစားမှုတွေအရာမထင်ခဲ့ဘူး....
မစားရတဲ့အမဲကို သဲနဲ့ပက်တယ်လို့ပဲပြောပြော..
ကျွန်မမှမပိုင်ရရင်..ဘယ်သူပိုင်တာမှလဲမမြင်ချင်ဘူး.."
မျက်ရည်တွေကြားမှ သူမရဲ့ကောက်ကျစ်တဲ့မဲ့ပြုံးတစ်ခုကို ဒေါ်တင့်ကြည့်ပြီးစိတ်တွေလေးလံနေမိသည်။
"အော်လူတွေ..လူတွေ..ရတာမလို..လိုတာမရဖြစ်နေကြပါလား..လူ့ရဲ့လိုအင်ဆန္ဒကိုနတ်တွေတောင်မဖြည့်ဆည်းပေးနိုင်ဘူးဆိုတဲ့စကားက..တယ်မှန်ပါလားနော်.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ဧရာ၀တီတိုင်း
🎶လ၀န်းကလေးနဲ့တူတယ် မေ့ကိုလား
ကွယ်🎶
🎶အသဲထဲစွဲနေပါသတဲ့ သူညာတယ်🎶
🎶ချစ်ခွင့်ပန် ချစ်စကားလေးတွေမှာ
ကွယ်🎶
🎶စမ်းကျရေစီးသံ တေးအသွယ်သွယ်🎶
🎶အလှပန်း သည်းမြညှာမှာ
ဝေ့လယ် ဝေ့လယ်🎶
🎶သူ့အချစ် လိပ်ပြာငယ်လေး လာနေ
တယ်🎶
🎶ဘ၀တစ်သက်တာ ခိုနားဖို့ကိုကြံရွယ်🎶
🎶ချစ်မေတ္တာ အဖြေခက်သားကွယ်🎶
ကောက်စိုက်သမတွေ တစ်ယောက်နဲ့တစ်ယောက်တူညီ သံပြိုင်သီဆိုနေကြသည့် "စဉ်းစားကာနေရအုံးမယ်ဆိုတဲ့" မာမာအေးရဲ့သီချင်းက စံပယ်နဲ့အင်မတန်မှတိုက်ဆိုင်နေလေသည်။
မနက်ဖြန်ဆိုရန်ကုန်ပြန်ရမှာဖြစ်လို့ သူ့ကိုဘယ်လိုအဖြေပေးရမလဲ တွေးနေရတာလဲ ပန်ဒါ၀က်၀ံရုပ်ပေါက်တော့မည်။
"ကဲ..အဆိုတော်တို့ရေ ထမင်းစားကြအုံးစို့ဟေ့.."
အပျိုကြီးမရင်ရဲ့ခေါ်သံအဆုံးမှာ လယ်သူမတွေဟာ အပေါ်ပြန်တက်ကြပြီလှည်းလမ်းကြောင်း
နံဘေးရှိ အရိပ်ကောင်းသော နေရာလေးမှာအကုန်စုပြုံထိုင်ကြလေသည်။လယ်ထဲ၊ကိုင်းထဲဆိုတော့ တောလေပြေကလည်း တဟူးဟူးနဲ့ အေးလို့ပင်။
နေပူလွန်းတာကြောင့် ကောက်စိုက်သမတွေကလည်း သနပ်ခါးကို မျက်နှာတစ်ခုလုံး ထူပိန်းနေအောင် အပြည့်လိမ်းကာ ခေါင်းမှာလည်း ပုဆိုးစတွေကို ပေါင်းထားကြသည်။ထို့အပြင် နေပူဒဏ်ကို ကာကွယ်ရန် အိင်္ကျီလက်ရှည်တွေ ၀တ်ထားကြပြီး ဝါးခမောက်ကိုယ်စီ ဆောင်းထားကြလေသည်။
ထမင်းစားဖို့ရန် ကိုယ်ဆီယူလာကြသည့် ထမင်းဗူးလေးတွေကို ဖွင့်လိုက်ကြပြီး ကိုယ်တိုင်ချက်လက်ရာလေးတွေကို တစ်ယောက်တစ်လှည့် မျှစားနေကြလေသည်။
စံပယ်တို့ တောသူတောင်သားတွေအဖို့
ဟင်းဖွယ်ဖွယ်ရာရာတွေမလိုအပ်ပါဘူး။
ငါးပိရည်ကောင်းနဲ့ တို့စရာစုံနေရင်ကိုစား၍မြိန်ကြသူတွေပါ။
"ဟဲ့အပျိုကြီး တော်မနေ့ညနေက ရေဒီယို နားထောင်လိုက်ရသေးလား.."
"အေးနားထောင်လိုက်ရတယ်လေ..
ဘာဖြစ်လို့လဲ မိစိုးရဲ့.."
"မနေ့ကလေ..မန္တလေးFMကနေမြန်မာနိုင်ငံရဲ့
အချမ်းသာဆုံးထဲကတစ်ယောက်ဖြစ်တဲ့
နေဂုဏ်မာန်ဆိုတဲ့လူအကြောင်းကိုလွှင့်တယ်ဟဲ့..
သူက အသက်နှစ်ဆယ့်ကိုးနှစ်ပဲရှိသေးတာတဲ့တော်
..ပိုင်ဆိုင်မှုကလည်းနည်းတာမဟုတ်ဘူး..."
"ဘာလဲမိစိုး..တော်ကအဲ့ပုဂ္ဂိုလ်ကိုမှန်းချင်နေတယ်ပေါ့လေ.."
"မှန်းတော့ဘာဖြစ်လဲတော်..စိတ်ကူးထဲမှာ
တိုက်အိမ်ဆောက်တာပဲဟာ..အထက်တစ်ရာလောက်ဆောက်လိုက်မှာပေါ့..
ဟီဟိ..ကျုပ်စိတ်ကူးထဲမှာတော့သူနဲ့ကလေး
တစ်ဒါဇင်တောင်မွေးပြီးနေပြီ.."
"အမယ်လေးတော်..."
မိစိုးရဲ့စကားကြောင့် အပျိုကြီးမရင်ခမျာ
ကိုယ့်နှာဖူးကိုယ်ပြန်ရိုက်ယူရတဲ့အဖြစ် ရောက်နေသည်။
ဒီမိစိုးကတော့ကိုရီးယားမင်းသားဆိုလဲ
သူနဲ့ညားတာပဲ။ကုလားမင်းသားလဲ အကုန်
သူ့လင်ချည်းပဲ။တကယ်မနိုင်တာပါ။
စံပယ်လည်းသူတို့စကားကြောင့်တွေးရပြန်သည်။
ဦးနေဂုဏ်မာန်နဲ့ စံပယ့်ဘ၀က မိုးကောင်းကင်နဲ့မြေကြီးလိုဘယ်တော့မှမထိနိုင်ပါဘူး။
မစိုးလိုစိတ်ကူးလေးယဉ်မိတာတောင်
ယုတ်တိမရှိရလေမလားလို့ ကဲ့ရဲ့ချင်နေကြရင်
သူနဲ့သာ တကယ်သမီးရည်းစားဖြစ်သွားပါကချယ်ရီစူးဆိုတဲ့မိန်းမကဲ့သို့ စွပ်စွဲပြောဆိုမဲ့သူတွေ
ကတစ်ပုံကြီးရှိနေမှာကျိန်းသေတယ်။
ရည်းစားလေးတစ်ယောက်ထားဖို့ကို ကိုယ့်အလှည့်
ကျမှတော်တော်တွေးယူနေရပါလားနော်
စံပယ့်ညီမ လင်နောက်လိုက်တုန်းက ဘယ်လိုတွေးပြီးလိုက်သွားခဲ့လဲမသိပါဘူး။
"ဟဲ့မိစံပယ်...ဘာတွေတွေးနေလို့..ငူငိုင်နေရတာလဲ..ဘာလဲမနက်ဖြန်ရန်ကုန်ပြန်ရတော့မှာမို့..ရည်းစားလေးနဲ့ချိန်းတွေ့ဖို့ ကြိုတင်အကြံထုတ်နေတာလား.."
"ဘယ်ကရည်းစားရှိရမှာတုန်း...."
"ဟင်..ငါ့တို့ရဲ့အချောအလှလေးက တကယ်ပဲရည်းစားမရှိဘူးလားဟယ်...ရွာထဲက ဒေါ်ငွေအိရဲ့ သမီးတောင် အသက်ဆယ့်ငါးနှစ်နဲ့ လင်နောက်သွားတာ မြန်ချက်ပဲ....တကယ်မလွယ်တဲ့ ကလေးတွေပါအေ....ရှေ့ရေး၊နောက်ရေးမတွေးတောကြဘူး...
ညည်းရော...အဖြေတောင်းတဲ့သူတွေဘာတွေ
မရှိဘူးလား..ရှိရင်ကြိုပြောနော်...
ငါတို့ကညီမလေးလို သဘောထားလို့
မဟုတ်မဟက်လူတွေနဲ့ အဖြစ်မခံနိုင်ဘူး..."
"အဖြေတောင်းထားတဲ့လူက..တစ်ယောက်တော့ရှိတယ်.."
"ဟယ်.. ပြောစမ်း..ပြောစမ်း..ဘယ်သူလဲ.."
"စံပယ်ပြောရင်ရော..ယုံကြမှာလား.."
"ယုံပါတယ်ဟယ်..ပြောမှာသာပြော.."
"ခုဏကမစိုးပြောပြတဲ့ ရေဒီယိုထဲက
အရမ်းချမ်းသာတဲ့ သူဌေး ဦးနေဂုဏ်မာန်ပဲ..."
"ဟင်..."
"ဘာ!?!..."
စံပယ့်စကားကြောင့်အကုန်လုံး မျက်လုံးပြူးကုန်ကြပြီး တစ်ဟားဟားရယ်ကုန်ကြသည်။
တွေ့လားမယုံကြပဲနဲ့ လာမေးနေကြတယ်။
"ဟား..ဟား..ဟား..ဟာ..အဟွတ်..အဟွတ်.."
"စံပယ်ရယ်..ရယ်ရလွန်းလို့ ငါအူတက်ပြီးသေရင်နင့်ကြောင့်နော်..ဟား..ဟား.."
"နေဂုဏ်မာန်ကနင့်ရည်းစားဆိုရင်..
ကိုရီးယားမင်းသာ ဆုန်ဂျူးကငါ့အဖေပေါ့
..ဟား..ဟား..အဟွတ်...အဟွတ်"
"ဟဲ့..ဟဲ့...ညည်းနယ် စားပြီးသားတွေ ပြန်ထွက်တော့မှာပဲ....ဖြည်းဖြည်းရယ်ပါဟယ်...."
မစိုးကြီးခမျာ ဘယ်ထဲကလှောင်ချင်နေသလဲ
မသိပါဘူး။အရယ်လွန်ပြီး သီးတောင်သီးတယ်။
မသိရင် စံပယ်ကပြက်လုံးထုတ်လိုက်သလိုပါပဲ။
ဦးနေဂုဏ်မာန်ရေ ရှင်တောင်းတဲ့ချစ်အဖြေကကျွန်မသူငယ်ချင်းတွေအတွက်တော့ဟာသတစ်ပုဒ်သာသာပဲရှိပါတယ်။
အခန်း(၁၄)ဆက်ရန်....
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
=========================================================================
🌼 အခန်း၁၄🌼
ကျေးလတ်ဒေသတွင် သစ်ရိပ်၊ဝါးရိပ်နှင့် အေးချမ်းသလောက် ရန်ကုန်ရာသီဥတုကတော့ဆန့်ကျင်
ဘက်ဖြစ်နေလေသည်။ပူလိုက်သည့်နေဆိုတာ ဦးထုပ်များမဆောင်းထားရင် ဆံပင်အမွှေးတွေတောင် ကျွတ်ကျချင်လောက်အောင် ခံစားရသည်။
မြို့ထဲလိုနေရာမျိုးတွင် ကားလမ်းမအကျယ်ကြီးနဲ့ တိုက်တာတွေပဲပေါများတာကြောင့် သစ်ပင်ကို
မနဲဖြဲရှာနေရသည်။
တောမှာက ကတ္တရာလမ်းကျဉ်းကျဉ်းသာခင်းထားကြတာကြောင့် ဆိုင်ကယ်လ်လေးတွေသာ အစီးများသည်။နေ့ခင်းဘက်ဆိုလျှင် အလုပ်ကိုယ်ဆီနှင့်မို့ တစ်ရွာလုံးနီးပါးက ပွဲလမ်းသဘင်မရှိပါက တိတ်ဆိတ်ငြိမ်းအေးလွန်းသည်။
ရန်ကုန်မှာကတော့ နေ့နေ့ညည ကားသံတဝီဝီနှင့်
လူတွေဆိုတာ ၀မ်းရေးအတွက်သော်လည်းကောင်း၊လှုမှုရေး၊သာရေး..နာရေးအတွက်သော်လည်းကောင်း ဟိုဒီလူးလား လှုပ်ရှားသွားလာနေကြရသည်။
ထို့ကြောင့်လည်း ရန်ကုန်ကိုစည်တယ်ဟု ပြောကြတာနေမည်။
"ဒေါ်ညိုရေ..ဒီမှာ ရွာပြန်လက်ဆောင်တွေကို..
အိမ်မှာရှိသမျှလူအကုန်လုံးကိုခွဲပေးလိုက်ပါနော်.."
"အေးပါ..တူမလေးရယ်..ဒေါ်ကြီးကြည့်လုပ်လိုက်မယ်..အေးဆေးသွားနားနော်.."
"ဟုတ်ကဲ့.."
ဦးနေဂုဏ်မာန်နဲ့ ထိတ်တိုက်တွေ့ရမှာ မျက်နှာပူတာကြောင့် စံပယ်လည်းကိုယ့်စရိတ်နဲ့ကိုယ်ပဲ ကားဂိတ်ကနေ တက္ကစီ စီးလာခဲ့လိုက်သည်။
လှည်းလမ်းကြောင်းပေါ်ကနေ ထော်လာဂျီနဲ့လိုက်ခဲ့တာကြောင့် ဆံပင်တွေက ဖုန်တွေနဲ့ရောထွေးနေလေသည်။ရေ၊မိုးချိုးပြီး ခဏနားကာ ဒေါ်ညိုတို့ကို ကူဖို့ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် စံပယ်လည်းကိုယ့်အခန်းကိုယ်အမြန်
၀င်ကာ ရေမိုးချိုးပြီး ခေါင်းလျှော်လိုက်သည်။
ရေအကြာကြီးစိမ်ချိုးလိုက်ရ၍ လူကလည်းအတော်လန်းဆန်းသွားလေသည်။
ရေချိုးခန်းတံခါးကိုပိတ်ပြီး မှန်တင်ခုံဘက်သို့ သွားနေရင်းနှင့် စိတ်ထဲမှာ မသင်္ကာစရာတစ်ခုခုကို တွေ့လိုက်မိသလို ခံစားလိုက်ရတာကြောင့် ကိုယ့်ကုတင်နေရာကို ကြည့်လိုက်မိတော့....
"ဟင်..ဦးနေဂုဏ်..ကျွန်မအခန်းထဲကိုဘယ်လိုရောက်နေတာလဲ.."
"အဟင်း..စံပယ်ပြန်ရောက်တည်းက ဒေါ်ညိုဖုန်းဆက်ထားတာ.."
စိတ်ထဲမှာ သူ့ရုပ်ကြီးကိုတွေ့လိုက်တော့ လန့်ဖြန့်သွားသည့်နည်းတူ မျက်လုံးတွေလည်း ပြူးကျယ်ကုန်လေသည်။
"ရှင်..ရှင်ရှေ့မတိုးလာနဲ့နော်.."
ဦးနေဂုဏ်က စံပယ့်ကုတင်ပေါ်မှာခြေထောက်ချိတ်ထိုင်နေရာမှ ရုတ်တရက်ထရပ်လိုက်ပြီး စံပယ်ရပ်နေသည့်နေရာသို့ တစ်လှမ်းချင်းလှမ်းလာသည်။
သူ့ရဲ့ တည်ကြည်သော မျက်နှာဟာ ချက်ချင်းပင်
ရွှင်ပြသလို ဖြစ်သွားပြီး တင်းတင်းစေ့ထားလေးရှိသည့် သူ့နှုတ်ခမ်းဟာလည်း အပေါ်သို့ ကွေးညွှတ်တက်သွားလောက်အောင် ပြုံးတာကိုမြင်လိုက်ရသည်။
စံပယ့်အနေနဲ့ ကြည့်ရင်တော့ ကြောက်စရာအပြုံးကြီးလိုပဲ။
စံပယ့်မျက်နှာတွေလည်းထူပူလာရပြီး တော်တော်ရှက်နေမိသည်။ကိုယ့်အခန်းထဲမှာမို့ သပါတ်မယူ
ထားမိတော့ ရင့်ညွှန့်ကနေ လည်တိုင်အထိက
အ၀တ်မပါတာကြောင့် လက်ဖဝါးလေးနဲ့ကာထားလိုက်ရသည်။
ထိုလူကြီးက စံပယ့်အနားကိုပိုတိုး၍ကပ်လာတာကြောင့် အနောက်ကိုဆုတ်ရင်းဆုတ်ရင်းနှင့်
ရေချိုးခန်းတံခါးမှာ စံပယ့်ကျောပြင်ဟာ သွားကပ်နေမိတော့သည်။
ကြာရင်စံပယ်နှလုံးရောဂါရပြီး နေရာမှာတင်ပစ်လဲသွားမှာသေချာတယ်။
"မျက်နှာကြီးငုံ့မထားနဲ့လေ..ကိုယ့်ကိုအဖြေပြန်ပေးရမှာမေ့နေပြီလား.."
ဘာမေးမေးခေါင်းကြီးသာဖိငုံ့ထားတဲ့ကောင်မလေးက ဇတ်ကြီးကျိုးကျတော့မယ့်အတိုင်းပဲ။
ရေချိုးပြီးခါစမို့ မျက်နှာလေးက၀င်းမွှတ်နေပြီး ခေါင်းလျှော်ပြီးခါစ ဆံပင်အရှည်ကြီးမှ ရေစက်တွေက ကြမ်းပြင်ပေါ်သို့ တစ်ပေါက်ပေါက်ကျနေလေသည်။
အသားအရေအရမ်းဖြူလွန်းတဲ့ကောင်မလေးမို့
သူ့မျက်လုံးတွေကသူမရဲ့ရင်ညွှန့်ဖွေးဖွေးလေးဆီသို့ ရောက်ရောက်သွားမိ၍ စိတ်ကိုမနည်းထိန်းနေရသည်။
ပါးအို့နီနီလေးတွေကိုလဲ စိတ်ရှိလက်ရှိသာနမ်းလိုက်ရရင် ဒီကောင်မလေးရွာကိုပြန်ပြေးမှာမြင်ယောင်တယ်။
"ဟေ့..ချစ်တယ်လို့အဖြေပေးမှာလား..မပေးဘူးလား..မပေးရင်ကိုယ့်အဆိုးမဆိုနဲ့နော်..."
ဘီလူးဆိုင်းတီးပြီးအဖြေလာတောင်းနေတဲ့လူကို အမြင်ကပ်ပုဒ်မနဲ့ မျက်စောင်းပြန်ထိုးလိုက်သည်။
ဘယ်လိုလူလဲမသိဘူး ဘယ်မိန်းကလေးက
ထမီရင်လျားကြီးနဲ့အဖြေပေးချင်မှာလဲ။
စံပယ်ရှက်လို့သေရချည်ရဲ့ အခုထိလည်းအခန်းထဲကထွက်မပေးသေးဘူး။
"ဟေ့..ကိုယ့်ကိုအဲ့လိုမျက်စောင်းမထိုးနဲ့နော်..
စိတ်ကသိပ်ခိုင်တာမဟုတ်ဘူး...နေရာမှာတင်.."
"ရှင်နော်..နှာဘူးစကားတွေလာမပြောနဲ့...
မပေးဘူးအဖြေ..သွား...အခန်းထဲကနေ.."
"အေးနော်..အဖြေမပေးရင်ထမီကိုဆွဲချွတ်လိုက်မှာနော်.."
"အား..နှာဘူးကြီး..မလုပ်နဲ့နော်.."
"အာ့ဆိုချစ်တယ်လို့ပြောလေ.."
ရုတ်တရက်ထမီစကိုဆွဲဟန်ပြတော့ စံပယ်အတော်ထိတ်လန့်သွားရသည်။ဒီလူကြီးကဘာကိုမှ ကြောက်တဲ့လူမဟုတ်ဘူး။
တကယ်ချွတ်လိုက်ရင်ဒုက္ခပါပဲ။ထမီစကို စပယ်ကပြန်ဆွဲသလို သူကလည်းအစကိုမလွှတ်ပေးတော့ ရုန်းရင်းနဲ့ ကျွတ်သွားမှ ရှိသမျှအရှက်တွေ ဗြန်းဗြန်ကွဲနိုင်သည်။
"တစ် နှစ် သုံး ရေလို့မှအဖြေမပေးရင်ဆွဲချွတ်ပြီနော်.."
"တစ် နှစ် .."
"အမယ်လေး...ချစ်တယ်..ချစ်တယ်.."
"ဟားတကယ်နော်.."
"အင်း..."
"ရေး..ဒါမှကိုယ့်ရဲ့မွှေးကွ.."
"အာဘှား..မှ..မှ..မှ.."
"ကဲ..အင်္ကျီလဲ..ဆံပင်သေချာခြောက်အောင်လုပ်ပြီးရင်...အောက်ထပ်ကိုဆင်းလာခဲ့..ကိုယ်တို့ရည်းစားဖြစ်တဲ့အထိန်းအမှတ်နဲ့..မွှေးသွားချင်တဲ့ဘယ်နေရာကိုမဆို လိုက်ပို့ပေးမယ်..."
သူပြောချင်ရာပြောပြီး ကလေးတစ်ယောက်လိုခုန်ပေါက်ပျော်ရွှင်နေသည့် ဦးနေဂုဏ်မာန်ကိုစံပယ်ပါးစပ်ကြီးဟပြီး အံ့ဩနေမိသည်။
ဦးနေဂုဏ်မှာလည်း ဒီလိုရူးတူး၊ပေါတောပုံစံရှိတာပဲလား။ကျပ်မပြည့်တဲ့ကလေးကို သကြားလုံး၀ယ်ကျွေးမိလိုက်သလိုပဲ။
အခုမှရည်းစားဖြစ်ရုံရှိသေးတယ် စံပယ့်ကိုနမ်းသွားလိုက်တာများ မျက်နှာမှာနေရာလပ်တောင်မကျန်ဘူး။
စံပယ်ကိုယ့်မျက်နှာကိုယ်ပြန်စမ်းပြီး
သူ့နမ်းသွား၍သထွေးစိုစွတ်ကျန်ခဲ့တဲ့ နေရာတွေကို လက်နဲ့သပ်ချနေရသည်။
"အော်..ငါကငြင်းမလို့စဉ်းစားထားတဲ့ဟာကို..
ငါရှက်တတ်မှန်းသိလို့..ချက်ကောင်းကိုကိုင်ပြီး..
မလှိမ့်တစ်ပတ်နဲ့အဖြေတောင်းသွားတာ..
ဟွန့်..ဒီအတိုင်းဆိုရင်သူနဲ့..တစ်အိမ်ထဲမှာအတူနေလို့မဖြစ်တော့ဘူး..တော်ကြာမယူရသေးပဲ..
ငါလုံးပါးပါးလိမ့်မယ်..မလွယ်ဘူး..."
🌼🌼🌼🌼🌼🌼
"မွှေး..သွားချင်တာ...ဒီနေရာဆိုတာသေချာလား..."
"အင်း..သေချာတယ်..ရေး..သွားကစားရအောင်.."
ဘေးနားမှခုန်ဆွခုန်ဆွဖြစ်နေတဲ့မယ်မင်းကြီးမလေးကို ပိတ်သာထုပစ်လိုက်ချင်သည်။
ပထမဆုံးချစ်သူဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့
ဘယ်သွားချင်လဲဆိုတော့ ကစားကွင်းတဲ့။
တစ်ခါမှမရောက်ဖူးလို့သွားချင်တယ်ချည်း
အတင်းပူဆာတာနဲ့ခေါ်လာခဲ့ရသည်။
ခက်တာကနေဂုဏ်မာန်ဆိုတဲ့ သူကိုယ်တိုင်ဟာ
တစ်သက်နဲ့တစ်ကိုယ်ကစားကွင်းတစ်ခါမှ
မသွားခဲ့ဖူးဘူး။ငယ်ငယ်တည်းက နိုင်ငံခြားမှာပဲ ကျောင်းတက်ရင်းအနေများခဲ့တယ်။
ဦးလေး မိသားစုက ကစားကွင်းကိုသွားရင် အဖော်ခေါ်ပေမဲ့ မလိုက်ဘူးဆိုပြီး အမြဲငြင်းခဲ့တဲ့သူ။
ကစားကွင်းဆိုတာလူပေါ့တွေလာအချိန်ဖြုန်းတဲ့နေရာလို့ တွေးခဲ့တဲ့သူက အခုကိုယ်တိုင်ရောက်နေရလေပြီ။
"ဟာ..ဦးနေဂုဏ်..ရှင်ကလည်းနှေးလိုက်တာ..
ကျွန်မရည်းစားတော်ထားတာက လူလား ၊
လိပ်ကြီးလား မသဲကွဲတော့ဘူး..လာပါဆို.."
သူ့မလေးစကားကြောင့် သွေးတောင်တက်ဆောင့်ချင်သည်။စီးပွားရေးလောကမှာအကွက်မြင်လွန်းလို့ အကုန်ဆလံသခံနေရတဲ့သူက သူမနဲ့တွေ့မှလိပ်ကြီးလုံးလုံးကိုဖြစ်ရောပဲ။
ကလေးကို ခြိမ်းခြောက်ပြီး ကြိုက်ထားရတော့
ရှေ့လျှောက် ဒီ့ထက်ပိုပြင်းတဲ့ စကားတွေနဲ့ အသားကျဖို့သာ ပြင်တော့ နေဂုဏ်မာန်ရေ။
"ဟိုလေ..မွှေးရယ်..ကိုယ်တို့စားသောက်ဆိုင်ကောင်းကောင်းမှာပဲနေ့လည်စာ သွားစားကြမယ်လေ..ဒီမှာကလူတွေရှုတ်ယှက်ခက်နေတာပဲ..
စိတ်ရှုပ်ဖို့ကောင်းတယ်..သွားကြမယ်လေနော်..."
"ဒီမှာ...ကျွန်မကဗွီဒီယိုကားထဲမှာ ကြည့်ပြီးတည်းကတစ်ခါလောက်သွားမယ်လို့စိတ်ကူးထားတာ
သိရဲ့လား..အစထဲကလိုက်မပို့ချင်ရင်လဲ..
ဘယ်သွားချင်လဲမမေးနဲ့လေ...ဒါမှမဟုတ်လည်းအိမ်ပဲပြန်မယ်..ရှင်နဲ့လည်းဒီနေ့ပဲရည်းစားခန်းပြတ်ပြီ..."
"ဟင်..အဲ့လိုတော့မလုပ်နဲ့လေ..ဒီနေ့ပဲရည်းစားရ..
ဒီနေ့ပဲပြတ်တယ်ဆိုရင်..နေဂုဏ်မာန်သမိုင်း
ရိုင်းသွားမှာပေါ့..."
"အမယ်လေး စကားလုံးကြီးကလည်း ကြီးလိုက်တာမသိဘူး..အဲ့ဒါတော့ရှင့်သမိုင်း ရှင်ရေးတာပဲလေ.."
ပြတ်မယ်၊ကွဲမယ် တကဲကဲလုပ်နေတဲ့
သူ့အသစ်စက်စက်ရည်းစားလေးကြောင့်
သူခေါင်းခြောက်အောင်စဉ်းစားရသည်။
စီးပွားရေးကိစ္စတွေတောင် သူမကိုချော့ရတာလောက်ခက်မယ်မထင်ဘူး။
ကြည့်အုံး နှုတ်ခမ်းကြီးက တစ်လံလောက်ရှေ့ထွက်နေပြီ။
"ကဲ..ဟုတ်ပြီကွာ..ဆော့..ကြိုက်သလောက်ဆော့..ပြီးမှဖင်မူးတယ်..ခေါင်းမူးတယ်မလုပ်ရဘူးနော်"
"စိတ်ချ..လာမှာသာ လာစမ်းပါ..."
"ဟမ်..ကိုယ်ရော ကစားရမှာလား..."
"လာပါဆို.."
စံပယ်အတင်းခေါ်လို့လိမ်ဖယ်လိမ်ဖယ်နဲ့လိုက်လာရတဲ့ရုပ်ကြီးကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းရသည်။သူကပဲ လူကို အမျိုးမျိုးဆရာကြီးလုပ်နေခဲ့တော့ သူ့ကိုနှိပ်စက်ဖူးချင်သည်လေ။
ရိုလာကိုစတာတစ်ခါစီးရုံနဲ့ စံပယ့်မှာ မူးတတ်သူမို့
မအန်မိအောင်မနည်းထိန်းနေရသည်။
ကိုယ်တော်ကအလိုက်မသိပဲနှစ်ခါပြန်စီးမယ်လုပ်နေသေးသည်။
ခုဏကပဲ ကစားကွင်းကိုလာဖို့ ဘူးခံငြင်းနေတဲ့လူက အခုတော့တတ်ကြွတဲ့ကြက်ဖကြီးကိုဖြစ်လို့။
ဟိုဟာလဲစီးချင် ဒီဟာလည်းကစားချင်နဲ့ တိရိစ္ဆာန်ရုံကမျောက်ကြီးကို ကစားကွင်းထဲလွှတ်လိုက်သလားမှတ်ရတယ်။မျောက်ကို ငှက်ပျောသီးကျွေးလိုက်မိသလို စားပြီးရင်း ထပ်စားချင်နေတာမျိုး။
"မွှေး..ကိုယ်တို့တိုက်ကား သွားစီးမယ်..တိုက်ကား"
"ဘာတိုက်ကားလဲ!..ရှင့်ဖာသာတိုက်ချင်တဲ့ဟာကိုတိုက်ပြီး..ကားချင်သလိုကား..သွား..ဒီမှာမူးလို့
အန်ချင်နေပါတယ်ဆို..အလိုက်ကိုမသိဘူး.."
"ဟင်..မွှေးက တအားမူးနေတာလား..ခဏစောင့်နော်.."
စံပယ်ဆူလိုက်တော့ချက်ချင်းပဲ ဘယ်ကိုပြေးမှန်း
မသိပြေးသွားလေသည်။
ခဏကြာတော့မှ အအေးဗူးတစ်ဗူးနဲ့ ရေခဲမုန့်တစ်ခုကိုကိုင်ပြီးပြန်ပြေးလာသည်။
သူကစံပယ့်အတွက်ရေခဲမုန့်သွား၀ယ်တာပဲ ဒီလိုဆိုတော့လည်း အလိုက်သိသားလို့ ချီးကျူးလိုက်မိသည်။
အနားကိုရောက်လာတော့ မောနေတဲ့သူ့ပုံစံကြောင့် စံပယ်လည်း သနားစိတ်၀င်သွားမိလေသည်။
ရေခဲမုန့်စားမလား၊ အားဖြည့်အချိုရေသောက်
မလားမေးတော့ စံပယ်ရေခဲမုန့်ကိုပဲရွေးလိုက်သည်။
ရေခဲမုန့်စားနေတုန်းမှာ ပါးပေါ်ကိုလက်နဲ့လာအုပ်တာကြောင့် သူ့ကိုကြောင်ပြီးလှည့်ကြည့်လိုက်ရာ
နှဖူးကအနမ်းခံလိုက်ရသည်။
လူတွေအများကြီးရှိနေတာကို ဒီလူမရှက်ဘူးလား။
သူမရေခဲမုန့်စားနေတဲ့အချိန်မှာ ခပ်လှမ်လှမ်း
မှကောင်လေးနှစ်ယောက်က ကိုယ့်ကောင်မလေးကိုခဏခဏလာလာကြည့်နေတော့ သူသည်းမခံနိုင်ဖြစ်နေရသည်။
သူမကမျက်နှာမှာသာပါးကွက်ကျားကြီးနဲ့ပေမဲ့ အသားကဖြူဖွေးပြီး မြန်မာ၀တ်စုံအစိမ်းရင့်လေးနဲ့အရမ်းကိုယဉ်တင့်နေသည်။
ဒီတော့သူ့အပိုင်မှန်းပြရသေးတာပေါ့ဆိုပြီး ရေခဲမုန့်စားနေတဲ့သူမမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်ပြီး နှဖူးကိုနမ်းပြလိုက်သည်။
ထိုမှသာ သကောင့်သားနှစ်ကောင်လစ်ထွက်သွားကြသည်။ထိုအကောင်တွေကိုမဲ့ပြုံးနဲ့ကြည့်ပြီး
သူမကိုပြန်ကြည့်လိုက်တော့ သူ့ကိုဝါးစားတော့မတတ်ကြည့်နေ၍ သွားဖြဲပြလိုက်ရသည်။
"ဟီး..နှဖူးမှာခြင်ကိုက်နေလို့နော်..အခွင့်အရေးယူတာမဟုတ်ဘူး.."
"အပိုတွေမပြောနဲ့..နောက်တစ်ခါလူကြားထဲမှာလာနမ်းလို့ကတော့..သေပြီသာမှတ်.."
"အင်းပါ..လူကြားထဲမှာမနမ်းဘူးအိမ်မှာပဲ.."
"ရှင်နော်.."
"အား..အမယ်လေး..ဗိုက်..ဗိုက်ကြောပြတ်ပါပြီဗျ"
"ဟင်းနော်..ဒါနမူနာပဲရှိသေးတယ်.."
နေဂုဏ်မာန်အဖို့ ပထမဦးဆုံးအကြိမ် ဗိုက်ကြောကိုလိမ်ဆွဲခံလိုက်ရသည်။ဒယ်ဒီတို့တောင် ငယ်ငယ်တည်းက သူ့ကိုတစ်ခါမျှ မရိုက်ဖူးခဲ့ပေ။
အခြားသူတွေက အနိုင်ကျင့်ဖို့ဆိုတာတော့
ပြောမနေပါနဲ့။
ကိုယ်တိုင်ကလည်း ခပ်တည်တည်ပဲ နေတတ်သည့်လူမို့ ဘယ်သူကမှရန်လာမစရဲဘူး။
အခု စံပယ်မွှေးဆိုသည့် ကောင်မလေးရတော့မှ
အဆူလည်းခံရသည်။ဗိုက်ကြောလည်း နာရသည်။
သို့ပေမဲ့ သူလုံး၀စိတ်မဆိုးဘူး။သူမဖြစ်နေလို့ကို
သူစိတ်မဆိုးတတ်တာ ထင်ပါရဲ့။ချစ်နေမိတော့ အပြစ်မမြင်တတ်တော့ဘူး ဆိုသလိုပေါ့။
🌼🌼🌼🌼🌼🌼🌼🌼🌼
"ဘုန်း!!!!!.."
ဒေါသကုမ္မာရသူဌေးကြောင့် ရုံးခန်းထဲတွင်အပ်ကျသံပင်မကြားရတော့ပေ။
အကုန်လုံးခေါင်းငိုက်ဆိုက်ချထားကြသည်မှာ ခြင်္သေ့ရှေ့မှာ ခစားရတဲ့ယုန်သူငယ်လေးလို
နှာယားလို့တောင် နှာမချေရဲဖြစ်နေကြသည်။
"ဘာကြောင့်ဒီလိုဖြစ်ရတာလဲ..ဦးလူဇော်ကသူ့ပရိဘောဂတွေကိုတင်ပို့ဖို့ ဘာလို့နောက်ကျနေရတာလဲ..အခုဟော်တယ်ဖွင့်ပွဲကြေငြာထားတာက
ရက်နီးလာပြီ..ဖွင့်လှစ်ပေးမဲ့သရုပ်ဆောင်ကလည်း..ကြိုချိန်းထားပြီးရက်နဲ့..မင်းတို့ဌာနကလူတွေ..အိပ်ငိုက်နေကြလို့အခုမှနိုးကြတာလား
..ဟမ်!!!!!!!!!..."
"မဟုတ်ပါဘူးဆရာ..ဦးလူဇော်ကရုတ်တရက်
ကုန်ကြမ်းဈေးတက်တယ်ဆိုပြီး..မူရင်းဈေးထက်၂ဆတိုးလိုက်တာမှာ.. ညှိမရဖြစ်နေတာပါ..
အရင်က ဦးကျော်ရှိန်းလည်းခံလိုက်ရဖူးတယ်တဲ့.."
"တောက်!!!..မင်းတို့ဦးနှောက်တွေကမသုံးရသေးလို့တုံးနေကြတာလား..ဟမ်!..ဒီလိုစည်းဘောင်မသိတဲ့လူဆီကမှကွာ..ငွေတွေကမိုးပေါ်ကနေကျလာတာမဟုတ်ဘူး..သွား!!..ရှေ့နေဌာနကိုအခုသွားပြီး..
ဦးလူဇော်ဆီလွှတ်လိုက်..မူလစာချုပ်အတိုင်းကတိမတည်နိုင်ရင်..ထောင်နန်းစံခိုင်းလိုက်..နေဂုဏ်မာန်ကိုဒါမျိုးလာလုပ်လို့မရဘူး..."
"ကျွီ.."
ရုံးခန်းထဲကိုအတွင်းရေးမှူးမလေး၀င်လာ၍
ကူကယ်မဲ့လူပေါ်လာပြီဆိုပြီး မကြယ်စင်ကိုအားကိုးသည့် အကြည့်နဲ့ကြည့်နေကြလေသည်။
သူဌေးကမသွားခိုင်းသေးပဲ လှုပ်တောင်မလှုပ်ရဲကြလို့ပါ။
"ဆရာ..စံပယ်မွှေးထမင်းချိုင့်လာပို့ပါတယ်..
အဲ့ဒါ၀င်လာခိုင်းလိုက်ရမလား.."
"ကြယ်စင်..အခုအချိန်မှာထမင်းစားဖို့က
သိပ်အရေးကြီးနေတယ်လို့..မင်းထင်သလား.."
"ဟုတ်..ဟုတ်ကဲ့ပါဆရာ..ကျွန်မပြန်လွှတ်လိုက်ပါ့မယ်.."
ကြယ်စင်လည်း အဆူခံရ၍ပြန်ထွက်ရန်ပြင်တော့ စီမံခန့်ခွဲရေးဌာနမှလူတွေလည်း ကူကယ်ရာမဲ့ပြီဟု ငိုမဲ့မဲ့ဖြစ်ကုန်ကြသည်။
"ကြယ်စင်..နေအုံး.."
"ရှင်..ဟုတ်..ဟုတ်ကဲ့.."
"ခုဏကမင်းပြောတာ....ဘယ်သူ.."
"စံပယ်မွှေးပါဆရာ.."
ဒီနာမည်ကြားတော့မှဆရာ့မျက်နှာကြီး ရှုံ့မဲ့နေရာမှပြေလျှော့သွားလေသည်။ကြယ်စင်လည်း ဒီလိုဖြစ်မယ်ဆိုတာသိလို့ အစည်းအဝေးအချိန်ကြီးမှာ ထမင်းချိုင့်ကိစ္စကို သပ်သပ်လာပြောခြင်းပင်။
"အဟမ်း..အဟမ်း..ငါဗိုက်ဆာနေပြီ..လွှတ်လိုက်"
ချောင်းဟန့်သံပေးပြီးပြောလိုက်တဲ့ဆရာ့ကို
ကြယ်စင်ပါအံ့ဩသွားရသည်။
ခုနကပဲ ထမင်းကအရေးမကြီးဘူးဆိုတဲ့ဆရာက အခုတော့ အရေးကြီးသွားပြီပေါ့။
အပြောင်းအလဲကလည်း လျှပ်စီးထပ်တောင်မြန်သေးတယ်။
ငါတို့ဆရာကမျက်နှာ နှစ်မျိုးနဲ့လူပါလား။
"ဟေ့ကောင်တွေ..သွားကြတော့လေ..ဘာလဲ
ငါထမင်းစားတာထိုင်မျှော်ကြမလို့လား.."
တစ်ဖက်တွင်တော့ ရုံးခန်းထဲမှတစ်ယောက်ပြီး
တစ်ယောက်ပြေးထွက်လာကြတဲ့လူတွေဟာ အပြင်မှာထမင်းချိုင့်နှင့် ရပ်နေသည့်စံပယ့်ကို အကုန်လက်မထောင်ပြသွားကြသည်။
"ဘာလဲဦးနေဂုဏ်မာန်တင်မကပဲ..သူ့လက်အောက်
ငယ်သားတွေကလည်းကြောင်တောင်တောင်နဲ့ပါလား......"
စံပယ် ရုံးခန်းထဲသို့၀င်လိုက်တော့ သူကဆိုဖာပေါ်မှာထိုင်နေလေသည်။စံပယ့်ကိုလဲ ပြုံးဖြီးပြနေတာများ နွားပြာကြီးအောက်သွားမရှိသလိုရုပ်နဲ့။
ကိုယ့်ရည်းစားကိုယ် တိရိစ္ဆာန်နဲ့နှိုင်းမိလို့ လွဲပါစေ၊ဖယ်ပါစေလုပ်ရသေးသည်။
ထမင်းချိုင့်ကိုစားပွဲမှာချထားလိုက်ပြီး သူ့ဘေးနားမှထိုင်လိုက်တော့ စံပယ့်ခါးကိုလက်နှစ်ဖက်နဲ့
ကျစ်နေအောင်လာဖက်ပြီး ပုခုံးပေါ်မေးလာတင်လေသည်။
သူ့ကိုယ်သူအမေ့ဗိုက်ထဲကနေ အခုမှထွက်လာတယ်ထင်နေပုံရတယ်။ထမင်းချိုင့်တွေကိုတစ်ခုပြီးတစ်ခုဖွင့်ပေးလိုက်ပြီး စားရန်မျက်နှာရိပ်ပြလိုက်တော့ ခေါင်းထောင်ပြီးပါးကိုလာနမ်းပြန်သည်။
"ကိုယ့်ကိုခွံ့ကျွေးပါလား.."
သူ့စကားအဆုံးမှ တဟဲဟဲရာ်ပြလိုက်ပြီး လက်ကတော့သူ့ဗိုက်ကြောနေရာကို ညှစ်ပြီးလိမ်ပစ်လိုက်သည်။
"အား..အမယ်လေးဗျ..ဗိုက်ကြောနာ..နာတယ်.."
"ကြည့်နေတာအကောင်းမှတ်နေလား..၀င်လာထဲကပက်ကျိလိုလာကပ်နေတယ်..ရှင့်ကိုကြာလေကြည့်
မရလေပဲနော်..ဟင်း..ဟင်း.."
"ကိုယ့်ချစ်သူကိုယ်..ချစ်လို့ခွံ့ကျွေးခိုင်းတာပဲကွာ..ဘာလဲ ကိုယ့်ကိုမချစ်ဘူးလား.."
"ချစ်သူကဒုက္ခိတကြီးဆိုရင်တော့..ခွံ့ကျွေးမှာပေါ့..
အခုကလက်ကောင်း၊ခြေကောင်းကြီးလေ..
အခုထဲကတစ်ခါတည်းပြောလိုက်မယ်..
ကျွန်မအဆောင်မှာပဲပြန်နေတော့မှာနော်.."
"ဟာကွာ..ကိုယ့်အိမ်မှာဘာအဆင်မပြေတာရှိနေလို့လဲ..အဓိပ္ပာယ်ကိုမရှိဘူး..."
"အဓိပ္ပာယ်သိပ်ရှိတာပေါ့..ရှင်နဲ့ကျွန်မကယူရသေးတာလဲမဟုတ်ပဲ..အတူနေရင်..ကြာတော့ဘေးလူတွေဘယ်လိုမြင်ကြမလဲ..."
သူမရဲ့စကားကြောင့်သူတွေဝေသွားမိသည်။
မွှေးကိုသူအရမ်းချစ်သည်။ဘယ်အရာနဲ့မှမလဲနိုင်ဘူးဆိုတာ ကြာလေသူ ပိုသိလာရလေပဲ။
သူ့ဘေးနားမှာလာဝဲချင်နေကြတဲ့ အရောင်စုံလိပ်ပြာမလေးတွေရှိကြပေမဲ့ သူကတော့ဒီသနပ်ခါးပါးကွက်ကြားနဲ့လိပ်ပြာမလေးကိုပဲ ဖမ်းပြီးလှောင်အိမ်ထဲမှာထည့်သိမ်းထားချင်လောက်အောင်ကို ရူးမိုက်သူပါ။
လက်ထပ်ခြင်းဆိုတာကို သူတွေးမကြည့်ခဲ့ဖူးပေမဲ့ အခုအများနည်းတူ သူတွေးမှရပေတော့မည်။
စံပယ်လည်း စကားမှားသွားတဲ့ ကိုယ့်ကိုကိုယ်
ပြန်အပြစ်တင်နေမိသည်။
မိန်းကလေးကစပြီး ယူဖို့ကိုတိုက်တွန်းတာ မဖြစ်သင့်ဘူးမဟုတ်လား။စံပယ်သူ့ကိုချစ်ပေမဲ့ အခုထိကိုမယုံရဲသေးဘူး။
ချယ်ရီစူးပြောခဲ့သလို ဗိုက်တစ်လုံးနဲ့ကျန်ခဲ့မယ်ဆိုတဲ့စကားကစံပယ့်နားထဲမှာ မနေ့တစ်နေ့ကလိုပဲဖြစ်နေတော့ တစ်နေ့မှာသူစံပယ့်ကိုထားခဲ့ရင်ဆိုတဲ့အတွေးက အမြဲတမ်းစိုးမိုးနေသည်။
မတူညီတဲ့ ဘ၀အခြေအနေနှစ်ရပ်ကြောင့်လည်း ဖြစ်နိုင်သည်။ သူကချစ်တယ်လို့ပြောခဲ့သလို စံပယ်ကလည်းအဖြေပြန်ပေးခဲ့မိတယ်။
ဒါပေမဲ့ စံပယ့်စိတ်ထဲမှာ အခုထိ အိပ်မက်တစ်ခုလိုမျိုးပဲ ခံစားနေရတယ်။
"စံပယ်ပြောတာက လပ်ထက်ဖို့လိုမဟုတ်ဘူးနော်..အရမ်းတွေးမနေနဲ့.."
"ကိုယ်တို့လက်ထက်ကြရအောင်.."
သူ့စကားကြောင့် စံပယ်ဆွံ့အသွားမိသည်။
သူတကယ်ကြီးပြောနေတာလား။စံပယ်တို့ ချစ်သူဖြစ်တာ မနေ့တစ်နေ့မှလေ။သူ့စကားက အရမ်းစောလွန်းမနေဘူးလား။
"..စံပယ်တို့အရမ်းလောနေသလားမသိဘူး..
စောသေးတယ်လေနော်..ဟို..နောက်မှအဲ့ကိစ္စကိုပြောကြတာပေါ့..စံပယ်ပြန်တော့မယ်နော်.."
စံပယ်ဒါပဲပြောပြီး အမြန်ထွက်လာလိုက်သည်။နှုတ်ခမ်းထက်မှာအပြုံးပန်းတွေဝေဆာလျှက်ပေါ့။သူ့စကားကြောင့်အရမ်းလည်းအံ့ဩတုန်လှုပ်သွားမိသလို နှလုံးသားလေးလဲ ဂျွမ်းထိုးမှောက်ခုံဖြစ်နေပြီလားမသိပေ။
"ငါ့ပါးစပ်ကအမှတ်တမဲ့ထွက်လာတဲ့စကားလေးတစ်ခွန်းကိုတောင်အလေးအနက်ထားပါလား.."လို့လည်း စံပယ်တွေးမိပြီး ကျေနပ်နေမိသည်။
သို့ပေမဲ့ စံပယ်တို့နှစ်ယောက်ကြားမှ လေ့လာစရာတွေတော့ အများကြီးကျန်နေသေးသည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
တီ..တီ..တီ
"ဟယ်လို..ဘယ်သူပါလဲ..."
"ဟယ်လိုစံပယ်..ငါမိစိုးပါ.."
"ဟယ်..ထူးထူးဆန်းဆန်း..ဖုန်းတွေဘာတွေဆက်လို့ပါလား.."
"ထူးဆန်းတာတွေ..မထူးဆန်းတာတွေအသာ
ထား..ဒီမှာနင့်အဖွား မူးလဲလို့ဟဲ့..အဲ့ဒါပြန်လာလို့
ရရင်ပြန်လာပါဟာ..ဖွားကြည်မေကအသက်ကြီးပြီဆိုတော့..နင်ရွာမှာပဲပြန်လာနေသင့်တယ်နော်.."
"ဟုတ်..ဟုတ်ကဲ့..မနက်စောစောကားနဲ့စံပယ်ပြန်လာခဲ့ပါ့မယ်..."
"အေးအဲ့ဒါဆိုဒါပဲ.."
"တူ..တူ.."
ဟိုဘက်ကဖုန်းကျသွားသည်နှင့်တစ်ပြိုင်နက်
စံပယ့်မျက်ရည်တွေဟာလည်း
ပါးပြင်ထက်မှာရွှဲနစ်နေပါတော့သည်။
စံပယ့်ဘ၀မှာအချစ်ရဆုံး လူငါးယောက်သာရှိသည်။
အမေ,အဖေ,အဖွား,ညီမလေးနဲ့ဦးနေဂုဏ်ပေါ့။
အမေနဲ့အဖေကတော့စံပယ့်အနားမှမရှိနိုင်ကြတော့ပေမဲ့ ကျန်သုံးယောက်ထဲကနေ ဘယ်တစ်ယောက်ကိုမှစံပယ်ထပ်ပြီးမဆုံးရှုံးချင်ဘူး။
ဆုံးရှုံးရမှာက်လည်း အင်မတမ်ကြောက်မိသည်။
တစ်ဖက်မှာလည်းဦးနေဂုဏ်မာန် တစ်ဖက်မှာလည်းအဖွား ဒီနှစ်ဦးကြားမှာ စံပယ်ဗျာမများချင်ဘူး။
အဖွားဘ၀မှာလဲ စံပယ်ကမရှိမဖြစ်လိုအပ်သလို မေတ္တာတရားငတ်မွတ်နေရှာတဲ့ဦးနေဂုဏ်ကိုလည်းစံပယ်မစွန့်ခွာရက်ဘူး။
ဒီတစ်ခါရွာပြန်ရင်တော့ ဦးနေဂုဏ်နဲ့ကိစ္စကိုအဖွားထံမှာဖွင့်ပြောပြီး ခွင့်တောင်းရမည်။
အဖွားကမကြည်ဖြူရင် စံပယ်လည်းရင်နာနာနဲ့ပဲ
နောက်ဆုတ်ရပေမည်။ဘာလို့ဆို အဖွားကသာ
စံပယ့်ဘ၀ရဲ့ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါပဲ။
နာရီကိုကြည့်လိုက်တော့၇နှစ်နာရီထိုးနေလေပြီ။
သူအလုပ်ရှုပ်နေမှာသိပေမဲ့ ရွာပြန်မဲ့ကိစ္စ
သူ့ကိုအသိပေးမှဖြစ်မည်။
စံပယ့်အနေနဲ့ သူမသိအောင်ဘာမှမလုပ်ချင်ဘူး။
"ဒေါက်..ဒေါက်.."
"စံပယ်လား..၀င်ခဲ့ပါ.."
"ကျွီ..."
စံပယ်တံခါးကိုဖွင့်လိုက်တော့ ထုံးစံအတိုင်း
သူ့အလုပ်စားပွဲမှာ လက်ပ်တော့တစ်လုံးရယ်
ဖိုင်လ်တွဲတွေနဲ့ သူအလုပ်ရှုပ်နေလေသည်။
စံပယ်သူ့ကိုမတ်တက်ရပ်အနေအထားနဲပဲ တစ်၀ကြီးကြည့်နေလိုက်သည်။
"ကျွန်မ..မနက်ဖြန်..အဖွားဆီပြန်မလို့ရှင့်ကိုလာနှုတ်ဆက်တာပါ.."
ထိုစကားကိုကြားတော့မှ သူချက်ချင်းခေါင်းထောင်လာပြီး စံပယ့်ကိုလက်ဆွဲကာဆိုဖာပေါ်တွင်ထိုင်ခိုင်းလေသည်။
"ရုတ်တရက်ကြီးပါလား..မသွားလို့မရဘူးလားကွာ.."
"အဖွားနေမကောင်းဖြစ်နေတယ်..အဖွားမှာကျွန်မကလွှဲပြီးဘယ်သူမှအားကိုးစရာရှိတာမဟုတ်ဘူး
...ကျွန်မပြန်မှဖြစ်မှာ.."
"ဟာ..မငိုပါနဲ့မွှေးရယ်..ကဲပြန်ချင်ရင်ပြန်ပေါ့..
ဒါပေမဲ့အဖွားကိုတော့..ယောက်ျားယူတော့မဲ့အကြောင်းပါတစ်ခါတည်း..သတင်းလွှင့်လာခဲ့နော်.."
"ဟင်...ရှင်ကလက်ထက်ဖို့ကိစ္စကိုတကယ်ကြီးပြောနေတာလား.."
"ဟား..တကယ်ပေါ့ကွာ..ကိုယ့်အတွေးထဲမှာ
သားသားမီးမီးလေးတွေပါမွေးပြီးနေပြီဗျ.."
ပြောရင်းသူစံပယ့်ကိုသိုင်းဖက်လိုက်ရာ စံပယ့်မှာငြင်းခွင့်ပင်မရလိုက်ပေ။
ရင်ခွင်နှစ်ခုက လေတိုးလို့မရအောင်ပူးကပ်နေပြီး
စံပယ့်ခေါင်းလေးကိုလည်း သူ့ညာလက်နှင့်
ငြင်သာစွာပွတ်သပ်ပေးလေသည်။
ဒီလူကြီးဟာတကယ်ကိုအလိုက်သိတဲ့လူပါ။စံပယ်၀မ်းနည်းတဲ့အချိန်မှာ ပွေ့ဖက်ပြီးနှစ်သိမ့်ပေးသလို စံပယ်ဒေါသနေထွက်တဲ့အချိန်မျိုးမှာသူ့ဗိုက်ကြောကိုဘယ်လောက်လိမ်ဆွဲဆွဲအပြစ်မြင်တယ်လို့မရှိဘူး။
"ဖြစ်နိုင်ရင်လေ ကိုယ်ပါတစ်ခါတည်းလိုက်ခဲ့ချင်တာ..ဒါပေမဲ့ဒီမှာအလုပ်တွေအရမ်းများနေလို့ကွာ..ပရောဂျက်တစ်ခုကအခုမှစခါစဆိုတော့..
ကိုယ့်ကိုနားလည်ပေးပါနော်..."
"အင်း..စံပယ်နားလည်ပါတယ်.."
သူ့ကိုအမြဲနားလည်ပေးတဲ့ မွှေးရဲ့မျက်နှာကိုသူဆိုက်ကြည့်နေမိသည်။
သူမလေးကသူ့ကိုဘယ်လောက်အထိနားလည်မှုပေးထားလဲဆိုရင် ဒယ်ဒီနဲ့သူ့ကြားကကိစ္စတွေကိုလည်း ဘာတစ်ခုမှမေးမြန်းခြင်း၊စပ်စုခြင်းမရှိသလို သူ့ဆီကနေလည်းဘာမှတောင်းဆိုတယ်လို့မရှိခဲ့ဘူး။
ဒီလိုမိန်းကလေးကိုမှ ဘ၀လက်တွဲဖော်အဖြစ်
မရွေးရင် သူသိပ်ကိုမိုက်မဲသွားမှာပေါ့။
ငိုထားလို့ပါးကွက်တွေပျက်နေတဲ့ မျက်နှာ
၀င်း၀င်းလေးကသူ့နှလုံးသွေးတွေကို၀င်နှောက်လိုက်သလိုဖြစ်နေလေသည်။
သူ့မရဲ့ မျက်ရည်ကျထားတဲ့ စိုအိအိပါးပြင်လေးရယ် ၊အရည်လဲ့နေတဲ့မျက်၀န်းဝိုင်းလေးတွေနဲ့
နှာဖျားလေးတွေကိုဖွဖွနမ်းရှိုက်မိလိုက်လေသည်။မျက်၀န်းလေးတွေမှိတ်ပြီး ငြိမ်သက်နေတဲ့သူမကြောင့် သူအပြုံးလေးတစ်ခုကို ဖန်ဆင်းမိသွားလေသည်။
သူမရဲ့ပန်းနုရောင်နှုတ်ခမ်းပါးလေးထက်မှာ
သူ့နှုတ်ခမ်းများအာ ထိကပ်လိုက်တယ်ဆိုရင်
သူမလေးလန့်ပြီးသူ့ကိုတွန်းထုတ်လိုက်သည်။
ပုံမှန်ဆိုရင်သူအလျှော့ပေးတတ်ပေမဲ့ ဒီညတော့
သူ့မနှုတ်ခမ်းမှ အနမ်းပွင့်လေးများက သူ့အပိုင်သာဖြစ်ရမည်လို့ရင်ထဲမှာကြွေးကြော်ပစ်လိုက်ပြီးသားပင်။
လရောင်ပျောက်တဲ့ဒီလိုညမှာ လိပ်ပြာတို့ရုတ်တရက်ထပြန်ကြပြီး ပန်း၀တ်ရည်တို့ကို
စုပ်ယူစားသုံးနေကြသကဲ့သို့ သူ့ရဲ့အနမ်းများကလဲကြမ်းတမ်းခဲ့လေပြီ။
အဆိပ်လူးမျှားနဲ့အပစ်ခံရမှန်းသိလို့ သေခြင်းတရားကိုတွန့်ဆုတ်နေတဲ့လူကဲ့သို့ သူစားသုံးနေတဲ့ သူမရဲ့နှုတ်ခမ်းထက်မှအနမ်းပွင့်တွေကိုလည်း လွှတ်ပေးရမှာနှမျောနေသလိုပင်။
သေချာတာကသူ့တစ်သတ်မှာ မေ့မရတဲ့အမှတ်တရလေးတစ်ခုဖြစ်နေတော့မည်။
အခန်း(၁၅)ဆက်ရန်....
🌼🌼🌼🌼🌼🌼🌼🌼🌼
အခုတော့ အroလေးပေါ့....🤭🫣
ဖတ်သူများရင် မနက်ဖြန်တစ်ခန်းထပ်တင်ပေးမယ်....☺️
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
=========================================================================
🌼 အခန်း၁၅🌼
တက္ကစီကားလေးက ခြံ၀န်း၏အရှေ့မှာရပ်လိုက်တယ်ဆိုရင်ပဲ စံပယ်အမြန်ဆင်းလိုက်သည်။
နေပူပူအောက်မှာ ထီးကိုတောင် ဆောင်းမနေတော့ပဲ ခြံစောင့်က တံခါးလာဖွင့် ပေးတာနဲ့ ခြံ၀မှအိမ်ကြီးဆီသို့ပြေးသွားလိုက်သည်။
"ဒေါ်ညိုရေ..နှင်းဝေရေ..မိပုရေ.."
"ဟယ်စံပယ်လေးပြန်လာပြီဟေ့.."
ဒေါ်ညိုလည်း၀မ်းသာအားရဖြင့် စံပယ့်ကိုကြိုလေသည်။အလုပ်သမားတွေအားလုံး အိမ်တံခါးမကြီးဆီသို့ ပြေးထွက်လာကြစည်အထိ စံပယ့်ဟာ
ဒီကလူတွေနဲ့ အသားတကျရှိနေလေပြီ။
IDGကုမ္ပဏီကိုတန်းပြီးသွားရင် သူနဲ့တွေ့မှာသေချာပေမဲ့ အိမ်မှာပဲစောင့်နေဖို့ဆုံးဖြတ်လိုက်သည်။
သူ့ကိုအံ့အားသင့်အောင်လုပ်ပြီး ဘာလို့ဖုန်းမကိုင်တာလဲလို့ကောင်းကောင်းဆူရမည်ဟု တေးထားမိသောကြောင့်ပင်။
"သူအဆင်ပြေရဲ့လားဒေါ်ညို.."
"ဘယ်သူ့ကိုပြောတာလဲ..စံပယ်ရဲ့.."
ဧည့်ခန်းထဲမှာ စံပယ့်အတွက် လာချပေးထားတဲ့ သံပုရာရည်ကို သောက်ရင်းနဲ့ မေးလိုက်တော့
ဒေါ်ညိုရဲ့ပုံစံက ကြောင်တောင်တောင်ဖြစ်နေလေသည်။
"ဦးနေဂုဏ်ကိုလေ..ဒေါ်ညိုကလဲ.."
"ဟင်..မောင်နေဂုဏ် အင်္ဂလန်ကိုသွားတာ
စံပယ်လေးမသိဘူးလား..စံပယ်သွားပြီး..
နောက်နေ့မှာပဲသူလည်းသွားတာလေ.."
သူ အင်္ဂလန်ကိုသွားတယ်တဲ့။စံပယ့်ကိုဘာကြောင့် လှမ်းပြီးအကြောင်းမကြားရတာလဲ။
သူစံပယ့်ကို လှမ်းပြောသင့်တာပေါ့။
"ဟင့်အင်း..သူစံပယ့်ကိုဖုန်းမဆက်ဘူး..ဒါကြောင့်ဖုန်းခေါ်တိုင်းဧရိယာပြင်ပဖြစ်နေတာကို..
ဒါနဲ့အလုပ်ကိစ္စနဲ့ပဲသွားတာလား.."
"ဒေါ်ညို့ကိုပြောတာတော့..သူ့အတွက်အရမ်းအရေးပါတဲ့လူတစ်ယောက်နေမကောင်းလို့တဲ့.."
အရမ်းအရေးပါတဲ့လူတစ်ယောက် ဘယ်လိုလူမျိုးမို့လို့ စံပယ့်ကိုဖုန်းဆက်အကြောင်းကြားဖို့တောင်မေ့နေခဲ့တာလဲ။သူ့ဆွေမျိုးများ တစ်ခုခုဖြစ်လို့လား။
ဦးနေဂုဏ် ဘာကြောင့်အင်္ဂလန်ကို သွားရသလဲဆိုတဲ့အကြောင်းကို တွေးမိတော့ စံပယ်သက်ပြင်းသာ ချနေမိသည်။
တကယ့်တကယ်မှာတော့ စံပယ်ဟာသူ့အကြောင်းကို ဘာမှမသိသေးတဲ့ လူတစ်ယောက်ပါပဲ။
ကိုယ့်ကို လက်ထပ်ခွင့်တောင်တောင်းနေတဲ့ယောက်ျားတစ်ယောက်အကြောင်းကို စံပယ်အများကြီးသိထားသင့်တယ်လို့ထင်မိတယ်။
ဒါပေမဲ့ သူကိုယ်တိုင်ကဘာမှမပြောပြတော့ ဘယ်လိုလုပ်ရပါ့မလဲ။
"ဒေါ်ညို...ဦးနေဂုဏ်အကြောင်းကို ဒေါ်ညိုဘယ်လောက်အထိ သိထားသလဲဟင်..."
"ဟင့်အင်း...ဒေါ်ညိုလည်း သိပ်မသိဘူးရယ်...
ဆရာက သူ့အကြောင်းကိုစပ်စပ်စုစုလုပ်တာ
သိပ်မကြိုက်ဘူး..."
ဟုတ်မှာပါလေ။အလုပ်သမားက အလုပ်ရှင်ရဲ့ လူမှုရေး ကိစ္စကိုဘယ်လိုလုပ် နှိုက်နှိုက်ချွတ်ချွတ်သိပါ့မလဲ။
"တူမကြီး အိမ်ထဲကို ဒီလိုဇွတ်အတင်းမ၀င်ပါနဲ့..."
"စံပယ်မွှေး..တို့...မင်းနဲ့စကားပြောချင်တယ်.."
အသံကြားရာကိုလှည့်ကြည့်လိုက်တော့ ချယ်ရီစူးဆိုတဲ့မိန်းမဖြစ်နေသည်။အဘငွေဒီလောက် တားနေတာတောင် မရရအောင်၀င်လာတဲ့သတ္တိက အတော်မနည်းတာပဲ။
စံပယ်ရောက်ပြီးနဲနဲကြာတာနဲ့ ဒီမိန်းမကွက်တိကို ရောက်ချလာတယ်။
ဘယ်လိုတောင် စုံစမ်းထောက်လှမ်းနေသလဲ မသိပါဘူး။
စံပယ်လည်း မျက်နှာကိုတင်းပြီးမဲ့ပစ်လိုက်တယ်။
"ရှင်နဲ့ကျွန်မကြားမှာ ပြောစရာဘာစကားမှမရှိဘူးထင်တယ်..ရှင်ခြံထဲကို ဘယ်သူ့ခွင့်ပြုချက်နဲ့၀င်လာတာလဲ..."
"မင်းကိုတို့တမင်လာတွေ့တာ...ခြံတံခါးကတော့
ပွင့်နေတာနဲ့ ဘဲလ်မတီးပဲ၀င်လာလိုက်တယ်...
နေဂုဏ်မာန်ရဲ့အကြောင်းဆိုရင်ရော..
မင်းနားထောင်မှာလား..သူဘာကြောင့်အင်္ဂလန်ကိုသွားလဲဆိုတာမင်းမသိချင်ဘူးလား..တို့နဲ့ခြံထဲမှာ
အေးဆေးစကားပြောရအောင်..."
ဦးနေဂုဏ်အကြောင်းဆို၍ စံပယ်သိချင်သွားမိသည်။ဒီမိန်းမ ဘာတွေလီဆယ်အုံးမလဲမသိဘူး။
ဒီမိန်းမနဲ့ ထပ်ပြီးမပတ်သတ်ချင်ပေမဲ့ ဦးနေဂုဏ်ရဲ့ သတင်းအစအနလေးများ သိရမလားဆိုသည့်စိတ်ဖြင့် ချယ်ရီစူး၏အနောက်ကနေလိုက်သွားပြီး
ခြံထဲကစကားဝါပင်တွေအောက်မှာ ရပ်လိုက်ကြသည်။
ထိုမိန်းမက ဖုန်းကိုထုတ်ပြီးစံပယ့်ကိုဓာတ်ပုံ
တစ်ပုံထုတ်ပြလာသည်။
ဓာတ်ပုံထဲမှာဦးနေဂုဏ်က မိန်းမတစ်ယောက်ကို
ပုခုံးမှသိုင်းဖက်ထားပြီး ဘေးမှာကတော့အသက် ခြောက်နှစ်၀န်းကျင်လို့ထင်ရတဲ့ အမွှာပူးကလေးနှစ်ယောက်က ပြုံးရွှင်စွာရပ်နေကြသည်။
"ရှင်ကျွန်မကို..ဘာတွေစကားနာထိုးအုံးမလို့လဲ
..ဟမ်.."
"ဒီတစ်ခါတို့က မင်းနစ်နာမှာဆိုးလို့..လာပြောတာဆိုယုံမလား.."
"ဘာ!.."
"ဒီဓာတ်ပုံကို ဘာလို့လာပြနေသလဲဆိုရင်..ဒီဓာတ်ပုံထဲကမိန်းကလေးနာမည်ကမယ်ရီတဲ့..သူမက
အောက်စဖို့ဒ်မှာပဲ ကိုနေနဲ့အတူဘွဲ့ရခဲ့တဲ့ ထက်မြတ်တဲ့ဂုဏ်သရေရှိမိန်းမတစ်ယောက်ပေါ့..သူ့မှာကလေးနှစ်ယောက်လည်းရှိတယ်.."
"အဲ့ဒါကျွန်မနဲ့ဘာဆိုင်လို့လာပြောနေတာလဲ.."
"ဆိုင်တာပေါ့...ဘာဖြစ်လို့လဲဆိုရင်မယ်ရီက
ကိုနေရဲ့ဇနီးဟောင်းဖြစ်သလို..ဒီကလေးတွေကလည်း မယ်ရီနဲ့ကိုနေရဲ့ ကလေးတွေဖြစ်နေလို့ပေါ့.."
"ဟင်.."
စံပယ်ကြက်သေသေသွားမိသည်။သူပြောနေတာမှန်လားမှားလားမသိပေမဲ့ သေချာတာကတော့
မယ်ရီဆိုသူကို စံပယ်မြင်ဖူးပါတယ်။
တစ်ခါကဦးဂုဏ်မာန်အခန်းကိုရှင်းနေတုန်း
ဓာတ်ပုံဖိုင်လ်တစ်ခုကို မတော်တဆရှာတွေ့လို့
ဖွင့်ကြည့်မိတော့ နိုင်ငံခြားသားတွေနဲ့အဖွဲ့လိုက်ရိုက်ထားတဲ့ပုံတွေထဲမှာ မယ်ရီဆိုတဲ့အမျိုးသမီးက
သူ့ဘေးမှာရပ်နေလေသည်။
အဲ့တုန်းကလည်း အခုလိုပခုံးဖက်ထားတာပဲ။
"အခုကိုနေ..အင်္ဂလန်ကိုသွားရတဲ့အကြောင်းက
သူ့သားအငယ်ဆုံးလေး နေမကောင်းဖြစ်နေလို့ပဲ..
သူတို့ကကွာရှင်းပြီးပေမဲ့..ဘယ်မိဘကမှသားသမီးအရင်းထက် သူစိမ်းကိုပိုမချစ်နိုင်ဘူး..မင်းစဉ်းစားကြည့်ပါ..မင်းမယုံသေးရင် တို့ထပ်ပြီး သ က်သေပြမယ်...."
ချယ်ရီစူးက သူ့ဖုန်းစခရင်မ်ကို ထပ်ရွှေ့ပြီး ပြလိုက်သည်က ဦးနေဂုဏ်၏ ကလေးနှစ်ယောက်နဲ့ သီးသန့်ပုံဖြစ်နေသည်။
နောက်ထပ် တစ်ပုံပြီးတစ်ပုံထပ်ရွှေ့ပြနေတာကတော့ ကလေးနှစ်ယောက်က ဦးနေဂုဏ်ကိုနမ်းနေတဲ့ပုံနဲ့ ဆေးရုံကုတင်ဘေးမှာရပ်ပြီး မွေးခါစအမွှာလေးနှစ်ယောက်ကို လက်တစ်ဖက်ဆီအပေါ်မှာ
ချီပွေ့ထားပြီး ပြုံးနေသည့်ပုံလေးပင်။
ဒီပုံထဲကအတိုင်းဆို မွေးကာစကလေးတွေကို
ဆေးရုံအထိ သွားချီပိုးခဲ့တယ်ဆိုတည်းက ဖခင်ဖြစ်နေလို့ပေါ့။
"ဒါက မယ်ရီ့ရဲ့အကောင့်မဟုတ်ဘူးနော်...
ကိုနေကသူ့အင်စတာဂရမ်မှာ ကလေးနှစ်ယောက်အတွက် မွေးနေ့ဆုတောင်းပေးထားတာ...သူများမိသားစုအသိုက်အမြုံလေးကို ဖြတ်စီးဖို့ မင်းမှာလုံလောက်တဲ့သတ္တိရှိရဲ့လားလို့ပဲမေးချင်တယ်...
တို့ဒါပဲ ပြောချင်တယ်..."
ချယ်ရီစူးကပြောချင်တာပြောပြီးပြန်သွားပေမဲ့ စံပယ်ကတော့မြက်ခင်းစိမ်းအပေါ်မှာ ထိုင်ကျသွားပြီးစိတ်ဓာတ်တွေအလဲလဲအပြိုပြိုဖြစ်ကုန်လေပြီ။အသားတွေလဲ တစ်ဆက်ဆက်တုန်ယင်နေသလို လက်သီးကိုလည်းကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ပစ်လဲမသွားအောင် မနည်းအားတင်းထားရသည်။
"သူ့အတွက်အရမ်းအရေးပါတဲ့ လူတစ်ယောက်
နေမကောင်းလို့"ဆိုတဲ့ဒေါ်ညို့ရဲ့စကားကိုသာ
ကြားယောင်နေမိသည်။
ဒါဆိုသူ့အတွက်အရေးပါတဲ့ သူ့သားနေမကောင်းလို့ အရေးမပါတဲ့စံပယ့်ကိုဖုန်းလေးတစ်ကောတောင်ခေါ်ပြီး နှုတ်မဆက်ခဲ့တာပေါ့။
"ကိုယ်တို့လက်ထက်ကြရအောင်"ဆိုတဲ့စကားက
ရှင့်စိတ်ရင်းနဲ့ပြောတာမှဟုတ်ရဲ့လား။
ရှင့်ရဲ့စကားလုံးလှလှလေးတွေနဲ့ ကြင်နာယောင်ဆောင်ခဲ့တာတွေကို ကျွန်မကအဟုတ်ကြီးမှတ်နေခဲ့တာ။
"အောက်စဖိုဒ်မှာဘွဲ့ရခဲ့တဲ့ ထက်မြက်တဲ့ဂုဏ်သရေရှိအမျိုးသမီးတဲ့.."အေးပေါ့လေကျွန်မလို ကိုးတန်းတောင်မအောင်ခဲ့တဲ့ ပညာမတတ်၊ဆင်းရဲနုံချာတဲ့တောသူမတစ်ယောက်ကိုရှင်လို ပုဂ္ဂိုလ်တစ်ယောက်ကဘယ်အတည်ကြံချင်ပါ့မလဲ။
ကျွန်မကိုကအတွေးလွန်ခဲ့တာ၊ရှင့်ကိုချစ်မိလို့
အစတည်းကသိနေတဲ့ဇာတ်လမ်းကို ဇာတ်အနာခံပြီး၀င်ကခဲ့မိတာ ကျွန်မအမှားပါ။
ချယ်ရီစူးပြောခဲ့သလို သူများမိသားစုကိုဖြတ်စီးနိုင်လောက်တဲ့သတ္တိမျိုးစံပယ့်မှာ မရှိပါဘူးရှင်။
ရှင်တို့လိုချမ်းသာတဲ့ပုဂ္ဂိုလ်တွေက ဒီလိုပဲရက်စက်တတ်ကြသလား။သိပ်မုန်းတယ်။
ရှင့်ကိုကျွန်မအသဲနင့်အောင်ချစ်ခဲ့သလောက် အသည်းနာအောင်ကိုမုန်းတယ်။
ပထမဆုံးလယ်ထဲဆင်းခဲ့တဲ့နေ့က တံစဉ်ရှတဲ့ကျွန်မလက်မှာ အသားဖ က်လံပြီး သွေး တွေဒလဟောစီးကျနေပေမဲ့ အသံမထွက်ပဲကြိတ်ခံခဲ့သလို
ရှင့်ကြောင့်ရတဲ့ ရင်ကွဲနာကိုလဲ ဘယ်သူမှမသိအောင်ကြိတ်မှိတ်ပြီးပဲ ခံလိုက်ပါ့မယ်။
စံပယ့်နှလုံးသားတွေနာကျင်လှပါပြီ။ဖြစ်နိုင်ရင်နေရာမှာတင် သေ ပွဲ၀င်ချင်လောက်အောင်ပါပဲ။
အဖွားကိုသတိရမိတာကြောင့် စံပယ့်ရဲ့မိခင်ရင်ခွင်ကြီးဆီမှာသာ တစ်သက်လုံးခိုနားဖို့ရာ ဆုံးဖြတ်လိုက်သည်။
အဖေ၊အမေနဲ့ညီမလေးတို့နည်းတူ ရှင်လည်းကျွန်မအသဲကိုနာကျင်စေခဲ့တဲ့လူပဲ။အခုအချိန်ကစပြီး စံပယ်မွှေးဘ၀မှာ နေဂုဏ်မာန်ဆိုတာ သေဆုံးသွားခဲ့ပြီ။
စံပယ်မွှေးဆိုတာ ဧရာ၀တီတိုင်းရဲ့ရွာလေးတစ်ရွာမှာမွေးဖွားခဲ့တဲ့ ကျေးတောသူမလေးဖြစ်သလို
ထိုရွာလေးကပဲ စံပယ့်အဆုံးသတ်ဖြစ်နေစေရမယ်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
🍁လေးလခန့်ကြာပြီးနောက်.....
"မွှေး..ပြန်လာပြီလားဒေါ်ညို.."
"စိတ်မကောင်းပါဘူး..မောင်နေဂုဏ်ရယ်.."
ဒေါ်ညို၏စကားအဆုံးမှာ သူခေါင်းငိုက်ဆိုက်ချပြီး အပေါ်ထပ်သို့တက်လာလိုက်ရသည်။
မွှေးရဲ့အခန်းလေးထဲကို၀င်လိုက်တဲ့အချိန်မှာသူ့ရင်ကိုနွေးထွေးစေတဲ့ခံစားချက်အပြင် လွမ်းဆွတ်ခြင်းကိုပါတစ်ချိန်ထဲခံစားလိုက်ရသလို ဖြစ်နေသည်။
"မွှေးရယ်..ကိုယ့်ကိုဒီလိုပဲပစ်ထားခဲ့တာလား
ကိုယ်မွှေးကိုဘယ်လောအထိတန်ဖိုးထားလဲ
မသိတာလား..ကိုယ့်အချစ်ကိုမျက်ကွယ်ပြုခဲ့တာလားကွာ.."
"ဒေါက်..ဒေါက်"
"ဘယ်သူလဲ.."
"ဒေါ်ညိုပါ..မောင်နေဂုဏ်.."
"၀င်ခဲ့ပါ.."
တံခါးကိုကျောပေးပြီး မွေ့ယာပေါ်မှာ စိတ်ညစ်စွာထိုင်နေသည့် မောင်နေဂုဏ်ရဲ့အပူက ဒေါ်ညို့ကိုတောင်ကူးစက်နေသလိုပါပဲ။
မျက်လုံးတွေက စင်းကျနေပြီး ရှင်သန်ရတာအဓိပ္ပာယ်မဲ့နေသည့် လူတစ်ယောက်လိုပင်။
"ဘာပြောစရာရှိလို့လဲဒေါ်ညို.."
"ဟို..ဒေါ်ညို..မောင်နေဂုဏ်ကို၀န်ခံစရာရှိနေလို့ပါ..
အကြာကြီးနှုတ်ဆိတ်နေရင် မောင်နေဂုဏ်ကိုကျေးဇူးကန်းရာရောက်သလို..ဒေါ်ညိုလဲနေ့တိုင်း
ဒီစိတ်နဲ့ပဲရှင်သန်နေရတာ..အပြစ်ရှိသလိုခံစားနေရလို့ပါကွယ်.."
"ဘာစကားမို့လို့..ဒီလိုပြောရတာလဲ..ပြောပါ..
ကျွန်တော့်ကိုအားနာစရာမလိုပါဘူး..
ဘာပြောမလို့လဲ.."
"ဟိုလေ..စံပယ်လေးအကြောင်းပါ.."
"ဘာ!!..မွှေးအကြောင်း..ဟုတ်လား.."
"ဟုတ်ပါတယ်..တကယ်တော့မောင်နေဂုဏ်အင်္ဂလန်ကိုသွားပြီး ခြောက်ရက်လောက်ကြာတော့..
စံပယ်လေးအိမ်ကိုပြန်လာခဲ့ပါသေးတယ်..ဒါပေမဲ့.."
"ဒါပေမဲ့ဘာဖြစ်လဲဒေါ်ညို..ကျွန်တော့်ကိုအမြန်ပြောပါဗျာ.."
"ဟို..အဲ့ဒီ့နေ့မှာပဲချယ်ရီစူးရောက်လာပြီး..ခြံထဲမှာသူတို့ဘာတွေပြောကြလဲမသိဘူး..
စံပယ်လေးကငိုပြီးအိမ်ပေါ်ကိုပြန်ပြေးတက်လာတယ်..ပြီးတော့သူ့အထုပ်ကိုယူပြီး..
ဒေါ်ညိုတို့ကိုနှုတ်ဆက်ပြီးတာနဲ့..နေ့ချင်းပဲရွာကိုပြန်သွားတာပါပဲ..မောင်နေဂုဏ်ကိုပြန်ပြောချင်ပေမဲ့ ချယ်ရီစူးက ဒေါ်ညိုတို့ကို မောင်နေဂုဏ်မရှိတဲ့အချိန် လူမိုက်တွေလွှတ်ပြီး မပြောအောင် လာခြိမ်းခြောက်ခဲ့ပါတယ်..ဒေါညိုတို့ရဲ့ မိသားစု၀င် တွေကို အန္တရာယ်ပြုဖို့အထိပါ ခြမ်းခြောက်ခဲ့တာပါဒါကြောင့်.."
"တောက်!!!..ချယ်ရီစူးဆိုတဲ့မိန်းမ ဟိုတစ်ခါ
ကသတိပေးချက်တွေက သိပ်ပေါ့နေလို့..
ဒင်းက ထပ်မွှေနိုင်တာလား.."
"ဒေါ်ညိုတို့ကိုနှုတ်ဆက်တော့ မွှေးကဘာပြောသွားသေးလဲ..ကျွန်တော့်ကိုရောဘာမှာသွားသေးလဲ.."
"မောင်နေဂုဏ်ကိုတော့ဘာမှ မမှာသွားဘူး..
ဒေါ်ညို့ကိုတော့နောက်ဆုံးအနေနဲ့ကန်တော့ခဲ့ပါတယ်ဆိုပြီး..နောက်ကိုတစ်ချက်တောင်လှည့်
မကြည့်ပဲပြန်သွားတော့တာပါပဲကွယ်..
သူတစ်ခုခုကိုစိတ်နာကျည်းနေသလိုပဲ"
နေဂုဏ်မာန်ငိုင်ကျသွားရသည်။သူထင်တာကအင်္ဂလန်ကိုသွားနေတဲ့လအတွင်း ဒီမှာမနေချင်လို့သူမအဖွားနဲ့ပဲအဖော်ပြုချင်တယ်ထင်ခဲ့မိတာပါ။အခုဆို မွှေးနဲ့ကိုယ်နဲ့မတွေ့ရတာ လေးလကျော်သွားခဲ့ပြီ။
ချစ်သူသက်တန်းနုခဲ့လို့သူမရဲ့လိပ်စာအတိအကျကိုသူမမေးမိခဲ့သလို သူမရဲ့CVဖောင်မှာလည်း လိပ်စာကိုအတိအကျမထည့်ထားတော့ ကောက်ရိုးပုံထဲမှာအပ်ပျောက်ရှာနေရသလိုဖြစ်နေသည်။
သူမနေခဲ့တဲ့ အဆောင်ကိုသွားပြန်တော့လည်း မူလအဆောင်ပိုင်ရှင်က ခြံရောင်းသွားပြီး အဲ့ဒီ့နေရာမှာ တိုင်အသစ်ဆောက်ဖို့လုပ်နေလေသည်။
ကံကြမ္မာကြီးက ရက်စက်တော့လည်းအဆုံးထိပါပဲလား။
မွှေးကနောက်ကြောင်းတောင် ပြန်လှည့်မကြည့်ခဲ့ဘူးတဲ့။သူမဘယ်လောက်တောင်စိတ်ထိခိုက်စရာတွေကြားခဲ့လို့လဲ။ဟိုမိန်းမယုတ် မွှေးကိုဘာတွေသွားပြောခဲ့တာလဲ။
"မွှေးရယ်..မင်းကိုယ့်ကိုဘာလို့ထားခဲ့ရက်တာလဲ..
မင်းမရှိတဲ့နေ့ရက်တွေက ပူပြင်းလွန်းတဲ့ကန္တာရသဲပြင်မှာ ကိုယ့်ရင်ကိုမီးမြိုက်နေသလိုပဲ ကိုယ်သိပ်ပူလောင်နေတာမင်းသိရဲ့လား..မင်းအဖွားကသာမင်းကိုအချစ်ဆုံးလူသားထို့ထင်နေတာလားကွာ..
မာမီမရှိတဲ့ကိုယ့်ဘ၀မှာ..မင်းကသာအရာရာပါပဲ..
အဲဒီ့ညကချိုမြတဲ့ အနမ်းလေးတွေက ကိုယ့်ဘ၀မှာနောက်ဆုံးပိုင်ဆိုင်ရမဲ့..ချစ်သက်လက်ဆောင်အဖြစ် မသတ်မှတ်ပါရစေနဲ့ ..မင်းနဲ့ပြန်ဆုံပါရစေမွှေးရယ်...."
သူ့ဆုတောင်းတွေကို နတ်ဘုရားတွေကများ
ကြားမှကြားပါလေမလားမသိပေမဲ့
သူအကြိမ်ကြိမ်ညီးတွားနေမိတယ်။
အချစ်တစ်ခုခုကို ရှာဖွေဖို့ သူ့အတွက် အရမ်းလွယ်ကူမနေပါဘူး။
မင်းလိုလူက ဒီမိန်းမကိုမှ ဘာကြောင့်တန်းတန်းဆွဲဖြစ်နေရသလဲလို့ ဘေးလူတွေဝိုင်းပြောကြရင်လည်း ထင်ချင်သလိုထင်ပါလို့ ပြန်ပြောမိမှာ သေချာတယ်။
မွှေးကို ချစ်မိဖို့ သူအများကြီးတွေဝေခဲ့ရတယ်။အများကြီး စဉ်းစားခဲ့ရတယ်။ကိုယ့်အတွက်
ဒီမိန်းကလေးက သင့်တော်ပါ့မလားလို့ တွေးတောနေစဉ်အချိန်မှာပဲ သူမကသူ့ရင်ထဲကို အရှိန်ပြင်းတဲ့မီးစလေးလို တစ်စတစ်စ ၀င်ရောက်မွှေနှောက်ပြီး လောင်ကျွမ်းအောင်လုပ်နိုင်ခဲ့တယ်။
ရွေးချယ်စရာမိန်းကလေးတွေများစွာရှိပေမဲ့
သူမဟာသူရွေးချယ်ဖို့ ဆုံးဖြတ်ချက်မချခင်မှာပဲ ဘ၀တည်းကိုရောက်ချလာတဲ့ တစ်ဉီးတည်းသောသူပဲ။
🌼🌼🌼🌼🌼🌼🌼🌼🌼
🎵ဝါဆို ဝါခေါင်မှာကွယ် ရွှေမိုးလေးတွေညိုတော့
ချစ်တင်းနှောခဲ့တာရယ်..🎵
🎵အိုး...ရွှေမိုးလေးကညိုတယ်🎵
🎵မိုးကလေးတဖွဲဖွဲရွာတော့..🎵
🎵ပျိုမေ၀ယ် သတိရတယ်🎵
🎵ဘယ်ဌာနေ ဘယ်လမ်းလျှောက်လည်🎵
🎵ပျိုလေးရှိရာ မေ့နေတော့တယ်🎵
🎵လူကိုမြင်ပြန်ရင်ကွယ် တကယ်ပဲချွဲလေသူမို့
သူ့အပြောလေးက ပါတယ်🎵
🎵အိုး..သူ့အပြောလေးကပါတယ်..🎵
ကောက်စိုက်သမတွေဆိုနေကြတဲ့ "ရွှေမိုးလေးတွေညို"ဆိုတဲ့မာမာအေးရဲ့သီချင်းထဲကလိုပဲ
အခုအချိန်မှာစံပယ့်မျက်နှာကိုဖြာကျနေတဲ့
မိုးဖွဲလေးတွေကိုမြင်တော့ လွမ်းသလို၊ဆွေးသလိုခံစားချက်ကြီးက စံပယ့်ကိုအတော်နှိပ်စက်နေလေသည်။
စံပယ်သူ့ကိုသိပ်လွှမ်းတာပေါ့ ရင်ထဲမှာနင့်နေအောင်ချစ်ခဲ့ရသူပဲလေ။တစ်ဦးတည်းသော
ချစ်သူလည်းဖြစ်တယ်။
သူ့ကိုလွမ်းတိုင်းချယ်ရီစူးပြခဲ့တဲ့ သူတို့ရဲ့မိသားစုဓာတ်ပုံကိုပဲမျက်လုံးထဲမှာမြင်ယောင်နေမိလို့
စံပယ့်ဖုန်းကဒ်ကိုလည်းဖြုတ်ထားလိုက်မိသည်။
သူ့ကိုစံပယ်ဖုန်းဆက်မိမှာစိုးတာကြောင့်ရော
သူ့အသံလေးသဲ့သဲ့ကြားတယ်ဆိုရင် ရန်ကုန်ကို
တန်းပြေးမိမှာစိုးလို့ပင်။
"ဟဲ့!!မိစံပယ်..ဟဲ့..ဟဲ့.."
"ဟင်..ဘာ..ဘာဖြစ်လို့လဲ မရင်.."
"ဘာဖြစ်လို့လဲဟုတ်လား..
ကိုယ့်အောက်ကိုယ်ပြန်ကြည့်စမ်း..
ဖင်ကို ဖြုတ်အကောင်တစ်ရာလောက်ကိုက်သွားမှ..ယောက်ျားမရဖြစ်နေမယ်သိလား.."
မရင်ပြောမှ အောက်ကိုကြည့်လိုက်တော့ အတွေးများပြီးရွံ့ရေထဲမှာငုတ်တုတ်ကြီးထိုင်နေမိလေသည်။
အောက်ပိုင်းတစ်ခုလုံးလည်း ရွံ့ရေစိမ်သလိုဖြစ်နေပြီး မျှော့တွယ်မှာစိုး၍အမြန်ထလိုက်ရသည်။
"ယောက်ျားမရမှာတော့မပူနဲ့ မရင်ရေ..မိစံပယ်ကကောင်းကင်ကိုမော့ပြီး နတ်သားတစ်ဖက်ငါးရာသာ ကျွန်မလင်ဖြစ်ရင်ကောင်းမယ်လို့..တိုင်တည်နေတာ..ဟုတ်တယ်မှတ်လား စံပယ်.."
"အမယ်လေး..မလှရီရယ်..နတ်သားတစ်ဖက်
ငါးရာကိုသာလင်တော်ရရင်..ကျွန်မ အေကိုက်ပြီးသေမှာတော့ကျိန်းသေတယ်.."
"ဟား....ဟား..."
"ဟဲ့..ကိုက်ချင်တာကိုက်ပါစေဟယ်..မိစိုးတို့ကတော့..ဟောတစ်ယောက်..ဟောတစ်ယောက်ဆိုပြီး..အိပ်ခန်းထဲကို ခေါ်သွင်းပြီးအပီဆွဲမှာ..ဟီ..ဟိ.."
"အေး..နတ်သားတွေကိုခေါ်ပြီး အပီမဆွဲခင်
အခု..နင့်ဖင်ထဲကိုမျှော့တွေအတောင့်လိုက်၀င်ပြီး အပီတွယ်တော့မယ်..ဖင်ကြွပြီးစိုက်စမ်း..
တကတည်း လိုက်သတိပေးနေရတယ်..."
"ဟား..ဟား..မိစိုးတို့တော့ အပေါ်ကိုမှန်းပြီး..
အောက်ကိုဘာ၀င်လို့၀င်မှန်းမသိဖြစ်နေပြီဟေ့.."
"သေနာမတွေ..ငါ့ကိုဆိုအကောင်းကိုမမြင်ကြဘူး.."
မိုးတစ်ဖြောက်ဖြောက်ရွာနေပေမဲ့ သူများပိုက်ဆံကိုယူကြရတော့ ဘယ်သူကမှပင်ပန်းတယ်၊ညစ်ပတ်တယ်လို့ မညီးငြူနိုင်ကြပါဘူး။
မိုးရေထဲမှာလဲ ရွံ့နွံထဲတွင် ခြေအစုံချကာ ဝဲစားစား ၊ မြှော့တွယ်တွယ် အမှုမထားနိုင်ပဲ စာ၀တ်နေရေးအဆင်ပြေ ချောင်လည်ဖို့အတွက် ကောက်စိုက်ကြရတာပါပဲ။
သို့ပေမဲ့ သူငယ်ချင်းတွေ တစ်စုရုန်းရုန်းနဲ့မို့
မိုးရွာရွာ၊နေပူပူ စကားတွေ အော်ဟစ်ပြောဆိုရင်း ကောက်ရိတ်ကြရသည်။
တမင်လူစုစရာမလိုပဲ ပိုလို့တောင်အုပ်စုဖွဲ့ပြီး
အတင်းပြောလို့ကောင်း၊သီချင်းဟေ့လို့ကောင်းကြပါသေးတယ်။
ပင်ပန်းပေမဲ့လည်း တစ်နေ့တည်းလုပ်ရသည့်အလုပ်မဟုတ်သည့်အပြင် ဆယ်ကျော်သက်အရွယ်တည်းက အသားကျပြီးသားအလုပ်မို့ ညီးငြူစရာအကြောင်းတော့ မရှိပြိ။
စံပယ့်ဘ၀ကဒီလိုပါပဲ လူတစ်ယောက်ကိုလွမ်းနေရုံနဲ့ ဗိုက်၀တာမှမဟုတ်တာလေ။တစ်နေ့အလုပ်တစ်နေ့ကျေပွန်အောင်လုပ်ရသည်မို့ ညအိပ်ရာ၀င်မှသာသူ့ကိုလွမ်း၍ငိုဖြစ်ပါတယ်။
စိတ်လည်းနာတယ်။သူ့အချစ်ကိုလက်ခံမိခဲ့တဲ့ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိတယ်။
"ဟဲ့စံပယ်မွှေး..ညည်းအဆက်ကြီး လာမဲ့အပတ်ထဲမှာရွာကိုပြန်လာမယ်တဲ့နော်.."
"ဘယ်သူလဲတော့်.."
"ဟာ..ကိုအေးတူ..ကိုမိုးနီလေ.."
"ဟာ...အဲ့ဒါကျွန်မနဲ့ဘာဆိုင်တာမှတ်လို့..စိတ်မ၀င်စားပါဘူး..."
"ဆိုင်တာပေါ့ဟဲ့..သူကဒီတစ်ခါအပြီးပြန်လာမှာ
..မိန်းမပါယူရင်တော့..ငါတို့စံပယ်လေးကို..ကိုလူပျိုလာခူးလှည့်မှာမြင်ယောင်ပါတယ်တော်.."
"စံပယ့်ကိုတော့လာခူးဖို့မိုးနီရှိပေမဲ့.. ရေဒီယိုထဲက
ငါ့ရွှေမင်းသားလေး နေဂုဏ်မာန်ကတော့ ဘယ်အရပ်ဒေသကိုရောက်နေလို့..ဒီကမိစိုးကိုလာမခေါ်သလဲမသိပါဘူးဟယ်.."
"အဟင်း..သူကအခုလောက်ဆိုရင်အင်္ဂလန်မှာ သူ့မိသားစုနဲ့အတူပျော်နေမှာပေါ့.."
"ဘာ..စံပယ်..နင်ကဘယ်လိုသိလဲ.."
စံပယ့်စကားကြောင့် မစိုးနည်းတူအကုန်လုံးက မျက်လုံးအပြူးသားနဲ့ ဝိုင်းကြည့်ကုန်ကြလေသည်။စံပယ်လည်းလျှောက်ပြောတာဟု ဆိုလိုက်ရသည်။
"အော်..ကိုစိမ်းကားကြီးရယ်..ကျွန်မကိုမေ့ပြီးရှင်သိပ်ပျော်နေသလားဟင်.."
🌼🌼🌼🌼🌼🌼🌼
နေဂုဏ်မာန်တစ်ယောက်ကတော့ ဖခင်ဖြစ်သူ၏ ခြဲ၀န်းထဲသို့ ကားကို တရကြမ်းမောင်း၀င်လာကာ ဖြစ်သလိုပါကင်ထိုးလိုက်ပြီး အိမ်ထဲသို့ ခြေလှမ်းကြမ်းကြီးများနှင့် လှမ်း၀င်လိုက်သည်။
"ချယ်ရီစူး..ချယ်ရီစူး..မင်းထွက်ခဲ့စမ်း.."
"ဝုန်း!!!!!!ခွမ်း!!!!"
ဒေါသတွေကို လုံး၀မထိန်းချုပ်နိုင်တော့ပြီမို့ နံရံနားမှ ပန်းအိုးတင်ထားသည့်ခုံကို ခြေထောက်နဲ့ပိတ်ကန်ပစ်လိုက်သည်။ ကြွေပြားပေါ်သို့ ခုံကြီးလဲကျသွားသလို တင်နေသည့်ပန်းအိုးလည်းကွဲကျကုန်လေသည်။
"ငါထွက်ခဲ့လို့ပြောနေတယ်လေ..မင်းထွက်မလာရင်..ငါကိုယ်တိုင်တက်လာပြီး..မင်းကိုသ တ်ပစ်မယ်..ထွက်ခဲ့!!..ဟာကွာ.."
"ဝုန်း!!!!!"
နောက်ထပ် ပစ္စည်းတွေကို ထပ်မံကန်ကြောက်ပြီး ကြိမ်းဝါးနေတာကြောင့် ဦးဘုန်းမာန်နှင့် ဒေါ်တင့်တို့လည်း အလန့်တကြားဖြစ်ကာ နေဂုဏ်မာန်ရှိရာဆီသို့ ပြေးလာကြလေသည်။
"ဟေ့ကောင်..မင်းဘာဖြစ်လို့ငါ့အိမ်ထဲမှာလာသောင်းကျန်းနေရတာလဲ..ဟမ်..ငါ့ပစ္စည်းတွေကိုလည်း ပျက်စီးအောင်လုပ်ထားသေးတယ်..."
ဦးဘုန်းမာန်လည်း၀င်လာတည်းက အုန်းဒိုင်းကျဲပြီး တွေ့သမျှအကုန်ရိုက်ခွဲနေတဲ့သားဖြစ်သူကို တော်တော်ဒေါသထွက်မိသည်။
"ဒီကိစ္စမှာဒယ်ဒီအသာနေ..ဒယ်ဒီ့မိန်းမ မွှေလို့
စံပယ်နဲ့သားဝေးရတာ..ကျွန်တော်သူ့ကိုလုံး၀
မကျေနပ်ဘူး..သူ့ကိုကျွန်တော် အမှုန့်ကြိတ်ပစ်ရမှ ကျေနပ်မယ်...."
ဦးဘုန်းမာန်လည်းတွေးရပြန်သည်။သူ့အိမ်ကိုတစ်ခါလေးတောင်အလည်မလာတဲ့သားက
လာတော့လည်းဒေါသမီးတောက်နေပုံထောက်ရင် ချယ်ရီဘာတွေများ လွန်လွန်ကျူးကျူးမွှေထားသလဲဆိုတာ သူအရမ်းသိချင်နေမိသည်။
ဒီကောင်က လူတစ်မျိုး။သူမကြိုက်ရင် အဲ့ပစ္စည်းကို သူနဲ့ခပ်ဝေးဝေးမှာထားတတ်သလို ဘယ်တော့မှလည်းပြန်လှည့်မကြည့်တတ်ဘူး။
ဒါပေမဲ့ သူကြိုက်ပြီဟေ့ဆိုရင် ဘယ်လိုနောင်တမျိုးမှ မရှိပဲ ပစ္စည်းသေးသေးလေးကအစ တန်ဖိုးထားလွန်းတယ်။မရရအောင်လည်းယူတတ်တယ်။တိတ်ဆိတ်နေရင်လည်း သူများနဲ့မတူသလို
ဒေါသထွက်ပြီဆိုရင်လည်း တော်တော်သွေးရဲသည့်ကောင်ပါ။
"ကိုနေဘာဖြစ်လို့ ဒီလောက်ဒေါသထွက်နေရတာလဲ.."
ဆံပင်နီကြောင်ကြောင်နှင့် ဆင်သားရည်ကိုဆိတ်သားရည်နဲ့ဖုံးထားသော အရှက်မရှိသည့်မျက်နှာကိုကြည့်ပြီး နေဂုဏ်မာန်လူသ တ်ချင်စိတ်တွေတစ်ဖွားဖွားပေါ်လာသည်။
လှေကားခြေရင်းမှာရပ်နေသည့် ထိုမိန်းမဆီကိုပြေးသွားလိုက်ပြီး ပါးကိုအားကုန်လွှဲရိုက်ရန်ပြင်လိုက်သည်။
"ဖြန်း!!!!!!"
"အာ့!!!!!!"
သူ့ရဲ့ရိုက်ချက်ပြင်းအားဟာ ချယ်ရီစူးအား လှေကားလက်ရန်းကို လှမ်းကိုင်ထားလိုက်ရသည်အထိ ကြမ်းတမ်းသွားလေသည်။
နေဂုဏ်မာန်၏ စိတ်ထဲမှာ ဒေါသမီးတွေက
လျော့မသွားပဲ ပို၍ပြင်းထန်လာသည့်နည်းတူ သူမရဲ့လည်ပင်းကို ညှစ်မိသည့်အခြေအနေအထိ ဖြစ်လာရသည်။
"မိန်းမယုတ်..ဂျိုကောင်မ..သေစမ်း..မင်းသေရမယ်..သေစမ်း.."
"အာ့..အစ်..အစ်..မဟုတ်..အစ်..အစ်.."
သူမရဲ့ လည်ပင်းကိုညှစ်နေမိသည့် သူ့လက်တွေဟာ အားကုန်သုံးနေ၍ လက်ဖျံကြောတစ်လျှောက် သွေးကြောစိမ်းတွေထလာသည်။အံကိုတင်းတင်းကြိတ်ထားသည်မို့ သူ့ရဲ့လည်ပင်းကြောတွေပါ တင်းထွက်လာသည်။
ချယ်ရီစူးက ရုန်းကန်ပြီး သူ့လက်မောင်းကို လက်သည်းနဲ့ ကုတ်ဖဲ့နေလည်း သူရပ်တန့်မပစ်မိဘူး။
"ဟေ့ကောင်..မင်းဘာလုပ်တာလဲ..လွှတ်စမ်း
အခုလွှတ်လိုက်.."
"သားနေဂုဏ်..ဒေါ်တင့်တောင်းပန်ပါတယ်..
လွှတ်လိုက်ပါကွယ်.."
"ဒီကောင်မကို..ဒီနေ့မှမသ တ်ရရင်ကျွန်တော်
နေဂုဏ်မာန် မဟုတ်တော့ဘူး.."
စိတ်ထဲမှာပေါ်ပေါက်လာတဲ့ဒေါသအခိုးအငွေ့
တွေက လက်မှာသွားစုနေသလိုဖြစ်နေပြီး ဒီမိန်းမကိုသေစေရန်ပဲတိုက်တွန်းနေသည်။
သူ့ရဲ့မသိစိတ်ကနောက်ဆုတ်ဖို့ကိုခွင့်မပြုဘူး။
စံပယ့်ကို အသားလွတ်ဒုက္ခသွားသွားပေးတာ
နှစ်ခါရှိနေပြီ။ဒိမိန်းမမျိုးဟာ ခွင့်လွှတ်လို့ မရဘူး။
ကိုယ်တန်ဖိုးထားတဲ့ အရာတစ်ခုကို အဝေးကိုရောက်အောင် လုပ်ပစ်တာလောက် သူခံပြင်းတဲ့အရာမရှိတော့ဘူး။
"ဟေ့ကောင်..မင်းကိုလွှတ်လို့ငါပြောနေတယ်..
သူ သေရင် မင်းထောင် ကျမှာနော်.."
"ခွပ်!!!!"
ချယ်ရီ့ကိုလည်ပင်း ညှစ်နေတာ ရပ်တန့်ပစ်ဖို့
ဦးဘုန်းမာန်ဟာ နေဂုဏ်မာန်ရဲ့ပါးဆောင်နေရာကို လက်သီးနဲ့နှစ်ချက်လောက် ဆင့်ထိုးပစ်လိုက်သည်။
လူသ တ်ဖို့သာစိတ်အားထက်သန်နေ
သည့်သားကို သူတုန်လှုပ်နေမိသည်။
သားရဲ့ဒီလိုပုံစံက သူ့အမေသေတဲ့နေ့တုန်းကပုံစံမျိုးနဲ့တစ်ထပ်တည်းပါပဲ။သူ့အ မေရဲ့အလောင်းကို မီးသင်္ဂြိုလ်ဖို့လုပ်တော့ အခေါင်းကိုဆွဲထားတာများ လူတွေ မနဲဝိုင်းပြီးဆွဲခဲ့ရတဲ့အထိပဲ။
နေဂုဏ်မာန်လိုလူမျိုးကိုဆင်ခြင်ဉာဏ်မဲ့စွာ
လူသ တ်ချင်လာအောင်ဘယ်အရာကတွန်းအားပေးခဲ့တာလဲ။
"ဒယ်ဒီတောင်းပန်ပါတယ်သားရယ်..မင်းမာမီရဲ့ဆိုဆုံးမမှုတွေကိုမင်းတွေးကြည့်စမ်းပါ..
စံပယ်မွှေးဆိုတဲ့ကောင်မလေး..သူ့ကိုမင်းမေ့ထားတာလားကွာ.."
စံပယ်မွှေးဆိုတဲ့အမည်နာမကိုကြားတော့မှ တင်းမာနေတဲ့သူ့စိတ်တွေပြေလျှော့သွားသလိုပင်။
"ဟုတ်တယ် ငါလူသ တ်မိရင်စံပယ့်ကို
တစ်သ တ်လုံးပြန်တွေ့နိုင်မှာမဟုတ်တော့ဘူး..
စံပယ့်ကိုငါ့ဘ၀ထဲပြန်ရောက်အောင် ခေါ်လာရအုံးမယ်"။
ပန်းကလေးရဲ့ ရနံ့သင်းသင်းက သူ့ရင်ကိုလာရိုက်ခတ်နေသလိုမျိုး သူမရဲ့နာမည်လေးကို ရေရွတ်မိသည်နှင့် သူ့စိတ်တွေဟာ နူးညံ့တတ်နေသည်။
ချယ်ရီစူးရဲ့ လည်ပင်းကိုညှစ်ထားတဲ့ သူ့ရဲ့လက်ကိုဖြေချလိုက်သည်။
"အဟွတ်..အဟွတ်..အဟွတ်.."
သူလွတ်ပေးလိုက်တာနဲ့ အတင်းလေးဘက်ထောက်ပြီး ချောင်မှာသွားကပ်နေသည့် ချယ်ရီစူးကို မျက်လုံးရဲကြီးတွေနဲ့ အငြှိုးကြီးစွာ သူကြည့်ပစ်လိုက်ပြီး ဒယ်ဒီ့ဘက်သို့လှည့်ကြည့်လိုက်သည်။
"ဒယ်ဒီ့ကိုလည်း..ကျွန်တော်တစ်ခါတည်းအပြတ်ပြောလိုက်မယ်..
ကျွန်တော်လား..ဒီမိန်းမလား...ရွေးပါ..
ဒီမိန်းမကြောင့် စံပယ်ကျွန်တော့်ဆီကနေ ထွက်သွားပြီ.....
...ကျွန်တော့်ကိုသားအဖြစ်ဆက်ပြီးတော်ချင်သေးရင်..ဒီမိန်းမနဲ့အပြတ်ဖြတ်လိုက်..
...ဒီမိန်းမကိုမှ ဆက်ပြီးပတ်သတ်နေအုံးမယ်ဆိုရင်တော့..ကျွန်တော်သေရင်တောင်..ဒယ်ဒီမလာပါနဲ့..
ဒါကျွန်တော့်ရဲ့နောက်ဆုံးစကားပဲ.."
နေဂုဏ်မာန်ဟာ ဟိန်းထွက်နေသောအသံဖြင့်
ပြောပစ်ခဲ့ကာ အနည်းငယ်တွန့်တက်နေသည်
သူ့အိင်္ကျီကို ပြန်ဆွဲချလိုက်သည်။
ပြီးနောက် ရှူးဖိနပ်သံ တစ်ဒေါက်ဒေါက်မြည်သည်အထိ ခြေလှမ်းတွေကို ခပ်ပြင်းပြင်းနင်းကာ
ကားဆီသို့ပြန်လာခဲ့လိုက်သည်။
ထွက်သွားတဲ့ သားရဲ့ကျောပြင်ကိုကြည့်ပြီး ဦးဘုန်းမာန်ပြောနေမိသည်က
"ဒယ်ဒီ့သားကိုအသက်လောက်ချစ်တာပါကွာ..
ဒယ်ဒီ့အပေါ်မှာ သားဘယ်လောက်အထိမုန်းတီး
နာကျည်းနေမလဲဆိုတာလည်း ဒယ်ဒီသဘောပေါက်ပါတယ်။
စိတ်ချပါသား သားပျော်ရွှင်စေရပါမယ်.."လို့
စိတ်ထဲမှာတိုင်တည်လိုက်ပြီး ချယ်ရီ့ဘက်သို့ သူလှည့်ကြည့်လိုက်သည်။
"ချယ်ရီစူးဒီကိစ္စကိုမင်း ငါနဲ့သေချာရှင်းရမယ်"
ဦးဘုန်းမာန်ကိုဆိုက်ကြည့်ပြီး ချယ်ရီနှုတ်ခမ်းကို
ဖိကိုက်လိုက်သည်။ဒေါ်ညိုတို့ကိုခြိမ်းခြောက်ပြီး အပေါက်တွေပိတ်ထားတာကို ဘယ်လိုသတ္တိတွေနဲ့ ကိုနေ့ကိုသွားပြောရဲရတာလဲ။
အခုကိုနေ ချယ်ရီကိုအရင်ကထက် ပိုမုန်းသွားပြီထင်ပါတယ်။ဒါပေမဲ့ ဒီလောက်အထိ ဒေါသထွက်လာတယ် ဆိုတည်းက ချယ်ရီ့လုပ်ရပ်ကအောင်မြင်သွားလို့ပဲဆိုတာ သေချာတယ်။
"ကိုနေ ရှင်ကျွန်မကို မချစ်ရင်နေပါ..ရှင်ဘယ်သူ့ကိုမှလည်း အကြာကြီးမချစ်ရဘူး..."
အခန်း(၁၆)...ဆက်ရန်
🌼🌼🌼🌼🌼🌼🌼
ချစ်စရာ ချယ်ရီစူးလေးကို မဲဖောက်ပေးပါ့မယ်
ယူကြမလား...🫢
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

Comments
Post a Comment