"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁၆) မှ အခန်း (၁၈)"

 


"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁၆) မှ အခန်း (၁၈)"


🌼 အခန်း၁၆🌼


မနက်ပိုင်း အစည်းအဝေးအပြီးမှာ ခေါင်းတွေအရမ်းကိုက်လာတာကြောင့် ခေါင်းကိုက်ပျောက်ဆေးသောက်ပြီး ဆိုဖာခုံပေါ်မှာ ခဏလှဲနေလိုက်သည်။
သူ့မျက်လုံးတွေကို အတင်းမှိတ်ထားမိပေမဲ့ 
အတွင်းစိတ်သဏ္ဍန်က မငြိမ်းချမ်းတော့ ဘယ်လိုမှ 
နေထိုင်လို့ မကောင်းဘူး။

ဆရာ၀န်ကတော့ စိတ်ဖိစီးမှုများနေတာကြောင့်နဲ့ အလုပ်ဒဏ်ပိလို့ သွေးပေါင်တွေကျပြီး အိပ်မရသည်ဟု မှတ်ချက်ချခဲ့တယ်။
တကယ်တော့ အိပ်မရသည့်အကြောင်းအရင်းက
ဘာကြောင့်လည်းဆိုတာ ကိုယ့်ဘာသာသိပါတယ်။
ဒါပေမဲ့ ပျောက်လို၊ပျောက်ငြား ဆရာ၀န်ကိုသွားပြခဲ့ပေမဲ့ ဒီစိတ်ဝေဒနာဟာ ဆရာ၀န်ကုနိုင်သည့် ဝေဒနာမဟုတ်လေတော့ အခက်သားပင်။

"ဒေါက်..ဒေါက်..ဒေါက်.."

ရုံးခန်းထဲက ဆိုဖာပေါ်မှာ နဖူးပေါ်ကို လက်တင်ပြီး
စဉ်းစားခန်းဖွင့်နေရင်းမှ တံခါးခေါက်သံကြားတာကြောင့် ချက်ချင်းထပြီး ကိုယ့်ခုံမှာ ကိုယ်နေရာပြန်ယူလိုက်သည်။

"၀င်ခဲ့.."

နေဂုဏ်မာန်ဟာ တစ်ယောက်တည်းရှိနေချိန်မှာ ခံစားနေရသော ပူဆွေးမှုတွေကို သူ့ရဲ့ အရှိန်အဝါပြင်းသည့် လုပ်ငန်းရှင်တစ်ယောက်၏ မျက်နှာဖုံးနှင့် ခေတ္တမျှ ကာကွယ်ထားလိုက်သည်။

"ဆရာ..ကျွန်တော့်ကိုခေါ်တယ်ဆိုလို့.."

အခန်းထဲသို့ ၀င်လာသည့် မိုးနီဆိုသူကို သူတစ်ချက်မျှ ခေါင်းစ၊ခြေဆုံးကြည့်လိုက်သည်။

"..မင်းနာမည်မိုးနီနော်.."

"ဟုတ်..ဟုတ်ပါတယ်ခင်ဗျာ..သူဌေးခေါ်တာ
ဘာအကြောင်းရှိလို့လဲ သိခွင့်ရှိမလားခင်ဗျ.."

နေဂုဏ်မာန်လည်း ဘယ်ကနေ၊ဘယ်လိုစကားစပြောရကောင်းမလဲဟု စဉ်းစားနေမိသည်။
မနက်ကကုမ္ပဏီကိုလာတော့ မိုးနီဆိုတဲ့လျှပ်စစ်ဌာနမှ၀န်ထမ်းက ဆိုင်ကယ်လ်နဲ့လာတာကို ကားပေါ်မှာလှမ်းတွေ့လိုက်မိသည်။

မိုးနီကို တွေ့လိုက်တော့ သူသိပ်ပျော်သွားခဲ့တယ်။မွှေးတစ်ခါကပြောဖူးတဲ့ "ရွာမှာခင်ခဲ့တဲ့မိတ်ဆွေပါ"ဆိုတဲ့စကားကြောင့် မိုးနီဆိုသူဟာ မွှေးကိုရှာတွေ့ရန် တစ်ခုတည်းသောလမ်းစပဲလို့ သူတွေးလိုက်မိသည်။
အစက သူဒီအချက်ကိုဘာလို့မေ့နေခဲ့တာလဲဆိုပြီး ကိုယ့်ဘာသာ အပြစ်တင်နေမိသည်။

"ဒါနဲ့မင်းရဲ့ဇာတိက..ဘယ်ကလည်း.."

"ကျွန်တော့်ဇာတိက ဧရာ၀တီတိုင်းပါ.."

"ကိုယ့်ကိုအတိအကျ ပြောနိုင်မလား.."

မိုးနီခမျာ မျက်လုံးပြူးသွားရသည်။
မဟုတ်မှလွှဲရောဒီသူဌေးကအခြောက်ကြီးများလား။
ငါ့ကိုကြိတ်ကြွေနေတာတော့မဟုတ်ပါဘူးနော်။
ငါ့လို အင်ဂျင်နီယာ ပုစိပေါက်စကို သူလိုပုဂ္ဂိုလ်က အထူးတလည်ခေါ်တည်းကိုက တစ်ခုခုတော့ တစ်ခုခုပဲ။

 ကြက်သီးတောင်ထချင်လာသည်။
ငါ့ရုပ်ကပဲနုရွနေလို့များလား။
ကိုယ့်မျက်နှာကိုပြန်စမ်းမိတော့ မရိတ်ရသေးတဲ့အမွှေးတွေကထိုးထိုး ထောင်ထောင်နဲ့ဖြစ်နေသည်။

သူဌေးဆိုသူကို တစ်ချက်ပြန်ကြည့်လိုက်မိတော့ 
ရုပ်တည်ကြီးနှင့်ပါပဲ။ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ခုံပေါ်မှာ လက်ထောက်ထားတာများ ဆိုဒ်နဲ့ဂိုက်နဲ့။

"ဟို..ဧရာ၀တီတိုင်း..ဓနုဖြူမြို့နယ်..ဗျင်းညားအလယ်အုပ်စု..ပွတ်စလီကျေးရွာမှာနေပါတယ်.."

"အင်း..မင်းတို့ရွာမှာ..စံပယ်တွေရောပေါလား..
ဟို စံပယ်နဲ့ပတ်သတ်ပြီးနာမည်မှဲ့တဲ့လူတွေဘာ‌တွေရောရှိလား.."

နေဂုဏ်မာန်လည်း တိုက်ရိုက်မေးချင်ပေမဲ့ ဒီကောင်ကပါ စံပယ့်ကိုကြိတ်ပိုးနေရင် တလွဲတွေ ဖြေမှာစိုးတာကြောင့် တမင်သဲလွန်စလေးနဲ့မေးကြည့်လိုက်သည်။

သကောင့်သားကတော့ ကိုယ့်တစ်ရွာတည်းသားချင်းတောင် စံပယ်ပါတဲ့နာမည်ကို အီးထွက်တော့မတတ် ညှစ်ပြီးစဉ်စားနေသလားမှတ်ရသည်။

"ဟေ့ကောင်...စဉ်းစားနေတာကလည်း 
ကြာလိုက်တာကွာ...ငါ့ရည်းစားဆီက 
အဖြေတောင်းတုန်းကတောင် ဒီလောက်မကြာဘူး...
."

"ရည်းစား..."သူဌေးမှာ ရည်းစားရှိတယ်ဆိုတော့ တော်သေးတာပေါ့လို့ မိုးနီလည်း စိတ်ထဲမှရေရွတ်လိုက်မိသည်။

"စံပယ်တွေပေါ၊မပေါတော့ မပြန်တာကြာလို့
မသိဘူးဗျ..နာမည်ကတော့..အင်း..စံပယ်မွှေးဆိုတဲ့မိန်းကလေးပဲကျွန်တော်သိတယ်.."

"ဟာ...တကယ်လား....မိုက်တယ်ကွာ..."

"ဗျာ..ဘာကို မိုက်တာလဲဗျ...စံပယ့်ကိုခင်ဗျားက သိလို့လား..."

"မသိပါဘူးကွာ...မသိပါဘူး..."

ရောယောင်ပြီး ပါးစပ်ကနေ စံပယ်နဲ့သူ့ရဲ့
ပတ်သတ်မှုကို ထုတ်ပြောမိမလို ဖြစ်သွားလေသည်။ဒီ‌ကောင့်ကို အခုပြောလိုက်လို့တော့
မဖြစ်ဘူး ။
သူ့အဖို့ ပျော်လွန်းလို့ ထမခုန်မိအောင် ထိုင်ခုံကိုဆွဲထားရပေမဲ့ မျက်နှာကို အချိန်မှီပြန်တည်ပစ်လိုက်သည် ။နေဂုဏ်မာန်ဆိုတာ ပုံပျက်ပန်းပျက် ဖြစ်လို့မရဘူး။

"ဒါနဲ့မင်းက ဘယ်အချိန်ရွာပြန်မှာလဲ.."

"ကျွန်တော်..နောက်တစ်ပတ်နေရင်ပြန်မှာပါ
အလုပ်ထွက်စာလဲတင်ပြီးပါပြီ.."

ဘာတွေလာမေးနေမှန်းမသိတဲ့ သူဌေးကို 
ဂေး၊မဂေး သံသယကပိုတိုးလို့လာချေပြီ။
ငါပြန်ရင် သူကလွမ်းကျန်ခဲ့မှာမို့လို့ လာမေးနေတာလား။ဘာလဲဟ။လုပ်ငန်းအကြောင်းလည်း 
တစ်စက်မှမမေးဘူး။
ငါ ရွာပြန်မှာကို စိတ်မချဖြစ်နေတာလားပဲ။

"နောက်တစ်ပတ်..သေချာလား.."

"ဟုတ်ကဲ့..သေချာပါတယ်..သူဌေး.."

"သေချာရင်..ငါလည်းမင်းတို့ရွာကိုလိုက်ခဲ့မယ်.."

"ဟမ်.."

မိုးနီ၏စိတ်ထဲတွင်တော့......
ငါ့ဦးလေးတော့ မိန်းမ မခိုးလာပဲ ယောက်ျားခိုးလာတယ်ဆိုပြီး..အသေတွယ်တော့မှာပဲ...မိုးနီ...မိုးနီ...
ကံဇာတာတွေ တက်နေတာလား....ကျနေတာလား...ဗေဒင်မေးရတော့မယ်ထင်တယ်။
ဟုတ်သားပဲ။သူ့မှာရည်းစားရှိတယ်ဆိုတော့ 
ရွာကိုလိုက်မှာ တစ်ခြားရည်ရွယ်ချက်တစ်ခုခုကြောင့်ပဲ နေလိမ့်မယ်။

🌼🌼🌼🌼🌼🌼🌼

ကားလေးဟာ တညိမ့်ညိမ့်သွားနေသလို သူ့ရဲ့ခံစားချက်တွေဟာလည်း အင်မတန်မှငြိမ်းအေးနေလေသည်။မျက်လုံးတွေကို မှိတ်ထားစဉ်မှာ နေရောင်ခြည် အလင်းတန်းမျှင်လေးတွေက
သူ့မျက်နှာကို  ကလူကျီစယ်နေကြပေမဲ့ သူကတော့အိပ်တစ်၀က် နိုးတစ်၀က် အခြေအနေဖြစ်နေလေသည်။

နားထဲမှာလည်း အသံမျိုးစုံကို ကြားနေရပေမဲ့ ‌
မွှေးနဲ့ လက်ချင်းတွဲပြီး ဧရာ၀တီမြစ်ကမ်းပါးတစ်လျှောက်မှာ ပြုံးရယ်၍ လမ်းလျောက်နေတာကြောင့် သူ့နှုတ်ခမ်းတွေ အလိုအလျှောက် ပြုံးသွားမိသည်။

ပိုးသားလို အိစက်ညက်ညောပြီး ဖြောင့်စင်းနေတဲ့ ဆံနွယ်မျှင်လေးတွေဟာ လေတစ်ချက်တိုက်လိုက်တိုင်း ပုဝါပါးလေးတွေ တလွှင့်လွှင့်ဖြစ်သွားသလို လှပတဲ့လှိုင်းလေးတွေ ထသွား‌လေသည်။
သူမရဲ့ အပြုံးလေးကလည်း အလွန်အစီးသန်လှတဲ့ ဧရာ၀တီမြစ်ရေထက်တောင် အေးမြနေပါသေးတယ်။

သူမရဲ့ ပါးပြင်ပေါ်မှာ လေ‌ပြေကြောင့် ယိမ်းခါနေတဲ့ ဆံစလေးတွေကို သူသပ်တင်ပေးလိုက်ပြီး လက်ထဲမှာ အသင့်ပါလာတဲ့ စံပယ့်ပွင့်ခက်ကလေးတွေကို 
တယုတယ ပန်ပေးလိုက်တယ်။

ကမ်းပါးပေါ်မှာ မတ်တပ်ရပ်ရင်း ဟိုးဘက်ကမ်းဆီမှ မှိန်ပျပျ သဏ္ဍန်လေးတွေကို လှမ်းလို့ကြည့်နေမိတယ်။ချစ်သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ထား၍လားမသိ ယခုအခိုက်အတန့်လေးဟာ ကြည်နူးစရာအကောင်းဆုံးပါပဲ။

မြင်မြင်သမျှဟာလည်း လှပလွန်းလိုက်တာ။
ကဗျာဆန်လွန်းလိုက်တာ။ 
သူ့နှလုံးခုန်သံဟာ မြစ်ထဲမှာ ဖြတ်မောင်းသွားသော မော်တော်ကို ခပ်ပြင်းပြင်း ပုတ်ခတ်လိုက်တဲ့ လှိုင်းပုတ်သံတွေထက်တောင် ကျယ်လောင်နေသလိုပင်။

စံပယ်နဲ့ အကြည့်ချင်းဆုံသွားခိုက်မှာ ငုံ့မွှေးလိုက်တဲ့ပါးပြင်လေးမှ သနပ်ခါးရနံ့သင်းသင်းလေးက ပန်ဆင်ထားတဲ့ စံပယ်ရနံ့လေး‌နှင့်ပေါင်းလိုက်တော့ 
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးထပ်တောင် တန်ဖိုးရှိနေသလိုပါပဲ။
ကိုယ်ကပဲ နှစ်သက်နေမိလို့လား။
နဂိုမူလ သင်းရနံ့ကပဲ သစ်လွှင်နေ၍လား မခွဲခြားတတ်အောင်ပါပဲ။

ဒီအခိုက်အတန့်လေးမှာ သူ့စိတ်တွေဟာ 
သေးငယ်လှတဲ့ ငှက်မွှေးလေးတစ်မျှင် လေမှာလွှင့်ချင်တိုင်း လွှင့်နေသလို ပေါ့ပါးမှုအပြည့်၊
လွတ်လပ်မှု အပြည့်နဲ့ဖြစ်နေသည်။
ဘာအလုပ်တာ၀န်တွေမှလည်း ခေါင်းထဲမှာ 
မရှိတော့သလို၊ ဘာစည်းစိမ်ဥစ္စာကိုမှလည်း 
လိုချင်တပ်မက်ချင်းမရှိတော့သလိုပင်။

သူမရဲ့ လက်ကိုယခုလို ကိုင်ဆွဲပြီး မြစ်ကမ်းပါးမှာ ဦးတည်ရာမရှိ ‌သွားနေရသည့် ဘ၀ကပင် ပြည့်စုံမှုအတိဖြစ်နေသည်။တကယ်တော့ ဒီလိုဘ၀လေးက 
သူခုံမင်တဲ့ ဘ၀လေးပါပဲ။

"ဆရာ..ဆရာ..ထတော့လေ.."

ရုတ်တရက် အသံခပ်စူးစူးနဲ့အတူ သူ့ကိုလှုပ်နှိုးလိုက်တဲ့ မိုးနီကြောင့်  အိပ်မက်မှလန့်နိုးသွားရသည်။
အိပ်မှုန် စုံမွှားဖြစ်နေသည့် မျက်လုံးတွေကို 
ပွတ်လိုက်ပြီး တစ်ချက်မျှသန်းလိုက်မိသည်။

"..ဝါး!!!!..ရောက်ပြီလား.."

"မရောက်သေးဘူး.."

"ဘာ!!!!!!"

"ဟာ..ဖြည်းဖြည်းအော်ပါသူဌေးရယ်.."

ရန်ကုန်မှ ညောင်တုန်းအထိ သူကားမောင်းခဲ့ရပြီး ညောင်တုန်းရောက်မှ မိုးနီကတစ်လှည့်မောင်း‌နေချိန်မှာ သူအိပ်ပျော်သွားခြင်းဖြစ်သည်။

"အခုကကျုံတနော်လှေဆိပ်ကိုရောက်နေတာ 
ရွာကလူတွေလာကြိုကြမှာဗျ..ရွာကိုကား၀င်လို့ကအဆင်ပြေမှာမဟုတ်ဘူး..ကျုံတနော်ကကျွန်‌တော့်အသိအိမ်မှာ ကားကိုထားခဲ့မှရမယ် အခုကစပြီးဆရာကကျွန်တော်တို့ရွာရဲ့ကျေးဇူးရှင်ပဲဗျ.."

"ဟာဗျာ..နဲနဲလေးလှူတာကိုများ.."

"ဘယ်ကလာနဲရမှာလဲ ဆရာ့အတွက်တော့သာမန်ကိစ္စပေမဲ့ ကျွန်တော်တို့ရွာသားတွေအတွက်တော့ကိစ္စကြီးပဲဗျာ.."

မိုးနီ၏စကားကြောင့်သူစိတ်မလုံချင်တော့ပေ။
သူ့ရဲ့အဓိကရည်ရွယ်ချက်ကစံပယ့်ကိုရှာပြီး 
သူ့ဘ၀ထဲကိုအပြီးအပိုင်ပြန်ခေါ်သွားဖို့ပါပဲ။
ဒါပေမဲ့အလှူလုပ်တာကိုအကြောင်းခံပြီး ကိုမိုးနီနှင့်လိုက်လာခြင်းဖြစ်သည်။
စံပယ့်ကိုသာအပါခေါ်နိုင်ရင် တစ်ရွာလုံးကိုစိန်စီပြီးတောင် ထားခဲ့မှာပါလို့ ပြောလိုက်ချင်သည်။

"ဟယ်..ချောလိုက်တာ.."

"ဟုတ်ပ..ရုပ်ရှင်မင်းသားလားမသိဘူး..အရပ်ကြီးကလည်းမိုးထိတော့မယ်.."

နေဂုဏ်မာန်ဆိုတာ ဘယ်နေရာရောက်ရောက်အရှိန်အဝါကမသေဘူးဖြစ်နေလေသည်။
အတွင်းမှာတီရှပ်ချိုင်းပြတ်၀တ်ထားသောကြောင့်
ပူလွန်း၍ အပေါ်မှကုတ်အင်္ကျီကို ချွတ်လိုက်မိရာ
ဖြူဖွေးသောအသားအရည်၊မျက်လုံး မျက်ဖန်ကောင်းကောင်းနှင့် အများကြားမှာထီးထီးကြီးဖြစ်နေတဲ့သူ့အရပ်အမောင်းတို့ကြောင့် လှည်းဖြတ်လျှင် လှည်းပေါ်တွင်ပါသမျှလူတွေကငေးကြသလို 
ထော်လာဂျီစီးကြသူ၊ဈေးသည်မှအပ
လမ်းသွားလမ်းလာတိုင်းက သူ့ကိုငေးကြည့်ကုန်ကြလေသည်။

သူ့ကိုအထူးအဆန်းလို မသိပဲလာလာပြုံးပြနေကြတာများ သူ့အဖို့ ဆက်ကပ်ထဲကမျောက်ကြီးလို
ဖင်တကြွကြွနှင့် မနေတတ်၊မထိုင်တတ်ဖြစ်နေရ လေသည်။

"မိုးနီရေ..ငါတို့ဒီမှာဟေ့.."

လှေဆိပ်မှာလာကြိုတဲ့မော်တော်ကြောင့် နေဂုဏ်မာန်ကြိတ်ပျော်သွားရသည်။
သို့မဟုတ်ရင် မျောက်ပွဲကြည့်သလို ဝိုင်းအကြည့်ခံ‌နေတာနှင့် ဒီနေရာမှာတင်ဇာတ်စင်ဆောက်ရမည့်အခြေအနေဖြစ်နေသည်။

စိတ်ချမ်းသာမှုက ကြာကြာမခံဘူးဆိုတာ တကယ်မှန်ပါသည်။
ကျုံတနော်မှလမ်းကြုံလိုက်ကြသည့် ဧည့်သည်တွေရဲ့ ပုလိပ်စစ်နည်းနှင့် ဝိုင်းအစစ်ခံနေရ၍ သူ့မှာခေါင်းကိုကိုက်ရောပဲ။ 
 အမေးအမြန်းတော်တော်ထူကြပါလားလို့ တွေးမိသည်အထိပင်။
သူတို့ကိုစကားတစ်ခွန်းလေးတစ်ခွန်းမေးလိုက်ရင်လဲ နားညီးအောင်ပင်ပြန်ပြောတတ်ကြသည်။

"ဆရာ...ဒါကသဲချောင်း..ဒါကလိပ်ချောင်း.
ဒါကကျုံပျက်...ကလုကလောလေ...."

မော်တော် စီးနေရင်းနဲ့ မိုးနီက ရွာနာမည်တွေကို ရွတ်ပြနေလေသည်။သူလည်း ကြားဖူးနား၀ရှိရအောင် မှတ်ထားလိုက်သည်။စံပယ့်ကိုလည် ပြန်ခေါ်နိုင်ရင် ဒီနေရာတွေဟာ သူခဏခဏအလည်လာရမည့်နေရာတွေ ဖြစ်နေတာကြောင့်ပါပဲ။

"ဒါကစက္တုချောင်း...ရှေ့နဲနဲဆို ရောက်ပြီဗျ...
အုန်းပင်စုရွာကိုဖြတ်ပြီးရင် ကျွန်တော်တို့နေတဲ့ 
ပွတ်စလီချောင်းပဲဗျ...."

စံပယ်နေထိုင်တဲ့ နေရာဒေသနဲ့အနီးဆုံးကို ရောက်လာပြီမို့ သူအရမ်းပျော်နေမိသည်။
ချောင်းလေးဟာ အရမ်းအကျယ်ကြီးမဟုတ်ပေမဲ့ ရေစီးတော့ သန်ပုံရသည်။
ကမ်းပါး၏တစ်ဖက် တစ်ချက်မှာလည်း ‌ဗေဒါတွေကို စုပြီးဝါးလုံးလေးတွေနဲ့ ကန့်ထားလေသည်။

"ငါးတွေကအပင်အလျှင် များတဲ့နေရာတွေမှာ 
လာကပ်တတ်တော့ တမင်အဲ့လိုလုပ်ထားတာဗျ...
နွေဘက်ဆိုရင် ရေနဲနဲခမ်းလာရင် ပိုက်တွေလှည့်ဝိုင်းပြီး အဲ့ပင်တွေကိုဆွဲတင်လိုက်တာနဲ့ အောက်မှာ ငါတွေအများကြီး ကျန်ခဲ့တာပေါ့"

သူမမေးရသေးခင်မှာပဲ မိုးနီကဖြေလာလေသည်။
သူ့အနေနဲ့တော့ ဒီလိုမြင်ကွင်းမျိုးကို ဒါပထမဆုံးမြင်ဖူးခြင်းပါပဲ။ချောင်းထဲမှာ ဘဲလေးတွေကလည်း ဖြတ်ကူးနေကြတာကြောင့် ထိုမြင်ကွင်းကို 
အမိအရဓာတ်ပုံ ရိုက်ယူလိုက်သည်။

လှေပေါ်က လူတွေဟာ သူ့လုပ်ရပ်ကို ထူးဆန်းသလို ပြုံးပြီးကြည့်လာကြတာကြောင့် သူလည်း ကင်မရာကို ခဏပြန်သိမ်းထားလိုက်သည်။

"ဟေ့....မိုးနီရေ....ရန်ကုန်ကပြင်လာတာလား...."

"ဟုတ်တယ်ဗျို့...နောက်မှလာလည်မယ်နော်...."

"အေး...အေး...."

မော်တော်က အရှိန်နဲ့မြန်မြန်သွားနေတာတောင် မိုးနီဆိုတဲ့ကောင်က ကမ်းပေါ်ကလူနဲ့ စကားလှမ်းအော်ပြောလိုက်သေးသည်။ 

"ဆရာ...အဲ့ဒါ ကျွန်တော်ပြောဖူးတဲ့ စံပယ်မွှေးရဲ့ အဖွားလေ...."

"ဘာ!!!!!"

"ဟင်...ဘာ...ဘာဖြစ်လို့လဲ...."

မျက်လုံး မျက်ဆန်ပြူးပြီး အော်လိုက်သည့် 
သူ့အသံကြောင့် အကုန်လုံး ကြောင်သွားကြလေသည်။

"ဘာမှမဖြစ်ပါဘူး..."

အကုန်လုံးကို ခေါင်းခါပြလိုက်ပြီး နောက်ကြောင်းကို ပြန်လှည့်ကြည့်လိုက်မိသည်။စံပယ့်အဖွားတဲ့။
 ဒါဆိုရင် ကိုယ့်ရဲ့စံပယ်လေးကရော ။ဖြစ်နိုင်ရင် အခုချင်ချင်းပဲ တွေ့ချင်မိတယ် စံပယ်ရယ်။

🌼🌼🌼🌼🌼🌼🌼🌼

နေမင်းကြီးက အရှိန်ပြင်းစွာအပူဓာတ်ကိုထုတ်လွှတ်ပေးနေပေမဲ့ ရွာလမ်းကလေးကတော့သစ်ရိပ်၊ဝါးရိပ်ကြောင့် လေတစ်ဖြူးဖြူးနှင့်အေးမြနေလေသည်။အုန်းပင်စုရွာဖျားမှာတော့လူငယ်၊လူရွယ်များက သူတစ်လှည့်၊ကိုယ်တစ်လှည့် လုပ်အားပေးနေကြလေသည်။

ရပ်ရွာမိသားစုများစုပေါင်းမတည်ပြီးလမ်းပြင်နေကြခြင်းဖြစ်သည်။အုတ်ခဲသယ်ကြသူ၊ဘိလပ်မြေဖျော်သူ၊အအေးဖျော်တိုက်သူ၊လမ်းခင်းကြသူတွေနှင့် အုံကြွလို့နေလေသည်။ထို‌နေရာလေးတွင် ကလေးအစ၊ခွေးအဆုံး သူတို့နိုင်သလောက်
၀န်လေးနှင့် အခကြေးငွေမပါ ကုသိုလ်ယူနေကြလေသည်။

"စံပယ်တို့..အေးမြတို့..မန်ကျည်းဖျော်ရည်လာသောက်ကြဟေ့..ငါကိုယ်တိုင်ဖျော်ထားတာနော်"

မလှရီရဲ့ဆော်ဩသံကြောင့်ရော မန်ကျည်းဖျော်ရည်မျက်နှာကြောင့်ပါ စံပယ်တို့အုပ်စုလည်းမြေကျင်းထဲမှ တက်လာလိုက်ကြသည်။
မလှရီရဲ့မန်ကျည်းဖျော်ရည်ကို တစ်ငုံလောက်သောက်အပြီးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှုံ့မဲ့ကုန်ကြသည်။

"ထွီ!..ဂါး!..အဟွတ်..အဟွတ်.."

"အမယ်လေး..မြတ်စွာဘုရား‌ကယ်တော်မူပါ.."

"လှရီ..နင့်ဟာက..မန်ကျည်းဖျော်ရည်လား..‌
သံပုရာသီး‌ဖျော်ရည်လားဟယ်.."

"ဟော့တော်..လှရီရဲ့စေတနာကိုမစော်ကားပါနဲ့..
ကျုပ်ကိုယ်တိုင်မန်ကျည်းသီးအစစ်နဲ့ 
သေချာဖျော်ထားတာပါတော်..ခုဏက 
ကိုမြအေးတောင်သောက်သွားသေးတယ်..
သောက်လို့သိပ်ကောင်းတာပဲတဲ့..
တော်တို့ကြမှ အဖြစ်သည်းနေလိုက်သိလား.."

"ဟဲ့..မတူဘူးလေ မြအေးကနှာဘူးကျပြီး
ပြောသွားတာနေမှာပေါ့..ကိုယ့်မန်ကျည်းဖျော်ရည်လည်း ပြန်မြည်းကြည့်လိုက်ပါအုံး..
ချဉ်ဟင်းအိုးထဲကို ဇောက်ထိုးကျတာထက် 
ဆိုးတယ်..."

"အဲ့လိုတော့မပြောကြပါနဲ့ဟယ်..ကျွန်မကိုယ်တိုင်သံပုရာသီး အလုံး သုံးဆယ်လောက်ကိုသေချာညှစ်ထည့်ထားရတာဟဲ့.."

မလှရီရဲ့စကားကြောင့် အကုန်ပါးစပ်အဟောင်း
သားဖြစ်ကုန်သည်။
ဘယ်သူကများသံပုရာသီးထည့်ဖို့ 
မြှောက်ပေးလိုက်လဲမသိပါဘူး။

မန်ကျည်းသီးကလည်းအချဉ် ၊သံပုရာသီးကလည်းအချဥ်ကိုမှ အလုံးသုံးဆယ်တောင်ထည့်ထားသည်တဲ့။
မလှရီတစ်ယောက် တစ်ရွာလုံးကို ချီးစိမ်းပမ်းပြီးသေအောင်လုပ်နေသလိုပဲ။

တကယ်ပါ မလှရီဆိုတာရူးတူးပေါတောရယ်ပါ။
ဒီလိုလူမျိုးကိုတောင် ကိုမြအေးကသုံးနှစ် သုံးမိုးသစ္စာရှိစွာလိုက်ပိုးခဲ့ပေမဲ့ မလှရီကအခုထိအဖြေ
မပေးသေးပဲ ဈေးကိုင်နေပြန်သည်။

ကိုမြအေးရဲ့ မျက်နှာလေးကလည်း အဖြေပေးချင်စ‌ရာလေးကို။
ဖားပြုတ်ကို ဖနှောင့်နဲ့ အချက်တစ်ရာလောက်
တက်ကြိတ်ထားတဲ့အတိုင်းပဲ။
 ပြူး၊ထော်ပြီး လန်နေတာ။
ဒုက္ခိတဖား‌ကမှ သူ့ထက်ချောအုံးမယ်။

အရူးမဒေါ်ကြည်တောင် မြအေးကိုကြိုက်မလားလို့မေးကြည့်  ဖားကိုလင်တော်ရမှာထက် 
ရေမရှိတဲ့ချောင်းထဲမှာ ဖင်ထောင်ပြီးပဲသေလိုက်တော့မယ်ဟုဖြေမှာ ဧကန်မလွဲပင်။

"ဟဲ့..ဟဲ့..နင်တို့ ဟိုသတင်းကြားပြီးပြီလား.."

"ဘယ်သတင်းလဲမိစိုးရဲ့..ပြောစမ်းပါအုံး.."

"ဟိုစံပယ့်လူမိုးနီလေ..ဒီနေ့သူနဲ့အတူ ရန်ကုန်ကအလှူရှင်တစ်ယောက် လိုက်လာမှာတဲ့တော်..
ကျုပ်အမေဘုန်းကြီးကျောင်းမှာကြားခဲ့တာ.."

"ဟုတ်လား..အဲ့အလှူရှင်က ဘာလှူမှာမို့လို့လဲ.."

"အမေပြောတာတော့..အဲ့လူက..ကျောင်းထိုင်
ဆရာတော်ကို ရွာမှာဘာလိုအပ်သလဲ..
လိုအပ်တာမှန်သမျှ သူကိုယ်တိုင်လာလှူချင်တယ်လို့ပြောတယ်တဲ့.."

"အဲ့တော့..ကျောင်းထိုင်ကြီးကဘာအလှူခံလိုက်လဲ.."

"နင်တို့လည်း ကျောင်းထိုင်ကြီးအကြောင်းမသိတာမှတ်လို့..ဘာမှသိပ်မလှူခိုင်းပါဘူး..
ကြာကန်ဘေးကဘုရားကိုပြန်ဌာပနာပြီးတည်ချင်တယ်..ရင်ပြင်လေးနဲ့ပေါ့ဟယ်..ကန်ကိုလည်းဘောင်ခတ်မယ်..ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းကိုလည်း အုတ်တံတိုင်းကာချင်တယ်..ထမင်းစားဆောင်နဲ့ သိမ်ကျောင်းကိုလည်းအသစ်ဆောက်မယ်တဲ့..စာကြည့်တိုက်လေးကိုလည်းပြန်ဆောက်ပြီး စာအုပ်တွေထည့်ချင်တယ်တဲ့တော်.."

"ဟယ်..ကျောင်းထိုင်ကြီးကလဲ..သူ့ကျောင်းအတွက်ကြီးပဲ..ရပ်ရွာဖို့ကျမပါဘူး..စံပါးရိတ်စက်လေးတစ်လုံးလောက်တော့မလှူခိုင်းဘူး.."

"ဟဲ့လှရီ..ဘုန်းကြီးက သူ့ကျောင်းအတွက်ပဲသူလုပ်မှာပေါ့..အုပ်ချုပ်ရေးမှူးကသာ ရပ်ရွာအတွက်လုပ်ရမှာလေ..ရွာ့ကျက်သရေဆိုတာဘုရား‌၊ကျောင်း၊ကန်အေ့.."

"ဘုန်းကြီးကျောင်းက သာယာ၀ပြောမှ ရန်ကုန်ကအလှူရှင်တွေကလည်း..သဒ္ဒါထက်ပြီးလှူချင်တော့မှာပေါ့..ငါတို့ရွာလည်းဂုဏ်ရှိတာပေါ့..ငါတော့ကောက်ရိတ်စက်ကိုအားမပေးဘူး..အဲ့စက်တွေရှိလာရင်..ကိုယ့်ရွာမှာလုပ်စရာမရှိတော့ပဲ..တစ်ခြားရွာအဝေးကြီးတွေမှာသွားရိတ်ရတာကများမှာပေါ့.."

"အင်း...ဟုတ်တော့လည်း ဟုတ်ပါတယ်လေ...ကောက်ရိတ်စက်ရှိလည်း တို့လို လယ်မရှိတဲ့သူတွေက ဘာအသုံးတည့်မှာမှတ်လို့ ...
အလုပ်လက်မဲ့ ဖြစ်တာပဲအဖက်တင်မယ်...
အခုတောင် ဒေါ်မြကြည်က ကောင်ရိတ်စက်၀ယ်ထားတော့ တို့ကိုသိပ်မခေါ်ချင်တော့ဘူးရယ်...
အဲ့သူဌေးက လယ်တစ်ယောက်တစ်ကွက် ၀ယ်ပေးရင်ကောင်းမှာပဲနော်...."

"အမယ်လေး....ဟိုက ညည်းလင်မို့လိုလား လယ်၀ယ်ပေးရအောင်...စိတ်ကူးတွေယဉ်မနေစမ်းပါနဲ့..."

🎶ဒေါ်မိုးပါ..ကျွန်မဒေါ်မိုးပါရှင့်..🎶
🎶အများကချစ်တဲ့ ဒေါ်မိုးပါ..မြန်မာ့ဓလေ့ရိုးရာအလှူမင်္ဂလာပွဲမှာ..🎶

"ဟဲ့..ဟဲ့..ကြားကြလား.."

"အေး..ကြားတယ်လေ.."

"အဲ့ဒါဟို‌ရန်ကုန်ကသူဌေးရောက်နေတာ‌ဟဲ့..
ဘယ်လိုလူမို့ဒီလောက်ချမ်းသာတာလဲသွားကြည့်ကြမယ်ဟာ.."

"အေး..ငါလည်းမြင်ချင်နေတာနဲ့အတော်ပဲ.."

ရန်ကုန်မှပုဂ္ဂိုလ်ထူးကိုကြည့်ဖို့ရန် လုပ်အား
ပေးသူများက တစ်ယောက်ပြီးတစ်ယောက်ထသွားကြတာကြောင့် စံပယ်လည်းလိုက်စပ်စုမိလေသည်။

ငွေကြေးရာနဲ့ချီပြီးလှူဒါန်းတဲ့လူ ပေါ်ခဲတာမို့ ဗုံတွေ၊ဝါးလက်ခုပ်တွေနှင့် ကြိုနေကြခြင်းဖြစ်သည်။
အုပ်ကြီး၏အစီအစဉ်နဲ့ ဦးရွှေရိုး၊ဒေါ်မိုးတောင်ပါလိုက်သေးသည်။
ရွယ်လည်က ဘုန်းကြီးကျောင်းမှ အသံဖြစ်လို့ စံပယ်လည်း သူများအုပ်စုနှင့်အတူ လှည်းလမ်းကြောင်းမှ ကွေ့ပြီး ဘုန်းကြီး ကျောင်းဘက်သို့ သွားမိလေသည်။

"ဟယ်..ချောလိုက်တာဟယ်.."

"စံပယ်ရေ..ဟိုမှာတွေ့လား..နိုင်ငံခြားမင်းသားကျနေတာပဲ..ဟီ..ဟိ..ငါက အသက်ဖင်ဆောင့်နေတဲ့အဖိုးကြီးလို့ထင်နေတာ..
လက်စသ တ်တော့..စင်းလုံးချောလေးပဲ.."

လာကြည့်နေကြတဲ့ လူတွေကြားမှ ချောင်းကြည့်လိုက်တော့ မြင်လိုက်ရသည့် မျက်နှာကစံပယ့်ကို အံ့ဩတုန်လှုပ်သွားစေသည်။
သူ...သူဘယ်လိုဖြစ်ပြီး ဒီရွာကိုမှရောက်လာရတာလဲ။ကိုမိုးနီနဲ့ သူကဘယ်လိုလုပ်ပြီး သိသွားရတာလဲ။

သူ့ကိုမြင်တော့ စံပယ်ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ကိုက်လိုက်မိလေသည်။ဝဲချင်လာတဲ့ မျက်ရည်တွေကိုလည်း မကျဆင်းလာအောင် မနည်းထိန်းနေရသည်။သူနဲ့ မပတ်သတ်ချင်လို့  လုံး၀အဆတ်ဖြတ်ထားခဲ့တာ လေးလကျော်လောက်ရှိနေပါပြီ။

‌သူ့ကို မေ့ပြစ်ဖို့ ခက်ခဲတဲ့အချိန်တစ်ခုကို ကျော်လွန်
အပြီးမှာ ဒီလိုတွေ့လိုက်ရတော့ ခံစားချက်တွေက တစ်ကျော့ပြန်လာသလိုပဲ။
ချစ်စိတ်တွေတော့မဟုတ်ဘူး။မခံချင်မှုတွေ နာကျင်မှုတွေပါပဲ။

"ဟဲ့...စံပယ်ရေ...ချောလိုက်တာဟယ်..."

ရုပ်ချောတဲ့လူမှန်ရင် အလွတ်မပေးတတ်တဲ့မစိုးကိုစံပယ်မျက်စောင်းထိုးလိုက်မိသည်။
ဟိုကမိန်းမရှိရုံတင်မကဘူး ကလေးနှစ်ယောက်ပါအစစ်ပါလိုက်သေးတယ်ရှင့်လို့ အော်ပြီးသာပြောလိုက်ချင်သည်။

ဦးနေဂုဏ်က ဘုန်းကြီးကျောင်းထဲကို၀င်ခါနီးမှာ
လူအုပ်ဖက်သို့ဝေ့ရမ်းကြည့်လိုက်တာကြောင့်
စံပယ်လည်းထိုနေရာမှအမြန်ကျောခိုင်းလာခဲ့မိသည်။
ပြောတော့အလုပ်မအားလို့အဖွားဆီကိုတောင်
မလိုက်နိုင်ဘူးဆို။ အခုကြသိန်းနဲ့ချီအကုန်အကျခံပြီးအလှူတော့လာလုပ်နိုင်သေးတယ်ပေါ့။

ရှင့်ကိုမျက်နှာချင်းဆိုင်တွေ့မိရင်လေ ပါးကို
အိုးစည်လိုဘယ်တစ်ပြန်၊ညာတစ်ပြန်တီးမိမှာစိုးလို့
ရှောင်ထွက်လာတယ်မှတ်ပါ။
"လူလိမ်၊လူညာ..တစ်ခုလပ်ကြီး..မုန်းဖို့ကောင်းလိုက်တာ.."

🌼🌼🌼🌼🌼🌼🌼🌼🌼

ညအမှောင်ဟာလရောင်ကြောင်း လင်းပနေပေမဲ့ 
နေဂုဏ်မာန်ရဲ့ ရင်ထဲမှာတော့ တိမ်ဖုံး၍လမသာ
ဖြစ်နေတာကိုသူပဲသိပါတယ်။

နေ့လည်ကလူအုပ်ကြားထဲမှာမွှေးကိုတွေ့လိုက်မိ
သည်။
သူလှည့်ကြည့်လိုက်တာနှင့် သူမကချက်ချင်းကိုကျောခိုင်းထွက်သွားခဲ့တယ်။
သူမဆီကိုပြေးသွားလိုက်ချင်ပေမဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားရင် သူ့ကိုအလေးထားဆက်ဆံနေတဲ့ရွာသားတွေနဲ့ မွှေးရဲ့ဂုဏ်သိက္ခာကို ထိပါးရာရောက်မှာစိုးလှသည်။

မွှေးရယ်...မင်းလက်ကိုအတင်းပြေးဆွဲပြီးမရရတဲ့နည်းနဲ့ရန်ကုန်ကိုသာခေါ်သွားလိုက်ချင်တယ်။

အိပ်ခါနီး၍ မိုးနီက ဘထ္ထရီမီးကိုမှိတ်လိုက်သည်နှင့်အတူ အခန်းထဲတွင် အမှောင်ဖုံးသွား‌လေသည်။
ထို့‌ကြောင့်အတွေးစကိုဘေးချပြီး အိပ်ရာ၀င်လိုက်ရလေသည်။
အရင်ညတွေက အိပ်လို့တော်တော်နဲ့မရပေမဲ့ 
အခုညတော့ ခရီးပန်းလာတာရော၊မွှေးနဲ့အနီးဆုံး နေရာမှာ ရောက်နေပြီဆိုသော အသိကြောင့်ရယ် ခဏလေးအတွင်း အိပ်ပျော်သွားလေသည်။

"တောင်..တောင်..တောင်..တောင်.."

"ဟာ..ဘာ..ဘာသံကြီးလဲ.."

တစ်တောင်တောင်နှင့် တစ်ခုခုကိုအားနဲ့ထုနေတဲ့အသံကြီးကသူ့နားအနီးမှာကပ်၍ လာနှောက်ယှက်နေသလိုပင်။
နည်းနည်းတောင်ထိတ်လန့်သွားမိသည်။
မိုးနီနဲ့သူက တစ်ခန်းထဲမှာခြင်ထောင်တစ်ခုစီနှင့်အိပ်ကြတာကြောင့် မိုးနီရဲ့ခြင်ထောင်ကိုဆွဲလှန်ပြီးနိုးလိုက်သည်။

"မိုးနီ..ကိုမိုးနီ..ထပါအုံး..ဟေ့လူ..မိုးနီ.."

"ဒီလူကလည်း ဆင်တက်နင်းတာတောင် 
နိုးပါ့မလား..ကိုမိုးနီ..ထစမ်းပါဗျာ..."

"အင်း..ဟင်..ဘာ..ဘာဖြစ်လို့လဲဗျာအစောကြီးရှိသေးတဲ့ဥစ္စာ.."

"ကျွန်တော့်နားထဲမှာအသံတစ်ခုကြားနေရလို့..
အဲ့ဒါ...ခင်များရောကြားရလား.."

"ဘာအသံလဲ.."

"ဟို..တောင်..တောင်..တောင်နဲ့လေ..ရွာထဲမှာများတစ်ခုခုဖြစ်လို့လားမသိဘူး..ထွက်ကြည့်ရအောင်ဗျာ.."

"ဟာဗျာ..အဲ့ဒါအုန်းမောင်းခေါက်သံဗျ..
ဘုန်းကြီးကျောင်းကတီးတာ..ခင်များတို့မြို့မှာ
ဒါတွေမှ မရှိတာ ဘယ်သိပါ့မလဲ..
ဒါက လေးချက်တီးလို့ခေါက်တာ..ပြန်အိပ်တော့ဗျာ ကျုပ်လဲအိပ်တော့မယ်.."

အရက်မူးသမားလေသံနဲ့ ပြောချင်တာပြောပြီးစောင်ခြုံထဲ၀င်ကွေးနေသည့် ကိုမိုးနီကို စိတ်ရှုပ်စွာကြည့်လိုက်မိသည်။
ဒီလောက်အသံအကျယ်ကြီးက သူတို့အဖို့သီချင်းဆိုသိပ်သလိုထင်နေပုံရတယ်။
သူကတော့အိပ်ရာ၀င်တဲ့အချိန် အခန်းထဲမှာအပ်ကျသံ ကြားရရင်တောင်အိပ်လို့ရသူမဟုတ်ပေ။

အခုတော့မျက်လုံးသာမှိတ်နေရပေမဲ့ အိမ်အောက်ကကြက်တွေက"ကတော့..ကတော့လုပ်လိုက်" ကြောင်ကိုက်သံတွေ၊ခွေးဟောင်သံတွေဆိုတာ 
သရဲဇာတ်ကားထဲမှာ ကိုယ်တိုင်၀င်ထိုင်နေရသလိုပါပဲ။
တစ်ခါတစ်ခါထထအော်တဲ့"၀က်ညီးသံတွေဆိုတာ နားယားအောင် လာကလိနေသလားပဲ။
 "စံပယ်ရေ..စံပယ့်ကြောင့်ကိုယ်သည်းခံနေတာနော်.."

စံပယ့်ကိုလွမ်းနေရင်းမှ ဗိုက်ကလည်းရစ်ပြီး
နာလာသည်။
ဒီအချိန်ကြီးမှ အိမ်သာကလည်း လာတက်ချင်နေရတယ်လို့။ တကယ်ပါပဲ။
ဒုက္ခဆိုတာအစုလိုက်၊အပြုံလိုက်ကိုလာတဲ့ အမျိုးပါလား။
ညကလည်းမှောင်နေပြီး အိမ်သာကလည်း
ဘယ်မှာရှိမှန်းမသိတာကြောင့် မိုးနီကိုနှိုးရပြန်သည်။

"ဟေ့..မိုးနီ..ဟေ့.."

"ဟာ..ဘာဖြစ်ရပြန်တာလဲဗျာ.."

မိုးနီလည်းစိတ်မရှည်တော့၍ ငုတ်တုတ်ကြီးထထိုင်လာလေသည်။
ဒီလူနဲ့တော့အိပ်ကောင်းချင်းမအိပ်ရပါလား။
ငါ့ကို သူ့မိန်းမကြီးမှတ်နေသလားမသိဘူး။

"ဒီမှာဗျာ..ကျွန်တော်ဗိုက်အရမ်းနာနေလို့..
အိမ်သာကိုလိုက်ပို့စမ်းပါ.."

"လာဗျာ..လာ လာ.."

ဓာတ်မီးတစ်လတ်နှင့် မိုးနီအနောက်မှ သူလိုက်ရ လေသည်။
အိမ်သာကိုတွေ့လိုက်တယ်ဆိုရင် 
"ဟာကနဲ..ဟင်ကနဲ.."ဖြစ်သွားရသည်အထိ စိတ်ညစ်သွားသည်။

အိမ်သာနဲ့အိမ်ကရန်ဖြစ်ထားလို့များ တစ်ခုနဲ့တစ်ခုအဝေးကြီးဆောက်ထားရသလားမှတ်ရတယ်။
မတော်လို့ လမ်းမှာအီးထွက်ကျရင် ဘယ့်နှယ့်
လုပ်ပါ့မလဲ။

ဒီလိုယိုင်နဲ့‌နေတဲ့ အိမ်သာမျိုးမှာသာတက်ရရင်
ဘယ်အချိန် အီးတွင်းထဲကိုပြုတ်ကျပြီး
သေပွဲ၀င်နေမလဲမသိဘူး။ခက်တော့ ခက်နေပြီ။

အိမ်သာကသိပ်အစိုးရမဲ့ပုံမပေါ်ဘူး။
သေခါနီးအဖိုးကြီးထက်တောင် အားနည်းနေသလားမှတ်ရတယ်။
 နာဂစ်ဖြစ်တုန်းက ယိုင်သွားလို့များအခုထိ
ပြန်မဆောက်ပဲထားတာလားမသိပါဘူး။

"ဘာလဲ..အိမ်သာမကောင်းလို့လား..
ကျွန်တော်တို့ကတော့. အိမ်သာကိုသိပ်မသုံးဘူး..
ဟောဟိုကခြုံတွေထဲကို၀င်တိုးပြီး..ကိစ္စရှင်းလိုက်တာပဲ..မြေဩဇာတောင်ဖြစ်ပါသေးတယ်.."

"အော်..အခုလိုအိမ်သာတက်နည်း ကောင်းတာလေး ညွှန်းပေးလို့ ကျေးဇူးတင်လိုက်တာ အသားကုန်ပဲ.."

တမင် အမြင်ကပ်လို့ ရွှဲ့ပြောပစ်လိုက်သည်။
 ချုံတောထဲတော့မတိုးနိုင်ပါဘူး။
တော်ကြာ ကိုယ့်အီးဗုံးကိုယ်ပြန်မှန်ပြီး နေရာမှာတင်သတိမေ့နေမှ အရှက်ဟပ်တက်ကွဲနေပါ့မယ်လေ။အိမ်သာပေါ်ကိုမရဲတရဲတက်လိုက်ပြီး ကိစ္စအမြန်ရှင်းလိုက်သည်။ဘောင်းဘီကိုအမြန်ပြန်၀တ်ပြီး မတ်တက်ထအရပ်..

"ဂျုန်း!!!!!.."

"အမလေးဗျ!!!!!"

သူ့ဦးခေါင်းငယ်ထိပ်နဲ့ ခေါင်းမိုးတိုက်မိပြီးရုတ်တရက်အရမ်းအေးလာသလိုဖြစ်လာတာကြောင့်အပေါ်ကို ကြည့်လိုက်မိတော့ ကြယ်ရောင်စုံကောင်းကင်ကြီးကိုတောင်မြင်နေရ လေသည်။

"အဟား..ဟား..ဟိတ်လူ..ကြယ်ကြည့်ချင်ရင်လဲပြောပါဗျာ..အိမ်သာခေါင်မိုးတော့ဖောက်ပြီး
မကြည့်ပါနဲ့...လူမြင်လို့မကောင်းပါဘူး..
ဟား..ဟား.."

ရှည်လွန်းတဲ့သူ့အရပ်ကိုမေ့ပြီး  ရုတ်တရက်ထရပ်လိုက်တော့ အိမ်သာခေါင်မိုးကိုတက်ဆောင့်မိသလိုဖြစ်ကာ ခေါင်းကြီးပါ အပြင်ကိုကျွံထွက်သွားရလေသည်။

ရှက်ရှက်နဲ့ မျက်နှာကြီးကို အိမ်သာကျွင်းထဲသာပစ်ချလိုက်ချင်မိသည်။
ရှက်လိုက်လေခြင်း နေဂုဏ်မာန်တစ်ယောက် အိမ်သာတက်တာ ခေါင်းမိုးပါပေါက်ရတဲ့အဖြစ်က လူကြားလို့တောင်မကောင်းဘူး။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

အခန်း(၁၇) ဆက်ရန်....

နေဂုဏ်မာန်တော့ ရွာမှာဒုက္ခတွေတွေ့နေပါပြီ...
အိမ်သာတက်ရင် သတိထားကြနော်....

=========================================================================



🌼"အခန်း (၁၇)"


မနက်ခင်းတစ်ခုဟာ အစပြုလာလေပြီ။
နာရီပြန်လေးချက်တီးသည်နှင့် အချို့အိမ်လေးများတွင် မီးရောင်မှိန်မှိန်လေးတွေကို တွေ့လာရသည်။

ဘုန်းကြီးကျောင်းအတွက် ဆွမ်းချိုင့်ပို့ပေးရန်နှင့် လယ်ထဲဆင်းကြလျှင် စားရန်အသင့်ယူသွားဖို့ ပြင်ဆင်ကြရသလို လယ်ပိုင်ရှင်များကတော့ 
မိမိတို့အလုပ်သမားများကို ထမင်းကြမ်း 
ကျွေးမွေးဖို့ အသီးသီး ချက်ပြုတ်ကြော်‌လှော်ခြင်းလုပ်ငန်းစဥ်များကို စတင်ကြလေသည်။

"ပဲပြုတ်.....ဟော့ဒီက..ပဲပြုတ်ပူပူ‌လေး...*

ရွာထဲမှ ပဲပြုတ်သည်ဒေါ်ပုကလည်း မိုးလင်းစလေးပြုလာ၍ ညာသံပေးကာ ပဲပြုတ်လည်ရောင်းလေသည်။
ပဲပြုတ်သည်ကို စောင့်နေသူများကမူ အိမ်ရှေ့သို့ ပြေးထွက်လာကြပြီး ၀ယ်ကြလေသည်။

ထိုစဉ်မုန့်လေပွေသည်ကလည်း မိမိမုန့်များကို မနက်ခင်းတွင် လှည့်လည်ရောင်းချဖို့အတွက် 
အိမ်ဘေးမီးဖိုတဲလေးတွင်  ရေနံဆီမီးစာလေး 
မှိန်ဖျဖျကို ထွန်း၍ တရှဲရှဲမြည်အောင် ကြော်နေ
လေသည်။

 တစ်ခါတစ်လေကြပြန်ရင် သူ့ခမျာ ကလေးတွေ ဆော့၍ မုန့်လေပွေတောင်းကြီးမှောက်ပြီး အကုန်ကြေမွကာ အရင်းပြုတ်ရသည့်အချိန်လည်း ရှိလေသည်။သို့ပေမဲ့ အပို၀င်ငွေရလိုရငြား ဆက်၍လုပ်နေတာပါပဲ။

 အချို့ငါးပိ၊ငန်ပြာရည်လုပ်ငန်းကို လုပ်ကိုင်သည့်သူများဟာ ညဘက် နှစ်နာရီထိုးလောက် လူခြေတိတ်သည့် အချိန်ဖြစ်သော်ငြားလည်း စီးပွားရေး လောဘနှင့် စား၀တ်နေရေးက ရှိနေလေတော့ အနားမနေကြရပေ။

ပိုက်ချ၍ပြန်လာသော အဖွဲ့က ရွာကိုနှစ်နာရီ လောက်ရောက်သည်ဆိုရင် မိသားစုတွေအပါအ၀င် ရွာထဲမှ ငါးရွေးချင်ကြသော အပျို၊အအိုနှင် ကလေးများကအစလုပ်ချင်သူများကို ခေါ်ကြရလေသည်။

ငါးစင်ရိုင်း၊ငါးခုံးမ၊ငါးဇင်စက်၊ငါးရံ့၊ငါးဖယ်အောင်း၊ငါးဖောင်ရိုး စရှိသဖြင့်ပိုက်ချ၍
 ရခဲ့သမျှ ငါးများကို ရွေးကြ၊ခုတ်ကြရာတွင် မိမိတို့အိမ်စားဖို့အတွက်လည်း ဟင်းစားအဖြစ် ပုဇွန်များနှင့် ငါးနက်ပြာများကို ရွေးပြီး တစ်ယောက်ကို  
သုံး၊လေးဆယ်သားလောက်ယူခွင့်ရှိကြလေသည်။

အချို့ကတော့ မိမိတို့ခုတ်လို့ရသော ငါးခေါင်းများကိုပါ ယူသွားကြပြီး အိုးထဲတွင်ဆားသိပ်နှပ်ကာ
ငါးခေါင်းငန်ပြာရည် လုပ်ကြလေသည်။

ထို့ကြောင့် ငါးရွေးကြပြီ၊ငါးခုတ်ကြပြီဆိုလျှင် အုပ်စုတွေဝိုင်းထိုင်ပြီး အလာဘ၊သလာဘတွေ
ပြောကြလွန်း၍ တဟားဟားရယ်သံတွေလည်း လွှင့်ပျံလာလေ့ရှိပါသည်။
ဤသို့ဖြင့်  ရွာငယ်ကလေး၏  ရိုးရှင်းလှသော သရုပ်လက္ခာသည် စောစီးစွာ အသက်၀င်နေပြီဟု ဆိုရပေမည်။

မကြာသော အချိန်အပိုင်းအခြားလေးတစ်ခုတွင်
သူရိန်နေမင်းဟာ သစ်လွင်သောမနက်ခင်းကိုဆောင်ကျဉ်းလျှက် အရှေ့အရပ်မှ ပူပူနွေးနွေးအလင်းဓာတ်ကို ပတ်ဖြန်းလိုက်လေသည်။

ထိုစဉ် ကျောင်းစိမ်း၀တ်စုံလေးများနှင့် ကျောင်းသားကလေးများဟာ မိမိနှင့် သက်ဆိုင်ရာကျောင်းသို့ ခရီးနှင်ကြ‌တော့သည်။
အချို့ကတော့ စက်ဘီးကလေးများနှင့်၊
အချို့ကမော်တော်နှင့် လှေနှင့်သွားကြပြီး၊
အချို့ကတော့ ခြေလျှင်လျှောက်ကြလေသည်။

လယ်ထဲသို့ နေမထွက်ခင်ကမှ ဆင်းနှင့်ကြသူများ
ရှိပေမဲ့ စံပယ်ကတော့ ဒီနေ့မှာအနားယူချင်၍ 
အဖွားနှင့်သာ ဆွမ်းချိုင့်ပို့သို့ လိုက်ခဲ့လေသည်။

သစ်ရွက်နု‌တွေကြားမှာ နေရောင်ဖျော့ဖျော့လေးတွေကတကယ်ကိုကဗျာဆန်လွန်းလှပါသည်။
စံပယ်နဲ့အဖွားက‌တော့ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့ရန် ကျောင်းပေါ်သို့တက်လိုက်ကြသည်။ကျောင်းကြီးကနှစ်ထပ်ဆောင်ဖြစ်ပြီး
သစ်သားလှေကားကြီးကအစ ရေနံ‌ချေးအ၀သုတ်ထားလေသည်။

ကျောင်းထိုင်ဘုန်းဘုန်းက စံပယ့်ကို လိမ္မာသည့်ကလေးမလေးဆိုပြီး အင်မတန်ချစ်လေသည်။
‌စံပယ်ကလည်း မြို့ပဲဈေးတက်၀ယ်၀ယ် ၊
ဘယ်နေရာပဲသွားသွား ဘုန်းဘုန်းအတွက်၊
ကျောင်းအတွက် လိုအပ်တာလေးတွေကို
၀ယ်‌ပေးတတ်သည်။

စံပယ်လည်းဘုန်းဘုန်းကို၀တ်ပြုပြီး အိမ်မှာလုပ်စရာလေးတွေ ရှိနေ၍ ခွင့်တောင်းကာ ကျောင်းအောက်သို့ ဆင်းလာခဲ့လိုက်သည်။
အဖွားကတော့ ဘုန်းဘုန်းနဲ့ စကားပြောကာ ကျန်နေခဲ့လေရဲ့။

"အမယ်လေး.."

"ရှူး..တိုးတိုး..ကိုယ်ပါမွှေး.."

"ရှင်..ရှင်..ဘာလုပ်တာလဲလွှတ်နော်.."

လှေကားခြေ‌ရင်းနောက်ကွယ်မှာပုန်းနေသည့်
ဦးနေဂုဏ်က ရုတ်တရက်ခါးကနေလှမ်းဆွဲ
လိုက်တာကြောင့် စံပယ်ရုန်း၍မရဖြစ်နေရသည်။
မျက်နှာကလည်းမချိုမချဥ်နဲ့ 
ဓား ပါရင် နုတ် နုတ်စင်းပစ်လိုက်ချင်သည်။

"ရှင်ဘာလုပ်တာလဲလွှတ်နော်..အပေါ်မှာအဖွားရှိတယ်...ဆင်းလာရင် တစ်မျိူးထင်နေလိမ့်မယ်
..လွှတ်.."

"ထင်လည်းဘာဖြစ်လဲ..ကိုယ်တို့ကလက်ထက်ဖို့တောင်စဉ်းစားထားတဲ့ဥစ္စာ.."

"သေလိုက်ပါလား..အဲ့မှာလဲသေလိုက်..ရှင့်လိုလူယုတ်မာ၊လူလိမ်ကောင်ကို..ကျွန်မက
တစ်သတ်လုံးလက်မထက်ဘူးမှတ်..
လွှတ်..ကျွန်မကိုအခုချက်ချင်းလွှတ်လို့...‌.."

"ဟာ..ကိုယ်ဘယ်မှာယုတ်မာခဲ့၊လိမ်ခဲ့လို့ ဒီလိုစွတ်စွဲရတာလဲ..ကိုယ်မွှေးကိုဘယ်သူနဲ့မှမတူအောင်ကို..
ချစ်တယ်ဆိုတာမွှေးမသိဘူးလားကွာ..မွှေးအတွက်ဆိုရင် ကိုယ်အများကြီးအလျှော့ပေးခဲ့တယ်..
မွှေးရဲ့ဆန္ဒတွေကို ကိုယ်အမြဲဂရုစိုက်ပေးခဲ့တယ်လေ.... "

"အပိုတွေပြောမနေပါနဲ့..ရှင့်ရဲ့အချစ်ဆိုတာကြီးကို
ဒီကသိပ်ကိုကြောက်ပါသတဲ့ရှင်..ရှင့်ကိုလဲ
ကျွန်မရဲ့ စိတ်ထဲကနေထုတ်ပစ်လိုက်တာကြာပြီ..
သိရဲ့လား....ရှင့်ကိုကျွန် ထပ်မယုံတော့ဘူး...
ကျွန်မ..သေချာစဉ်းစားခဲ့ပြီးပြီ...ရှင့်ဆီကိုဘယ်တော့မှ ပြန်မလာတော့ဘူး..."

အတင်းရုန်းနေတဲ့ကြားက ပိုတိုးလို့ဖက်လာတာကြောင့်စံပယ်အသက်ရှူတောင်ကြပ်ချင်လာသည်။သူ့နဖူးနှင့်စံပယ့်နဖူးကိုပူးကပ်လိုက်ပြီး တိုးညှင်းစွာ အပ်ကွဲသံကြီးနဲ့ပြောလာသည်က..

"စံပယ်ဟာဒီကမ္ဘာတစ်ခုလုံးမှာ ကိုယ့်အတွက်အရေးကြီးဆုံး ပန်းလေးတစ်ပွင့်ပဲ သိရဲ့လား 
ကိုယ့်ဘ၀မှာ မာမီပြီးရင် ကိုယ်မြတ်နိုးတန်ဖိုး
အထားရဆုံးက စံပယ်ပဲရှိတာပါ..စံပယ်ကိုယ့်ကို ပစ်ထားခဲ့တဲ့အချိန်တွေမှာ ကိုယ်ဘယ်လိုရှင်သန်နေခဲ့ရသလဲ စံပယ်သိရဲ့လား..ကိုယ့်ကိုသနားပါကွာနော်..."

သူ့ရဲ့ပက်ချွဲနှပ်ချွဲစကားတွေကို နားကြားပြင်းကပ်လာ၍ ပူးကပ်နေသည့်ရင်ဘတ်နှစ်ခုအကြား
လက်ကိုလျိုသွင်းလိုက်ပြီး သူ့ဗိုက်‌ကိုစမ်းလိုက်ကာ ဆွဲလိမ်ပစ်လိုက်သည်။

"အား..အား...အမယ်လေး..နာ..နာတယ်.."

"မှတ်ထား..အဲ့ဒါမဟုတ်မဟက်တွေလာပြောချင်အုံး....ရှင်ပြောတဲ့စကားလုံးတစ်ခုဆီတိုင်းကို
ကျွန်မလုံး၀မယုံကြည်တော့ဘူး...ရှင်းလား..."

"ဟဲ့!!ဟဲ့.....ကျောင်းအောက်မှာဘာအသံလဲ.."

အဖွားရဲ့အော်သံကြောင့်စံပယ်ထိတ်လန့်သွားရသည်။
ဒီလူနဲ့အကြောင်းကို အဖွားသိလို့မဖြစ်ဘူး။

"ဟို..ဘာမှမဟုတ်ပါဘူး..ဒီမှာဖားတစ်ကောင်
တစ်ဂွမ် ဂွမ်နဲ့အော်နေလို့..ပါးစပ်ပိတ်‌အောင်ဗိုက်ကိုလိမ်ဆွဲလိုက်တာအဖွားရဲ့..ဘာမှမဟုတ်ဘူးနော်.."

"အမယ်လေး...မိစံပယ်ရေ...ပြောတော့လုပ်စရာရှိတာ သွားလုပ်မလို့ဆို...သာအေး ခွဲထားခဲ့တဲ့ထင်းတွေကို မီးဖိုထဲမှာ သွားပုံချေလေ....ညည်းနယ်...
ဖားနဲ့မှ ရန်ပတ်ဖြစ်နေရတယ်လို့...ခဏနေ ငါပြန်လာခဲ့မယ်...."

"ဟုတ်ကဲ့ပါ...အဖွားရဲ့ သမီးသွားပါပြီ...."

စံပယ်လည်း အဖွားကိုလှမ်းအော်ဖြေလိုက်ပြီးနောက် သူ့ကိုမျက်စောင်းလှမ်းချိတ်လိုက်သည်။
ပြီးနောက် အမြန်ပြန်လှည့်ထွက်လိုက်တော့ 
သူကအရှေ့မှ အပြေးတားပြန်သည်။
သူ့ကိုမော့ကြည့်လိုက်တော့သနားစရာမျက်နှာထားနဲ့ လာကြည့်နေပြန်တယ်။စံပယ်ကတော့ မသနားနိုင်ပါဘူး။တမင်ဟန်လုပ်နေတယ်ပဲ ထင်တယ်။

"ကိုယ့်အချစ်ကိုယုံပါကွာ..စံပယ့်ကိုဘယ်လိုသက်သေပြရမလဲ ကိုယ့်ကိုကြိုက်သလိုစမ်းသပ်ပါ..ကိုယ့်ဒီနေရာအထိတောင် ရောက်လာခဲ့ပြီးပြီပဲ 
လုံး၀လက်မလျှော့နိုင်ဘူး..."

"ရှင်သိပ်ကိုသက်သေပြချင်နေတယ်ပေါ့ဟုတ်လား..
ကောင်းပြီ..အဲ့ဒါဆိုရင် ကောက်စိုက်၊ပျိုးနှုတ်ကအစ တောမှာရှိတဲ့ ပင်ပန်းတဲ့အလုပ်မှန်သမျှ
လိုက်လုပ်..ရှင်ဘယ်လောက်အထိအပင်ပန်းခံနိုင်
မလဲစောင့်ကြည့်မယ်..ကျွန်မကျေနပ်ပြီဆိုမှရှင့်ကိုစဉ်းစားပေးမယ်..အရှေ့ကနေဖယ်.."

သူ့ပုခုံးကိုတိုက်ပြီး ကျောင်းထဲမှထွက်လာလိုက်သည်။စံပယ်သိတာပေါ့ သူကငယ်ငယ်ထဲကရွှေပေါ်မြတင်နေလာခဲ့တဲ့လူပဲ။
ဘယ်လောက်‌တော်ပြီးထက်မြက်တယ်ပြောပြော ၊ဘယ်လောက်အထိ နေ့မနား၊ညမနား အလုပ်လုပ်နိုင်တဲ့ သူဌေးလို့ဆိုဆို ဦးနှောက်စားတဲ့အလုပ်ကိုပဲ သူလုပ်နိုင်မှာပါလေ။

စံပယ်တို့တောသားတွေလို ကျောပူခံပြီးနေပူထဲမှာကြမ်းကြမ်းတမ်းတမ်း အလုပ်လုပ်နိုင်မှာမဟုတ်သလို မြှော့၊ဖြုတ်အတွယ်ခံပြီးလည်း 
မိုးထဲ၊လေထဲမှာကောက်စိုက်နိုင်မယ် မထင်ပါဘူး။
တစ်တင်းခွဲ စပါးတစ်အိတ်တောင်သယ်နိုင်မဲ့ပုံမပေါ်ဘူး။
စံပယ်ဆိုတာလေ ဟင်ဆိုရင်ဘုရင့်အမိန့်လည်းလှည့်မကြည့်တတ်ဘူးရှင့်သိရဲ့လား။

🌼🌼🌼🌼🌼🌼🌼🌼

အချိန်အားဖြင့် နေ့လည်ဆယ်နာရီလောက်ပင်ရှိပါတော့မည်။
မစိုးက အကြွေးတောင်းရန်ဟုဆိုကာအဖော်ခေါ်သဖြင့် မလှရီနှင့်စံပယ်တို့ ပွတ်စလီရွာ ဟိုဖက်ကမ်းသို့ တံတားကူးပြီးသွားကြရလေသည်။

ဟိုအရင်ကတော့ ချောင်းကိုကူးရသော တံတားလေးဟာ ဝါးတံတားဖြစ်ပြီး စံပယ့်ဖြင့် ရေကူးတတ်သူပေမဲ့ အိပဲအိပဲ့ဖြစ်နေတဲ့ တံတားကိုခပ်ကြောက်ကြောက်နဲ့ ကူးခဲ့ရသည်။
မတော်လို့ ကိုယ်ပြုတ်ကျတဲ့အချိန်က လှေတို့၊မော်တော်တို့ ဖြတ်မောင်းသွားတဲ့အချိန်ဖြစ်နေရင် ဘယ်နှယ့်လုပ်ပါ့မလဲလို့ တွေးပူမိတာမျိုးပေါ့။

အခုတော့လည်း ဒီ၀ဋ်ကနေကျွတ်ပါပြီလေ။
ရန်ကုန်က အလှူရှင်ရယ် ရွာသားတွေရဲ့စုပေါင်းမတည်မှုနဲ့ပေါင်းပြီး ခိုင်ခန့်သော တံတားလေးကို ဆောက်နိုင်ခဲ့လေပြီ။

"ဒေါ်ချစ်ရေ...ဗျို့ဒေါ်ချစ်...."

"ဟဲ့....မချစ်မရှိဘူး...ဟိုဘက်ပိုင်းကို ခဏသွားတယ်...."

ဘေးအိမ်က ဒေါ်တင်မိဟာ သူ့သမီးကို အိမ်ရှေ့အပေါက်၀၌ ကျကျနန သန်းထိုင်ရှာပေးနေရင်းမှ စံပယ်တို့ကို သတင်းလှမ်းပါးလေသည်။
မစိုးလည်း အကြွေးလာတောင်းသည့်နေ့တိုင်း 
ပျောက်ပျောက်နေသည့် ဒေါ်ချစ်ကြောင့် အင်မတန်စိတ်တိုနေလေသည်။

ဟုတ်လည်းဟုတ်တာပဲ။ဒင်းတို့က ယူတုန်းကတော့ ဟိုနေ့ဆပ်မယ်၊ဒီနေ့ဆပ်မယ်လို့ ပြောပြီး 
လာတောင်းရင် လူမရှိရတာနဲ့ ယောက်ျားပြန်မလာသေးရတာနဲ့ ၊နေ့စားခ မထုတ်ရသေးတာနဲ့ အကြောင်းပြချက်တွေကို စုံနေတာပါပဲ။

သူတို့ကိုလည်း အ‌ပြစ်ပြောလို့ဘယ်ရပါ့မလဲလေ။
တစ်ချို့ကြ ရှိရဲ့သားနဲ့မဆပ်တာမျိုးပေမဲ့၊
တစ်ချို့ကြတော့လည်း ‌တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ဘ၀တွေဖြစ်တဲ့အပြင် သားသမီးအဖို့၊အိမ်ဖို့၊ဆေးဖိုးဝါးခအဖို့ဆိုသည့် အပေါက်တွေကို 
လှည့်ဆို့နေရတာနဲ့ ရတဲ့လုပ်ခ တစ်ပဲခြောက်ပြားက 
ဘယ်ကာမိကြပါ့မလဲ။ 
တကယ်ကို ရှင်သန်ရခက်ခဲတဲ့ ဘ၀တွေပါလေ။
ဒါကြောင့်လည်း တောကလူတွေမြို့တက်ကုန်ကြတာပေါ့။

"စံပယ်ရေ...ငါတို့ဘယ်လိုလုပ်မလဲ...."

"ပြန်ရုံပဲ ရှိတာပေါ့...."

"ဟဲ့...ဟဲ့...မချစ်မရှိပေမဲ့....ဟိုမှာ မချစ်ရဲ့သား ဂေါ်လီလုံး လှိမ့်နေတယ်လေ....ဟဲ့ထူးချစ်...."

ဒေါ်တင်မိက  ရွာထိပ်ကနေအော်လျှင် ရွာဖျားကနေကြားရလောက်သော အသံကြီးနဲ့ ဂေါ်လီလုံးလှိမ့်နေသော ဒေါ်ချစ်ရဲ့သားကို လှမ်းခေါ်လိုက်လေသည်။
ဒေါ်ချစ်ရဲ့သားကလည်း သူ့အမေဒေါ်ချစ်လိုပါပဲ
ပိန်ပိန်၊သေးသေး သွားခေါခေါလေး။

"ဘာလဲဗျ...."

"ဟဲ့  နင့်အ‌မေကို ဟိုဘက်ပိုင်းမှာ သွားခေါ်စမ်း...
မစိုးတို့ရောက်နေတယ်လို့...."

"ဟာဗျာ...ဂေါ်လီလုံးလှိမ့်နေပါတယ်ဆို...
မအားဘူး..."

"အောင်မာ...ဒီငနာလေး...ငါကျွေးလိုက်ရရင်တော့
ငါ့သမီးရဲ့ ခေါင်းကသန်းတွေ နင့်ပါးစပ်ထဲကို အတောင့်လိုက်၀င်သွားတော့မှာပဲ...."

"ဟာဗျာ...."

"ဟာဗျာ...လုပ်မနေနဲ့...သွားခေါ်....သွား..."

"ပြီးရော...."

ဒီလိုနဲ့  မစိုး၊စံပယ်နဲ့ မလှရီတို့သုံးယောက်သား
 ဒေါ်ချစ်တို့ အိမ်ရဲ့ဖိနပ်ချွတ်လေးမှာ ဖုန်ခါပြီးထိုင်စောင့်နေမိကြလေသည်။
စံပယ်တို့‌စောင့်တာ နာရီ၀က်နီးပါးရှိလာပေမဲ့ 
ဒေါ်ချစ်တင်မက သူ့သားပါ ပေါ်မလာတော့ပေ။
သေချာပါတယ် နှစ်ကောင်လုံး ကျွင်းတူးပြီး 
ပုန်းနေလောက်ပြီ။

"တောက်!!!!!ဒီမိန်းမကြီး သူများအကြွေးကို 
ယူတုန်းကယူပြီး အခုကြ ပေါ်ကိုမလာတော့ဘူး...
နေအုံး မနက်ဖြန်ကြမှ သူ့ယောက်ျားလယ်ထဲကို 
မဆင်းခင် စောစောလာတောင်းမယ် ကြည့်နေ...."

ဒီလိုနဲ့ ပိုက်ဆံမရပဲခြေထောက်သာညောင်း၍ပြန်လာရပါတော့တယ်။

"ဟဲ့..ဟဲ့..စံပယ်တို့..မစိုးတို့..ဟိုမှာကြည့်စမ်း.."

"ဟင်..ဘယ်မှာလည်း..ပိုက်ဆံတွေ့လို့လား.."

အရေးထဲချစ်တီးမ မစိုးဟာ လမ်းပေါ်မှပိုက်ဆံကိုအတင်းကုန်းရုန်းရှာနေ‌လေရဲ့။
 မလှရီလည်းစိတ်မရှည်ဖြစ်ပြီး မစိုးရဲ့
ကျောကုန်းကြီးကို "ဘုန်း"ကနဲမြည်အောင် ပိတ်ကာတီးပစ်လိုက်လေသည်။
မစိုးခမျာ ကျောတောင်ကော့ထွက်သွားရသည်။

"ဟဲ့လှရီမ...နင်ပဲကြည့်ဆိုလို့ကြည့်တာလေဟယ်..
သေနာမကြီး ဘာလို့လာရိုက်တာလဲ..အား..
ကျွတ်..ကျွတ်.."

"ချစ်တီးစုတ်မ..ငါပြတာဟိုကိုဟဲ့..ကိုအေးတို့အိမ်ကို..အိမ်ရှေ့မှာဘယ်သူတွေရောက်နေလဲ
တွေ့လား.."

မလှရီက မဲ့ကာရွဲ့ကာနှင့် မျက်စပစ်ပြတော့ 
မစိုးကလည်း ပြူးပြဲကြည့်လေသည်။အတိုင်အဖောက်ကို ညီနေတာပါပဲ။

"အဲတော့..မတွေ့စဖူး အတွေ့ထူးလို့..ကိုအေးတို့အိမ်‌ရှေ့မှာ မကြီးကျယ် ဒေါ်မြတင့်တို့ပါလား..
ဘာခိုးမလို့ချောင်းနေတာလဲမသိဘူး.."

ထိုအခါမလှရီက မစိုးကိုတံတောင်နဲ့တို့လိုက်ပြီးအကျယ်ကြီးအသံလွှင့်လိုက်သည်က..

"လူခိုးမလို့ပေါ့ဟဲ့..ဒီဘက်ပိုင်းကို နှာဘူးလာထဖို့ကလွှဲပြီးဘာအကြောင်းရှိမှာမို့လဲ.."

"အယ်..သူများအတင်းတုပ်ရင်လည်းတိုးတိုးတုပ်ကြပါရှင်..ဒေါ်ကြည်ဝေတို့အိမ်မှာ စပါးသွားထည့်
ရအုံးမယ်..မြန်မြန်လာကြ.."

စံပယ်တို့သုံးယောက်က ကိုအေးတို့အိမ်အရှေ့မှ
အဖြတ် မြတင့်တို့အဖွဲ့ကလည်း ကိုအေးတို့ခြံဝိုင်းကအထွက်နှင့်ဆုံမိကြရာ ခုဏကအတင်းတုတ်ကြတဲ့မလှရီနှင့် မစိုးကပဲ ဟန်လုပ်အပြုံးနဲ့ပြုံးပြ
နှုတ်ဆတ်လေသည်။

"ဟယ်မြတင့်တို့..ကိုအေးဆီလာတာလား.."

"အို..ကျွန်မက ကိုအေးဆီဘာလာလုပ်ရမှာလဲ..
ရန်ကုန်ကဧည့်သည်ကို အိမ်မှာ၀က်တစ်ကောင်လုံးပေါ်လို့..ထမင်းစားလာဖိတ်တာရှင့်..."

မမြတင့်ဆိုသည်ကလည်း ရှိတာအကုန်ကြွားတတ်
သူမို့ မျက်နှာကို ချီပြီး ကြွားလုံးကစလာလေသည်။
တကယ်ပါ သူ့အိမ်ကအိုးထဲမှာ ဆန်ဘယ်နှစ်စိ
ရှိတယ်ကအစ ကြွားတဲ့ဟာတွေ။

"အော်..မြတင့်တို့ အိမ်မှာ‌မွေးထားတဲ့ ၀က်တွေတော့သနားပါတယ်နော်..ဟိုတစ်လောကပဲကျောင်းဆရာကို၀င်းကို ထမင်းစားဖိတ်ဖို့အတွက် 
တစ်ကောင်ပေါ်လိုက်တယ်ဆို..အခုတစ်ကောင်ပေါ်ပြန်ပြီ..ပေါ်...ပေါ်နိုင်လွန်းတယ်အေ...
မြတင့်တို့အိမ်က ၀က်တွေတော့ နေ့တိုင်းဘုရားတနေရမှာပဲ..သနားပါတယ်..."

"အဲ့ဒါဘာဖြစ်လဲ ကိုယ့်အိမ်က၀က် ကိုယ်ပေါ်စားတာပဲဟာ.."

"ဖြစ်တာပေါ့ မြတင့်ရယ် နင်တို့အိမ်က
၀က်‌တစ်ကောင်ပေါ်တိုင်း ငါ့ကိုတစ်ခါလာလာခြောက်တယ်ဟဲ့..ဟိုတစ်လောကလေ ငါ့ကိုအိပ်မက်ထဲမှာ မြတင့်တို့အိမ်က၀က်အဖြူလေးကအိပ်မက်ပေးတယ်သိလား..
ဒီအိမ်မှာဆက်နေရင်...ဘူးသီးနဲ့ရောပြီးအချက်ခံရမှာကြောက်လို့..ကယ်ပါအုံးတဲ့..
မစိုးကလည်းပြောလိုက်ပါတယ်..
ဘူးသီးနဲ့ချက်တာကသူတို့ဝါသနာပါလို့..
ဟို..အိပ်မက်ထဲမှာပါနော်.."

မစိုးဟူသည်မှာ မျက်နှာအတွန့်အကွန့်အမူအရာတွေနှင့် ပြောနေသည်များ သူတကယ်အခြောက်ခံရသည့်နှယ်။တကယ်က နှာဘူးထတယ်ကို တမင်
ဘူးသီးလို့ ရွဲ့ပြောနေတာ စံပယ်မသိရင်ခက်မယ်။

"ဟယ်..မစိုး...ရှင်အနှောင့်အသွား မလွတ်တဲ့စကားတွေမပြောနဲ့နော်..မြတင့်တို့ကစေတနာနဲ့ပါ.."

"အေးလေ အဲ့စေတနာကို... ဒီ၀က်တွေကိုက
နားမလည်တာ သိလား.."

"တော်ပြီ..ရှင့်တို့လိုလူတွေနဲ့စကားတုမပြောချင်ဘူး.."

မမြတင့်က မတူသလိုမတန်သလို နှာခေါင်းရှံ့ကာ
ခြေဆောင့်၍ထွက်သွားလေသည်။
အမှန်တော့သူမနာမည်က မြတင့်တင့်ဝေဖြစ်ပြီး 
ရွာနှစ်ရွာရဲ့အချမ်းသာဆုံးဒေါ်မြဝေနဲ့ ဦးထွန်းတင့်တို့ရဲ့သမီးပေါ့။

အသားခပ်ညိုညိုနှင့် ရုပ်ရည်ချောမောသူမို့
ရွာ့ကွမ်းတောင်ကိုင်ဘွဲ့ထူးကိုရထားသည်လေ။
အကြွားသန်လွန်းပြီး ဂုဏ်မောက်လွန်းတဲ့သူတို့သားအမိကိုတော်တော်များများက မျက်စိဆံပင်မွှေးဆူးနေကြတာမဆန်းပါဘူး။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"မောင်နေဂုဏ်မာန်..စားနော်..ဘာမှအားမနာနဲ့..
အဒေါ့်နာမည်ကကြည်ဝေတဲ့..ကိုအေးရဲ့အစ်မ မိုးနီနဲ့ဆိုအဒေါ်အရင်းပေါ့ကွယ်.."

"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါ့မယ်.."

မိုးနီရဲ့အဒေါ်  ဒေါ်ကြည်ဝေဆိုသူက အုန်းပင်စု
ရွာတွင်နေသူဖြစ်ကာ သဘောမနောကောင်းသူ
တစ်ယောက်ဟု သူမှတ်ချက်ချမိသည်။
ရှိသမျှ မုန့်မျိုးစုံကိုလည်းချကျွေးနေ၍ သူ့မှာအားနာနေရသည်။

တကယ့် တကယ်မှာတော့ ဒီရွာကလူတွေဟာ အင်မတန်ခင်စရာကောင်းကြသည်။
အဒေါ်ကြီးတွေက စကားပြောရင် အသံကျယ်ကျယ်ပြောတတ်ကြတာက လွဲလို့ ဘွင်းဘွင်းရှင်းရှင်းနဲ့ သဘောမနောကောင်းကြပြီး
ဟန်မဆောင်တတ်ကြပေ။

ဟာသဉာဏ်လည်း အရမ်းရွှင်ကြတယ်။
ဘာလေးပဲပြောပြော သူတို့ရဲ့ပါးစပ်က‌နေ
ထွက်လိုက်ရင် ရယ်စရာကို ကောင်းနေတာ။
ဒါကလည်း စိတ်ခံရိုးရှင်းကြလို့ နေမှာပါလေ။

"မောင်နေဂုဏ်...စားနော်....အားမနာနဲ့သိလား....
ဒါက အန်တီကိုယ်တိုင်ကြော်ထားတဲ့ မုန့်ဆီကြော်လေ..."

"အော်...ဟုတ်ကဲ့..."

မစားပဲ အလှထိုင်ကြည့်နေရင် အဒေါ်ကြီးကို အားနာစရာဖြစ်နေတာကြောင့် သူလည်း မုန့်ဆီကြော်တစ်ခုကို ပန်းကန်ထဲမှ ယူစားလိုက်သည်။
မြန်မာလက်လုပ်မုန့်တွေကို ငယ်ငယ်တည်းက သိပ်စားလေ့
မရှိတာကြောင့် မုန့်ဆီကြော်ရဲ့အရသာက 
သူ့အတွက်ထူးခြားနေသည်။

အလည်က နဲနဲပျော့ပေမဲ့ အနားသတ်လေးတွေက ကျွတ်ကျွတ်ရွရွလေးတွေဖြစ်လို့ ဝါးလို့ကောင်းသည်။
 နှမ်းလေးတွေပါ ကပ်နေပြီး ထန်းလျှက်ရောထားပုံရတယ် ။အရသာကချိုချိုလေးဖြစ်နေသည်။
ပါးစပ်ထဲမှာ အရသာတွေ့မိတာကြောင့် 
သူတစ်ခုလုံးကုန်အောင် စားပစ်လိုက်သည်။

"ဒုန်း..ဒုန်း..ဒုန်း..ဒုန်း"

"ဒေါ်လေး..နောက်ဖေးမှာ ထော်လာဂျီသံကြားတယ်.."

"အေး..အဲ့ဒါ‌မောင်အေးတို့ စပါးသယ်လာတဲ့အသံလေ...ရွာဖျားကလယ်က‌နေ ဟိုတစ်နေ့ကပဲ ရိတ်ပြီးလှမ်းထားတာ‌‌တွေလေ......ကိစ္စမရှိပါဘူး..
နောက်ဖေးမှာ စပါးထည့်နေတဲ့အလုပ်သမားတွေ
ရှိတယ်..သူတို့ကူသယ်လိမ့်မယ်..."

"ကျွန်တော်လည်းသွားကူလိုက်အုံးမယ်ဗျာ..
ကိုနေဂုဏ်  လိုက်ကြည့်အုံးမလား.."

"အင်းလေ..သွားကြည့်ကြတာပေါ့.."

 နေဂုဏ်မာန်လည်း တောနေအလုပ်သမားတွေရဲ့ အလုပ်လုပ်ပုံကို အနီးကပ်ကြည့်ချင်တာကြောင့် လိုက်သွားမိလေသည်။
စံပါးပုံကြီးဘေးမှာ လက်ရှည်အိင်္ကျီ‌တွေ၀တ်ထားသော အလုပ်သမားတွေက စပါးကို ဂုန်နီအိတ်ထဲသို့ ထည့်ပြီး အခြားဘက်မှာ စီကာထောင်နေကြလေသည်။ 

 လမ်းလျှောက်‌ရင်းနှင့် နေရိပ်ထဲမှာတောင်ဘာကြောင့် လက်ရှည်အိင်္ကျီတွေ၀တ်ထားကြသလဲလို့ မိုးနီကိုမေးလိုက်တော့စပါးအမှုန်တွေကပ်ရင် အသားတွေအရမ်းယားတာကြောင့်တဲ့လေ။

မိုးနီနောက်ကိုလိုက်လာမိတာမှန်သွားသော
ကြောင့်သူကြိတ်ပျော်မိလေသည်။
အကြောင်းကတော့စံပါးထည့်နေတဲ့အဖွဲ့ထဲမှာ 
သူ့ရဲ့မွှေးလေးလည်း ပါနေသည်ကိုး။

ထော်လာဂျီရပ်လိုက်သည်နှင့် မွှေးတို့အဖွဲ့ကလည်း လုပ်လက်စတွေကို ခဏချပြီး စပါးအိတ်ထမ်းရန်‌ ထော်လာဂျီဘေးမှာသွားရပ်ကြလေသည်။

အပေါ်ကလူက သူမလေးရဲ့ပုခုံးပေါ်ကို ဆန်အိတ်အလေးကြီးအား ပင့်တင်လိုက်တယ်ဆိုရင် 
သူမရဲ့ပုခုံးလေး အရမ်းနာ၊အရမ်းလေးနေမှာပဲလို့ သူတွေးနေမိသည်။
သူ့မွှေးလို ဖြူဖြူဥဥလေးက ဒီလိုစပါးအိတ်ကို ထမ်းနေတာ သူလုံး၀မကြည့်ရက်တော့ပေ။
ထို့ကြောင့် ချက်ချင်းပဲ မိုးနီကိုဖြတ်ကျော်ပြီး
မွှေးရဲ့အရှေ့မှာရပ်လိုက်မိလေသည်။

"မွှေး..အဲ..မစံပယ်..ကျွန်တော့်ကိုဒီစပါးအိတ်ပေးပါ..ကျွန်တော်ထမ်းပေးပါ့မယ်.."

"ဟယ်မြို့သား မဖြစ်ပါဘူးရှင်.."

"ဟုတ်ပါတယ်.."

"မလုပ်ပါနဲ့..ဧည့်သည်ပဲဟာ အေးဆေးနားပါ.."

ဒီလူကြီးရဲ့ပါးစပ်မှထမ်းပေးမယ်လို့လေးပဲ
ပြောရသေးတယ်။ ရှေ့နေလိုက်တဲ့သူတွေကပုံလို့ပင်။အေးလေ မြို့သား၊သူဌေးဖြစ်တဲ့အပြင် 
ရွာအတွက်လည်း ကုသိုလ်အရေးမှာ ရှယ်အမ်းထားလေတော့ အကုန်လုံးက သဲသဲလှုပ်နေကြတာ 
မဆန်းပါဘူး။

စပါးအိတ်တစ်ခါမှ မထမ်းဖူးတဲ့လူက တကယ်ထမ်းနိုင်တဲ့ ပုံစံဖမ်းပြနေတော့ အခက်သားပင်။
ဗလတောင့်တယ်ဆိုပေမဲ့ ကျင့်သားမရသေးရင် 
သုံးရက်လောက်က ကြွက်သားတွေနာနေမှာ သေချာတယ်။
စံပယ်တစ်ယောက်ထဲလူဆိုးအဖြစ်မခံနိုင်တဲ့အတွက် သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်
ဖြီးပြလိုက်သည်။

"မလုပ်ပါနဲ့မြို့သားရယ်..ဒါစံပယ်တို့လုပ်နေကျအလုပ်ပါ..ရှင်ကဗလတောင့်တယ်ဆိုပေမဲ့..ထမ်းနေကြမဟုတ်ရင်..ကြွက်သားတွေနာလိမ့်မယ်..
စန္ဒရားပဲတီးပါ..အိုးစည်ပြောင်းမတီးချင်ပါနဲ့ရှင်.."

စံပယ်လည်း တမင်ရွဲ့ပြောပစ်လိုက်သည်။
ဟုတ်လည်းဟုတ်ပါတယ်။
 သူ့လိုလူကဒီလိုအပင်ပန်းခံနိုင်မှာမဟုတ်ပါဘူး။
စပါးနှစ်အိတ်လောက်ထမ်းရုံနှင့် အသက်ထွက်အောင်မောနေမှာ သေချာတယ်။

စံပယ့်အဖို့တော့ လူကောင်သေးပေမဲ့ဆယ်ကျော်သက်အရွယ်ကဆို ရွာဖျားကနေ 
အဖွားအိမ်အထိတောင် ဆန်အိတ်တွေထမ်းခဲ့ဖူးတာမို့ လုပ်နေကြဖြစ်ပြီး မပြောပလောက်သည့် အလုပ်ကလေးပင်။

"ဟာ..အခုလိုပြောနေတာနဲ့တင်..မစံပယ်ထမ်းရတာအရမ်းလေးနေပါပြီ..ပေးပါဗျာ..ကျွန်တော့်ကို..
အမြန်ပေး..ကျွန်တော်ယောက်ျားပါ.."

သူ့ကိုယ်သူဇွတ်ကျားပြနေတာများ အမြင်ကပ်လိုက်တာနော် နောက်ကနေတင်ပါးကိုသာ ပိတ်ကန်ပစ်လိုက်ချင်တယ်။

သူများ‌ တွေဝိုင်းကြည့်နေတာကို ရဲစွမ်းသတ္တိတွေတော်တော်ပြချင်နေတယ်ပေါ့‌လေ။
စံပယ်ထမ်းထားတဲ့ ဆန်အိတ်ကို သူ့ပုခုံးပေါ်သို့ အတင်းဆွဲတင်နေတဲ့လူကြီးအား ဒီလောက်တောင်
ထမ်းချင်နေတာ ရော့ဟယ်ဆိုပြီး အသံမပေးပဲ
အိတ်ကြီးကိုပစ်ချပေးလိုက်သည်။

"ဟာ...လုပ်...လုပ်ပါအုံး..."

ဟန်ချက်မထိန်းနိုင်ပဲ မြွေကြီးလိုယိမ်းခါနေတာများ စံပယ့်အဖို့လက်ဝါးတစ်ဖြောင်းဖြောင်း တီးပြီးသာအားပေးလိုက်ချင်တယ်။

"ဟာ..ဟာ..လုပ်ကြပါအုံး..ကျွန်တော်မရတော့ဘူး.."

"ဘုန်း!!"

"‌ အောင်မယ်လေးဗျ!!!!!.." 

"ဟာ..ကိုနေဂုဏ်...ခင်များရရဲ့လား.."

"ရမှတော့ လဲမလားဗျ..အား..ကျွတ်..ကျွတ်..
ခါးရိုးကျိုးပြီလားမသိဘူး"

"ဒါဆိုဖြေးဖြေးထဗျာ..ဒေါ်လေးဆီသွားရအောင်.."

"ခင်များအဒေါ်ဆီဘာသွားလုပ်ရမှာလဲ.."

"ခင်ဗျားကအောက်ပိုင်းဖြစ်တာလေ..
အောက်ပိုင်းကအဒေါ်နဲ့မှရတာ..သူကဒါမျိုးတွေပိုင်တယ်.."

"ဘာ!!!!"

"ဟာ..ဖြည်းဖြည်းအော်ပါ..ဒီလိုဗျာ..ဒီလို
အဒေါ့်ဆီမှာက ဒဏ်ကြေလိမ်းဆေးတွေအများကြီးရှိလို့ သူ့ဆီကဆေးနဲ့မှပျောက်မှာလို့.."

"အဲဒီ့လို..ရှင်းရှင်းပြောပါလား.."

"ခင်ဗျားကိုက ရှုပ်ရှုပ်ကြားနေတာပါဗျာ.."

မြေကြီးမှာကျနေတဲ့ ဆန်အိတ်ကြီးအပေါ်မှာ ပက်လက်ကြီးလန်နေရာမှ မိုးနီကတွဲထူလေရာ 
ခါးကုန်ရင်း ညီးညူပြီးလိုက်သွားတဲ့သူ့ကို 
နည်းနည်းတော့သနားနေမိသည်။
စံပယ်လုပ်လိုက်တာ လွန်များသွားပြီလား။ 
သူတော်တော်နာသွားမှာပဲ။

အခန့်မသင့်ရင် ခါးရိုးတောင် ကျိုးသွားနိုင်တယ်။
အို...ဘာပဲဖြစ်ဖြစ် ငါအတင်းခိုင်းတာမှမဟုတ်ပဲ။
သူ့ဒုက္ခသူရှာတာလေ။
ကိုယ့်စိတ်ကိုပြန်တင်းလိုက်ရင်း မဲ့ပြုံးတစ်ခုကိုဖန်တီးပစ်လိုက်သည်။

"ကျွန်မကျခဲ့ရတဲ့မျက်ရည်တွေက ဒီ့ထက်တောင်နာကျင်ခဲ့ရတာပါလေ"

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ကြည်လင်အေးမြတဲ့ ချောင်းရေအလျှင်အတိုင်း
သူ့စိတ်တွေလည်းလွှင့်မျှောနေလေသည်။
စံပယ့်ကိုသူဘယ်လိုပြန်ခေါ်ရမလဲဆိုတဲ့အဖြေကတွေးလေ ဝေးလေပါလား။

သူ့မှာလည်းအလုပ်တစ်ဖက်နှင့်ဖြစ်၍ ဖုန်းနဲ့ပဲလှမ်းပြီးဖြေရှင်းနေရတာကြောင့် သိပ်စိတ်တိုင်းမကျဖြစ်နေသည်။

သူဒီရွာကိုရောက်နေတာ သုံးရက်လောက်ရှိသွား
ပေမဲ့ စံပယ်နဲ့တွေ့တိုင်းလဲ အမြဲမျက်စောင်း
ထိုးခံနေရတာ ကြာရင်သူပြာဖြစ်တော့မည်။

ချောင်းရေပြင်ထဲမှာညနေခင်းရဲ့ရောင်နီလေးကိုကြည့်ရင်း သူထိုင်ငေးနေမိစဥ်မှာ ချောင်းစပ်မှအရိပ်ကလေးတစ်ခုကသူ့မြင်ကွင်းထဲသို့ရောက်လာလေသည်။

သူပဲအမြင်တွေ ဝေဝါးနေသလားဆိုပြီး မျက်လုံးကိုပြန်ပွတ်ကြည့်နေမိသည်။မဟုတ်ဘူး ဒါမွှေးမှမွှေးပါပဲ။

မိုးနီကသူ့အဒေါ်နဲ့ ပွဲရုံကိစ္စအလုပ်ရှုပ်နေလို့
 တစ်ယောက်တည်း စိတ်ညစ်ညစ်နဲ့ချောင်းစပ်ကိုဆင်းလာမိတာ မှန်သွားပြီပေါ့။

နေ၀န်းနီနီရဲ့‌ ရောင်ဝါအောက်မှာ ရေချိုးဆင်းလာတဲ့သူ့မွှေးလေးကလှရက်လိုက်လေခြင်းလို့ တွေးနေမိစဉ်မှာပဲ သူမကကိုယ်ပေါ်မှာခြုံထားတဲ့ ပ၀ါစကိုဖယ်လိုက်လေသည်။

အဖြေတောင်းခဲ့တဲ့နေ့က မြင်ခဲ့ရတဲ့ပုံစံထက် 
အခုချောင်းနဘေးကနတ်မိမယ်လေးက ပိုပြီးလှနေပုံဟာ ပန်းချီကားတစ်ချက်အလား ထင်မှတ်မိလောက်အောင် ဘယ်ပန်းချီရေးလို့မှီနိုင်မယ်မထင်ပါဘူး။

သူမရဲ့အသားအရည်ဟာ ယုန်ဖြူလေးတစ်ကောင်အလား ထင်မှတ်ရသည်အထိ ဖြူစင်လှသည်။
လက်ကို ရေစွတ်ပြီး မျက်နှာလေးပေါ်ကို သပ်ချလိုက်တဲ့အချိန်မှာတော့ မျက်နှာတစ်ပြင်လုံးကို ဖုံးအုပ်ထားသည့် သနပ်ခါးဝါဝါတွေဟာ 
အရည်ပျော်ကျသွားပြီး နှာတံလုံးလုံးလေးနဲ့ ပန်းနုရောင်သန်းနေသော ပါးပြင်လေးဟာ နှစ်သက်ချင်စဖွယ် ထင်းကနဲပေါ်လာလေသည်။

ရေထဲမှာမြုပ်လုနီးပါးဖြစ်နေတဲ့ ဝါးတံတားလေးပေါ်မှာထိုင်‌နေပြီး ရေအလျှင်အတိုင်းခြေထောက်များကိုလွှဲခက်နေတဲ့သူမ၊ ရုတ်တရက်ဆံပင်ရှည်ကြီးတွေကို ဖြန့်ချလိုက်တယ်ဆိုရင် သူ့နှလုံးခုန်နှုန်းတွေက ကမ္ဘာ့အမြန်ဆုံးရထားကိုတောင်စံချိန်ချိုးနိုင်‌လောက်ပါရဲ့။

မဲနက်ပြီး ပိုးသားလိုအိထွေးနေတဲ့ ဆံနွယ်ရှည်တွေကို ရေစွတ်လိုက်တာကြောင့် ဖြူဥနေတဲ့ပုခုံးနှင့်ရင်ညွှန့်လေးထက်ကိုရေစက်များ စီးကြလာရာ 
 ဘေးဘီမှာ သူ့လိုချောင်းကြည့်နေသူတွေ
 ရှိမှာစိုး၍ ဝေ့ဝဲကြည့်လိုက်ရသေးသည်။

ဒီကောင်မလေး တစ်ယောက်ထဲ အတင့်ရဲလှချည်လားလို့ ကိုယ့်ဖာသာလက်သီးကိုကျစ်ကျစ်ဆုပ်ရင်း သ၀န်တွေလှိမ့်တိုနေလေသည်။

သူ့မွှေးကတော့ ထမီရင်လျားကြီးနှင့်ရေထဲကိုဒိုင်ပင်ထိုးချပြီး ရေတောင်ငုပ်နေလိုက်‌သေးသည်။

"ဟိတ်လူ!!!.."

"အောင်မလေး..!!"

အခန်း(၁၈)ဆက်ရန်....

🌼🌼🌼🌼🌼🌼🌼🌼

နေဂုဏ်မာန်တော့ စံပယ်မွှေးလို မြို့သားတောတက်ဖြစ်နေပါပြီ.....

ရေးရတာအားရှိအောင် Like and share ပေးပါအုံးနော်....♥️☺️

#သနပ်ခါးရနံ့လေးကြူကြူမွှေး 
#စာရေးသူ_ဆောင်း‌ငွေ့ဝေ 
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်


=========================================================================




"အခန်း ၁၈"



"ဟိတ်လူ!!!.."

"အောင်မလေး..!!"

အနောက်မှာ မိုးနီရောက်နေမှန်းမသိအောင်ပင်
ချောင်းလို့ကောင်းနေရာမှ လန့်ပြီးထအော်မိ‌ 
လေသည်။ကိုယ့်အသံကြီးကို စံပယ်ကြားသွားမှာစိုး၍ ပါးစပ်ကိုအမြန် ပြန်ဘရိတ်အုပ်လိုက်ရသည်။

"ခင်ဗျားလည်း...မထင်ရဘူးနော်...ဒါမျိုးတွေဝါသနာပါတယ်ထင်တယ်...."

ဒီကောင်စုတ်ကများ ငါ့ကိုဝါသနာပါသလေး၊
ဘာလေးနဲ့ ကန်ထုတ်လိုက်လို့ ချောင်းထဲကိုဂျွမ်းပြန်ကျသွားရင် မကောင်းရှိတော့မယ်။
ကိုယ့်ချစ်သူမို့လို့ ကိုယ်ချောင်းမိတာပါ။
အခြားမိန်းမဆိုရင် ယောင်လို့တောင်လှည့်ကြည့်မှာမဟုတ်ဘူး။
အင်္ဂလန်မှာဆို အတိုအပျက်တွေ၀တ်တဲ့ မိန်းကလေးတွေဆိုတာ မတွေ့ချင်မှအဆုံးပဲ။
ဒါမျိုးက သူ့လွတ်လပ်ခွင့်နဲ့သူမို့ ကိုယ်တွေကလည်း နှာအတွေးနဲ့ ရင်ခုန်စရာလို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။သို့‌ပေမဲ့ မွှေးကတော့မတူဘူးပေါ့။

"ဟဲ့....မိစိုး...ဒီညမြတင့်တို့အိမ်ကို သွားမှာလား..."

"မသွားလို့မဖြစ်ဘူးဟေ့....သူ့လယ်မှာ လုပ်နေရတော့  သွားရမှာပေါ့အေ..."

ထိုစဉ် ချောင်းစပ်မှာ အသံတွေဆူလာပြီးနောက်ထပ်ရေချိုးမဲ့မိန်းကလေးများရောက်လာရာ မိုးနီက ချုံအကွယ်သို့ သူ့ကို ဆွဲခေါ်ပြီး
တဏှာရူးရုပ်နဲ့ ပြုံးဖြီးကာ မျက်စပစ်လေသည်။

"အဟင်း..ရှုခင်းကောင်းကောင်းတွေ့ရင်လည်း 
တစ်ယောက်ထဲမကြည့်နဲ့လေဗျာ..
ကျွန်တော်‌လည်းပါမှာပေါ့..ဒါမျိုးကမြို့မှာမြင်ရ
ခဲတယ်နော်..ဟီး..ဟီး.."

သွားသုံးဆယ့်နှစ်ချောင်းလုံးကို ဖော်ကာ
"ကျွန်တော်လည်းပါမယ်"ဆိုတဲ့စကားကြောင့်
သူခုဏက‌တွေ့ခဲ့တဲ့ စံပယ်လေးရဲ့ ပုံစံကိုသာ 
ဒီကောင်တွေ့သွားရင်ဆိုသည့် သ၀န်တိုစိတ်ကကြီးစိုးလာလေသည်။
ထို့ကြောင့် မိုးနီရဲ့မျက်လုံးကြီးကိုအတင်းပြေးအုပ်ပစ်လိုက်သည်။

"ဟာ..ဟိတ်လူ..ဘာလို့မျက်လုံးကိုလာအုပ်တာလဲ
..ဒီမှာ ဘာမှမမြင်ရတော့ဘူး....ဖယ်လေဗျာ..
ကျွန်တော်လည်းကြည့်ချင်တာပေါ့လို့..."

"မရဘူး..မင်းကြည့်လို့မရဘူး..ဒါမျိုးကဘုန်းကံ
မြင့်တဲ့လူတွေပဲကြည့်သင့်တာ.."

"အော်..ပြောချင်တာက..ခင်ဗျားကဘုန်းကံ ပိုမြင့်လို့..ခင်ဗျားပဲတစ်ယောက်ထဲနှာဘူးထမယ်ပေါ့လေ
..ဖယ်စမ်းပါဗျာ..ကျွန်တော်လည်းဘုန်းကံမခေပါဘူးဗျ.."

နေဂုဏ်မာန်လည်း မိုးနီရဲ့လည်ဂုတ်ကို ညှစ်ထားပြီး မျက်လုံးတွေကို အတင်းအုပ်ထား‌မိပေမဲ့
သူ့မျက်လုံးတွေကတော့ ရေငုပ်နေရာမှ 
ရေပေါ်သို့ ပြန်ပေါ်မလာသေးတဲ့မွှေးကိုသာ
စိုးရိမ်တကြီး ကြည့်နေမိသည်။

ဒီသူငယ်မ ရေထဲမှာကြွက်တက်နေတာလား။
ဒါမှမဟုတ် ပိုးမွှားတစ်ကောင်ကောင် ကိုက်လိုက်လို့များလား။ဒါမှမဟုတ်ရင် ခြေထောက်တွေဘာတွေ 
ငုတ်ဆူးသွားလို့များလား။
စိတ်ထဲမှာစက္ကန့်တွေကိုရေတွက်နေရင်းနှင့်
မွှေးကို စိုးရိမ်နေမိတဲ့အ‌တွေးတွေက ငယ်ထိပ်သို့တက်ဆောင့်လာရာ မသိစိတ်ဟာ ချစ်ရသူကိုအသက်မမှီမှာစိုးပြီး ရေထဲသို့ပြေးဆင်းသွားမိလေသည်။

"ဗွမ်း.."

"ဟာ..ဟိတ်လူ..ဟိတ်.."

ရုတ်တရက်ချောင်းစပ်သို့ ပြေးဆင်းသွားပြီး
 ဖိနပ်‌တွေကို လေထဲမှာ မြှောက်တက်သွားအောင်ကန်ထုတ်ခဲ့ကာ ရေထဲသို့ဒိုင်ပင်ထိုးချသွားသည့်
 နေဂုဏ်မာန်ကြောင့် မိုးနီလည်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။

"ဒီလူကွာ..ဇွတ်ပဲ..စိတ်လေးဘာလေးထိမ်းပါအုံးလား..အခန့်မသင့်ရင်..ပါးရိုက်ခံရမှာ..ဒီမြို့သားနဲ့တော့စိတ်တွေလဲလေပါတယ်....."

တစ်ဖက်တွင်တော့စံပယ်မွှေးတစ်ယောက်
 ရေငုပ်နေရာမှပြန်ထလိုက်ပြီး ဘေးဘီကိုကြည့်လိုက်မိတော့ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ကိုယ်ပဲ အမြင်မှားနေတာလားဆိုပြီး မျက်နှာပေါ်မှာတင်နေတဲ့ ရေစက်တွေကိုသပ်ချလိုက်မိလည်း သူမှသူပါပဲ။

ဦးနေဂုဏ်က ရေထဲမှာမော်တော်ထက်တောင်မြန်အောင်ကူးနေလေသည်။ဘာစိတ်ကူးတွေပေါက်ပြီး 
အိင်္ကျီ၀တ်လျှက်သားကြီး ရေကူးနေရတာပါလိမ့်။
ဒီလူ ရူးများသွားပြီလားမသိဘူး။

"ဟင်....ငါ့ဆီကို လာနေသလိုပဲ.....

စိတ်ထဲမှာသူမဆီကို ရေကူးလာနေတယ်ထင်ယုံရှိသေးတယ် တကယ်ကြီးအနားကိုကူးချလာပြီး 
ရေထဲမှစံပယ့်ရဲ့ခန္ဓာကိုယ်ကို ပွေ့ချီလိုက်လေသည်။

"အား!!..ရှင်ဘာလုပ်တာလဲ.."

"မွှေး..ရေနစ်နေလို့ကိုယ်လာကယ်တာလေကွာ..
မွှေးအရမ်းကြောက်သွားလား....တော်သေးတာပေါ့
ကိုယ်အချိန်မှီ ကယ်နိုင်လို့....."

"သေလိုက်ပါလား..ဧရာ၀တီမြစ်ထဲမှာတောင်လက်ပစ်ကူးခဲ့တဲ့လူရှင့်..ချပေး..အခုချက်ချင်း အောက်ကို ပြန်ချပေးနော်.."

"ဟာ..ဘယ်မှာပဲလက်ပစ်ကူးခဲ့ကူးခဲ့..ရေတိမ်မှာ
နစ်ပြီး သေတဲ့ မသာတွေမှ အများကြီးပဲ.."

"ဘာကို..ရေတိမ်မှာနစ်ပြီးသေတဲ့မသာလဲ...
သေနာကြီး..စကားကို ကြည့်ပြောနော်...
ကျွန်မလုပ်ထည့်လိုက်မယ်.....ရှင်သာအဲ့ဒီမှာအတောင့်လိုက်သေမှာ..အခုချပေးလို့ဆို..
ဟိုမှာလူတွေကြည့်နေကြတယ်..မရှက်ဘူးလား..
ချပေးပါဆို.."

စံပယ့်အဖြစ်ကို ကမ်းနားမှနေ၍ ကြည့်နေကြသော မစိုးတို့အဖွဲ့မှာလည်း ပုံမှန်ဆိုရင် အော်ကြော့လန်တွေပေမဲ့ ယခုတော့ အသံတောင်မထွက်နိုင်အောင်
ကြောင်အ နေကြလေသည်။
စံပယ့်ကို ပွေ့ချီထားသူဟာ နေဂုဏ်မာန်ဖြစ်နေတာကြောင့် သူတို့အတွက် ကမ္ဘာ့အထူးဆန်းဆုံး 
ပြဇာတ်ကို ကြည့်နေရသလောက်ကို ရင်ခုန်နှုန်းမြန်နေကြလေသည်။

"ဟင့်အင်း..ကိုယ်စိတ်မချဘူး..ကမ်းပေါ်အထိကိုချီသွားမှာ..."

"အီဟီး..သေနာကြီး..အင့်ဟယ်..အင့်ဟယ်"

"ဟာ....စံပယ်...မင်း...ကိုယ့်စေတနာကို မစော်ကားနဲ့နော်....အား....နာ...နာတယ်...."

"ဗွမ်း!!!...အား!!!.."

စံပယ်က ခပ်ရှက်ရှက်နှင့် သူ့ကိုကုပ်ဖဲ့ထုနှက်ပစ်လိုက်တော့ စံပယ့်ကိုရေထဲသို့ အသံ‌မပေးပဲ
ပစ်ချလိုက်လေသည်။
ရေလယ်ခေါင်မှာမဟုတ်ပေမဲ့ ရေကသူ့အရပ်နဲ့ဆို
ပုခုံးလောက်ရှိပြီး စံပယ်အရပ်နဲ့က ခေါင်းမြုပ်သည်အထိ ဖြစ်နေတော့ ဒီတစ်ခါမှတကယ်ကို ရေနစ်
နေတော့သည်။
အကုသိုလ်ကြီး အကျိုးပေးကောင်းလို့ ရေတွေတောင် သီးကုန်သည့်အဖြစ် ရောက်ရသည်။

သို့ပေမဲ့ အချိန်မှီရပ်နိုင်လိုက်လို့ တော်သေးသည်။
ရုန်းကန်ရင်းထရပ်လိုက်မှ စံပယ်သတိထားမိသည်က ထမီ၊ထမီ...ဘယ်ပျောက်သွားတာလဲ။????
ဟာ....သေပြီ....ထမီကရေထဲမှာ ကျွတ်ကျန်ခဲ့ပြီထင်တယ်...။ဒီအတိုင်းကြီးဆို ကုန်းပေါ်ကို ဘယ်လိုပြန်တက်ရပါ့မလဲ။အရှက်တွေတော့ ဗြန်းဗြန်းကွဲတော့မှာပဲ။

စံပယ်လည်း ရေထဲမှာမသိမသာ ခေါင်းမြှုပ်ကူးရင်း ကမ်းနဲ့မနီးမ‌ဝေးမှာရှိတဲ့ လူငါးကိုယ်စာလောက်ရှိသည့် သစ်ပင်ကြီးနှင့်ကွယ်နေလိုက်ရသည်။
စိတ်တွေ ဆင်းရဲလွန်းလို့ စံပယ့်မျက်နှာကြီးက ချက်ချင်းအိုစာသွားသလိုတောင် ခံစားနေမိသည်။

ဟိုလူကြီးကတော့ စံပယ်သူ့ကိုရိုက်လိုက်လို့ စိတ်ဆိုးသွားတယ်ထင်ပါရဲ့ လူကိုနည်းနည်းလေးတောင် စောင်းမကြည့်ခဲ့ပဲ ကမ်းဆီသို့ သွားဖို့လုပ်နေလေသည်။မဖြစ်ဘူး သူသွားရင်စံပယ် ဘယ်သူ့ကိုလှမ်းပြီး အကူအညီတောင်းရပါ့မလဲ။
ကမ်းပေါ်ကမစိုးတို့ကို "ကျွန်မရဲ့ ထမီရေထဲမှာ ကျွတ်ကျသွားပြီ..."လို့ လှမ်းအော်ပြောရင်လည်း 
ထရယ်ကြရင် ရှက်စရာသိပ်ကောင်းတယ်။

"ဉီးနေဂုဏ်မာန်..ဦးနေဂုဏ်လို့..ဒီမှာ.!!."

"ဘာလဲ.."

ဦးနေဂုဏ်ကြီး ခပ်ဝေးဝေးကို မရောက်ခင်မှာပဲ စံပယ်လည်း သစ်ပင်အကွယ်မှနေ၍ မသိမသာလှမ်းခေါ်လိုက်ရသည်။ကိုယ်တော်က တော်တော်စိတ်ဆိုးနေပုံရတယ်။ခုဏလို မျက်ခွက်မျိုးမဟုတ်တော့ပဲ တစ်ချိုးပြောင်းနေလေသည်။

"ကျွန်မအကူအညီတစ်ခုလောက်တောင်းချင်လို့.."

"ဘာအကူအညီလဲ..ခုဏကတော့
ကျေးဇူးမတင် ဖင်လှန်ပြပြီးတော့..အခုမှ.."

"အား..ရှင်ပေါက်ကရတွေမပြောနဲ့နော်..ဒီကနေပါးရိုက်ဖို့..လက်ကိုဒုံးကျည်တပ်ပြီး လွှတ်လိုက်မယ်သိလား.."

"အဟင်း..လွှတ်ရဲရင်..လွှတ်ကြည့်စမ်းပါ.."

"သေနာကြီး..ဒီမှာအကောင်းပြောမလို့ဟာကို..
ပါးစပ်ကနေ ပေါက်ကရလေးဆယ်က တော်တော်ထွက်တယ်...ဟို..ဝါးတံတားပေါ်ကထမီလေးကိုသွားယူပေးစမ်းပါ.."

"ထမီ..ဘာလုပ်မလို့လဲ.."

သူစဉ်းစားနေပြီးမှ သစ်ပင်နောက်မှာပုန်းနေတဲ့သူမကို သေချာလေး ပြန်ကြည့်လိုက်မိလေသည်။
ဒီလိုအချိန်ဆိုရင် သူ့အမြင်အာရုံကလည်း ကောင်းမှကောင်းပဲ။
ရေထဲကနေရေးရေးလေးမြင်နေရသလိုပဲ။

"ထမီယူခိုင်းတာဆိုတော့..ဒါဆို..သူမကအခု.."

"ဟား..ဟား..ဟား..ဟား..ဟား.."

"ရှင်..ရှင်....ရယ်နိုင်သေးတယ်ပေါ့..
အောက်ကနေခရုကို စမ်းပြီး..ပါးစပ်ထဲပစ်ထည့်လိုက်ရရင်..မကောင်းရှိတော့မယ်...သွားယူပေးစမ်းပါ မြန်မြန်....."

လေသံတိုးတိုးနှင့်ဆဲဆိုနေမှန်းသိတော့မှ ထမီကိုသွာယူပေးပြီး မျက်နှာလွှဲကာ လာပေးလေသည်။
ပြီးနောက် ရေထဲကနေပြုံးစိစိနဲ့အပေါ်ပြန်တက်သွားတဲ့သူ့ကို မျက်စောင်းပစ်ထိုးလိုက်သည်။
စံပယ် အရမ်းလည်းရှက်နေမိပါသည်။
ငိုချင်စိတ်တောင် ပေါက်လာသည်အထိပင်။

"မြင်သွားပြီလားမသိဘူး"

ကမ်းပေါ်ရောက်တော့ မစပ်စုတို့ကဟိုမေး၊ဒီမေးလုပ်ကြရာ စံပယ်ကြွက်တက်လို့ သူလာကယ်တာပါလို့ ကြည့်ကောင်းအောင်ဖြေလိုက်ရသည်။
ဒါတောင် "ဟုတ်လို့လားဟယ်....ဘာညာနဲ့..."
ယုံချင်ပုံမရကြ‌သေးပေ။

ဒါပေမဲ့စံပယ့်လိုလူမျိုးနဲ့ ဘယ်သူကကြာကြာအထင်လွဲကြမှာလဲ‌လေ။စံပယ်တို့ အကြောင်းကိုလည်း ထဲထဲ၀င်၀င် ဘယ်သူမှမသိကြတာကြောင့် 
ယခုမှ စသိကျွမ်းကြတယ်လို့ပဲ ထင်ကြမှာပေါ့။

စံပယ်ကလည်း ဒါကျွန်မရဲ့ ရည်းစားဟောင်းပါလို့ ဘယ်သူ့ကိုမှ ကြွားလုံး မထုတ်ချင်ပါဘူးလေ။
အခုသူက ရွာကိုအလှူလုပ်ရင်း ခဏလာလည်တာဖြစ်လို့ စံပယ့်အနေနဲ့ နာမည်၀င်ယူတယ်လို့လည်း အထင်မခံချင်ဘူး။
မယုံရင်ပုံပြင်ဖြစ်သွားမှာပါလေ။

နေဂုဏ်မာန်လည်း ကုန်းပေါ်ပြန်ရောက်တော့ 
 ရေစိုအ၀တ်များနှင့် ဒေါ်ကြည်ဝေ၏ အိမ်ဆီသို့သာ တန်းသွားလိုက်သည်။
သူမနဲ့ ရန်ဖြစ်လာခဲ့ရပေမဲ့ သူ့စိတ်ထဲမှာပျော်နေမိသလိုပဲ။
အနည်းဆုံးတော့ ကမောက်ကမ အခြေအနေတွေကြားမှာ သူမနဲ့စကားပြောခွင့်ရခဲ့လေပြီ။

မိုးနီကတော့ ပြုံးစိစိနှင့် လမ်းလျှောက်နေသူ၏အနောက်မှ တောက်လျှောက်ပြေးလိုက်လာလေသည်။

"ကိုယ့်လူ..ပါးဘယ်နှစ်ချက်လောက် အတီးခံလိုက်ရလဲ.."

"ငါးချက်လောက်ပါပဲ.."

"အားပါးပါး....အီဆလံဝေထွက်သွားမှာပဲနော်...."

ပါးကို ငါးချက်လောက် အတီးခံလိုက်ရ‌တာတောင် ပြုံးနိုင်သေးသည့် ထိုလူကိုမိုးနီကြည့်ပြီး နားမလည်ဖြစ်နေရသည်။ဒီလူက ပါးရိုက်ခံရရင် ပျော်ပုံရတယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"မသွားချင်ဘူးလို့ဆိုနေ.."

"သွားစမ်းပါအေ..ရွာထဲကမိန်းကလေးအကုန်နီးပါး..အဲ့ဒီ့ကိုရောက်နေတဲ့ဥစ္စာ..ညည်းတစ်ယောက်ထဲကွက်ပြီးဘာဖြစ်နေတာလဲ..ငါခေါက်ထည့်လိုက်ရမလား......"

"ဟုတ်ပါတယ်စံပယ်ရယ်..ငါတို့လည်းမသွားချင်ပေမဲ့လာခေါ်ထားတော့..မကောင်းတတ်ဘူးအေ့..
လာပါဟာ.."

ကွမ်းတောင်ကိုင် မြတင့်တို့အိမ်တွင် မုန်ကြက်တိုက်တို့ မုန့်လက်ကောက်တို့စသဖြင့်မြန်မာမုန့်‌တွေ လုပ်စားကြမှာကြောင့်လာခေါ်နေခြင်းဖြစ်သည်။

ရွာမှာကဒီလိုပါပဲ တစ်အိမ်မှာမုန့်ကြိတ်ပြီသည်ဆိုရင် ဝိုင်းလုပ်ဝိုင်းစားလုပ်ပေးရမြဲပေ။
အခုကဟိုနေဂုဏ်မာန်ဆိုတဲ့လူကြီးကြောင့် ပျော်ပျော်ပါးပါးမုန့်လုပ်စားကြမည်တဲ့။

"အဲ့ဒါဆို..ခဏပဲနော်ကျွန်မအကြာကြီးမနေဘူး.."

"စိတ်ချပါ..ငါတို့လဲမုန့်လုပ်ပေးပြီးတာနဲ့ပြန်လာမှာ..အဲ့သားအမိရဲ့ကြွားလုံးတွေကိုမခံနိုင်ပေါင်အေ.."

စံပယ်လည်းစိတ်မပါစွာလိုက်လာခဲ့ရသည်။
မြတင့်တို့အိမ်ကခြံဝိုင်းခတ်ထားပြီး တိုက်ခံနဲ့
သစ်အိမ်ပေါင်းဆောက်ထားတဲ့ နှစ်ထပ်အိမ်ဖြစ် လေသည်။
ခြံထဲကို၀င်လိုက်တယ်ဆိုရင် လူတော်တော်များများရောက်နှင့် နေကြသည်။

ဦးနေဂုဏ်ကတော့  ကွပ်ပျစ်ပေါ်မှာထိုင်ပြီး
 မြတင့်တို့သားအမိ၊သားအဖသုံးယောက်နဲ့ရယ်လို့မောလို့ ပါးစပ်ကြီးက၊နားရွက်ကိုတက်ချိပ်မိတော့မတတ် စကားတွေဖောင်ဖွဲ့နေလေသည်။

စံပယ်လည်း  မမြတင့်တို့သားအမိတွေနှင့် စကားပြောနေသော‌သူ့ကို မျက်မှောင်ကြုံ့၍
ခဏမျှရပ်ကာ ကြည့်လိုက်ပြီး အခြားအုပ်စုတွေနဲ့  ကူလုပ်နေလိုက်သည်။

မြတင့်သည်လည်း ဆံပင်အရှည်ကြီးတွေကိုအရှေ့သို့ လွှဲချထားကာ စောင့်စောင့်လေးထိုင်၍
 မုန့်လုပ်နေသည့် စံပယ့်ဘက်ကို မျက်စောင်းလှည့်ထိုးပစ်လိုက်သည်။

မစိုးတို့ဆိုတာသတင်းအဖွကောင်းတဲ့လူတွေမဟုတ်ပါလား။
အခြားသူတွေဆီမရောက်ရင်တောင် မြတင့်ရဲ့
နားထဲကို‌တော့ မရောက်ရောက်အောင်လာပို့ပြီးသားပဲ။

ကိုနေဂုဏ်က စံပယ်မွှေးကိုရေနစ်လို့အသက်ကယ်လိုက်ပါတယ်တဲ့။
မိစံပယ်မ ဘာတွေစတန့်ထွင်နေတာလဲမသိဘူး။ 
သူ့အဖေရဲ့ အမျိုးတွေက ဧရာ၀တီမြစ်ဟိုဘက်ကမ်းမှာနေကြတဲ့အပြင် ကိုင်းအလုပ်၊ တံငါအဓိကလုပ်ကြသူတွေဆိုလည်းမမှားဘူး။

ဒီကောင်မ ငယ်ငယ်ထဲကဧရာ၀တီမြစ်ထဲမှာ‌
လက်ပစ်ကူးရင်းကြီးလာပြီး ဘာတဲ့ဒီချောင်းငုတ်တုတ်ကို ရေနစ်သတဲ့ ယုံချင်စရာကြီး။
သိမယ်။မြတင့်ရဲ့ အကြောင်းကို ဒင်းသိစေရမယ်။

ကိုနေဂုဏ်ကလည်း ကိုယ့်လိုအဆင့်အတန်းမျိုးနဲ့ ဟိုကဟန်လုပ်လို့လုပ်မှန်းမသိ၊မြှူဆွယ်လို့
မြှူဆွယ်မှန်းမသိပဲ သွားကယ်သတဲ့။
တကယ်ပါလေ အမြင့်မှန်းချင်တဲ့ မိန်းမတွေအကြောင်းသိအောင်တော့ ကိုနေဂုဏ်ကို သတိပေးထားရမယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"စံပယ်ရေ.."

"ရှင်..မမြတင့်..ဘာဖြစ်လို့လဲဟင်.."

"ဟိုလေ..မမမြ ခေါင်းနဲနဲမူးနေလို့..အပေါ်ထပ်က
မမမြရဲ့အခန်းထဲမှာ..ရှူဆေးဗူးလေး..သွားတက်ယူပေးပါလားကွယ်.."

"အော်..ဟုတ်..ဟုတ်ကဲ့..ကျွန်မသွားယူပေးပါ့မယ်.."

စံပယ်လည်း အိမ်အပေါ်ထပ်သို့ တက်လာပြီး
 မမြတင့်ရဲ့ အခန်းထဲမှ ကုတင်ခေါင်းရင်းတွင် 
တင်ထားသောရှူဆေးဗူးကိုယူကာ ပြန်ထွက်လာလိုက်သည်။

မမြတင့်ကို ရှူဆေးဗူးပေးလိုက်ပြီး မုန့်လုပ်နေသောအဖွဲ့တွေနှင့်အတူ မုန့်ကူလုပ်ပေးနေလိုက်သည်။
မုန့်တွေအားလုံး လုပ်ပြီးသွားချိန်မှာ မစိုးတို့က
ပြန်ရန်လက်တို့လေသည်။

စံပယ်ထရပ်လိုက်သည့်အချိန်မှာပဲ ဒေါ်မြဝေကအတင်းလက်ကိုလာဆွဲခေါ်လေသည်။
စံပယ်လည်းကြောင်တောင်တောင်နှင့်ပါသွားရသည့်နည်းတူ "ဘာဖြစ်တာလဲဟုဆိုကာ "
မုန့်လုပ်ပေးသူအားလုံးကပါ ဝိုင်းလာကြလေသည်။

လွန်ခဲ့တဲ့ တစ်နာရီလောက်ကတင်ရယ်မောနေတဲ့ 
မမြတင့်က မျက်နှာကို လက်နဲ့အုပ်ကာ ငိုယိုလို့နေလေသည်။

ဒေါ်မြဝေ၏မျက်နှာကြီးကလည်း အင်မတန်ဒေါသထွက်နေပုံပေါ်သည်။စံပယ့်ကိုလည်း မျက်မှောင်ကြီးကြုံ့ကာ စူးစူးရဲရဲနှင့် ကြည့်လာသည်။
စံပယ်ဘာအမှားလုပ်မိလို့ပါလိမ့်။
ဘာကြောင့် စံပယ့်ကို အထင်အမြင်သေးသလို အကြည့်မျိုးနဲ့ ကြည့်နေရတာလဲ။

မမြတင့်ကရော ဘာကြောင့်ငိုနေရတာလဲ။
ကိုယ့်ဘာသာ မေးခွန်းတွေ စုံနေအောင် ထုတ်၍
မဆုံးသေးခင်မှာပဲ ဒေါ်မြဝေ၏ မေးခွန်းကြောင့် 
စံပယ်တင်မက အားလုံးစွံ့အသွားကြရလေသည်။

"ပြောစမ်းစံပယ်..ငါ့သမီးရဲ့ ဆွဲကြိုးကို နင်ယူထားတာမဟုတ်လား.."

"ရှင်!!ဘယ်ဆွဲကြိုးကိုပြောနေတာလဲ..စံပယ်လဲ
ဘာမှမသိရပါလား.."

"စံပယ်ရယ်..မမမြကိုပြန်ပေးပါကွယ်..စံပယ့်ကို
ဘာမှလည်း အရေးမယူပါဘူးကွယ်စိတ်ချပါ..
မမမြရဲ့ ဆွဲကြိုးကိုသာ ပြန်ပေးပါနော်..."

"ဟင်.."

"စံပယ်ရေ..ဘာဖြစ်တာလဲ..မစိုးကိုပြောစမ်းပါအုံး.."

စံပယ်ကိုယ်တိုင်တောင် တွေးယူနေရသည်။
ဘယ်ကဆွဲကြိုးကိုပြောနေတာလဲ သူတို့ကိုကြည့်ရတာ ငါကဘာမှမလုပ်ပဲနဲ့ သူခိုးဟစ်နေသလိုပဲ။

"ဟဲ့...ညည်းဘာမှ အူကြောင်ကျားပုံဖမ်းမနေနဲ့...
အခုချက်ချင်းဖြေ...ညည်းခိုးထားတဲ့ဆွဲကြိုးကို
 အခုချက်ချင်းထုတ်ပေး...."

ဒေါ်မြဝေက စံပယ့်လက်ကိုကြမ်းတမ်းစွာလှုပ်ယမ်းလိုက်ရာ စံပယ်ယိုင်ကြသွားရသည်။
မစိုးနှင့်အခြားအဖွဲ့များကထိန်းထားလို့သာ 
မလဲခြင်းပင်။

"ပြောစမ်း...နင်ခိုးထားတာမဟုတ်လား..ဟမ်!!"

"အန်တီမြဝေ..ကျွန်မကိုဘာတွေလာစွပ်စွဲနေတာလဲ..ကျွန်မဘာမှမယူဘူး..မတရားမစွပ်စွဲပါနဲ့..."

"အောင်မာ..သူခိုးမကများ လူပြန်ဟေ့ရတယ်လို့..
ညည်းက...ငါ့သမီးရဲ့ အခန်းထဲကို၀င်သွားပြီး 
ဆွဲကြိုးခိုး‌နေတာကို တွေ့တဲ့လူကတွေ့တယ်ဟဲ့..
ဗြောင်လိမ်ဗြောင်စား လုပ်ဖို့မကြိုးစားနဲ့..."

"ဘာ..ဘယ်သူလဲ..တွေ့တဲ့လူကဘယ်သူလဲ..
ပြောစမ်းပါ..ကျွန်မအခုချက်ချင်း ကျိန်ပြောလို့ရတယ်...အဲ့ဒီဆွဲကြိုးကို ကျွန်မ မယူဘူး...
ကိုယ့်ပစ္စည်းမဟုတ်ရင် ကျွန်မတို့က မျက်စောင်းတောင်လှည့်မထိုးတတ်ဘူးရှင့်...."

"ဟုတ်တယ်..အန်တီမြဝေ..စံပယ့်အကြောင်းကိုမိစိုးတို့အသိဆုံး..စံပယ်က အဲ့လိုလုပ်မှာမဟုတ်ဘူး..."

"အော်..ဟော်..သူခိုးကိုဓားရိုးကမ်းတဲ့အဖွဲ့ကလဲသပ်သပ်ရှိသေးပါလား..ညည်းတို့လည်း အလိုတူအလိုပါပဲလား ဟမ်....."

"....ဒေါ်မြဝေ...စကားကို လွန်မလာနဲ့နော်....
ဒီခြံထဲကို  ရှင်တို့ခေါ်လို့ ကျွန်မတို့က လာရတာလေ
...ရှင်တို့ဆီကို လာချင်လွန်းလို့မှတ်နေသလား...
အခုလည်း မဟုတ်ပဲ မတရားစွပ်စွဲနေလို့ ၀င်ပြောရတာ...."

မစိုးကလည်း နဂိုတည်းက ဆက်ဆက်ထိမခံလူဆိုတော့ သူခိုးလို့အစွပ်စွဲခံလိုက်ရတာနဲ့ ကပ်ကပ်လန်အောင် ပြန်ပြောလေတော့သည်။
ဒေါ်မြ‌ဝေကတော့ နှာခေါင်းရှုံ့ကာ မျက်နှာကိုမဲ့ရွဲ့
ပစ်လိုက်လေသည်။

"မကြိုင်‌ရေ...ဒီအနားကိုလာခဲ့စမ်း.....ညည်းမြင်ရတာမှန်သမျှအကုန်ပြောပြလိုက်.."

ထိုအခါမကြိုင်တင်ကပါ ရှေ့ထွက်လာပြီး စံပယ့်ကိုတည့်တည့်ကြည့်လာလေသည်။

"ဟို..မိစံပယ်က အိမ်ပေါ်ကိုပြေးတက်သွားတော့ ကျွန်မလည်းမသင်္ကာလို့လိုက်ကြည့်မိတာ..
မြတင့်ရဲ့အခန်းထဲကိုသူ၀င်သွားပြီး ဆွဲကြိုးတစ်ကုံးကိုယူလိုက်တာတွေ့တာပါပဲ.."

မကြိုင်ရဲ့ စကားကိုကြားပြီးတာနှင့် စံပယ်ဖြင့် အံ့ဩလွန်းလို့ ကိုယ့်ရင်ဘတ်ကိုယ်ပြန်ဖိထားမိသည်။သူများကို ချောက်တွန်းဖို့အတွက် 
မဟုတ်တမ်းတရား စကားတွေကို သူမို့လို့ အလွယ်တကူပြောထွက်တယ်။

"မကြိုင်..ရှင်မတရား မပြောနဲ့နော်..ကျွန်မက
မမြတင့်ရဲ့ အခန်းထဲကိုသွားတာတော့မှန်တယ်...
ဒါပေမဲ့ မမြတင့်ကိုယ်တိုင်..ရူဆေးဘူးသွားယူခိုင်းလို့ သွားရတာ..မယုံရင်ပိုင်ရှင်ကိုမေးကြည့်..."

"ဟုတ်ပါတယ်..မြက..ရူဆေးဗူးယူခိုင်းလိုက်တာပါ..
ဒါပေမဲ့..ဟင့်..ဒီလိုဆွဲကြိုးကိုပါ..ယူလိမ့်မယ်လို့
ထင်မထားခဲ့မိဘူး..အဟင့်.."

မမြတင့်ရဲ့စကားအဆုံးမှာတော့အကုန်လုံးက
စံပယ့်ကိုဝိုင်းကြည့်ကုန်ကြလေသည်။
မစိုးတို့ကပါ  "ဟုတ်ရဲ့လား..မဟုတ်ပါဘူး"ဖြစ်ကုန်ကြသည်။

စံပယ်ငိုချင်လာပေမဲ့ စိတ်ကိုဖိတင်းထားမိလေသည်။ဒီပွဲမှာငိုမိရင် စံပယ်ရှုံးသွားမှာပေါ့။
စံပယ်ဟာ မှားတဲ့လူမဟုတ်တဲ့အတွက် ငိုလို့မဖြစ်ဘူး။

"စံပယ်..တကယ်ပဲယူတာလား...."

"မဟုတ်လောက်ပါဘူးဟယ်...."

"မသိဘူးလေ...အခုဟာ ဟုတ်သလိုလို ဖြစ်နေပြီ..."

"မြတင့်ကလည်း သူ့ပစ္စည်းကို မပျောက်ပဲ 
ပျောက်တယ်လို့ ပြောစရာအကြောင်းမှ မရှိတာ...
သူတို့က ရန်သူတွေလည်းမဟုတ်ဘူးလေ..."

အားလုံးရဲ့ပါးစပ်ဖျားမှာ စံပယ်ဟာတဖြည်းဖြည်းနဲ့ တရားခံတစ်ယောက်လို ဖြစ်လာလေသည်။
စိတ်ကို အတတ်နိုင်ဆုံး တင်းခံထားမိပေမဲ့...
ကိုယ့်ဘက်ကနေ ကူပြောပေးမဲ့သူမရှိတာကြောင့် စိတ်အားငယ်နေမိသည်။

"မဟုတ်ဘူး..ကျွန်မသူခိုးမဟုတ်ဘူး..ကျွန်မကို
အဲ့လိုလာမစွပ်စွဲနဲ့..အသက်နဲ့ရင်းပြီးကျိန်ရဲတယ်
သိလား..."

"အို..အန်တီရယ်..ခိုးလား၊မခိုးဘူးလားသိရအောင်..သူ့ခန္ဓာကိုယ်ကိုစစ်ကြည့်လိုက်ရင်သိမှာပဲ.."

"ဟုတ်တယ်..ဟုတ်တယ်..စစ်ကြည့်.."

"စစ်ကြည့်ရင်..သိမှာပဲလေ.."

တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့အသံတွေကြားမှာ စံပယ့်ကို မြတင့်ရဲ့သူငယ်ချင်းနှစ်ယောက်ကလာချုပ်ပြီး အပေါ်အနွေးထည်အိတ်ကိုနှိုက်ကြလေသည်။

"ဟာ..ဒီမှာတွေ့ပြီ..သူကတကယ့်သူခိုးမပဲ.."

"ဟယ်..ဟုတ်ပါ့ဟယ်..သူများပစ္စည်းကိုမှ.."

"ကျွန်မ..မခိုးပါဘူး..တကယ်ပါ..ကျွန်မကိုယုံပေးကြပါ..ကျွန်မသူခိုးမဟုတ်ပါဘူး..ဒီဆွဲကြိုးက ကျွန်မအိတ်ထဲကို ဘယ်လိုရောက်လာတာလဲမသိဘူး....အဲ့လိုမကြည့်ကြပါနဲ့..ကျွန်မတကယ်မခိုးပါဘူး..."

ပတ်၀န်းကျင်တစ်ခုလုံးက စံပယ့်ကိုသူခိုးတစ်ယောက်လို ဝိုင်းလှောင်နေကြသလို ထင်နေမိသည်။
သူတို့မျက်၀န်းတွေထဲမှာ အထင်သေးမှုတွေ၊ရွံရှာမှုတွေကိုတွေ့နေရတော့ စံပယ်ပိုရင်နာမိတယ်။

တစ်သက်လုံးစောင့်ထိန်းလာခဲ့တဲ့အရှက်သိက္ခာ
တွေက တစ်ညထဲမှာပဲ ပျက်စီးသွားရပါရောလား။
မစိုးတို့ မလှရီတို့ကိုကြည့်လိုက်တော့လည်း ကူညီချင်ပေမဲ့သက်သေနဲ့တကွဆိုတော့ ဘယ်လိုမှ၀င်
မပြောနိုင်ကြဘူး။

ဦးနေဂုဏ်မာန်ကိုရှာကြည့်တော့လည်း မတွေ့ဘူး။
တကယ်ပဲစံပယ့်ဘက်မှာဘယ်သူမှရှိမနေပေးပါလား။
စံပယ့်ကိုကူညီမဲ့သူတစ်ယောက်တောင်ရှိမ‌နေဘူး။
စံပယ့်မျက်ရည်တွေလည်းထိန်းလို့မရတော့ပဲ မျက်၀န်းမှအတားအဆီးမရှိ စီးကျလာလေသည်။
စံပယ့်အဖို့ ‌ငိုဖို့ရာပဲတတ်နိုင်ပါတယ်။

"ဟဲ့ဘာကြည့်နေကြတာလဲ..အုပ်ချုပ်ရေးမှူးဆီပို့ကြမယ်လေ..ဆွဲကြိုးပြန်တွေ့ပေမဲ့ 
သူခိုးမကိုဒီအတိုင်းထားလိုက်ရင် နောက်လဲ..ခိုးစ 
ရှိတော့ခိုးအုံးမှာပဲ.."

"မလုပ်ကြပါနဲ့..ကျွန်မကိုအုပ်ချုပ်ရေးမှူးဆီကိုမပို့ကြပါနဲ့..ကျွန်မတကယ်မခိုးရပါဘူး...
ကျွန်မတောင်းပန်ပါတယ်..ကျွန်မတကယ်ကို..
မခိုးပါဘူးရှင်..အသက်နဲ့လဲပြီးတိုင်တည်ရဲပါတယ်..အား!!"

ဒေါ်မြဝေတို့သားအမိကို စံပယ်ဒူးထောက်မတတ်တောင်းပန်နေပေမဲ့ သူတို့ခိုင်းတဲ့ အလုပ်သမားနှစ်ယောက်က အတင်းလာဆွဲခေါ်ကြလေသည်။
စံပယ့်ဒူးခေါင်းကပွန်းသွား၍ စစ်ကနဲနာကျင်သွားပေမဲ့ စံပယ်မရပ်မနားတောင်းပန်နေဆဲပါပဲ။

 အဖွားကို စံပယ့်အတွက်ကြောင့် ထိခိုက်နစ်နာရမယ့်အဖြစ်မျိုး၊မျက်နှာငယ်ရမဲ့အဖြစ်မျိုး 
စံပယ်လုံး၀အဖြစ်မခံနိုင်ဘူး။
စံပယ်ဒူးထောက်ပြီးပဲတောင်းပန်ရပါစေ အဖွားအတွက်ဆိုရင်ဦး ခေါင်း တွေ စုတ် ပျ က်သွားတဲ့အထိ မြေကြီးနဲ့ခေါင်းနဲ့ တို က်ပြီးတော့ကို တောင်းပန်ရပါစေ စံပယ်လုပ်ပါမည်။

"အဲ့ဒါဘာလုပ်တာလဲ..လွှတ်စမ်း.."

"ဟင်မောင်နေဂုဏ်.."

"ဟယ်..မြို့သားက.."

စံပယ့်လက်ကိုအတင်းလာချုပ်နေတဲ့လူတွေကိုစောင့်တွန်းလိုက်ပြီး စံပယ့်ကိုသူ့နောက်မှာကွယ်စေလိုက်သည်။

သူ့ကျောပြင်ကျယ်ကြီးကိုသာ ဆိုက်ကြည့်ပြီး စံပယ်မျက်ရည်တွေမထိန်းနိုင်စွာ ငိုချလိုက်မိသည်။
သူဘယ်တွေသွားနေလို့ အခုမှရောက်လာရတာလဲ။

"ခင်ဗျားတို့..ဒါဘာလုပ်တာလဲ..ဘာဖြစ်လို့ မိန်းကလေးတစ်ယောက်ကို ဒီလိုအကြမ်းပတမ်းဆွဲလွဲနေကြတာလဲ..ဟမ်!.."

အမြဲတမ်း ရုပ်တည်ကြီးနဲ့နေတတ်တဲ့အလျှောက် ဘယ်နေရာမှာမဆို သူ့ဩဇာကလွှမ်းမိုးနေသည့်အလား တစ်ယောက်မှတုတ်တုတ်မလှုပ်ရဲကြတော့ပေ။လှုပ်လာသူမှာ မြတင့်နှင့် သူမ၏မိခင် 
ဒေါ်မြဝေတို့ပင် ဖြစ်လေသည်။

"မောင်နေဂုဏ်..သူကအန်တီ့သမီးရဲ့ဆွဲကြိုးကို
ခိုးထားတဲ့သူခိုးမပါ..ဒီလိုမိန်းကလေးမျိုးကို ဘာမှကာကွယ်ပေးမနေနဲ့ ..သူ့ကိုအုပ်ကြီးဆီကိုပဲခေါ်သွားလိုက်မယ်..."

"ဟုတ်တယ်ကိုမာန်..လူသက်သေ၊ပစ္စည်းသက်သေနဲ့တကွ..အားလုံးမိထားပြီးသား..ဟုတ်တယ်မလား..
မကြိုင်.."

"ဟုတ်..ဟုတ်ပါတယ်.."

မကြိုင်ဆိုသည့် အမျိုးသမီးကို သူဆိုက်ကြည့်လိုက်သည်။သူ့ရဲ့အကြည့်တစ်ချက်ကိုတောင်မခံနိုင်တဲ့ထိုအမျိုးသမီးက ခေါင်းငုံ့သွားလေသည်။

ထိုမိန်းမရဲ့မျက်လုံးတွေက ဂဏာမငြိမ်တဲ့အပြင်နှုတ်ခမ်းကိုလည်း ခဏခဏဖိကြိတ်နေသည်။
ဒါ့ထက်ပိုသိသာနေတာက ထိုမိန်းမရဲ့လက်တွေပဲ ချွေးစေးပြန်သလိုမျိုးဖြစ်နေပြီး မသက်မသာသလိုဖြစ်နေကာ သူမရဲ့လက်တွေကိုခဏခဏပြန်ပွတ်နေသည်။‌ 

လေတစ်ဖြူးဖြူးတိုက်နေပေမဲ့ သူမရဲ့နဖူးမှာ ချွေးစေးတွေပြန်နေသည်။
အောက်စဖို့ဒ်မှာစိတ်ပညာမေဂျာကိုလည်း တက်ခဲ့သေးတဲ့သူ့အတွက် ဒီလူရဲ့လက္ခဏာတွေကသေချာပေါက် မဟုတ်တာလုပ်ထားတာပဲ။

ထိုအမျိုးသမီးကိုတည့်တည့်ဆိုက်ကြည့်ရင်း 
အသံကိုတမင်ခပ်မာမာနဲ့ပြောလိုက်သည်။

"ခင်များ..ညာနေတာ!!!.."

"ရှင်..မ..မကြိုင်မညာရပါဘူးရှင်..
တ..တကယ်တွေ့ခဲ့တာပါ.."

စကားပြောတာကလည်း အမှန်သာဆိုတယ် စကားတွေကအထစ်ထစ်အငေါ့ငေါ့နှင့် အသံတွေကလည်းတုန်နေသည်။
စကားပြောနေတဲ့အချိန်မှာလည်း မြတင့်ဆိုသူကို အားကိုးသလို မျက်လုံးဝေ့ပြီးကြည့်လိုက်သေးသည်။
ပြီးတော့ ခြံ၀န်းတံခါးကိုသာလှမ်းကြည့်နေပုံထောက်ရင် စိတ်ပညာသဘောတရားအရသေချာပေါက်မဟုတ်တာလုပ်ပြီးထွက်ပြေးဖို့ကိုသာချောင်းနေတာပဲ။သူသဘောပေါက်လိုက်ပြီ။

"မှန်မှန်ပြောစမ်း..မင်းနဲ့အတူပေါင်းပြီးကြံစည်တဲ့သူကဘယ်သူလဲ..ဒီအထဲမှာပဲရှိနေတယ်..
ဟုတ်တယ်မလား..ဒီကောင်မလေးကိုတမင်‌ချောက်ချချင်နေတာ ဘာကြောင့်လဲ.."

"ရှင်..မဟုတ်..မဟုတ်ပါဘူးရှင်..ကျွန်မ..."

မကြိုင်ကမြတင့်ကိုပဲလာလာကြည့်နေတော့ မြတင့်တောင်စိတ်မလုံချင်ဖြစ်လာသည်။

"ဟဲ့မကြိုင်..ကိုမာန်ပြောသလို..စံပယ့်ကိုနင်သပ်သပ်အပုပ်ချတာလားဟင်..နင်မို့လို့အဲ့လိုလုပ်ရက်တယ်သိလား..သွားငါ့ခြံထဲကနေ 
အခုထွက်သွား..."

"ဟဲ့ဘာဖြစ်နေကြတာလဲ.."

အိမ်သာသွားတက်ရာမှ ပြန်လာတဲ့အပျိုကြီးမရင်က မစိုးဘေးမှာလာရပ်နေလေသည်။
မစိုးလည်းအကြောင်းစုံရှင်းပြလိုက်ရာ မရင်ကမျက်လုံးပြူးပြီး စံပယ်နှင့်နေဂုဏ်မာန်ရဲ့ဘေးနားမှာသွားရပ်လိုက်လေသည်။

"ဒီကိစ္စ..အစ၊အဆုံးကို ကျွန်မသိတယ်.."

"ဟဲ့မရင်နင်က ဘာစခန်းထတာလဲ.."

မစိုးကလက်ကုပ်လိုက်ပေမဲ့ စံပယ့်ကိုချစ်တဲ့မရင်က"နင်အသာနေစမ်းပါဆိုပြီး.."ဆက်ပြောလေသည်။

"ကျွန်မ အိမ်ထဲ၀င်ပြီး ရေနွေးကြမ်းတက်ယူတဲ့အချိန်တုန်းက အိမ်ကြားထဲမှာ မြတင့်ကမကြိုင်ကိုဆွဲကြိုးတစ်ကုံးပေးနေတာတွေ့လိုက်တယ်....ကျန်တာတော့မကြားပေမဲ့ ...
သူများတွေမရိပ်မိစေနဲ့နော်လို့..မြတင့်ပြောတာတော့ကြားလိုက်တယ်....
...ရေနွေးကြမ်းပန်းကန်ယူပြီး ပြန်ထွက်လာတော့ အလုပ်ရှုပ်နေတဲ့ စံပယ်မွှေးဘေးနားကို မကြိုင်ကကပ်သွားပြီးတစ်ခုခုထည့်လိုက်တာတော့
တွေ့ပေမဲ့ ကျွန်မလည်းဒီလိုကြံစည်လိမ့်မယ်လို့
မထင်ထားခဲ့မိဘူး.."

"မရင်ရယ်..အဲ့ဒါကို ပြဿနာစဖြစ်ထဲက မပြောပဲ..
တော်ကဘယ်ချောင်မှာသွားအိပ်နေတာလဲ.."

"ဟို..ငါလည်းဗိုက်နာလို့..အိမ်သာသွားတက်တာပေါ့ဟယ်..ဒီလိုဖြစ်မယ်မှန်းသိရင်..ဇိမ်ခံပြီးအိမ်သာဘယ်တက်ပါ့မလဲ.."

"ကဲအားလုံး..ကြားတဲ့အတိုင်းပဲ ဘယ်သူကအပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတာခန့်မှန်းမိ‌လောက်ပြီဆိုတော့..မနက်ကျမှပဲအုပ်ချုပ်ရေးမှူးနဲ့ကျွန်တော်ကိုယ်တိုင်..သွားတွေ့ပြီးအပစ်ပေးစရာရှိတာပေးခိုင်းမယ်..ကဲ..ဒီကအစ်မတို့ စံပယ်မွှေးကိုအပ်ပါတယ်..သူအရမ်းပင်ပန်းနေပြီ..အိမ်ပြန်ပို့ပေးပါအုံး..
ကျွန်တော်စိတ်ချမယ်နော်.."

မစိုးတို့ မရင်တို့လည်းစံပယ့်ကိုလာဖက်ကြကာ
အိမ်သို့ပြန်ခေါ်လာကြလေသည်။
အနောက်မှာသူနဲ့ဟိုလူ‌တွေ ဘာဖြစ်ကျန်ခဲ့လဲဆိုတာ စံပယ်မသိနိုင်သလို သိလည်းမသိချင်တော့ပါဘူး။
အိမ်ရောက်မှ မစိုးကထူးဆန်းစွာထမေးလေသည်။

"စံပယ်..ငါမရှင်းတာရှိလို့မေးရအုံးမယ်..နင့်ကိုငါတို့က ဒီအတိုင်းလည်းအတူအိမ်ပြန်ခေါ်သွားမှာပဲကို..
ကျွန်တော်စိတ်ချမယ်နော်ဆိုတော့..စိတ်မချချင် 
ချချင်နဲ့လွှတ်လိုက်တဲ့သဘောပေါ့..ဟဲ့အဲ့မြို့သားကငါတို့စံပယ်လေးကိုကြိုက်နေတာလားမသိဘူးနော်.."

မစိုးစကားကြောင့် မလှရီရော မရင်ပါတွေးကုန်ကြတော့သည်။စံပယ့်ရင်ထဲမှာတော့ ဒီနေ့အတွက်သူ့ကိုသိပ်ကျေးဇူးတင်တာပဲ ။
အကြောင်းစုံကိုသိသိချင်း အဘွားကတော့ ဟိုသားအမိကို အဆဲပေါင်းတစ်ရာနှင့် ထိုင်ပြီးမေတ္တာပို့နေတော့လေသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

Like and share ပေးကြပါအုံးနော်

#သနပ်ခါးရနံ့လေးကြူကြူမွှေး 
#စာရေးသူ_ဆောင်း‌ငွေ့ဝေ







Comments

Popular posts from this blog

🦋အခန်း ၁ မှ အခန်း ၃ 🦋

🌿အခန်း ၁ မှ အခန်း ၄ 🌿

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁) မှ အခန်း (၃)"