"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၇) မှ အခန်း (၉)"

 



"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၇) မှ အခန်း (၉)"



🌼 အခန်း၇🌼


🌼နှစ်ဆန်း၁ရက်နေ့🌼

နှစ်ဆန်း၁ရက်နေ့သည် မြန်မာ့ပြက္ကတိန်၏ ပထမဆုံးသော ရက်မြတ်အချိန်အခါဖြစ်ပြီး မြန်မာတို့ရဲ့ နှစ်သစ်အခါသမယကိုကူးပြောင်းတဲ့နေ့ဖြစ်တာကြောင့်ထိုနေ့မှာရတနာသုံးပါးနှင့်တကွ သမ္မာဒေဝနတ် အပေါင်းတို့ကို ရှေးအစဉ်အလာအတိုင်း လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း ကာယအား၊ဥာဏအားဖြင့်ကုသိုလ်ယူခြင်းတို့လုပ် လေ့ရှိသည်။

ထိုနေ့တွင် နှစ်ဟောင်းမှ အညစ်အကြေးများ ၊အကုသိုလ်များကို ဆေးကြောသန့်စင်ကြသည့်
အလို့ငှာ ဘုရား၊ပုထိုးများကို သန့်စင်ပေးကြခြင်း ၊မိမိအိမ်ကိုသန့်ရှင်းရေးလုပ်ခြင်း၊အိမ်တွင်းအသုံးအဆောင်များအား ဆေးကြောသန့်စင်ပေးခြင်းတို့ပြုလုပ်လေ့ရှိကြသည်။

အချို့လူငယ်၊လူလတ်ပိုင်းများဟာ ကျေးရွာ၊ရပ်ကွက်တွေထဲသို့ လှည့်လည်ကာ မိမိတို့နှင့်အသိအကျွမ်း အဘိုး၊အဘွားများအား ခေါင်းဆေးမင်္ဂလာပြုပေးသောအားဖြင့် တရော်ကင်ပွန်းနှင့် ခေါင်းလျှော်ပေးကြတာတို့၊အဘိုးအဘွားတို့၏ အ၀တ်အစားများအား လျှော်ဖွတ်ပေးကြတာတို့ကို ပြုလုပ်ခြင်းအားဖြင့် ကုသိုလ်ယူကြလေသည်။

စံပယ်တို့လို ဆင်းရဲတဲ့တော်သူ၊တောင်သားတွေအဖို့ 
တစ်နေ့လုပ်မှ တစ်နေ့နပ်မှန်အောင် စားကြရတာကြောင့် အလှူကြီးကြီးကို ငွေပေး၍မပြုလုပ်နိုင်ပေ။ထို့ကြောင့် အလုပ်နားရသည့်ဒီလိုအချိန်အခါလေးတွေဟာ စံပယ်တို့အတွက် အဖိုးဖြတ်နိုင်လိမ့်မယ် 
မထင်ပါဘူး။

"အဘိုးသာထူးတို့..ဘွားလေးအုန်းကြိုင်တို့..စံပယ်တို့အဖွဲ့လာပြီနော်.."

စံပယ်တို့ဟာ ညာသံပေးပြီး ဝါးပိုးများဖြင့် ကာရံထားသော ခြံ၀န်းထဲသို့ ၀င်လိုက်သည်နှင့် ဖွားလေးအုန်းကြိုင်သည် ပြောင်းဖူးဖက်ဖြင့်သူမကိုယ်တိုင် 
လိပ်ထားသည့် ဆေးလိပ်ကြီးကို မီးသတ်ပြီး ပြုံးပြလာလေသည်။

"အေးဟေ့..နှစ်ဆန်းမှာညည်းတို့လာမယ်မှန်းသိလို့..ကျုပ်ခေါင်းကိုဆီတောင်မလိမ်းထားဘူး.."

"ဟား..ဟား. ကျွန်မတို့ကလဲကုသိုလ်ယူချင်လို့ပါတော်.."

"အေးပါ..သာဓု..သာဓု..သာဓု..ပါတော်.."
"လင်ကောင်းသားကောင်းရပါစေ..သွားလေရာခလုတ်မထိဆူးမငြိပါစေနဲ့..သားကောင်းရတနာများလည်းမွေးဖွားနိုင်ကြပါစေ.."

"ပေးတဲ့ဆုနဲ့ပြည့်ပါစေအဖွားရေ..လောလော‌
ဆယ်တော့ခေါင်းလျှော်ပေးမယ်၊ရေချိုးပေးမယ်ဗျို့.."

ဘွားလေး အုန်းကြိုင်ဟာ အင်မတန်ရိုးသားသည့်တော်သူစစ်စစ်ဖြစ်ပြီး သူတို့လင်မယားနှစ်ယောက်လုံးဟာ အသက်ခုနှစ်ဆယ်ကျော်နေကြလေပြီ။သို့ပေမဲ့ သန်ကြမြန်ကြတုန်းပါပဲ။

သားသမီးမထွန်းကားပေမဲ့ လုပ်စားစရာလယ်ကွက်ကလေးများ ရှိသည်မို့ ချောင်ချောင်လည်လည်ရှိသည်ဟု ဆိုရမည်။
သို့ပေမဲ့အသက်တွေကကြီးကြပြီမို့ လယ်ကိုကိုယ်တိုင်မလုပ်ကြပဲ သူများကိုသာအငှားချထားလေသည်။

"ဒါနဲ့ မိစံပယ်....ညည်းရန်ကုန်မှာ အလုပ်ရနေပြီဆို..."

"အင်း...ဟုတ်တယ်လေ....ဖွားလေးရဲ့...."

"တယ်ဟုတ်ပါလားကွဲ့....တို့များငယ်ငယ်တုန်းကဆို ကိုယ့်ရွာအပြင်ထွက်ရမှာတောင် ခပ်ကြောက်ကြောက်ရယ်...."

"အမယ်လေး ကြောက်ပေလို့ပဲ ဘွားလေးရယ်
...ကျွန်မရဲ့အဘွားပြောတာတော့ ဘွားလေးတို့
ခောတ်က ဇာတ်ပွဲဆိုသိပ်ဝါသနာပါလို့ ပြင်ကသာကိုတောင် အုပ်စုလိုက်ကြီး လှည်းတွေစီတန်းပြီး သွားကြည့်ကြတာဆို...ဘွားလေးအုန်းကြိုင်က ထိပ်ဆုံးကပဲတဲ့...."

"အမယ်လေး ညည်းအဘွားကလည်း ဖောက်သည်ချလိုက်ပြန်ပါပြီ...သူလည်းဘာထူးသလဲ ဇတ်ပွဲကို အယောင်ပြပြီး ရည်းစားနဲ့ချိန်းတွေ့တာပဲကို...."

ဘွားလေးအုန်းကြိုင်ကို ရေချိုးပေးနေရင်းနှင့် စံပယ်ပြုံးမိလေသည်။အသက်ကကြီးလာတော့ ပါးရည်တွေတွန့်လာသည့်နည်းတူ သွားတွေဆိုတာလည်း 
ကျိုးကုန်သည်က များလေသည်။ ထို့ကြောင့် အသံလေး ခပ်တုန်တုန်နဲ့ စကားမပီပဲ ပြောနေတာကပင် ချစ်စရာကောင်းလွန်းသည်။ 

စံပယ့်အဘွားများကြတော့ လူကောင်ကလည်း 
ဘွားလေးအုန်းကြိုင်တို့ထက် ပိုထွားပြီး၊ပိုသန်မာသည်။
အသံဩဇာကလည်း ဩပြီး မာသည့်အထဲတွင်
 ပါတာကြောင့် အဘွားနဲ့စကားပြောရင် တော်ရုံလူက ခွန်းတုံ့မပြန်ရဲလောက်အောင်ပါပဲ။

ဟိုဆက်ဆက် သည်ဆက်ဆက်သမားမို့ ရပ်ရွာထဲတွင် ဘယ်သူကလေးမွေးမွေး အဘွားကြည်မေပါသည်။ဘယ်သူဆေးရုံတက်တက် လုပ်တတ်ကိုင်တတ် ဘွားကြည်မေကို ထိပ်ဆုံးကနေလာခေါ်ကြပြန်သည်။စံပယ့်အဘွားဟာ တကယ့်ကိုမေတ္တာရှင်မကြီးလိုပါပဲ။

"မိစံပယ်...ဒါနဲ့...ရန်ကုန်မှာ ညည်းကဘာအလုပ်လုပ်ရတာတုန်း..."

ဘွားလေးအုန်းကြိုင်၏အမေးကြောင့် ခေါင်းလျှော်ပေးနေသည့် စံပယ့်လက်တွေ ခဏတာလောက် ရပ်တန့်သွားမိသည်။စံပယ်ဘယ်လိုဖြေရပါ့မလဲ။
ဘွားလေး အုန်းကြိုင်တို့ကိုသာ စံပယ်လုပ်ရတဲ့ အလုပ်အကြောင်းကို အမှန်အတိုင်းပြောလိုက်ရင် 
အဘွားကို ပြန်ပြောမှာသေချာတယ်။

"ဟို....အရင်ကစတိုးဆိုင်မှာပဲလေ...အဘွားရဲ့...."

"ဟုတ်လား...."

"လစာရော...ကောင်းရဲ့လား...."

"မဆိုးပါဘူး....အဘွားရယ်..."

"အေးအေး....ညည်းတို့အဆင်ပြေရင် ဘွားလေးတို့လည်း ၀မ်းသာပါတယ်ကွယ်...."

"ဟုတ်ကဲ့ ဘွားလေး..."

စံပယ်လည်း မလိမ်ချင်ပေမဲ့ နှစ်ဆန်းတစ်ရက်နေ့မှာမှ လိမ်လိုက်မိလေသည်။သန့်ရှင်းရေးအလုပ်သမားလို့ ပြောလိုက်ရင် ဘွားလေးအုန်းကြိုင်တို့ကတော့ လုပ်ငန်း‌အကြောင်းသိပ်သိမှာ မဟုတ်ပေမဲ့ စံပယ့်အဖွားကတော့ ရှေ့မှီ၊နောက်မှီကြီးဖြစ်လို့ ရန်ကုန်ကအဆောင်ပိုင်ရှင်ကို လှမ်းမေးမှာသေချာတယ်။

သန့်ရှင်းရေး ၀န်ထမ်းလုပ်ရတာကို စံပယ်မရှက်ပါဘူး။သို့ပေမဲ့ အဘွားကိုတော့ မသိစေချင်ပေ။
လူကြီးသူမဆိုတော့ မတတ်သာလို့ အလုပ်လုပ်ခိုင်းနေရပေမဲ့ ကိုယ့်မြေးဟာ အိမ်သာဆေးရ၊ကြမ်းပြင်တိုက်ရသည်ဆိုပါက ဘယ်မှာ၀မ်းမနည်းပဲ နေပါမည်လဲ။

စံပယ်လည်း တစ်နှစ်ပါပဲလေ။ညီမလေးဆယ်တန်းအောင်ရင်တော့ ရွာကိုပြန်လာတာပဲဖြစ်ဖြစ်၊ရန်ကုန်မှာပဲ အရောင်းသမအလုပ်ဖြစ်ဖြစ် ပြောင်း းလျှောက်မည်ဟု စိတ်ကူးထားလိုက်မိသည် ။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ကျေးလတ် ဒေသဖြစ်သည့်အလျှောက် နေ့လည်၊နေ့ခင်းဟာ အလွန်တရာမှ တိတ်ဆိတ်လှသောအချိန်အခါ ဖြစ်လေသည်။
ဘွားလေး အုန်းကြိုင်တို့အိမ်ကအပြန် ဘုန်းကြီးကျောင်း၀န်းကြီး၏ အရှေ့မှ ဖြတ်လျှောက်မိတော့ တာလမ်းမကြီး၏ လက်ယာဘက်အခြမ်းက ကြာကန်ကြီးဆီသို့ အကြည့်ရောက်သွားမိလေသည်။

ဒီအအချိန်ဆိုလျှင် ကျောင်းထိုင်ဘုန်းကြီးလည်း တစ်ရေးမှေးနေလောက်မည်ဟု တွေးမိတာကြောင့် ‌ဘုန်းကြီးကျောင်းထဲသို့ မ၀င်တော့ပဲ တာလမ်းမလေးပေါ်မှနေ၍ ကြာကန်နံဘေးက ‌ဘုရားကိုသာ ငေးကြည့်လိုက်မိသည်။
ကြာကန်ကြီးက ရေတွေခမ်းခြောက်နေသည့်အချိန်ဖြစ်တာကြောင့် ကြာရိုး၊ကြာရွက်တွေနှင့် ပိန်းရွက်တွေသာ မြေပေါ်မှာတင်ကျန်နေခဲ့လေသည်။
ကြာပေါ်ချိန်ဆိုရင် ကြာပွင့်တွေ၊ကြာခွက်တွေခူးဖို့ရန် ထားသည့် လှေကလေးမှာလည်း ကုန်းပေါ်တွင် တင်ကျန်နေသည်။

ဘုရားကြီးကို လှမ်းမျှော်ကြည့်လိုက်ပြန်တော့လည်း  ချုံနွယ်တွေနဲ့ပိတ်ပြီး ဘုရားစိန်ဖူးတော်လေးကိုသာ မြင်နေရလေသည်။ကာလသားတွေ မြက်မရှင်းကြပဲ အပျင်းကြီးနေတာပဲနေပါလိမ့်မယ်။သီတင်းကျွတ်ဆိုရင်တော့ ဒီခြုံတွေ ခုတ်ပြီးလောက်ပါရဲ့။

ဘာလိုလိုနဲ့ သင်္ကြန်ပိတ်ရက်ကုန်လို့ မနက်ဖြန်ဆိုရင်ပဲ ရန်ကုန်ပြန်ရတော့မည်။သူငယ်ချင်းတွေနဲ့လည်း ခွဲရတော့မည့်ကိစ္စနှင့် အဖွားကိုလည်း ချန်ထားခဲ့ရမည်လို့ တွေးလိုက်မိတိုင်း စိတ်ထဲမှာ အလေးတုံးကြီးကို ဆွဲထားရသလို ၀မ်းနည်းပြီးလေးလေးပင်ပင်ကြီး ဖြစ်လာသည်။

"..ဟေ့!.."

"အမယ်လေး!..သေချင်းဆိုးကြီး.."

"ဟာ..စိန်အေးမရယ်နင်လုပ်မှ..ငါလည်းသေရမလိုဖြစ်နေပြီ.."

"ဟဲ့ဖားကြီး..ဘယ်ချုံကြားကနေထွက်လာတာလဲဟယ်..လန့်လိုက်တာ.."

"နေစမ်းပါဟာ..ငါနင်တို့နဲ့မပြောချင်ဘူး..စံပယ်လေးနဲ့‌ပဲပြောချင်တာ.."

ဖားကြီးက စံပယ့်အရှေ့မှာရပ်နေသည့်မစိန်အေးနဲ့
မစိုးတို့ကို ဖယ်ခိုင်းပြီးစံပယ်နဲ့ မျက်နှာချင်းဆိုင်တွင် လာရပ်လေသည်။အသက်ကြည့်တော့ 
ဖင်စောင့်တော့မဲ့ဥစ္စာ ရွာထဲက အပျိုတိုင်းကို 
ဒင်းဖွန်လိုက်ကြောင်နေတာကတော့ တော်တော်များသွားပြီ။

ကိုဖားကြီးရဲ့နာမည်အရင်းက တင်မြင့်ဖြစ်ပြီး 
ဂုတ်တိုတိုနှင့် မျက်လုံးကပြူးသည့်အပြင် 
ဖားမျက်လုံးလို ဖြစ်နေလေသည်။ထို့ကြောင့် သူ့ကိုဖားကြီးလို့စနောက်ခေါ်ကြရာမှ တင်မြင့်ဆိုသည့် နာမည်ပါ ပျောက်သွားလေသည်။သူကိုယ်တိုင်ကလည်း ဖားကြီးရေလို့ ခေါ်မှသာ ချက်ချင်းလှည့်ကြည့်တတ်သည့်လူပင်။

"အံမယ်..အံမယ်.."

"ဖားပြုပ်မျက်နှာ..ဖားပျံကိုယ်လုံးနဲ့များ..
တို့စံပယ်မွှေးကိုမှန်းချင်တယ်တဲ့..အံ့ပါ့ဟယ်
ကြည့်ရတာ ဖားကင်ဖြစ်ချင်နေပြီနဲ့တူတယ်..."

"နင်တို့အသာနေကြစမ်းပါ..မနက်ဖြန်စံပယ်လေးကရန်ကုန်ကိုပြန်တော့မှာဟ..ဟော့ဒီက ဖားကြီး‌လွမ်းလို့သေရချီရဲ့..စာနာပေးကြစမ်းပါဟာ..
ငါလည်း လွမ်းတတ်ပါတယ်..."

"အမယ်‌လေး..ဖားပါးစပ်က နတ်စကားထွက်ရတယ်လို့..ဖားကြီးလွှမ်းရင်..ဖားမကြီးဆီသွားပေါ့..
ဘာခက်တာမှတ်လို့..နတ်ပြည်တက်ပြီး နတ်ဖားဖြစ်ချင်လို့တော့ မရဘူးဟေ့...ဖနောင့်နဲ့ပေါက်လိုက်လို့
ချီးအတောင့်လိုက်ထွက်သွားမယ်....
ဖားအစုတ်ပလုတ်ရဲ့..."

"ဖားဂုံညှင်းမတွေ..နင်တို့..မြည်လို့ပြီးပါတော့မလား
..ဒီမှာချစ်ရသူချင်းလွမ်းခွင့် လေးတော့ပေးပါဟာ.."

"အိုဟို..ဖားပါးစပ်ကနတ်စကားတင်မကဘူး..
သိကြားမင်းဖင်ပါပြေးကိုက်ပြီဟေ့..ဝေါ့....
စံပယ်ရေ...ငါမရတော့ဘူး...အဆီပြန်နေတဲ့
ဖားနှာဘူးကို ကြည့်ပြီး အန်ချင်လာပြီ...ဝေါ့..."

"ဟဲ့...ဖားဂုံညှင်းမတွေ...ငါကနင်တို့ကိုပိုရွံတယ်...
ရုပ်တွေကိုက ငါးကြီးခြောက်ကို ရေနှူးထားသလို
ပွစိစိ‌တွေနဲ့...ငါးကို ဆားနယ်ပြီး အိုးထဲမှာထည့်သိပ်
ထားတဲ့ အခွက်တွေကမှ နင်တို့ထက်လှအုံးမယ်...
စံပယ်လေးကြောင့်သာ သည်းခံပေးနေတာနော်
...နော်စံပယ်လေး..."

"အောင်မယ်....အောင်မယ်...ငပြူးကများ ပြဲရတယ်လို့...."

"မဟုတ်လို့လား....နင်တို့အိမ်တွေမှာ မှန်တွေမရှိလို့လား...အိမ်ပြန်ပြီး မှန်ပြန်ကြည့်လိုက်အုံး...
ငါးကြီးခြောက်မတွေရဲ့...."

"ဖားကြီး....နင် ဖားဘ၀မှာတင် အညွှန့်တုံး
သွားမယ်နော်....."

ကိုဖားကြီးကတော့ ငြိမ်ခံနေတာကိုအကောင်းမှတ်နေတယ်။ဖားပြုတ်ကိုများ စံပယ်ကရည်းစားတော်မတဲ့လား။သိမယ် စံပယ့်အကြောင်းကောင်းကောင်းသိစေရမယ်။

"ကိုဖားကြီး ရှင်စံပယ့်ကို တကယ်ပဲကြိုက်တာလား.."

"အို..ကြိုက်တာမဟုတ်ဘူး..ချစ်တာ..ဖားကြီးရဲ့ဟောဒီ့ ရင်ဘတ်ကြီးထဲကကိုချစ်တာဗျာ.."

လူဝံကြီးလို သူ့ရင်ဘတ်ကိုတဘုန်းဘုန်းထုပြနေတာများ တော်တော်ကို အမြင်ကပ်ဖို့ကောင်းနေသည်။

"ဟုတ်ပါပြီ..အာ့ဆို..ဟော..ဟိုကမန်ကျည်း
ပင်ကိုတွေ့လား.."

"တွေ့တယ်လေ..အော်..ဘာလဲ..ဖားကြီးကိုမန်ကျည်းပင်အပေါ်တက်နိုင်လား စမ်းသပ်ချင်တာလား..ဒီလောက်ကတော့ ဖားကြီးက အေးဆေး..
အေးဆေး...."

"မဟုတ်ဘူး..အဲ့ဒီ့အပင်ကို တော့်လက်သီးနဲ့ဘယ်နှစ်ချက် ထိုးနိုင်မလဲ..သိချင်တာ.."

"ဘာ!!!!"

ဖားကြီးခမျာ ပါးစပ်ကြီးဟပြီး စကားတောင်မပြောနိုင်ဖြစ်သွားရလေသည်။"ဂလု"ဆိုပြီး သထွေးကို
 မျိုချလိုက်မိပြန်သည်။ဖားကြီးဘ၀မှာ သွေး ထွက်
သံယိုဖြစ်ရမှာကို အကြောက်ဆုံးပဲဆိုတာ စံပယ်လေးကို ဘယ်လိုပြောရပါ့မလဲ။

"စံပယ်လေး..ဒါ..ဒါ..ဒါ..ဒါကတော့.."

"ဘာလဲ..မလုပ်နိုင်ဘူးလား.."

"လုပ်..လုပ်နိုင်ပါတယ်..လုပ်နိုင်တာပေါ့..
ဘာလို့မလုပ်နိုင်ရမှာလဲ..အဟင်း..စံပယ်လေးအတွက်ဆို..အချက်တစ်ရာတောင်ထိုးပြနိုင်တယ်.."

"အို..အချက်တစ်ရာတော့မလိုပါဘူး..ဆယ်ချက်လောက်ဆိုရပါပြီ.."

"ဘာ.....ဆယ်...ဆယ်...ဆယ်ချက်တောင်...."

"ဟုတ်တယ်လေ ..ဘာလဲ မလုပ်နိုင်ဘူးလား...
မလုပ်နိုင်လည်းရတယ်နော်...."

"လုပ်...လုပ်.....လုပ်နိုင်ပါတယ်...."

ဆယ်ချက်ဆိုသည့် အသံကြားတာနှင့် စကားထစ်သွားသည့် ကိုယ့်ပါး ကိုယ်ပြန် ရိုက်ပစ်လိုက်ချင်သည်။

"ဟဲ့..မောင်လေးငတူး..လာဦး"

စံပယ်လည်း အနီးအနားမှ ဖြတ်လျောက်သွားသည့် ငတူးကိုလှမ်းခေါ်လိုက်သည်။
ဂတုံးပြောင်ပြောင်လေးနဲ့ ငတူးကတော့ မျက်လုံးလေးအဝိုင်းသားနှင့် စံပယ့်ဆီသို့ လာရှာသည်။

"ဘာလဲ..မမစံပယ်.."

"..ကိုဖားကြီး မန်ကျည်းပင်ကိုဆယ်ချက်ပြည့်အောင် ထိုးနိုင်မလားဆိုတာကြည့်နေ..ပြည့်ရင်
အဘထူးတို့အိမ်မှာငါ့ကိုလာပြောသိလား..
ဟန်ဆောင်တာလား...တကယ် ထိုးတာလားလည်း ပြောအုံးနော် .."

"ဟုတ်ကဲ့..သိပါပြီ.."

"ကဲ...ကိုဖားကြီး..အဘထူးတို့အိမ်ကိုသွားရအုံးမှာမို့..ငတူးကို စောင့်ကြည့်ခိုင်းထားမယ်နော်..
ဆယ်ချက်ပြည့်မှ..တော့်ကိုစဉ်းစားပေးမယ်..
..အားရပါးရ ထိုးနော်.."

"အေး..အေးပါစံပယ်လေးရယ်.."

အေးပါသာ ပြောတယ်။
ရုပ်ကဖားကို ဖင်က‌နေ တန်စို့ထိုးပြီး အကင်ခံရမှာကြောက်နေသည့် ရုပ်နဲ့မို့ စံပယ့်မှာရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။

"ဟဲ့ငတူးနင်လဲသေချာစောင့်ကြည့်နော်.."

"ဟုတ်ကဲ့ပါဗျာ.."

ငတူးကိုပြောဆိုခဲ့ပြီး စံပယ်တို့အဖွဲ့လစ်ထွက်လာလိုက်သည်။နောက်မှာကျန်ခဲ့တဲ့ငတူးနဲ့ဖားကြီးကတော့..

"ဦးဖားကြီး..ထိုးလေဗျာ..ဘာလဲအပင်စောင့်နတ်ကိုတိုင်တည်နေတာလား.."

ဖားကြီးခမျာ ခြေထောက်တွေ‌တောင်တုန်လာပြီး 
မန်းကျည်းပင်ကိုလက်ညှိုးနဲ့တို့ကြည့်လိုက်သည်။..

"ဟီးဟီး..တော်တော်မာတဲ့ အပင်ပဲနော်..."

"မာတာတွေ..ပျော့တာတွေလုပ်မနေနဲ့ဗျာ ထိုးမှာသာထိုး..ထိုင်စောင့်နေရတာ စိတ်မရှည်ဘူးနော်..ဘာလဲမထိုးရဲဘူးလား.."

"အောင်မယ်...ကလေးကများ ကြီးကြီးကျယ်ကျယ်တွေ ပြောနေရတယ်လို့...မင်းမှာဘာအလုပ်အကိုင်ရှိတာမှတ်လို့...."

"ဘာလို့မရှိရမှာလဲ...ပွတ်စလီမှာဂေါ်လီလုံးသွားလှိမ့်မလို့ဗျ....ဦးဖားကြီးလို အားအားယားယားဖွန်လိုက်ကြောင်နေတာမဟုတ်ဘူး...မထိုး ရဲရင်လည်း
....နေတော့ဗျာ..မမစံပယ်ကို သွားပြောလိုက်တော့မယ်..."

"မ..မထိုးရဲပဲနေမလား..ကဲထိုး ပြ‌မယ်.."
ကြည့်နေနော်.."

"ကြည့်နေပါတယ်..ထိုး မှာသာထိုး.."

"ထိုးပြီဟေ့..တစ် နှစ် သုံး..ကဲကွာ..ကဲကွာ.."

မန်ကျည်းပင်ကို နှစ်ချက်သာထိုးပြီး ဖားကြီးတစ်ယောက် လက်သွေး စို့၍ အပင်အောက်တွင်ငုတ်တုတ်ကြီးထိုင်ကျသွားလေသည်။
ထိုစဥ်မောင်ဦးတစ်ယောက်ထိုနေရာမှဖြတ်
အလျှောက်..

"ဟေ့..ဖားကြီး..မင်းအ‌မေသေလို့ငိုနေတာလားကွ.."

"နင့်မေကြီးတော်..မအေသေရမှလားကွ..
ဒီမှာလက်နာနေပါတယ်ဆို..အီဟီး.."

"ဟာဗျာ..တစ်ကိုယ်လုံးထိုးထားတဲ့..ဘီလူးရုပ်တွေမှအားမနာ..ငိုနေတာများ..
ယောက်ျားသေတဲ့မုဆိုးမကြီးကျနေတာပဲ..

"ဘီလူးကဘီလူး..နာတာကနာတာ..အီဟီး.."

ငတူးလည်း သွေးမြင်ပြီး မရှု၊မလှငိုနေသည့် ဖားကြီးကိုကြည့်ကာ နှာခေါင်းရှုံ့ပြီး ခေါင်းခါပြစ်လိုက်သည်။
ကိုယ်လုံးမှာကြတော့ ဘီလူးတွေရော၊နဂါးတွေရော စုံနေအောင်ထိုးထားပြီး ဒီလောက်လေးပွန်းပဲ့တာကို ငိုနေတာများ တော်တော်သတ္တိနဲတာပဲဟု မှတ်ချက်ချလိုက်သည်။

"ဦးဖားကြီး ....တက်တူးတွေ ထိုးတုန်းကတော့မငိုပဲနဲ့....ဒီလောက်လေးဖြစ်တာကို ဘာလို့ငိုနေရတာလဲဗျာ..."

"မင်းဘာသိလို့တုန်း တက်တူးကအစစ်မဟုတ်ဘူးကွ...ဟိုတစ်လောကမှ မြို့တက်ပြီးကပ်ခွာသွားကပ်ထားတာဟ...."

"....ကျွန်တော်လည်းသွားပြီဗျာ...ဦးဖားကြီးကို
ကြည့်နေရင် ဒေါ်တင်မေသူ့လင် သေလို့ ငိုတဲ့ရုပ်ကြီးနဲ့ တူတူလာလို့..."

"ဒီ...သေချင်းဆိုးလေးကတစ်မျိုး....ငိုတာတောင် ကောင်းကောင်းမငိုရဘူး..."

ဖားကြီးက ရိုက်လိုက်ချင်ပေမဲ့ ငတူးကတော့
 ပွတ်စလီရွာဘက်အခြမ်းသို့ ပြေးသွားနှင့်လေပြီ။
ဖားကြီးလည်း စံပယ်ကပြန်မကြိုက်မည့်အတူတူ 
ချောင်းဟိုဘက်ကမ်းက သူ့အိမ်သို့သာ ပြန်ဖို့လုပ်ရလေသည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ဒီနေ့က အလုပ်ပြန်ဆင်းတဲ့နေ့ဖြစ်လို့ IDG
ကုမ္ပဏီတစ်ခုလုံးရှိ အလုပ်သမား‌တွေအားလုံး
 ပျားပန်းခက်အလုပ်ရှုပ်နေကြလေသည်။

 သင်္ကြန်ပိတ်ရက်မှာပစ်ထားသမျှ အတိုးချလုပ်နေရသည်လေ။
စံပယ်တို့သန့်ရှင်းရေးဌာနကလည်း ပိတ်ရက်၈ရက်အတွင်း ‌ဂျီးတင်သွားတဲ့အဆောက်အဦးကြီးကိုသန့်ရှင်းရတာ လက်ကိုပြုတ်ထွက်မတက်ပါပဲ။

"စံပယ်ရေ..၄လွှာက အစည်းအဝေးခန်းတွေကိုသန့်ရှင်းရေးလုပ်လိုက်ပါအုံး..အခန်းနံပါတ်(၂)ကိုတော့ ချန်ထားလိုက်ပါ...အဲ့မှာအခုအစည်းအဝေးလုပ်နေတယ်..အခန်းရှေ့ကလျှောက်လမ်းကိုပဲသန့်ရှင်း‌ ရေးလုပ်ရင်လုပ်လိုက်ပါ.."

"ဟုတ်ကဲ့.."

စံပယ်လည်း အလွှာ‌(၄)ကို ဓာတ်လှေကားနဲ့ 
တက်လာလိုက်ပြီး အစည်းအဝေးအခန်းတွေကို သန့်ရှင်းရေးလုပ်လိုက်သည်။
အခန်းနံပါတ်(၂)ကိုတော့ ရှေ့လူသွားလမ်းကိုသာ သန့်ရှင်းရေးလုပ်နေလိုက်သည်။
.
.
.
တစ်ဖက်တွင်တော့အစည်းအဝေးလုပ်နေတဲ့
နေဂုဏ်မာန်တစ်ယောက် တင်ပြလာသည့်
ပရောဂျက်ကိစ္စတွေကို နားထဲမ၀င်‌တော့ပေ။
အခန်းအပြင်တွင် သန့်ရှင်းရေးလုပ်နေသည့်ကောင်မလေးဆီသာ မျက်လုံးကစုံလည်လှည့်ပြီး ရောက်ရောက်နေသည်။
အသိစိတ်၀င်လာတိုင်း ခုံပေါ်မှ ဖိုင်လ်တွေကို သေချာကြည့်နေလိုက်ပေမဲ့ စိတ်ကတော့ သူမကိုသာ ကြည့်ချင်နေသလို ဖြစ်နေသည်။

သတိထားမိသူ‌တွေကတော့ ဒီသူဌေးအကြော
ဆွဲနေတာလားဟု ထင်ကြပေလိမ့်မည်။
အစည်းအဝေးအခန်းကို ကာထားသည့်မှန်တွေဟာ အထဲကနေသာအပြင်ကိုမြင်နိုင်ပြီး အပြင်ကလူကအထဲကိုမမြင်နိုင်ပေ။ထို့ကြောင့် သူကသာကြည့်နေမိပေမဲ့ ထိုကောင်မလေးကတော့ သူမလုပ်စရာရှိနေသည်များကိုသာ ဆက်လုပ်နေလေသည်။

"ဆရာ..ဆရာ..ဆရာ့!!"

"ဟင်..အင်း..‌ကောင်းပါတယ်.."

"ဆရာ..ကျွန်တော်ဘာမှမပြောရသေးဘူးလေ.."

စီမံခန့်ခွဲရေးဌာနကလူတွေလည်း နားမလည်နိုင်စွာခေါင်းကုတ်ကြတော့မှ သူလည်းလက်ရှိဘ၀ကိုပြန်ရောက်လာတော့သည်။

ဟုတ်သားပဲ ငါအစည်းအဝေးအခန်းထဲမှာ ဘဏ်‌
ကြေငြာအတွက်ဆွေးနွေးနေတာပဲ။

နေဂုဏ်မာန်ရှက်လွန်း၍ သူ့ခေါင်းကိုသာဖြုတ်ပြီး‌ 
ခုံအောက်ထဲကိုသာ ထိုးထည့်လိုက်ချင်တော့သည်။
ဒီလိုအမှားလုပ်ဖူးတာ ဒါပထမဆုံးပဲ။
သူကဘယ်အရာကိုမှ ချို့ယွင်းချက်မရှိအောင်လုပ်နိုင်သူလေ။

"စံပယ်မွှေး..မင်းငါ့အရှေ့မှာရှိနေရင်..ငါ့မျက်လုံးကမင်းကိုပဲကြည့်နေချင်သလို..ငါ့စိတ်ကလည်းမင်း
ရှိတဲ့နေရာကိုပဲ..ခေါ်သွားနေတယ်..ဒါဘာကြောင့်လဲ..ငါမင်းကိုချစ်မိတာလား..မဟုတ်သေးပါဘူး..စိတ်၀င်စားတာ..ဟုတ်တယ်မင်းရဲ့ထူးခြားတဲ့ပုံစံလေးက ငါ့ကိုစိတ်၀င်စားမိစေတာပဲ.."

💓💓💓💓💓💓💓💓💓💓

ညနေရုံးဆင်းပြီဖြစ်တာကြောင့် ဖယ်ရီဂိတ်ကိုအသွား လူတစ်ယောက်ကပခုံးကိုလှမ်းပုတ်လိုက်တာကြောင့် စံပယ်လှည့်ကြည့်လိုက်မိသည်။
ထိုလူဟာ အခြားလူမဟုတ်ပဲ ကိုအေး၏တူ ကိုမိုးနီပါပဲ။

"ဟင်..ကိုမိုးနီ..ဘယ်လိုလုပ်ပြီးဒီကို.."

"ဟုတ်တယ်ကိုယ်ဒီနေ့ပဲ..လျှပ်စစ်အင်ဂျင်
နီယာဌာနမှာအလုပ်ရသွားပြီ..စံပယ်ကရောဒီမှာလုပ်တာလား.."

"ဟုတ်..ဟုတ်ပါတယ်..."

"ဒါဆို..ဘယ်ဌာနကလဲ.."

"ဟို..ဟိုလေ.."

"ကဲပါ..ဟိုတွေ..ဒီတွေလုပ်မနေနဲ့ကိုယ့်ဆိုင်ကယ်ပါတယ်..စံပယ့်ကိုလိုက်ပို့ပေးမယ်လေ..

"ဟို..ရပါတယ်..စံပယ့်ဘာသာ..ဖယ်ရီနဲ့ပဲ.."

"လာပါဆိုကွာ..မိတ်ဟောင်း..ဆွေဟောင်းတွေ..ဒီလိုကံဆုံတာ..လွယ်တာမှတ်လို့..လာ.."

အတင်းဆွဲခေါ်နေတဲ့ ကိုအေးရဲ့တူ ကိုမိုးနီကြောင့် စံပယ်လည်းလိမ်ဖယ်၊လိမ်ဖယ်နဲ့ပါသွားရတော့သည်။ဒီလူဟိုတစ်ခါငရုတ်သီးကသိပ်မစပ်လို့ပဲလား။
"ကြုံလည်း..ကြုံတတ်ပါလား..ကံကြမ္မာရယ်"
စံပယ်စိတ်ပူနေတာကတော့ ကိုမိုးနီများ စံပယ်သန့်ရှင်းရေး၀န်ထမ်းဆိုတာသိသွားခဲ့ရင်ရင် သူ့ဦးလေးကနေတစ်ဆင့် အဖွားကိုပြန်ပြောလိုက်မိမှာကိုပဲ။

ထိုအချင်းအရာကို အနက်ရောင်ကား၏ မှန်ချပ်နောက်ကွယ်မှနေ၍ မီးတောက်တော့မည့်မျက်လုံး‌ တွေနှင့်ကြည့်နေသူက နေဂုဏ်မာန်ဖြစ်လေသည်။

"ရွာလေးတစ်ခါပြန်လိုက်တာ ရည်းစားပါရသွားတာလား?..ဒီကောင်ကဘယ်သူလဲ?..
စံပယ်မွှေးနဲ့ဘာတွေလဲ?
..ဟာ..တောက်!.."

သူမကိုယောက်ျားလေးတစ်ယောက်နဲ့ ရယ်မောကာစကားပြောရုံလေးနှင့် သူ့ခေါင်းထဲမှာ"ဘာ?ဘာ?ဘာ?"ဆိုတာတွေတန်းစီနေလေတော့သည်။

သူ့မှာတော့ တစ်နေ့လုံးစိတ်နဲ့လူနဲ့မကပ်ပဲ သူမအပေါ်ကို စိတ်၀င်စားနေမိတဲ့အရာကို ခွဲခြမ်းစိတ်ဖြာနေမိခဲ့တာ။
ဒေါ်စံပယ်ကတော့ ဒီနေ့မှချည်သား၀မ်းဆက် အဝါနုကလေးနဲ့ ပေါင်လည်လောက်ရှိတဲ့ဆံပင်ရှည်ကြီးတွေကို အပေါ်တစ်လွှာပဲစည်းထားတော့ 
ကျောပြင်မှာဆံနွယ်တွေဝဲဖြာကျလို့ မြင်သူတိုင်းငေးရအောင် တမင် ပဲများနေတာလားမသိဘူးဟု
တွေးလိုက်မိသည်။

ဒါတင်မကသေး ဟိုသ‌ကောင့်သားရဲ့ဆိုင်ကယ်အပေါ်ကိုမြှောက်ကြွမြှောက်ကြွနဲ့ပါသွားတာများ မွေးကတည်းက ဆိုင်ကယ်မစီးဖူးတဲ့ရုပ်အတိုင်းပဲ။

"ဟာကွာ..တောက်!"

"ဟာ..ဆရာကျွန်တော်ဘာလုပ်မိလို့လဲဆရာ.."

နေဂုဏ်မာန်ဟာ တက်ခေါက်လိုက်မိသည့်အပြင် ပါးစပ်မှဒေါသသံလည်း ယောင်၍ထွက်သွားမိတာကြောင့် ဒါရိုက်ဘာမောင်ထွန်းတောင် နေမိထိ၊ထိုင်မသာဖြစ်သွားရလေသည်။

"မင်းကိုတက်ခေါက်တာမဟုတ်ဘူး..ခြင်..
ဟုတ်တယ်..ငါ့ကိုလာကိုက်တဲ့ခြင်မကို
တောက်ခေါက်တာ.."

ခပ်ရှက်ရှက်နှင့် ခြင်ကိုသာလွှဲချလိုက်ရသည်။
သူ့လိုလူတစ်ယောက်က မိန်းကလေးတစ်ယောက်၊ တစ်ခြားယောက်ျားလေးရဲ့ ဆိုင်လ်ကယ်အနောက်ကိုပါသွားလို့ တက်ခေါက်ရပါသည်ဆိုပါက လူလှောင်ရယ်စရာမဟုတ်ပါလား။သူလည်း သူ့စိတ်ကိုပြန် ဖြေလျှော့ပစ်လိုက်ရသည်။အသက်လည်း သုံးဆယ်နားနီးနေပြီဆိုတော့ ကလေးဆန်နေလို့
မဖြစ်တော့ချေ။

"ဒါနဲ့ဆရာ..ခြင်ကအထီးလား၊အမလား..
ဆရာဘယ်လိုသိလဲ..နည်းလမ်းလေးရှိရင်ကျွန်တော့်ကိုလည်းပြောစမ်းပါအုံး..အိမ်ကတူတွေ၊တူမတွေကိုဖောက်သည် ချချင်လို့.."

"ဟာ...အရေးထဲ မင်းကတစ်မျိုး...ကဲမောင်းတော့..."

ဆရာ့ရဲ့ခေါင်းရှုပ်နေတဲ့မျက်နှာကြီးကိုကြည့်ပြီး မောင်ထွန်းရယ်ချင်ချင်ဖြစ်နေသည်။
သိသားပဲ။ဟော့ဒီကမောင်ထွန်းက အပွေးမြင်အပင်သိ၊ချက်ဆိုနားခွက်ကမီးတောက်ပြီးသားပါဆရာရယ်လို့ ပြောလိုက်ချင်ပါသည်။
ငါတို့ဆရာလူပျိုကြီး သ၀န်တွေတိုပြီးဈာန်လျှောချင်နေတာများ မသိရင်ခက်မယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

အခန်း(၈)ဆက်ရန်.....


=========================================================================



🌼 အခန်း၈🌼


သင်္ကြန်ပိတ်ရက်ပြီးကတည်းက အလုပ်၀င်ရတာဒီနေ့နဲ့ဆို နှစ်ပတ်ရှိနေပြီ။

ဟိုတစ်ခါညဘက်ကြီး"ကိုယ်ကလွမ်းလို့ဖုန်းဆက်တာ"ဆိုသည့်ကိစ္စနဲ့ပတ်သတ်ပြီး သူဌေးကို
"တော်ဘာသဘောနဲ့ပြောတာလဲ"ဟုခါးထောက်ပြီးသာမေးလိုက်ချင်သည်။

သို့ပေမဲ့  ဟိုကဩဇာကြီးပြီး ရှန်းးရှန်းတောက်ချမ်းသာတဲ့သူဌေးမင်းကြီးလေ ကိုယ်က
ဟိုးအောက်ခြေကအနိမ့်ဆုံးအလုပ်သမား ၊
နံ့သာဆီနဲ့အီးလိုဘ၀က ဘာတွေကိုများမေးချင်နေတာလဲ မိစံပယ်ရယ်လို့သာ ကိုယ့်အတွေးကို 
ပြန်ရှုံ့ချလိုက်မိသည်။

"ဟေ့..စံပယ်ရေ..ဘာတွေတွေးနေတာလဲ..မြန်မြန်သန့်ရှင်း..တော်ကြာမင်းသမီးကအ၀တ်အစားလာလဲတော့မှာ..."

"ဟုတ်..ဟုတ်ကဲ့ပါ.."

ဒီနေ့ကIDGကုမ္ပဏီရဲ့လက်‌‌အောက်မှ ဘဏ်အသစ်အတွက် မင်းသမီးရွှေသိင်္ဂီနှင့်ကြေငြာရိုက်တဲ့နေ့ဖြစ်တာကြောင့် စံပယ်တို့သန့်ရှင်းရေးဌာနမှ
 လူအချို့ဟာ ဘဏ်မှာမနက်အ‌စောတည်းက 
လာရှင်းလင်းနေရလေသည်။

အကုန်ပြီးသွားပေမဲ့ မင်းသမီးအ၀တ်လဲရန်နှင့်မိတ်ကပ်လိမ်းမည့်အခန်း ကျန်နေသေးတာကြောင့် စံပယ်နဲ့မမွန်ဟာ မင်းသမီးမိတ်ကပ်လိမ်းမည့်အခန်းထဲသို့ ၀င်၍ ရှင်းလင်းရေးလုပ်နေရခြင်းဖြစ် လေသည်။

IDGကုမ္ပဏီတွင် သန့်ရှင်းရေး၀န်ထမ်းတွေ 
ဘာကြောင့်အများကြီး ခန့်ထားရသလဲလို့ 
အစကတွေးကြည့်ခဲ့ဖူးတယ်။
တကယ်တော့ ဦးနေဂုဏ်မာန်ဟာ လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုတာပါပဲ။

သန့်ရှင်းရေး ၀န်းထမ်းအချင်းချင်း ပြောကြပုံအရဆိုရင် ငါးနှစ်လောက် နိုင်ငံခြားကနေပဲ သူ့လုပ်ငန်းတွေကို လှမ်းပြီးဦးစီးချုပ်ကိုင်နေရင်းကနေ 
သိပ်မကြာခင်ကမှ မြန်မာကိုပြန်လာခဲ့တယ်လို့ သိခဲ့ရတယ်။

အစက စံပယ်ထင်တာဟာ သူပိုင်ဆိုင်တာက IDGကုမ္ပဏီတစ်ခုထဲသာ ရှိသည်ဟု ထင်ထားခဲ့တာမိသည်။
နောက်ပိုင်း ရန်ကုန်ထဲမှာတင် နေရာတော်တော်များများကို သန့်ရှင်းရေးလုပ်ဖို့ အဖွဲ့တွေ ခွဲလွှတ်ခံရတော့မှ သူပိုင်တဲ့ ဘဏ်ခွဲတွေ၊ ကုမ္ပဏီတွေနဲ့ ဟော်တယ်တွေကို သိခွင့်ရခဲ့တယ်။

အဲ့ဒီ့အချိန်တည်းက စံပယ်သူ့ရဲ့ အရှိန်အဝါကို 
နည်းနည်း လန့်သွားမိခဲ့တယ်။
တွေးလည်းတွေး သန့်ရှင်းရေးလည်း လုပ်ရင်းကနေ 
မိတ်ကပ်အခန်းကို သန့်ရှင်းရေးလုပ်လို့ ပြီးသွားခဲ့လေသည်။

"ကဲ..မမွန်‌ရေ..ပြီးသွားပြီဆိုတော့စံပယ်တို့
အောက်ထပ်ကိုပြန်ဆင်းကြရအောင်.."

"ဟဲ့နေပါအုံးဟယ်..မင်းသမီးရွှေသိင်္ဂီကအရမ်းချောတာပဲတဲ့..ငါတို့လဲရှူတင်ပြီးတဲ့အထိ..သိမ်းဆည်းဖို့နေရမှာပဲ..ဒီမှာပဲနေရအောင်..မင်းသမီးလေးနဲ့အနီးကပ်တွေ့ရတာ..သူများတွေကိုပြန်ကြွားချင်လို့ပါဟယ်..နော်.."

မမွန်ဟာ စံပယ့်လက်ကိုအတင်းဆွဲပြီး တောင်းပန်သလိုပြောလာတာကြောင့် စံပယ်လည်းလက်ခံဖို့ တွေးလိုက်မိသည်။မင်းသမီး ရွှေသိင်္ဂီဆိုတာ 
အင်မတန်ချော၊လှတဲ့လူလို့ သူများတွေအပြောများကြတာကို ကြားဖူးပါတယ်။
စံပယ်လည်း တွေ့တော့ တွေ့ဖူးချင်သား။

"ကဲဟုတ်ပါပြီရှင်.."

"ဟောဟိုမှာ၀င်လာကြပြီ.."

ထိုစဉ်မင်းသမီးနှင့်အဖွဲ့ကအခန်းထဲသို့ ၀င်လာကြပြီး မိတ်ကပ်လိမ်းခြယ်ကာ အ၀တ်အစားလဲကြလေသည်။မမွန်တစ်ယောက် မင်းသမီးရဲ့လက်မှတ်ကိုလိုချင်လို့နဲ့တူပါရဲ့ ဘယ်တည်းကယူလာမှန်းမသိတဲ့စာအုပ်ကလေးနဲ့ဘောပင်ကိုကိုင်ပြီး မင်းသမီး၏ အနားသို့ တိုးကပ်သွားလေသည်။

"အား!!..အမယ်လေး..လေး..စိုကုန်ပြီ..နင်ဘယ်လိုလုပ်လိုက်တာလဲ!!..တမင်လုပ်တာလား..ဟမ်!!"

မမွန်ဟာ မင်းသမီးနဲ့တွေ့ရတော့ အပျော်လွန်ပြီး
ခြေတုန်၊လက်တုန်ဖြစ်သွားရင်းကနေ ခလုတ်တိုက်မိ၍ အရှိန်လွန်ကာ မင်းသမီးရဲ့ဘေးနားတွင်
ရေခွက်မော့သောက်နေသည့် ၀န်ထမ်းကိုတိုက်မိသလိုဖြစ်သွားလေသည်။

မင်းသမီး၏ ဂါ၀န်အနားစကို ရေစအနည်းငယ်စင်သွားတာကြောင့် ခုဏကရေမော့သောက်နေသော ၀န်ထမ်းကပါ ထပြီးအော်ငေါက်လာသည်။

မမွန်ခမျာ အအော်ခံလိုက်ရ၍ ခေါင်းကြီးကိုငုံ့ထားပြီးငူငူကြီး မတ်တပ်ရပ်ကာ ကြောက်နေပုံပေါ်နေတာကြောင့် စံပယ်လည်းမနေနိုင်တော့ပေ။

"တောင်းပန်ပါတယ်အစ်မရယ်..မမွန်ကမတော်တဆဖြစ်သွားလို့ပါ..ကျွန်မလုပ်ပေးမယ်နော်.."

စံပယ်လည်း လှည်းထဲမှာအသင့်ပါလာသည့် 
အ၀တ်စသန့်သန့်လေးကို ယူလိုက်ပြီး မင်းသမီးရဲ့ ဂါ၀န်အနားစလေးကို ရေသုတ်ပေးလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တွေရဲ့ကုမ္ပဏီကနေ 
ငှားထားတဲ့မင်းသမီးဖြစ်တာကြောင့် 
အတတ်နိုင်ဆုံးအမှားနည်းချင်သည်။

"ဟဲ့!!...ဘယ်ကိုလာထိတာလဲ..နင်ကဒီမှာ
ဘာရာထူးမို့လဲ.."

"ဟို..စံပယ်ကသန့်ရှင်းရေးပါ.."

"အမယ်လေး....သန့်ရှင်းရေး၀န်ထမ်းကများ
ငါ့ဂါ၀န်ကိုလာထိရဲရတယ်လို့..သနလိုက်တာ..
လက်တွေက ဟိုအညစ်အကြေးကိုင်..
ဒီအညစ်အ‌ကြေးကိုင်နဲ့...စိတ်တွေညစ်ပါတယ်...
ငါ့ဂါ၀န်ကိုများ လာကိုင်ရဲရတယ်လို့....
ဟဲ့ဒီနှစ်ယောက်ကို..အပြင်မောင်းထုတ်လိုက်တော့လေ..နင်တို့ကလည်း..အကုန်သေနေကြတာလား..
ဒါလေးတောင်မမြင်ကြဘူး..သွား!!.
အကုန်မောင်းထုတ်!!

မင်းသမီး‌ဟာ အသားအရေလေးက ဖြူဥနေပြီး ‌မျက်နှာကလည်း ဘိုဆန်ဆန်နှင့်လှပပါသည်။
သို့ပေမဲ့ စိတ်ဓာတ်ကတော့ အင်မတန်ကိုယုတ်ညံ့သည်ဟု စံပယ် မှတ်ချက်ချလိုက်မိသည်။
စံပယ်တို့နှစ်ယောက်ကို ကြည့်တဲ့အကြည့်တွေဟာ အင်မတန်ရွံရှာ စက်ဆုပ်သလိုအကြည့်မျိုးနဲ့ဖြစ်ပြီး သူ့ကိုယ်သူတော့ အင်မတန် တန်ဖိုးရှိသည့်ဂုဏ်သိက္ခာကြီးလှပါသည် ဆိုသော အမူအရာမျိုးဖြစ်နေသည်။

ရုပ်ရှင်မင်းသမီးဆိုတာ ပရိတ်သတ်တွေအတွက်
စံပြတစ်ယောက်ဖြစ်တာကြောင့် လူလူချင်း 
ငှဲ့ညှာတတ်သည်ဟု စံပယ်အစက ထင်ခဲ့မိသည်။
အခြားအနုပညာရှင်တွေကိုတော့မသိပေမဲ့ မင်းသမီးရွှေသိင်္ဂီကတော့ အင်မတန်မောက်မာသည်ဟု မှတ်ချက်ချလိုက်မိသည်။

"ဟဲ့...နင်တို့အခုချက်ချင်း ထွက်သွားကြလေ...
နားတွေ ကန်းနေကြသလားမသိဘူး...ထွက်သွား!!!!"

စံပယ်တို့ကို အခန်းအပြင်ဘက်သို့ အတင်းတွန်းထုတ်ကြပြီး တံခါးကို အသံမြည်အောင် ပိတ်ပစ်လိုက်ကြ‌လေသည်။
ခွေးကလေး၊ကြောင်ကလေးတွေလို မောင်းထုတ်
ခံလိုက်ရသည့် မမွန်နဲ့စံပယ်ဟာအပြင်‌ကိုရောက်တော့ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည်။

မမွန်ကတော့ နှာခေါင်းကိုပါ ရှုံ့ပစ်လိုက်ပြီး တော်တော် ၀မ်းနည်းသွား‌ပုံပေါ်သည်။
သူ့ခမျာ မင်းသမီးကို ကြိုက်လွန်းလို့ လက်မှတ်ကလေး ထိုးခိုင်းဖို့ ကြိုးစားမိရာမှ ဖြစ်သွားသည့်အမှားလေးတစ်ခုအပေါ်တွင် တုန့်ပြန်ခံလိုက်ရတဲ့အရာက သူ၀မ်းနည်းချင်လည်း ၀မ်းနည်းစရာပဲကို။

"စံပယ်ရယ်..ငါတို့ကိုလူတွေလို့ရော မြင်ရဲ့လားမသိဘူး..ငါကတော့ သူ့ကိုတီဗွီထဲမှာ မြင်ကတည်းက ချစ်လို့ဥစ္စာ....အခု‌တော့ မောက်မာလိုက်တာဟယ်...ရုပ်က‌လေးနဲ့မှမလိုက်ဘူး...ဘာမင်းသမီးလဲ..ဝေသာလီပြည်က ဘီလူးမကြီးလောက်တောင် စိတ်ဓာတ်မကောင်းဘူး.."
🌼
🌼
🌼
ဘဏ်ထဲတွင် ရိုက်ကူးရေးလုပ်နေကြတာကြောင့် စံပယ်တို့သန့်ရှင်းရေး၀န်ထမ်းတွေလည်း ချောင်မှာကုပ်ပြီး ရိုက်ကွင်းကိုကြည့်ခွင့်ရကြပါသည်။

မင်းသမီးက ခံစားချက်မပါပဲ စာသားတွေကို ခဏခဏ မှားရွတ်နေသည့်အပြင် ဒါရိုက်တာ၏
ခိုင်းစေချက်အတိုင်း သေချာမလိုက်နာတာကြောင့် ဒါရိုက်တာကြီးလည်း စိတ်ညစ်နေပုံပေါ်သည်။
မီးထိုး ၊မှန်ထိုးသမားတွေမှာလည်း အဆင်မပြေ
မချင်း ခဏခဏ ပစ္စည်းတွေမရ သယ်ရဆိုတော့ မျက်နှာတွေက သိပ်မကောင်းချင်ကြတော့ပေ။

 မိတ်ကပ်ဆရာကလည်း ခဏခဏမိတ်ကပ်လာလာဖို့နေတာကြောင့် မင်းသမီး၏မျက်နှာဟာ ဇွန်းနှင့်သွားခြစ်ရင်တောင် မိတ်ကပ်တစ်ပိဿာလောက်တော့ အသာလေးထွက်လောက်သည်။

"အား!!"

"ဟာ..မင်းသမီးဘာဖြစ်တာလဲ.."

ရုတ်တရက်ဆိုသလို မင်းသမီးသည် ဟန်အမူအရာနှင့်လမ်းလျှောက်နေရင်းမှ ‌ သူမစီးထားသော
သုံးလက်မ‌လောက်ရှိသည့်ဒေါက်ဖိနပ်အချွန်ကြီးနဲ့ ကိုယ့်ဂါ၀န်စကိုယ်တက်နင်းမိပြီး ချော်လဲချင်သလို ယိုင်ကျသွားလေသည်။

စံပယ်အပါအ၀င် ကြည့်နေမိတဲ့ လူတွေအားလုံးလည်း မင်းသမီးကို စိုးရိမ်ပြီး မျက်လုံးတွေ ပြူးကျယ်ကုန်ကြသည်။
မင်းသမီးကတော့ ချက်ချင်းဆိုသဘို ဒေါသထွက်သွားသည့် မျက်နှာထားနဲ့ ဘေးလူတွေအားလုံးကို ဝေ့ကြည့်လာသည်။

"..ဒီနေရာကို ဘယ်သူသန့်ရှင်းရေးလုပ်ထားတာလဲ!
..အသုံးကိုမကျကြဘူး...ချောကျိနေတာပဲ...
ဟဲ့သန့်ရှင်းရေးတွေ နင်တို့လုပ်တုန်းက လုပ်ထားကြပြီး....ပါးစပ်တွေက အာစေးမိနေကြတာလား...
ငါမေးနေတယ်လေ...ဒီနေရာကို ဘယ်သူသန့်ရှင်းရေး လုပ်ထားတာလဲ!!!...."

"ကျွန်..ကျွန်မပါ.."

စံပယ်လည်းကိုယ်သန့်ရှင်းရေးလုပ်ထားသည့်
နေရာမို့ ထိတ်လန့်နေပေမဲ့လည်း အပြေးသွားလိုက်သည်။မဟုတ်ရင် စံပယ်တစ်ယောက်တည်းကြောင့် ၀န်းထမ်းတွေ အားလုံးအဆူခံနေရရင် စပယ်လည်းစိတ်မကောင်းဖြစ်ရမှာ သေချာသည်။

"နင်လား..ဒီနေရာကိုသန့်ရှင်းရေးလုပ်ထားတာ.."

"ဟုတ်..ဟုတ်ပါတယ်.."

"နင့်မှာမျက်စိမပါဘူးလား..ကန်းနေတာလား..
ဒီလောက်ကိစ္စသေးသေးလေးတောင်မှ 
သေချာစေ့စပ်အောင်မလုပ်နိုင်ဘူး...အခုနင့်ကြောင့်
..ငါချော်လဲမလိုဖြစ်သွားရပြီ..."

"တောင်းပန်ပါတယ်အစ်မရယ်..
ကျွန်မအကုန် ရေပြောင်အောင်သုတ်ထားပေးပါတယ်..ဒီမှာရေတစ်စက်၊ဖုန်တစ်စက်တောင်မရှိပါဘူးအစ်မရယ်..အစ်မရဲ့ဂါ၀န်ကအရမ်းရှည်နေလို့ ဒေါက်နဲ့ငြိပြီးချော်သွားတာပါ..ဒီမှာ..ဒီမှာ
ကျွန်မပြမယ်.."

"ဖြန်း !"

"ဟာ!.."

စံပယ် ကြမ်းပြင်ကိုလက်ညှိုးနဲ့ တို့ထိပြပြီး ပြန်မော့အကြည့်မှာတော့ ပါးပြင်ကို ခပ်ပြင်းပြင်း 
ရိုက်အချခံလိုက်ရတာကြောင့် နာကျင်မှုနဲ့အတူ 
စံပယ့်မျက်လုံးတွေကို မှိတ်ချလိုက်မိသည်။
အရိုက်ခံလိုက်ရသည့် ဒဏ်ကြောင့် စပ်ဖျင်းဖျင်း ဖြစ်သွားသည့် ပါးပြင်ကို လက်နဲ့အုပ်လိုက်ပြီး 
မင်းသမီးကို စံပယ်မော့ကြည့်လိုက်သည်။

"မှတ်ထား..နင့်လို ဘာအဆင့်မှမရှိတဲ့
သန့်ရှင်းရေးမကများ..ငါ့လိုလူကို လာဆင်ခြေ
တတ်ချင်အုံး..လူကြည့်တော့ခွေးလောက်တောင်အဆင့်မရှိပဲ..ငါ့ကိုလာဝေဖန်နေတယ်..
နင်တို့လုပ်ရမှာက ပေးတဲ့တာ၀န်ကို ကျေပွန်အောင်လုပ်ဖို့ပဲ....အောက်တန်းစား၀န်ထမ်း..."

"..ကျွန်မကိုအဲ့လိုတော့မပြောပါနဲ့.."

"အောင်မာ..နင်ကများ..ငါ့ကို.."

"တော်ပါတော့..မင်းသမီးရယ် မရည်ရွယ်ပဲဖြစ်သွားတာကို...ဒီလောက်ပုံကြီးချဲ့မနေပါနဲ့.."

စံပယ့်ကိုထပ်ရိုက်ရန်ပြင်သည့်အတွက် ဒါရိုက်တာကြီးကပါမနေနိုင်ပဲ ၀င်ပြောရတော့သည်။

ဒီနေရာမှာ ပြောဆိုခွင့်ရှိသူဆိုလို့ ဒါရိုက်တာပဲရှိသည်လေ။
ရိုက်ကူးရေးအဖွဲ့သားတွေရော သန့်ရှင်းရေး၀န်ထမ်းတွေအားလုံးကလည်း မပြောသာလို့သာကြည့်နေကြရပြီး မင်းသမီးကိုအကုန်နှာခေါင်းရှုံ့ကြသည်။
မင်းသမီးကတော့ ဒါရိုက်တာလည်း လေးစားသမှု
မရှိပဲ မကျေနပ်သည့် အကြည့်တွေနဲ့ ပြန်ကြည့်လာလေသည်။

"ဟား..ဘာကိုပုံကြီးချဲ့တာလဲ..ရွှေသိင်္ဂီကို
ဒီလိုလာလုပ်လို့မရဘူးနော်..အခုချက်ချင်းသူ့ကိုအလုပ်ဖြုတ်ပေးပါ..မဟုတ်ရင်ကျွန်မIDGနဲ့လုံး၀လက်မတွဲနိုင်တော့ဘူး စာချုပ်ဖြတ်သိမ်း
လိုက်မယ်..."

"ရွှေသိင်္ဂီ....ဒီလိုတော့ မလုပ်လိုက်ပါနဲ့...ရိုက်ကူးရေးကလည်း ရက်အများကြီးလုပ်ရမှာမှ မဟုတ်ပဲ..."

"ကျွန်မပြောတာရှင်းရှင်းလေး ‌ဒီမိန်းမကို အခုချက်ချင်းအလုပ်ဖြုတ်လိုက်ဖို့ IDGက တာ၀န်ရှိသူကို ဖုန်းဆက်လိုက်ပါ မဟုတ်ရင်တော့...
ကျွန်မက ဒီကြေငြာကို ဆက်မရိုက်ပေးနိုင်သလို စာချုပ်လည်း ဖြတ်သိမ်းရလိမ့်မယ်....
ဘယ်လောက်ပဲ နာမည်ကြီးတဲ့ ကုမ္ပဏီ ဖြစ်နေပါစေ
....ကျွန်မလိုလူကို မထီလေးစားလာလုပ်ရင် 
အဲ့ဒီ့အကျိုးဆက်ကို ပြန်ခံစားရမှာပဲ....ဒီမိန်းမကို အလုပ်ဖြုတ်ပေးမလား...ကျွန်မနဲ့ကြေငြာစာချုပ်ဖြတ်သိမ်းမလားဆိုတာကို...ဒါရိုက်တာကြီးကိုယ်တိုင် ဖုန်းဆက်ပြီး အခုချက်ချင်း‌မေးလိုက်....

"စာချုပ်ကိုဖြတ်သိမ်းလိုက်လေ..ငါတို့ကလည်း
မင်းနဲ့ဆက်ပြီးအလုပ်လုပ်စရာအကြောင်းကို
မရှိတာ.."

"ဟင်..ဦးနေဂုဏ်မာန်.."

"ဟာ..သူဌေး.."

သူ့ရဲ့ပုံစံအတိုင်း ဘောင်းဘီအိတ်ကပ်ထဲသို့
လက်ထည့်ကာ ဟန်အပြည့်နဲ့လျှောက်လာပြီး စံပယ့်ဘေးမှာရပ်လိုက်လေသည်။

စံပယ်မွှေး၏ မျက်ရည်တွေနဲ့ နီနေ‌သောပါးပြင်ကိုကြည့်မိပြီး သူ့လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်သည်။
ဒီလိုဖြစ်အောင် လုပ်လိုက်သည့် မင်းသမီးအစုတ်ပလုတ်ကိုလည်း မီးတောက်တော့မည့်မျက်၀န်းတွေနှင့် စူးနင့်စွာ ဆိုက်ကြည့်ပစ်လိုက်သည်။

"ဦးနေဂုဏ်မာန်..ရှင့်စကားက ဘာသဘောလဲ..
ရွှေသိင်္ဂီဆိုတာ ဘယ်အဆင့်မှာရပ်နေတဲ့မိန်းမလဲ
ဆိုတာ..ရှင်မသိတာလား.."

"မင်းဘာသာ..နတ်ပြည်မကလို့..ဗြမ္မာ့ပြည်ပဲ
တက်ရပ်နေပါစေ ငါစိတ်မစားဘူး.."

"ရှင်ဘာစကားပြောတာလဲ..ကျွန်မကိုသွေးတိုးလာစမ်းနေတာလား..."

"ကြားတဲ့အတိုင်းပဲလေ..မင်းထင်ချင်သလိုထင်..."

"ရှင်!"

သူ့ကို လက်ညှိုးထိုးလာသည့် ရွှေသိင်္ဂီအား ပို၍လေးနက်စူးရှစွာ သူဆိုက်ကြည့်လိုက်ပြီး
 အရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
ဖြစ်နိုင်ရင် ဒီမိန်းမကို စံပယ့်ကိုလုပ်ခဲ့သလို 
ပြန်လုပ်ချင်တာပါ။သို့ပေမဲ့ သူ့ရဲ့ပုံရိပ်က ဒီလိုမိန်းမကို ကိုယ်ထိလက်ရောက် လုပ်လိုက်ဖို့ လုံး၀မတန်ဘူး။

"မင်းရဲ့ အဲ့ဒီ့လက်ညှိုးကို..ကိုယ့်ဘက်ကိုယ်ပြန်ထိုးလိုက်ရင်ကောင်းမယ်..မင်းရဲ့စကားအတိုင်းဆိုရင်..
ငါ့အဆင့်က မင်းလိုမိန်းမမျိုး...လက်ညှိုးထိုးနိုင်တဲ့အဆင့်မဟုတ်ဘူး.."

"ရှင်...မိုက်ရိုင်းလှချည်လား.."

"အဟက်..မင်းလောက်တော့မရိုင်းသေးပါဘူး..
ရှင်းရှင်းပဲပြောမယ်..ငါ့ရဲ့ဘဏ်ကိုပုံရိပ်ကောင်းပြီး
..နောက်ခံသန့်ရှင်းတဲ့ ဂုဏ်သိက္ခာရှိအနုပညာသမားတွေနဲ့ပဲလက်တွဲပြီးအလုပ်လုပ်ချင်တယ်..
ငါ့ရဲ့ မန်နေဂျာ မင်းကိုရွေးချယ်ခဲ့တုန်းက 
ငါမငြင်းခဲ့မိတာ အတော်နောင်တရမိတယ်...
အစကတော့ အေးဆေး ဆွေးနွေးမလို့လာခဲ့တာပဲ...
ငါ့၀န်ထမ်းကို ရိုင်းစိုင်းစွာ ပြောဆိုနေတာမြင်လိုက်ရတဲ့အတွက် ..ငါလည်းလူလည်ခေါင်မှာပဲ ပြောတော့မယ်...မင်းလိုအကျင့်စာရိတ္တ ပျက်ပြားနေတဲ့လူမျိုးနဲ့လက်မတွဲနိုင်ဘူး..အဲ့တော့စာချုပ်ကို ဒီနေ့ပဲ
ဖြတ်သိမ်းကြတာပေါ့.."

 ရွှေသိင်္ဂီဟာ အသံဩဇာကြီးကြီးနှင့် တစ်ခန်းလုံးဟိန်းထွက်‌သွားလောက်အောင် ပြောလိုက်သည့် 
ဦးနေဂုဏ်၏ စကားကြောင့် ပတ်၀န်းကျင်က လူတွေကို ဝေ့ရမ်းကြည့်လိုက်ပြီး ရှက်‌ဒေါသဖြစ်သွားလေသည်။
နာမည်ကြီး လုပ်ငန်းရှင်တစ်ယောက်၏ ပြောဆိုဝေဖန်မှုကို ခံနေရသည်မို့ သူမပို၍ သိက္ခာကျလိမ့်မည်မှာ မလွဲပေ။

"..ဒီကိစ္စကို အဲ့လောက်လွယ်မယ်ထင်နေရင်..
ရှင်သိပ်မှားသွားမှာပေါ့..ကျွန်မကိုဒီလိုလာမစမ်းနဲ့..
ရှင့်ဘဏ် ဒုက္ခရောက်သွားမယ်နော်..ကျွန်မရဲ့ 
ဖန်တွေကို တစ်ချက်လက်တို့လိုက်တာနဲ့....
ရှင်ဘာဖြစ်သွားမယ်ထင်သလဲ..."

နေဂုဏ်မာန် မဲ့ပြုံးပြုံးလိုက်ရင်း ဖုန်းကိုထုတ်ကာ
ရွှေသိင်္ဂီ၏မျက်နှာအရှေ့တွင် ထောင်ပြလိုက်သည်။

"အဟင်း..ဒုက္ခကမင်းရောက်မလား..
ငါရောက်မလား..ဒါကိုကြည့်လိုက်ရင်သိလိမ့်မယ်
..ဒီမနက်ပဲ..အိုကြီးအိုမတစ်ယောက်နဲ့ မင်းကလပ်မှာဖြစ်ပျက်နေတာတွေ အွန်လိုင်းပေါ်တက်လာတယ်..မင်းငါ့ကိုလာထိရင်..အနုပညာလောကထဲ
မှာတောင်ဆက်ပြီး ရပ်တည်နိုင်တော့မယ်မထင်ဘူး
ငါဘာကောင်လဲဆိုတာ မင်းသိပါတယ်..
အဲ့တော့မင်းနဲ့ဆက်ပြီးလက်တွဲရင် ငါ့ရူးနေလို့ပဲ.."

"ရှင်!"

နေဂုဏ်မာန်၏ ထိချက်ပြင်းစွာ ပြောဆိုလိုက်မှုကြောင့် ရွှေသိင်္ဂီလည်း အရှက်မျက်နှာနှင့်
 ရူတင်ကလူတွေ‌ကိုတောင် ခေါင်းမော့မကြည့်နိုင်ပဲ ပြန်သွားခဲ့ရလေသည်။

"ဒါရိုက်တာ.."

"ဘာပြောချင်လို့လဲ...မောင်နေဂုဏ်.."

"ဒီမှာကြေငြာပုံစံပြောင်းတဲ့..ဇာတ်ညွှန်း..ပုံမှန်အနုပညာရှင်တွေနဲ့ရိုက်မဲ့အစား..ဘဏ်၀န်ထမ်းတွေရယ် သာမန်အရပ်သားတွေရယ်ကိုပဲထည့်ပြီး..
သဘာ၀ကျကျနဲ့ဘဏ်ရဲ့ ၀န်ဆောင်မှုနဲ့ယုံကြည်မှုပေးစွမ်းနိုင်ပုံကိုပဲ အကောင်းဆုံးပုံဖော်ပေးပါ.."

"မောင်နေဂုဏ်က..တကယ်အတွေးကောင်းတာပဲ..အကွက်မြင်တယ်ဗျာ..စိတ်ချ..အကောင်းဆုံးဖြစ်စေရမယ်.."

"ဟုတ်ကဲ့ပါ..ကဲ..သန့်ရှင်းရေး၀န်ထမ်းတွေလည်းပင်ပန်းသွားကြပြီ..နောက်နေ့မှထပ်လာကြပါ..
ဒီနေ့တော့အိမ်ပြန်နားလိုက်ကြပေါ့.."

"ဟုတ်ကဲ့သူဌေး.."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

သန့်ရှင်းရေး၀န်ထမ်းတွေကိုအကုန်ပြန်ခိုင်းပေမဲ့ 
စပယ့်ကိုတော့ ရုံးခန်းသန့်ရှင်းရေးလုပ်ခိုင်းမည်ဟုဆိုကာ သူ့ကားနဲ့ပဲ ကုမ္ပဏီကို လိုက်ခဲ့ဖို့ခေါ်လေသည်။
စပယ်လည်း ကိုယ့်သူဌေးကိုယ်တိုင်က တကူးတကခေါ်နေတာကြောင့် အားနာပြီး သူ့ကားနဲ့လိုက်ဖို့ ဆုံးဖြတ်လိုက်မိသည်။

ကားစီးနေရင်းနဲ့ စိတ်မလုံသလို ဖြစ်လာတာကြောင့် သူ့ကိုလှမ်းကြည့်လိုက်မိတော့ သူကလည်းစံပယ့်ကို ပြန်ကြည့်လာသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ ခဏ၊ခဏလူကိုလာလာကြည့်တာကြောင့်  စပယ့်စိတ်ထဲမှာ သူဟာကားကိုရှေ့မကြည့်ပဲ မောင်းနေသလို ခံစားလာရသည်။
နှစ်ယောက်သား ကား တိုက်ပြီး မသာပေါ်နေမှ 
လူကြားမကောင်း ဖြစ်နေမှာ မြင်ယောင်လာရလျှင် ကိုယ့်ဘာသာ တစ်ယောက်တည်း ဘုရားတနေရသည့်အဖြစ်ပင်။

သူ့ကိုလည်း ရှေ့ကြည့်မောင်းပါလို့ ဆရာကြီးမလုပ်ရဲဘူး။သူက ကိုယ်ထက်တော်၊တတ်နေသည်မဟုတ်ပါလား။

"ကျွီ..."

"ဟင်..ဘာလို့ကားကိုရပ်လိုက်တာလဲ..ရုံးမရောက်သေးဘူးလေ.."

"သိတယ်..ရုံးလည်းပြန်မသွားခိုင်းဘူး..
အဆောင်ကို ပဲပြန်ပို့မှာ.."

"ဘာ..ဒါဆိုစံပယ့်ကိုညာပြီးခေါ်လာတာပေါ့.."

"ဟုတ်တယ်.."

"ဘာ!!!!.."

စံပယ်အံ့ဩပြီး သူ့မျက်နှာကိုလှမ်းကြည့်လိုက်တော့ရီဝေတဲ့မျက်၀န်းများနဲ့ သူကလည်းစံပယ့်ကိုပြန်ဆိုက်ကြည့်လာသည်။

သူ့မျက်၀န်းတွေက ဝိုင်းတာလည်းမဟုတ်သလို  ကျဉ်းမြောင်းတယ်လို့လည်း ပြော၍မရပေ။ မျက်ရစ်ခပ်သေးသေးနဲ့ဖြစ်ပြီး မျက်တောင်အစွန်းနားက အနည်းငယ်ရှည်ကာ အနက်ရောင်မျက်စံက သူ့မျက်၀န်းတွေကို ပိုအရောင်တောက်နေစေသည်။
နှာတံဟာ အလည်လောက်မှာ နှာရိုးခပ်မြင့်မြင့်ဖြစ်နေပြီး နှာထိပ်ဖျားလေးမှာ ကော့နေလေသည်။
မျက်နှာကျဟာ လေးထောင့်ဆန်ချင်ပြီး မေးရိုးကားသည်ဟု ပြောရမည်။

ဆံပင်တွေဟာလည်း မဲနက်ထူထဲပြီး ဂျယ်လ်နဲ့သေချာဖြီးသင်ထားပုံပေါ်သည်။
အသားအရည်ကောင်းခြင်း၊ဆံပင်ကောင်းခြင်း၊အရိုးကောင်းခြင်းတို့နှင့် ပြည့်စုံသည့် လူလို့ပြောရပေမည်။

ရုတ်တရက်ဆိုသလို့ ဦးနေဂုဏ်၏ ထူးထဲသည့် မျက်ခုံးတန်းတွေဟာ ၀မ်းနည်းသည့်
အသွင်သဏ္ဍန်ဖြင့် အနည်းငယ်တွန့်ကြုံ့သွားသည်။သူ့ရဲ့ မျက်၀န်းအိမ်မှ အနက်ရောင်မျက်စံဟာ 
ရွေ့လျှားလာပြီး စံပယ့်ရဲ့ပါးပေါ်သို့စူးဆိုက် ကြည့်လာသည်။

သူ့ညာဖက်လက်က နီနေတဲ့စံပယ့်ပါးပြင်နုနုလေးကို အုပ်ကိုင်လိုက်ပြီး သူ့လက်မကစံပယ့်ပါးပြင်ကိုပွတ်သပ်နေသည်။

သူဘာလုပ်နေတာလဲ။
စံပယ်အသက်တောင်မရှူရဲပဲ တောင့်တောင့်ကြီးဖြစ်နေသည်။ယောက်ျားတစ်ယောက်ရဲ့ မသင်္ကာစရာ အပြုအမူကို စံပယ်ငြင်းဆန်ဖို့ ခွန်အားရှိမနေသလိုပဲ။

"ကိုယ်အချိန်မှီမရောက်လာနိုင်လို့..တောင်းပန်ပါတယ်..အစက အဲ့မိန်းမနဲ့ စရင်းရှင်းဖို့ပဲ ဘဏ်ကိုလာခဲ့တာ...မထင်မှတ်ပဲ စံပယ့်ကိုအနိုင်ကျင့်နေတာကို တွေ့လိုက်..ကြားလိုက်ရတယ်...
နောက်တစ်ခါဘယ်သူကအနိုင်ကျင့်ကျင့် 
ငြိမ်ခံမနေပါနဲ့..ကိုယ့်ကိုရန်တွေ့သလို့..ရန်ပြန်တွေ့ပစ်လိုက်..ကိုယ်ကမင်းရဲ့ အနောက်မှာ ရှိနေ‌ပေးမယ်.."

"ရှင်ကကျွန်မရဲ့ အနောက်မှာရှိနေတော့ ကျွန်မကဘာလုပ်ရမှာလဲ..ရှင်ကကျွန်မအဖေမှ မဟုတ်တာ.."

"ဟာ..မင်းကတော့လေ..ခံစားချက်တွေပါ
ကြက်ပျောက်၊ငှက်ပျောက်ဖြစ်ကုန်ပြီ..."

သူမရဲ့ တုံးတိတိစကားကြီးကြောင့် ဘာစကားကို ဆက်ပြောလို့ ပြောရမှန်းမသိတော့ပေ။
ချက်ခြင်းပဲ သူမရဲ့ပါးပေါ်မှ သူ့လက်ကို 
ပြန်ရုတ်လိုက်မိသည်။

ကိုယ်တိုင်လည်း သူမအပေါ်မှာ ဖြစ်တည်နေတဲ့ ခံစားချက်ကို သေချာမဝေခွဲနိုင်သေးတာကြောင့် ခဏတာလောက် စိတ်ကိုထိန်းချုပ်ထားမှ ဖြစ်လိမ့်မည်။

မဟုတ်ရင် ဒယ်ဒီ့လို နှစ်ခါချစ်ရတဲ့ အဖြစ်မျိုးရောက်သွားလိမ့်မည်။
အချစ်ဆိုတာကို ယောင်လို့တောင် မကစားမိစေဖို့ ကျိန်ဆိုပြီးသားမို့  ခံစားချက်ကို သေချာလေး 
ဝေခွဲဖို့ အချိန်လိုအပ်လေသည်။
ထို့ကြောင်း ကားစက်ကိုပြန်နှိုးပြီး ကားမောင်းခြင်းပေါ်တွင်ပဲ အာရုံပြန်ဆိုက်လိုက်သည်။

ဦးနေဂုဏ်က ချက်ချင်းပဲ ကားကိုခပ်မြန်မြန်မောင်း နှင်နေတာကြောင့် စံပယ်လည်း စိတ်ထဲမှာ အလိုမကျမှုလေး ၀င်လာသလို ခံစားလိုက်ရသည်။
စံပယ့်ကိုလည်း လှည့်မကြည့်တော့ပေ။
လမ်းတစ်၀က်မှာ‌တော့ ဗိုက်ဆာသလားလို့ မေးလာပြီး စံပယ်ပြန်အဖြေမပေးခင်မှာပဲ ကိတ်တွေသီးသန့်ရောင်းသည့် ဆိုင်တစ်ခုမှာ မုန့်လိုက်ကျွေးလေသည်။

ပြီးနောက် အဆောင်ကို ပြန်လိုက်ပို့လေရဲ့။အ‌ဆောင်အရှေ့ကိုရောက်တော့ စံပယ်လည်းကားပေါ်မှဆင်းလိုက်ပြီး သူ့ကို နှုတ်ဆက်ဖို့ပြင်လိုက်သည်။

"မင်းနဲ့ဟိုတစ်ခါဆိုင်ကယ်အတူစီးတဲ့ကောင်က
 ဘာတွေလဲ.."

"ရှင်.."

စံပယ်ကြက်သေသေသွားရသည်။သူဘာတွေလာမေးနေတာလဲ။နေအုန်း စံပယ်နဲ့ဆိုင်ကယ်လ်အတူ စီးဖူးတာဆိုလို့ ကိုမိုးနီပဲရှိတယ်။ဒီတော့ သူက ကိုမိုးနီကို မေးနေတာများလား။

"..ကိုမိုးနီကိုပြောတာလား..သူကရွာမှာခင်ခဲ့တဲ့မိတ်ဆွေပါ..အဲ့နေ့က သူလည်းIDGမှာအလုပ်ရလို့မတော်တဆတွေ့မိရင်း..အိမ်ပြန်‌ပို့ပေးတာပါ..
ဘာလို့လဲဟင်.."

"အဟင်း..မိတ်ဆွေဆိုလဲပြီးတာပါပဲ..ဘာမှမဟုတ်တော့ဘူး..အခန်း‌ကိုကောင်းကောင်းပြန်နော်.."

မှိုရတဲ့မျက်နှာနဲ့ပြုံးပျော်ပြီး သူ့အနက်ရောင်ကားလေးကို‌မောင်းထွက်သွားလေသည်။ 
သူ့မျက်နှာပုံစံက လိုချင်တဲ့အဖြေတစ်ခုကို ရသွားလို့ ကျေနပ်သွားသလိုမျိုး ဖြစ်နေသည်။

စံပယ်လည်းခြံထဲကိုအတင်းပြေး၀င်ပြီး လှေကား
ထစ်တွေကိုတောင်ကျော်တက်မိရင်း ကိုယ့်အိပ်ခန်းဆီသို့ပြေး၀င်ကာ တံခါးကိုပိတ်ပစ်လိုက်သည်။

ခုန်နေသည့် နှလုံးသားနေရာကိုလက်နှင့်ဖိကြည့်နေမိသည့်အဖြစ်ပင်။
လမ်းမှာ မုန့်၀င်စားကြတုန်းကလဲ စံပယ့်နှုတ်ခမ်းမှာပေနေတဲ့မုန့်ကို သူ့လက်နဲ့ ညှင်သာစွာ သုတ်ပေးသေးသည်။

သူ့ရှေ့မှာမို့ မနည်းဟန်ဆောင်ထားရပေမဲ့ စံပယ်
သိတယ်။ စံပယ့်နှလုံးသားတွေ ပေါက်ထွက်တော့မတတ်ခုန်နေတာကိုပေါ့။

"ဦးနေဂုဏ်မာန်..ရှင်ကျွန်မကို ကြောင်ကြီးကကြွက်ငယ်ကို ကျီစားသလို..ကစားနေတာများလား.."

❤️❤️❤️❤️❤️❤️

"ဒေါက်..ဒေါက်..ဒေါက်.."

"၀င်လာခဲ့ပါ.."

တံခါးကိုဖွင့်၍၀င်လာသူမှာသူ့အတွင်းရေး
မှူးမဟုတ်ပဲ။IDGရဲ့cctvစောင့်ကြည့်ရေးတာ၀န်ခံဦး၀င်းမောင်ဖြစ်နေလေသည်။

"အော်...ဦး၀င်းမောင်..ကိစ္စရှိလို့လား.."

"ဟုတ်ကဲ့..ဆရာဟိုတစ်ခါခိုင်းထားတဲ့ကိစ္စလေ..
ဒါလေးလာပေးတာပါ.."

ဦး၀င်းမောင်ကသူ့စားပွဲ‌ပေါ်သို့ မမ်မိုရီစတစ်ခ်လေးတင်‌ပေးခဲ့ပြီး‌ ပြန်ထွက်သွားလေသည်။
စတစ်ခ်ကိုသူ့လက်ပ်တော့မှာထိုးကြည့်လိုက်ပြီးနောက် သူ့ဒေါသတွေဟာ ဟုန်းခနဲဆိုသလို မီးတောက်လုမတတ် ဖြစ်သွားလေသည်။

ဒါပေမဲ့ကာယကံရှင်ကို ဆုံးဖြတ်ခိုင်းတာက
ပိုကောင်းမည်ဟု သူတွေးလိုက်သည်။
ထို့ကြောင့် သူ့အတွင်းရေးမှူးကိုဖုန်းခေါ်လိုက်သည်။
အတွေးရေးမှူး ၀င်လာတဲ့အချိန်မှာတော့ မျက်နှာအမူအရာကို ခဏထိန်းလိုက်ရသည်။

"ကြယ်စင်..သန့်ရှင်းရေးဌာနက စံပယ်မွှေးကိုသွားခေါ်ပေးပါ.."

"ဟုတ်ကဲ့ပါဆရာ.."

"တောက်!.."

ကြယ်စင်ပြန်ထွက်သွားသည်နှင့် သူ့ဒေါသတွေကိုသူထိန်းမရတော့ပေ။ထိုနေ့ကအ‌မှောင်ခန်းထဲမှာသူမဘယ်လောက်အထိ ကြောက်နေခဲ့သလဲဆိုတာသူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တာ မဟုတ်ပါလား။သူသာ မတွေ့ခဲ့ရင် စံပယ့်ခမျာ 
သတိတောင် လစ်နေလောက်သည်။
cctv အခန်းစောင့်ကြပ်သည့် ဦး၀င်းမောင်ခွင့်ရက်ရှည်ယူထားခဲ့လို့သာ သူငြိမ်နေခဲ့တာ။
အစက‌နေပြန်တွေးမိတိုင် ဒေါသကအလိပ်လိုက် ထွက်လာရသည်။

"ဆရာ..စံပယ်မွှေးရောက်ပါပြီ.."

"အေးလွှတ်လိုက်..."

စံပယ်လည်းကြောင်တောင်တောင်နှင့် သူ့ရုံးခန်းထဲ၀င်လိုက်တော့ သူကိုယ်တိုင်စံပယ့်လက်ဖ၀ါးကိုညင်သာစွာလာကိုင်ပြီး ဆိုဖာမှာထိုင်စေသည်။
ပြီးနောက် သူ့လက်ပ်တော့ကိုဖွင့်ပြလေသည်။
စံပယ်လည်း အံ့ဩလွန်းလို့ မယုံကြည်နိုင်ဖြစ်ပြီးမျက်လုံးတွေပါ ပြူးကျယ်သွားရသည်အထိပင်။

"..ဒါ..ဒါဟိုနေ့က.."

"ဟုတ်တယ်..အဲ့ဒီ့ကိစ္စနဲ့ပတ်သတ်ပြီးစံပယ်
ဘာဖြစ်ချင်လဲ..အကုန်ဖြစ်စေရမယ်..သူ့ကိုအလုပ်ဖြုတ်ပေးရမလား..တရားဆွဲချင်လားချက်ချင်းလုပ်ပေးမယ်.."

စံပယ်အံ့ဩလွန်း၍ မယုံနိုင်စွာထိုဗွီဒီယိုကိုသာခဏခဏပြန်ကြည့်နေမိသည်။စံပယ့်စိတ်ထဲမှာ မတင်မကျအရာတစ်ခုကလည်း လာတိုက်ခိုက်နေသည်။
"ဘာကြောင့်လဲ?ငါနင့်အပေါ်မှာ ဘာမှားခဲ့လို့လဲ?"

"ဒီကိစ္စကို ကျွန်မဘာသာပဲ ဖြေရှင်းပါရစေ.."
ကျွန်မ..ဒီနေ့ခွင့်တစ်ရက်လောက်ယူလို့ရမလား.."

"ဟုတ်ပြီ..ကိုယ်မောင်ထွန်းကိုလိုက်ပို့ခိုင်းလိုက်မယ်.."

"ရပါတယ်..ကျွန်မဘက်စ်ကားနဲ့ပဲပြန်ချင်လို့.."

စံပယ်ရုံးခန်းထဲကနေ ထွက်လာခဲ့ပြီးနောက် 
ကိုယ့်ဌာနတွင် ပစ္စည်းများသွားယူကာ ဘက်စ်ကားနှင့် အဆောင်ကိုပြန်လာလိုက်သည်။

ကားပြူတင်းမှ ယှက်တိုက်သွားသည့် 
လေပြေနု‌လေးက စံပယ့်မျက်နှာကိုအေးချမ်းသွားစေသည်။သို့ ပေမဲ့ ရင်ထဲက အပူကိုတော့ 
ငြိမ်းသ တ်မပေးနိုင်ပေ။စံပယ်တွေးနေမိသည်က 
စံပယ့်ဘ၀မှာ သူတစ်ပါးအပေါ်ကို ရက်စက်စွာတစ်ခါမှ အနိုင်မကျင့်ဖူးသလို၊သူတစ်ပါးနစ်နာအောင်လဲ မလုပ်ခဲ့ဖူးဘူး။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေကြောင့် အခုဘ၀မှာ စံပယ့်အပေါ်  ရက်စက်နိုင်ကြရတာလဲ။

၀ဋ်‌ကြွေးရှိရင် ဒီဘ၀၊ဤမျှနဲ့သာကျေပါစေ။

အခန်း(၉)ဆက်ရန်.....

🌼🌼♥️♥️🌼♥️♥️♥️


=========================================================================



🌼 အခန်း၉🌼


IDGမှ နေ့တစ်၀က်ခွင့်နှင့်ပြန်လာခဲ့ပြီးတည်းက စံပယ်စိတ်မကောင်းဖြစ်လွန်း၍ အခန်းထဲမှ အပြင်ကိုမထွက်ချင်ဖြစ်နေရသည်။

ဘာရန်ငြှိုးမှ မရှိပါပဲ မိန်းကလေးအချင်းချင်း ၊အဆောင်သူအချင်းချင်းကို အသက်အန္တရယ်ထိခိုက်အောင်အထိ တမင်ကြံစည်ခံရတာဟာ 
စံပယ့်အဖို့အင်မတန်ကို နာကျင်ရတယ်။
ဘယ်သူ့အပေါ်မဆို စံပယ်အကောင်းဆုံး ဆက်ဆံပေးခဲ့ပါလျှက်နှင့် စံပယ့်ကိုမှ ဘာကြောင့်ဒီလို 
လုပ်ရတာလည်းဆိုတာ အရမ်းသိချင်မိတယ်။

မကြည်ပြာနှင့် မစိုးမွန်လည်းအလုပ်မှပြန်လာလာချင်း စံပယ်လေးရဲ့မျက်နှာ မသာမယာဖြစ်နေ၍
အတင်းအစ်မေးကြရာ အကြောင်းစုံကို
သိလိုက်ရတဲ့အချိန်မှာ  ဒေါသအရမ်းထွက်သွားကြ‌လေသည်။

စံပယ်မွှေးဆိုတာ ဒီအဆောင်မှာအသက်အငယ်ဆုံးဖြစ်သလို အလိမ္မာဆုံးကလေးပါပဲ။

ဘယ်သူကဘာခိုင်းခိုင်း လုံး၀မငြိုငြင်ပဲ အစစအရာရာ အကုန်ထောင့်စေ့‌ေအာင် လိုက်လုပ်ပေးလေ့ရှိသလို မခိုင်းရင်တောင် အလိုက်သိစွာစေတနာထားပြီး လုပ်ပေးတတ်သည့် ကလေးပင်။

မနက်အ‌စောကြီးတွင် အဆောင်သူတွေအတွက် ပဲပြုတ်နှင့် ထမင်းကြော်ကို အမြဲကြော်ကျွေး
တတ်သလို ညဘက်ဆိုလည်းအဆောင်သူတွေအကုန်အလုပ်မှ ပြန်မလာမချင်း မအိပ်ပဲနဲ့ဒိုင်ခံစောင့်ပေးလေ့ရှိသည့် ဒီကောင်မလေးကိုအကုန်လုံးက ဝိုင်းချစ်ပေးကြတာဆန်းမည်မထင်ပေ။

မိုးမမကိုလည်းသူမတို့လို့ စိတ်ထားမျိုးရှိမယ်လို့ထင်ထားခဲ့မိတာပါ။
မိုးမမဆိုတဲ့ မိန်းမဟာ ဘာကြောင့်များ စံပယ့်ရဲ့အသက်အန္တရာယ်ကိုတောင် ထိခိုက် အောင်လုပ်
ရတဲ့အဆင့်အထိ ယုတ်မာရက်စက်ရသလဲဆိုတာ တကယ်ကိုမခန့်မှန်းတတ်တော့ပါဘူး။

 ကိုယ့်ထက် အသက်အရွယ်ရော၊ပညာအရည်
အချင်းအရရော အရာအားလုံးနိမ့်ကျနေပြီးသားကလေးကိုမှ ဘာကြောင့်ဒီလောက်အထိ ပြုမူခဲ့ရ
သလဲ ဆိုသည့်အတွေးကို တွေးလိုက်မိတိုင်း တော်တော်အသဲပေါက်လာရသည်အထိဖြစ်ရသည်။

စတိုလ်ခန်းထဲတွင် စံပယ့်ကိုမီးပိတ်ပြီး တံခါးပါ အပြင်ကနေ ဂျက်ချထားခဲ့ပါသတဲ့။
သူမတို့တွေလည်း ရင်ထဲမှာတနုံ့နုံ့နဲ့ ခံစားနေရလေသည်။မိုးမမဆိုသည့် မိန်းမကိုလည်း 
"ပြန်လာကြည့် ဆံပင်ကိုအတောင့်လိုက်ဆွဲဆောင့်ပစ်မည်ဟု" ကြိမ်းထားလိုက်သည်။

"အခန်းထဲမှာ..လူတွေစုံနေကြပါလား.."

မိုးမမဟာ အလုပ်မှပြန်လာ၍ ထမင်းချိုင့်ကိုခုံပေါ်သို့တင်လိုက်ပြီး သူ့ရဲ့နဂိုက မာထန်နေတတ်သော မျက်နှာကြောနှင့် မေးလာလေသည်။

"ဟော..စံပယ်ရေ..သူတော်ကောင်းမကြီးပြန်လာပြီဟေ့..ထိုင်ရှိခိုးရအောင်..တော်တော်တန်ခိုးကြီးတာနော်..မကောင်းတာလုပ်တဲ့နေရာမှာ.."

"မစိုးမွန်..ရှင်ဘယ်သူ့ကိုပြောနေတာလဲ..
သူများအခန်းထဲအထိလာပြီး ဘာစကားတွေ 
လာပြောနေတာလဲ..."

"အဟင်း..ဒီအဆောင်မှာစိတ်ထားအယုတ်ပတ်ဆုံးမိုးမမဆိုတဲ့မိန်းမကိုလေ.....သူများကို မကောင်းကြံတဲ့နေရာမှာ ထိပ်ဆုံးကနေရှိနေတဲ့ နင့်ကိုပြောတာ.."

"ရှင်ဘာစကားပြောတာလဲ..ကျွန်မကရှင့်ကို
ဘာလုပ်‌နေလို့လဲ.."

"အေး...အလုပ်ခံရတာငါမဟုတ်လို့ပေါ့..
ငါ့ကိုလာထိလို့ကတော့ပါးရှစ်စိပ်ကွဲအောင်ကိုချပစ်တယ်.."

"မစိုးမွန်ရယ်တော်ပါတော့..အချင်းချင်းမကောင်းပါဘူး..ကျွန်မအတွက်နဲ့ စိတ်အဆင်းရဲမခံပါနဲ့..."

စံပယ်လည်း ကိုယ့်ကြောင့် ပြဿနာတွေကို အကျယ်အကျယ်မဖြစ်ချင်၍ ၀င်တားမိသည်။
အစက မိုးမမပြန်လာရင် နှစ်ကိုယ်ကြားပဲ ဖြေရှင်းဖို့လုပ်ထားသည့်ကိစ္စက မခံနိုင်တဲ့မစိုးမွန်တို့ကို ပြောမိတော့ ပြဿနာတွေက တောမီးလောင်သလို ဖြစ်လာတော့မှာကို မြင်ယောင်နေမိသည်။

"စံပယ်ညီမလေး..အသာနေစမ်း..ဒီကိစ္စမှာ
မစိုးပြောတာမှန်တယ်..မကြည်ပြာလည်းမကျေနပ်ဘူး..အခန့်မသင့်ရင် လူ့အသက်ပါ ပါသွားနိုင်တဲ့ကိစ္စ..ဒီမိန်းမတော်တော်ယုတ်ညံ့တယ်...ဖြစ်နိုင်ရင် ရဲတိုင်ပြစ်ရမယ်....ဒါမှဒီလိုကိစ္စမျိုး ထပ်မလုပ်ရဲတော့မှာ..."

အဆောင်မှာ အနေအေးလှပါသည်ဟု နာမည်ကြီး‌ သော အပျိုကြီးမကြည်ပြာကပါ ဒေါသအလွန်ထွက်ပြီး ၀င်ပါလေတော့သည်။
စံပယ်တွေးနေမိတာကတော့ ပြောပြမိတာမှားသွားပြီဆိုတာပါပဲ။မိန်းကလေး သီးသန့်အဆောင်မို့ 
ဆူဆူညံညံတွေဖြစ်ကြရင် အခြားပတ်၀န်းကျင်က လူတွေပါ တစ်မျိုးထင်ကြမှာသေချာတယ်။

"အောင်မာ..ယုတ်ညံ့တယ်ပြောရအောင်
မိုးမမကရှင်တို့ကိုဘာလုပ်နေလို့လဲ!.."

"အေး..နင်မမှတ်မိရင်ပြောပြမယ်..သင်္ကြန်မတိုင်ခင်က စံပယ်မွှေးကိုအမှောင်အခန်းထဲမှာ 
ပိတ်ခဲ့တာဘယ်သူလဲ..နင့်ကိုမာနကြီးပြီး 
မောက်မာရုံလောက်ပဲ ထင်ခဲ့မိတာ....အခုတော့ ယုတ်မာချက်က...အော်ဂလီပါဆန်သွားပြီ...
မိန်းမယုတ်ရဲ့..."

မစိုးမွန်၏ စကားကြောင့် မိုးမမမှာ ခဏတာလောက် အသံတိတ်ကာ တွေဝေသွားရလေသည်။သူတို့ဘယ်လိုသိသွားရတာလဲ။
အဲ့‌နေ့ကစတိုလ်ခန်းတွေဘက်မှာတပ်ထားတဲ့ cctvတွေပျက်နေတာမဟုတ်ဘူးလား။
စံပယ်မွှေးကို လုပ်ကြံတာ ငါဆိုတာ သူတို့ဘယ်လို သိသွားရတာလဲ။

အဲ့ဒီ့နေ့က စာရင်းစစ်ဌာနမှာ သူခြေထိုးခံလိုက်လို့ စံပယ်မွှေးလဲကျပြီး ထမင်းဗူးတွေမှောက်သွားပေမဲ့ ကယ်တင်ရှင်သူဌေးကပေါ်လာပြန်ခဲ့တယ်။
အရမ်းကို ထူးဆန်းခဲ့တာက စံပယ်မွှေးအပေါ်ကို သူဌေးရဲ့ကာကွယ်ပေးမှုက မထင်မှတ်ထားလောက်အောင် အံ့ဩသင့်စေခဲ့တာကိုပဲ။

သူမ ဒီကုမ္ပဏီမှာ အလုပ်၀င်ရတာကလည်း အစ်မရဲ့ခိုင်းစေချက်နဲ့ သူဌေးကိုစောင့်ကြည့်ဖို့ ဖြစ်သလို စံပယ်မွှေးနဲ့ပတ်သတ်ပြီး သူဌေးရဲ့ထူးဆန်းတဲ့ အပြုအမူကို အစ်မကိုပြောပြခဲ့တယ်။
ဒါကြောင့်ပဲ အစ်မရဲ့ခိုင်းစေချက်အတိုင်း စံပယ့်ကို ဒုက္ခရောက်အောင် လုပ်ခဲ့သည်။

ညနေဘက်မှာ စာရင်းဖိုင်လ်တွေသွားယူရင်းနဲ့
 စံပယ့်ကို စတိုလ်အခန်းထဲမှာတွေ့တာ‌လိုက်တာကြောင့်  အခန်းမီးခလုတ်ကိုပိတ်ခဲ့ပြီး တံခါးကိုပါအပြင်ဘက်ကနေ ဂလန့်ချထားခဲ့လိုက်တယ်။

"ဘာလဲမိုးမမ..ဘူးခံပြီးငြင်းဖို့စဉ်းစားနေတာလား
..ဒါမျိုး..ငါတို့ကလုံး၀လက်မခံဘူးနော်..
အခုချက်ချင်းစံပယ့်ကိုတောင်းပန်ပါ..
ရိုးရိုးမတောင်းပန်နဲ့  ဒူးထောက်ပြီးတောင်းပန်..."

"ဒီမှာ..မိုးမမရဲ့ဘ၀မှာ တောင်းပန်ရတဲ့
ရာဇ၀င်မရှိဘူး..သူ့ကိုအမြင်ကပ်လို့ကိုလုပ်တာ..
မကျေနပ်လည်းမတတ်နိုင်ဘူး.."

"သူခိုးကပဲလူပြန်ဟေ့ရတယ်လို့..သူ့ကိုအမြင်ကပ်ရအောင်စံပယ်ကနင့်ပါးကိုလာရိုက်နေလို့လား..
နင့်ထမင်းလုပ်ကိုလာလုစားနေလို့လား..ဟမ်!"

"အဟင်း..နေရာတကာ၀င်ပါတာလဲပြောအုံးလေတစ်ဆောင်လုံးမှာ သူမပါတဲ့နေရာရှိလို့လား.."

"သူ့ဖာသာဘယ်နေရာပါပါ..နင့်ခေါင်းပေါ်ကို
ချီးတက်ပါနေလို့လား..ခွေးသူတောင်းစားမရဲ့...
လူလိုပြောနေတာ နားမလည်ဘူးလား..."

"မိစိုး....နင်ငါ့ကိုလာမဆဲနဲ့နော်....ငါနင့်ထက် အများကြီးရိုင်းတတ်တယ်နော်...နေရာတကာပါလို့
 ပါတယ်ပြောတာလေ...နင်ကဘာတွေလာ၀င်နာ
နေတာလဲ...."

"ဟဲ့!အဲ့ဒါနေရာတကာပါတာမဟုတ်ဘူး..လူတိုင်းအပေါ်ကို စေတနာထားပြီးအလိုက်သိတာ၊
ကျိုးနွံတာ၊အကြီးတွေကိုအကြီးမှန်းသိတာ..
အေးလေ နင့်လိုအားနေအခန်းအောင်းပြီး..
လူတိုင်းနဲ့ ရန်ပတ်ဖြစ်နေတဲ့ ကောင်မကတော့..
မနာလိုမုန်းထားစရာလို့ မြင်နေမှာပေါ့..
နင်အခုချက်ချင်း တောင်းပန်ရင်တောင်းပန်၊
မတောင်းပန်ရင်..ပါးရိုက်ဖို့လဲ ငါက၀န်မလေးဘူးနော်.."

"အောင်မာ..ရှင့်မှာပဲလက်ပါတာမဟုတ်ဘူး..
မိုးမမမှာလည်းလက်ပါတယ်.."

"ဖြန်း!!!!!.."

မစိုးမွန်က စကားနှင့်အရင်စကြိမ်းပြီး တကယ်
မလုပ်ပေမဲ့ မိုးမမက လက်ကိုလွှဲ၍ မစိုးမွန်၏ 
ပါးကို အားနဲ့ ပိတ်ချပစ်လိုက်လေသည်။

"ကောင်မ..နင်ကများ..ငါ့ကို.."

"ဖြန်း!!!!.."

မစိုးမွန်၏ မျက်လုံးတွေဟာ ဒေါသကြောင့် နီတက်လာပြီး မိုးမမရဲ့ ပါးကိုလည်း လက်သည်းရာကြီးထင်သွားရလောက်အောင်အထိ ရိုက်ချပစ်လိုက်သည်။

"သေနာမကြီး..မစိုး..ကဲဟယ်.."

မိုးမမဟာ မစိုးကို ပိတ်တွန်းလိုက်တာကြောင့် 
မစိုးလည်းထမီစကို ဆုပ်ကိုင်ပြီး မိုးမမကို ပြေး ကန်ပစ်လိုက်လေသည်။
လဲကျသွားသည့် မိုးမမ၏ ကိုယ်ပေါ်သို့ တက်ခွလိုက်ပြီး ရေနွေးနှင့် ပြုတ်ပြီးသားကြက်အား အမွှေးနှုတ်နေသကဲ့သို့ ဆံပင်တွေကို ဖိလိမ်ပြီး ဆွဲ နေတော့လေသည်။

"အား!.." "ရှင်ကျွန်မဆံပင်ကိုလွှတ်နော်..လွှတ်!"

"လွှတ်စရာလား..အုံလိုက်ကိုဆွဲချွတ်မှာ..အင့်ဟယ်!!ကြက်ဂတုံးမ..."

"အာ့!!!..အား!!!"

"တော်..တော်ကြပါတော့!..မကြည်ပြာရေဆွဲပါအုံး..
မစိုးရေ သူ့ဆံပင်ကိုလွှတ်လိုက်ပါ.."

"ဟဲ့!ဟဲ့!..ဘာဖြစ်နေကြတာလဲ.."

အလုပ်ကနေကိုယ်စီပြန်ရောက်လာကြသည့်အဆောင်သူတွေရော၊ကိုယ့်အခန်းမှာကိုယ်နားနေကြသူတွေပါ အကုန်လုံးစံပယ်တို့‌ နေတဲ့အပေါ်ထပ်အခန်းဆီသို့ ပြေးတက်လာကြပြီး ပွဲကြည့်သလို ဝိုင်းအုံလာကြလေသည်။
 စံပယ်တို့အခန်းရှေ့တွင် မသိရင်ဇာတ်ပွဲကနေသလို လူတွေကို  လူရုန်းရုန်းနဲ့ဖြစ်နေလေသည်။

စံပယ်လည်း‌ မျက်ရည်နှင့်မျက်ခွက်ဖြစ်နေမိကာ ဆွဲလဲမရ၊ တားလည်းမရဖြစ်နေရတာကြောင့် တော်တော်ကို စိတ်ညစ်နေရသည်။

မစိုးနှင့်မိုးမမဆိုသည်မှာ နပန်းဖက်လုံးကြတာ
 ထမီတွေတောင်ခါးမှာမရှိကြတော့ပေ။
တစ်ယောက်နှင့်တစ်ယောက် နှစ်ကိုယ့်တစ်စိပ်ဖြစ်နေလိုက်တာများ ဘယ်သူ၀င်တားတား၊၀င်ဆွဲဆွဲ 
တစ်စပ်မှကို ခွဲလို့မနိုင်ဘူးဖြစ်နေသည်။

သူတစ်ပြန်ကိုယ်တစ်ပြန် ပါးတွေလှိမ့်ချလိုက်၊ဆံပင်တွေ ဆွဲလိုက်နှင့် အဆောင်သူတွေလည်း 
ဆွဲမနိုင်တော့ပေ။ 
မသိရင် စံပယ့်ကိစ္စကို အခြေခံပြီး သူတို့ရဲ့
မကျေနပ်ချက်တွေကို ထုတ်ချနေကြသလိုပါပဲ။
ခံရတဲ့ စံပယ်က လက်ဝှေ့ကြိုးဝိုင်းထဲက ဒိုင်လူကြီးလို ဖြစ်နေရလေသည်။

နောက်ဆုံးမှာ အဆောင်ပိုင်ရှင်အန်တီကြီးကိုတောင်ဖုန်းလှမ်းဆက်ရသည့်အဖြစ်ပင်။
အဆောင်ပိုင်ရှင်က ဆူတာတောင် မစိုးကတော့သူ
မမှားဘူးဆိုပြီးတင်းခံနေပေမဲ့ မိုးမမကတော့အဆောင်မှ ညတွင်းချင်း ဆင်းသွားလေသည်။

ထူးဆန်းသည်က ထိုညတွင် မိုးမမကို မိန်းမ
တစ်ယောက်ဟာ ကားတစ်စီးနှင့် လာခေါ်ခြင်းပင်။ ‌နောက်ဆုံးပေါ်ကားတစ်စီးဖြစ်နေပြီး ကားပေါ်မှ ခပ်ချောချောမမတစ်ယောက်ဆင်းလာတာကို
 စံပယ်သေချာပေါက်မြင်လိုက်မိသည်။

ဒီမိန်းမကို စံပယ့်အနေနဲ့ ပထမဦးဆုံးတွေ့ဖူးခြင်းဖြစ်ပြီး မိုးမမဆီကိုလည်း တစ်ခါမှ လာလည်တာမျိုး မရှိခဲ့ဖူးပါဘူး။သူက ဘယ်သူများလဲ??။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

IDGကုမ္ပဏီရဲ့၉လွှာဟာ အလွန်ကိုပဲတိတ်ဆိတ်နေလေသည်။

၁၀လွှာမှာက စီအီးအိုဦးနေဂုဏ်မာန်အတွက်
သီးသန့်ရုံးခန်း၊စာကြည့်ဆောင်နှင့် နားနေဆောင် တွေ တည်ရှိပြီး၉လွှာမှာကတော့ အလွန်ကျယ်၀န်းလှသော ဟောခန်းနှစ်ခုရှိလေသည်။

တစ်ခန်းက နိုင်ငံခြားလုပ်ငန်းရှင်တွေနှင့်တွေ့ဆုံ
သည့်အခါ သုံးသောအစည်းအဝေးအခန်းဖြစ်ပြီး၊ကျန်တစ်ခန်းကတော့ ပို၍ကျယ်ပြီး IDGနှင့်ပတ်သတ်‌‌သော ဟောပြောပွဲတို့၊နှစ်ကုန်ပါတီတို့လိုမျိုးလူအများနှင့် ဆင်နွှဲရသော အခန်းအနားများ
လုပ်သည့်အခါ သုံးလေသည်။

ဒီနေ့ကတော့ စံပယ်ရယ်အမျိုးသားသန့်ရှင်းရေး
၀န်ထမ်းကိုနေထွန်းရယ်နှင့် မအေးစံတို့ အတူတကွ အစည်းအဝေးအခန်းကြီးကိုသန့်ရှင်းပြီး၍
ဟောပြောပွဲလုပ်သည့်အခန်းမှာ သန့်ရှင်းနေကြရလေသည်။

"စံပယ်ရေ..ထမင်းစားချိန်လည်း ကျော်နေပြီ
မမအေး ဗိုက်အရမ်းဆာနေလို့ ထမင်းသွားစားမှဖြစ်တော့မယ်.."

"ဟုတ်သားပဲ..မမအေးက အစာအိမ်ရှိတယ်လေ..
ဒီမှာက ကိုနေထွန်းလည်းရှိနေတာပဲ..ပြီးလည်းပြီးတော့မှာ..သွားနော်..အားမနာနဲ့.."

"ကျေးဇူးတင်ပါတယ်ကွယ်.."

မမအေးထွက်သွားပြီးနောက် စံပယ်လည်းကိုယ်လုပ်စရာရှိတာကိုလုပ်နေလိုက်သည်။
အခန်းကြီးရဲ့ ထိပ်ဆုံးနေရာတွင် ရှိနေသော 
ခပ်မြင့်မြင့်ဆောင်ထားသော စင်ကြီးကို ကြည့်ပြီး စံပယ်ပြုံးလိုက်မိသည်။

ဒီစင်ပေါ်ကို ဦးနေဂုဏ်မာန်လည်း တက်ပြီး 
မိန့်ခွန်းပြောဖူးလိမ့်မည်ထင်သည်။
စင်ပေါ်ကို တက်ရတဲ့အရသာက ဘယ်လိုလည်း
ဆိုတာ စံပယ်သိချင်လိုက်တာ။

စံပယ်ထိုင်ခုံတွေကို ဖုန်သုတ်နေတုန်းအနောက်မှာလူလာရပ်နေသည်ဟု ခံစားမိလိုက်သည်။
စိတ်ထဲမှာကြက်သီးထလာသလိုဖြစ်လာတာ‌ ကြောင့် အနောက်ကိုလှည့်ကြည့်လိုက်မိရာ..

"အမယ်လေး..လန့်လိုက်တာကိုယ်နေထွန်းရယ်..
စံပယ်ကတစ်ခြားသူထင်လို့.."

စံပယ်လည်း ထိတ်လန့်သွားမိတဲ့ ကိုယ့်ရင်ဘတ်ကို လက်နဲ့ ဖိလိုက်ရသည်။ကိုနေထွန်းကို ကြည့်လိုက်တော့ သူကလည်း စံပယ့်ကို ထူးဆန်းသည့် 
အကြည့်မျိုးနှင့် ကြည့်လာလေသည်။

"စံပယ်ဒီနေ့အရမ်းလှတယ်.."

ကိုနေထွန်းက စံပယ့်ကိုစေ့စေ့စပ်စပ်ကြည့်လိုက်ပြီး 
နှုတ်ခမ်းတွေ လှန်တက်သွားအောင်ပြုံးကာ 
တစ်ခါမှမပြောဖူးသည့် စကားကို ပြောလိုက်တာကြောင့် စံပယ်ကြောင်အ သွားမိသည်။ 

ကိုနေထွန်း၏ မျက်၀န်းတွေကနေတစ်ဆင့် စံပယ့်ရဲ့ မသိစိတ်ထဲမှာ မရိုးသားမှုတွေကို ခံစားနေရသလိုပဲ။
စံပယ်တွေးလို့ မဆုံးခင်မှာ ကိုနေထွန်းက စံပယ်မတ်တပ်ရပ်နေသည့် နေရာသို့ တိုးကပ်လာလေသည်။စံပယ်လည်း လန့်ပြီး အနောက်သို့ ခြေလှမ်းဆုတ်လိုက်မိသည်။

"ကိုယ်အမြဲတမ်း စံပယ့်ကိုငေးကြည့်နေမိတာ
 သိရဲ့လား...စံပယ့်အသားလေးက ဖြူဖွေးပြီး...
စံပယ့် ဆံနွယ်ရှည်ကြီးတွေက သိပ်မက်မောဖို့ကောင်းတာပဲ...ဒီလိုနှစ်ယောက်ထဲ ရှိနိုင်မဲ့
အခွင့်အရေးကို ကိုယ်စောင့်နေခဲ့တာ ကြာလှပြီ"

"ရှင်ဘာတွေလာပြောနေတာလဲ.."

"ကိုယ်စံပယ့်ကိုချစ်တယ်ကွာ..စံပယ်ရောကိုယ့်ကိုချစ်တယ်မဟုတ်လားဟင်.."

"ဘာစကားတွေလာပြောနေတာလဲ..စံပယ်သွားတော့မယ်.."

"မသွားပါနဲ့အုံး စံပယ်ရယ်..ကိုယ့်ကိုအဖြေပေးခဲ့ပါချစ်တယ်မဟုတ်လားဟင်.."

စံပယ့်လက်မောင်းကို အကြမ်းပတမ်းလာဆွဲတာကြောင့် လက်ကိုအမြန်ဆောင့်ရုန်းလိုက်သည်။
ထိုလူကမလွှတ်ပဲ အားပိုထည့်ကာ လက်မောင်းကိုညှစ်လိုက်သလိုဖြစ်တာကြောင့် စံပယ်အရမ်းလည်း ကြောက်မိသလို ဒေါသလည်းထွက်လာရတယ်။

"..ရှင်ကျွန်မလက်ကိုမကိုင်ပါနဲ့..အခုလွတ်ပေး
..၀န်ထမ်းအချင်းချင်းပြဿနာမဖြစ်ချင်ဘူးနော်..
အခုလွတ်ပေး!.."

"ဟ!..မင်းကလေသံမာလှချည်လား..မလွှတ်တော့မင်းဘာလုပ်မလဲ.."

"အင့်ဟယ်.."

"အား!!.."

"အဲ့တာမလွှတ်ချင်အုံး.."

ပြောမရတဲ့အဆုံးသူ့ခြေသလုံးကို အားနဲ့ဖြတ်ကန်ပစ်လိုက်တော့ နာသွား၍ထင်ပါရဲ့လက်ကိုချက်ချင်း လွှတ်လိုက်လေသည်။

စံပယ်လည်းဒီအခန်းထဲကနေမြန်မြန်ထွက်ချင်လာသည့် စိတ်ကြောင့် ဟောခန်း၏ တံခါးဆီသို့သာအပြေးသွားနေမိသည်။ခုံတန်းတွေအကြားမှ 
တိုးထွက်လိုက်ပြီး ခပ်မြန်မြန်ပြေးဖို့ ‌ကြိုးစားလိုက်စဉ်မှာတော့ အနောက်မှသိုင်းဖက်ခြင်းကို ခံလိုက်ရသည်။

လက်တွေကိုပါ သိမ်းပြီးအချုပ်ခံ နေရ၍ လူကလုံး၀လှုပ်လို့မရဘူး ဖြစ်နေသည်။စံပယ့် ခန္ဓာကိုယ်က ပိန်သွယ်တဲ့ အမျိုးအစားမို့ အားချင်းက မမျှဘူး ဖြစ်‌နေသည်။စံပယ် အရမ်းငိုချင်လာတာပဲ 
သိတယ်။

သူ့ကိုယုံမိတာကိုက စံပယ့်အမှားပါပဲ။
လုပ်ဖော်ကိုင်ဖက် အချင်းချင်းမို့ ယုံကြည်ပြီး 
နေမိတာ စံပယ်မှားသွားခဲ့ပြီ။
လူရိုး၊လူအေးလို့ထင်ခဲ့တာ အခုတော့
ကျားခံတွင်း၀ကို ခြေဆင်းမိလျက်သားဖြစ်နေရလေပြီ။

"ကိုနေထွန်း..လူယုတ်မာ..ကျွန်မကိုလွှတ်နော်
..ကျွန်မအော်လိုက်မှာနော်..လွှတ်!!!အဟင့်..."

"အော်လေ..ဟိုဘက်မှာလည်း အစည်းအဝေးအခန်း‌ ပဲရှိတာ.... လူလည်းရှိမှာမဟုတ်ဘူး..အဟင်း..အစကတော့ညင်သာမလို့ တွေးထားခဲ့တာပါ..အခုတော့ဒီနေရာမှာတင်ပွဲကြမ်းမှဖြစ်တော့မယ်
..ဟား..ဟား.."

"မင်းကိုလည်း...ငါကပွဲကြမ်းမှာ.."

အော်ငေါက်ပြီး  ပြောလိုက်သည့် အသံအကျယ်ကြီးကြောင့် နေထွန်းလှည့်ကြည့်လိုက်မိရာ သူ့မျက်လုံးတွေ ချက်ချင်းကို ပြူးတက်သွားရသည်။

"သူ...သူဌေး.."

"မဟုတ်ဘူး..မင်းရဲ့သေမင်း.."

"ခွပ်!"

"အာ့..!"

ဦးနေဂုဏ်မာန်ရဲ့အသံကြောင့် နေထွန်းသတိလက်လွတ်ကြောင်စီသွားချိန်မှာ ပါးဆောင်ကိုပြေးအထိုးခံလိုက်ရ လေသည်။

လျှပ်တစ်ပြက်အတွင်းမှာပဲ ဦးနေဂုဏ်ဟာသူ့ရဲ့
ကုဒ်အီင်္ကျီကိုချွတ်လိုက်ပြီး စံပယ့်ခေါင်းပေါ်မှာ
လာအုပ်လိုက်တာကြောင့် စံပယ်ဘာကိုမှမမြင်ရတော့ပေ။ထိုးကြိတ်သံတွေကိုသာ ကြား နေရလေသည်။
စံပယ်လည်း ကုဒ်အိင်္ကျီကို ဖယ်မပစ်ပဲ လူတွေမမြင်နိုင်တော့ဘူးဟု တွေးလိုက်ပြီး မျက်ရည်တွေကို 
ကျဆင်းခိုင်းလိုက်မိ‌သည်။

"ခွပ်!..ခွပ်!"

"အား!..တောင်း..တောင်းပန်ပါတယ်.."

"သူတောင်းစား!!!!"

"ခွပ်!."

"အား!"

နေဂုဏ်မာန်ဟာ နေထွန်းဆိုသုကို အားရအောင် 
ထိုးနှက်၊ကန်ကြောင့်ပြစ်လိုက်ပြီးတာတောင် အားမရနိုင်သေးဘူးဖြစ်နေသည်။
စံပယ်မွှေးကို ကြည့်လိုက်တော့လည်း သူအုပ်ကာပေးထားသည့် ကုဒ်အိင်္ကျီအောက်မှာ ဘယ်လောက်တောင်ငိုနေသည်မသိ ကိုယ်လုံးလေးတောင် တုန်ယင်နေလေသည်။
သူမ ငိုနေတာကို တွေ့လေ သူပိုပြီး ဒေါသထွက်လာရလေပဲ။

"အပြင်မှာရှိနေတဲ့လူတွေ..ဒီကောင့်ကိုအခုချက်ချင်း..ငါ့ရှေ့ကနေခေါ်သွား..ပြီးရင်ရဲစခန်းမှာ
မှတ်လောက်သားလောက်အောင် ဆုံးမခိုင်းလိုက်.."

"ဆရာဘာအမှုနဲ့လဲ.."

"မင်းကြီးတော်..ဘာအမှုရမှာလဲ.."

"ဟုတ်..ဟုတ်ကဲ့..ကျွန်တော်တို့ကြည့်ကြပ်လုပ်
လိုက်ပါ့မယ်.."

စံပယ်လည်းအသံတွေသာကြားနေရသည်။
၀မ်းနည်းတာရော၊ကြောက်စိတ်တွေရောကြောင့် 
ရင်တွေတလှပ်လှပ်နဲ့သာတုန်နေပြီး ကုဒ်အင်္ကျီကိုလည်းမဖယ်ချင်ဘူး ဖြစ်နေလေသည်။
ခုဏက ကိစ္စကြီးကြောင့် ဘယ်သူ့မျက်နှာကိုမှ 
မကြည့်ချင်လောက်အောင် စံပယ်အရှက်ရနေမိသည်။

ရုတ်တရက်ဆိုသလို နွေးထွေးတဲ့လက်တွေက 
စံပယ့်ပုခုံးပေါ်သို့ ခပ်ဖွဖွထိကိုင်လာတာကြောင့် ရင်ခွင်တစ်ခုနဲ့နီးစပ်သွားသည်ကို သေချာခံစားလိုက်ရသည်။
ထိုရင်ခွင်က ဘယ်သူ့ရင်ခွင်ဆိုတာကို
မပြောလည်းပဲ စံပယ်သိပါတယ်။

သူကလည်းစံပယ့်ဦးခေါင်းပေါ်မှ သူ့ရဲ့တန်ဖိုးကြီးကုဒ်အိင်္ကျီကိုမဖယ်ပေးပဲ အခန်းအပြင်သို့
ခေါ်ထုတ်‌လာပြီး ဓာတ်လှေကားစီးကာ အပေါ်ထပ်သို့ ခေါ်လာလေသည်။
စံပယ့်ကိုထိုင်ခိုင်းပြီး သူ့ကုဒ်အိင်္ကျီကိုဖယ်ပေးတော့မှ သူ့ရုံခန်းထဲကိုရောက် နေမှန်းသိလိုက်ရသည်။
သူကစံပယ့်အရှေ့မှာဒူးတစ်ဖက်ထှောက်ကာထိုင် နေလေသည်။

"ရော့ ရေသောက်လိုက်..မင်းအရမ်းကြောက်သွားမှာပဲ..ကိုယ်သာနဲနဲလေးနောက်ကျသွားရင်.."

သူ့ဘာသာပြောပြီး ငြိမ်ကျသွားမိသည်။နိုင်ငံခြားလုပ်ငန်းရှင်တွေနဲ့အစည်းအဝေးလုပ်အပြီးမှာ တစ်ဖက်ဟောခန်းမှ အသံတွေကြား၍သွားကြည့်မိရာမှ သူ့ကလေးမကို အခြား‌ယောက်ျားတယောက်က..

"ဟာကွာ..တောက်!"

"ကျွန်မကြောင့်..ရှင်စိတ်အနှောက်အယှက်ဖြစ်ရရင်တောင်းပန်ပါတယ်..."

"ဟင်.."

လေသံတိုးတိုး‌နဲ့ပြောနေတဲ့စံပယ့်ကို သူကသေချာဆိုက်ကြည့်လာပြီး ရုတ်တရက် ဒူးထောက်ကာ
သူ့ရဲ့ ခန္ဓာကိုယ်ကိုမြှင့်လိုက်ပြီး ဖက်ခြင်းခံလိုက်ရတာကြောင့် စံပယ်လည်းလန့်သွားမိသည်။

စိမ်းသက်လွန်းသည့် အထိအတွေ့တစ်ခုကြောင့် လက်က အလိုအလျောက် သူ့ရင်ဘတ်ကို တွန်းလိုက်မိပေမဲ့ သူကတော့ တစ်ချက်တောင် 
တွန့်မသွားခဲ့ဘူး။
စံပယ့်ဦးခေါင်းက သူ့ရင်ဘတ်အနားမှာဖြစ်ပြီး သူ့ရဲ့လက်ကစံပယ့် ဆံပင်တွေကိုပွတ်သပ်‌ပေး 
နေသည်ဟု ခံစားလိုက်ရသည်။

သူစံပယ့်ကိုနှစ်သိမ့်ပေးနေတာလား။
သူ့ကိုတော့ပြန်မဖက်ပေမဲ့ စံပယ့်မျက်လုံးတွေကိုခဏမှိတ်ထားလိုက်မိသည်။
အခုစံပယ့်အတွက်နွေးထွေးတဲ့ရင်ခွင်တစ်စုံလိုအပ်နေလို့ပါ။
တစ်ယောက်ယောက်က စံပယ့်အနားမှာ ရှိနေပေးတဲ့ ခံစားချက်လေးကို စံပယ်လိုအပ်နေသလိုပါပဲ။
ဒီလိုအချိန်မျိုးမှာ စံပယ်အဖွားကို သိပ်သတိရတာပဲ။

သူကစံပယ်အနားသို့ တိူးကပ်လာပြီးစကားတစ်ခွန်းပြောလိုက်သေးသည်။

"မင်းအတွက်..ကိုယ်အလုပ်သမားဘယ်နှစ်ယောက်လောက်..အလုပ်ထုတ်ပေးရမလဲ.."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ညနေဘက် စံပယ်အဆောင်ကိုပြန်ရောက်တော့ 
ဒီနေ့ဖြစ်ပျက်သမျှတွေကို ပြန်တွေးကြည့်နေမိသည်။

ဟိုတစ်ခါကပါးကိုကိုင်တယ် ဒီတစ်ခါဆံပင်ကိုကိုင်တယ်။ဘာမှလည်းမဆိုင်ပဲ ခဏခဏအသားယူခံနေရတာတော့ မဟုတ်သေးဘူး။
ငြိမ်နေခဲ့မိသည့် ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။

ဒါပေမဲ့ ကိုနေထွန်းလို လူမျိုးကို မယုံကြည်ပေမဲ့ စံပယ်သူနဲ့ နှစ်ယောက်ထဲရှိနေတဲ့ အချိန်မှာတော့ ကြောက်ရွံ့တာတွေ ထိတ်လန့်တာတွေ ဘာကြောင့် ရှိမနေရတာလဲ ။
စံပယ်သူ့ကို အဲ့လောက်တောင်ပဲ ယုံကြည်နေမိတာလား။

 စံပယ်အခက်အခဲကြုံရချိန်တိုင်းလည်း 
သူရောက်လာတတ်တယ်။
ရေစပ်ဆိုတာဒါမျိုးလား။တိုက်ဆိုင်မှု တွေကလည်း သူနဲ့မှဘာကြောင့်ဒီလောက် ထူခြားလွန်းနေရတာပါလိမ့်။

သူနဲ့ တွေ့ဆုံရတဲ့အချိန်တိုင်းကလည်း ဒီလို ကမောက်ကမတွေကြီးပဲ ဖြစ်နေရတော့ စံပယ်တို့ရဲ့ စုံစည်းမှုတွေက လှပတာလား ၊ကမောက်ကမနိုင်တာလားလို့ မေးရမလို ဖြစ်နေသည်။

"တီ..တီ..တီ..တီ"

ဖုန်းလာနေ၍အတွေးအာရုံတွေကိုဖြတ်တောက်လိုက်ပြီး ခလုတ်လေးကိုနှိပ်ကာ နားမှာကပ်၍ နားထောင်လိုက်သည်။

"ဟယ်လို..ဘယ်သူပါလဲ.."

"ကျုပ်က..ညည်းအဖွားကြည်မေဟေ့..အခုမမျိုးတို့တယ်လီဖုန်းနဲ့ဆက်နေတာ.."

"ဟင်အဖွား..ဘာအရေးကြီးကိစ္စရှိလို့လဲ.."

"ဒီလောက်အရေးကြီးတာတောင်..ဒီ့ထက်အရေး
မကြီးတော့ဘူးအေ.."

"ပြောမှာသာပြောစမ်းပါအဖွားရယ်..
ကျွန်မရင်ထိတ်လိုက်တာ.."

"ညည်းရဲ့အလိမ္မာတုံး.....ညီမသဇင်မွှေးလေ.."

"ဟင်..သဇင်မွှေးဘာဖြစ်လို့လဲ..မြန်မြန်ပြောပါလို့"

"လင်နောက်လိုက်သွားလို့အေ..လင်နောက်လိုက်သွားလို့.."

"ရှင်!"သေ..သေချာလို့လားအဖွားရယ်.."

"သေချာသမ..သိပ်သေချာ....ဘော်ဒါကသူ့သူငယ်ချင်းက သူ့အိပ်ရာပေါ်မှာ လင်‌နောက်လိုက်သွားပြီဆိုတဲ့ စာရေးထားခဲ့တာတွေ့လို့ ဆရာမတွေက ကျုပ်ကို အကြောင်းကြားတာဟေ့..အဲ့ဒါညည်းအမြန်ပြန်လာခဲ့ပါ..အဲ့အလုပ်လည်းထွက်ရင်
ထွက်ရပါစေ..ညည်းရဲ့ ညီမလင်နောက်လိုက်သွားမှတော့..အဲ့ဒီ့အလုပ်ကိုဆက်လုပ်နေလည်းဘာမှ
မထူးဘူး..အမြန်ပြန်လာခဲ့ပါတော့အေ..."

"ဟုတ်..ဟုတ်ကဲ့ပါအဖွားရယ်..လောလော
ဆယ်တော့မနက်မှ..ဖုန်းနဲ့ခွင့်လှမ်းတင်လိုက်မယ်..
မရလည်းထွက်ရုံပေါ့.."

"အေး..ဒါဆိုဒါပဲအေ..ငါ့မှာတော့‌မြေးမလေးနှစ်ယောက်ရှိပါတယ်..တစ်ယောက်မှစကားနား
မထောင်ဘူး..အီဟီး!!!..နင်တို့တစ်ယောက်မှ
ငါ့အပေါ်မကောင်းဘူး.."

အဖွားရဲ့ငိုသံလေးနှင့်အတူ တစ်ဖက်မှဖုန်းကျသွားသလို စံပယ့်အသဲနှလုံးတွေလည်း တဖြုတ်ဖြုတ်နဲ့ကြွေကျသွားရသလို ခံစားလိုက်ရလေသည်။
စံပယ့်ပါးပြင်ပေါ်မှ မျက်ရည်တွေဖြတ်စီးသွားလေတော့သည်။ကိုယ်က ပညာကိုဆုံးခန်းတိုင်အောင်
 မသင်ခဲ့ရလို့ မျိုးရိုးထဲမှာ ပညာတတ်၊ဘွဲ့ရလေး
 ရှိစေချင်ခဲ့မိတာပါ။

စံပယ် လောဘသိပ်ကြီးသွားမိတာများလား။
ညီမလေးရယ် အစ်မရဲ့ ရင်ထဲမှာ နှလုံးသားတစ်ခြမ်း ပဲ့ကြွေသွားရသလိုပါပဲ။

"သဇင်ရယ်..နင်ရက်စက်လိုက်တာနော်..ငါ့မှာတော့ငါ့ညီမလေး ပညာတတ်ကြီးဖြစ်ပါစေ..
ငါ့လို သူများအောက်မကျရပါစေနဲ့ဆိုပြီး...
ရွာမှာဆိုလည်းရွာအလုပ်၊ရန်ကုန်ဆိုလည်းရန်ကုန်အလုပ်နဲ့ သူများ အစော်ကားခံရမလိုတောင်
ဖြစ်ခဲ့ရတာ..ငါပြန်ရလိုက်တာက..အဖွားရဲ့မျက်ရည်နဲ့..နင့်ရဲ့ကျေးဇူးကန်းမှုတွေလား.."

မနက်၄နာရီထိုးတည်းကထပြီး အထုပ်တွေကိုထုပ်ပိုးပြင်ဆင်ကာ ကားဂိတ်သို့ ထွက်လာလိုက်သည်။

တကယ်တော့စံပယ်တစ်ညလုံးအိပ်လို့မရပါဘူး။ဖြစ်လာမယ့်ညီမလေးရဲ့အနာဂတ်ကိုစံပယ်ကြိုတွေးနေမိသည်။
ဆယ်တန်းတောင်မအောင်ပဲလင်နောက်လိုက်သွားတော့ ဘာလုပ်စားကြမှာလဲ။
သူ့ယောက်ျားကဘယ်လိုလူလဲ ဆယ်တန်းဖြေမဲ့ကလေးကိုခိုးရာလိုက်ဖို့ခေါ်တည်းက လူကောင်း
မဖြစ်နိုင်တာတော့သေချာတယ်။

ဒါဟာ လူကြီးတွေကိုအရာမသွင်းသလို ငါ့ညီမလေးကိုလည်းအလေးမထားတာပဲ။
မိုက်လိုက်တာညီမလေးရယ် နင်သိပ်မိုက်တယ်။

ငါ့အမှားပါ ငါနင့်ကိုအနီးကပ်စောင့်ရှောက်ခဲ့ရမှာ။အများကြီး မျှော်မှန်းပြီး ရန်ကုန်ကို တက်လာခဲ့မိတာကိုက မှားတာပါလေ။ကိုယ်နဲ့ အပ်စပ်တဲ့ နေရာမှာမနေပဲ ရန်ကုန်ကိုတက်လာမိတဲ့ နေ့တည်းက မှားခဲ့တာ ထင်ပါရဲ့။တောမှာနေရင် အနည်းဆုံးတော့ ညီမလေးရဲ့ ဘော်ဒါဆောင်ကို ခဏ၊ခဏလိုက်သွားပြီး စကားပြောဖြစ်၊ဆိုဆုံးမခွင့် ရခဲ့မှာသေချာတယ်။

၀င်းသစ္စာ‌မောင်ခရီးသွားကားက ရန်ကုန်မြို့ကြီး
ကိုနှုတ်ဆက်ခဲ့တာနှင့်တစ်ပြိုင်နက် စံပယ်ပထမဦးဆုံးသတိရမိသူကတော့ ဦးနေဂုဏ်မာန်ပါပဲ။

"နှုတ်ဆက်ပါတယ်ရှင်..ဘ၀တစ်ကွေ့မှာ..
ခဏတွေ့ခဲ့ကြတယ်လို့ပဲ..သတ်မှတ်ပါတယ်..
ဒါပေမဲ့ရှင်နဲ့တွေ့ဆုံမှုက..နှလုံးသားထဲမှာနက်ရှိုင်းနေမိပြီထင်ပါတယ်.."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

 ဒီနေ့အတွင်းရေးမှူးကနေတစ်ဆင့် စံပယ်မွှေးကိုသွားခေါ်ခိုင်းတော့ ရွာပြန်လို့ ခွင့်သုံးရက်ယူထားသည်တဲ့။

မနေ့ကကိစ္စကြောင့်ဒီကောင်မလေးရှက်ပြီး ရွာကိုပြန်ပြေးသွားတာများလားဟု တွေးမိပြန်တော့ သူ့စိတ်ထဲမှာ စိုးထိတ်မှု‌လေးက ဖြတ်ပြေးသွားမိလေသည်။

ဒါမှမဟုတ်ရွာမှာ အဖွားလုပ်သူကယောက်ျားပေးစားဖို့ပြန်ခေါ်လို့ အပြီးပြန်သွားတာများလား။ဘာကြောင့်လဲ?

မဖြစ်ဘူး။မင်းကိုယ်နဲ့ အဝေးကြီးကိုထွက်သွားလို့မရဘူး။
မင်းကိုကိုယ့်ကုမ္ပဏီရဲ့ သန့်ရှင်းရေး၀န်ထမ်းအဖြစ်နဲ့လည်းစိတ်မချတော့ဘူး။
တစ်ခြားသူတွေမင်းကိုအနိုင်ကျင့်တာမြင်ရင်..
လူ မ သတ်မိဖို့ကို အမြဲစိတ်ထိန်းနေရတာ..လွယ်တာမဟုတ်ဘူး။

"ဒီတစ်ခါ ကိုယ့်ဘေးနားကိုပြန်လာရင်..မင်းကိုပြန်
မလွှတ်ပဲနေရမလား..ဒါဆိုကိုယ်မိုက်မဲရာကျနေမလား.."

ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်ပြီး ခေါင်းကို မော့ကာ မျက်လုံးတွေကို မှိတ်ပြီး သူသေချာတွေးကြည့်နေမိသည်။
စံပယ်မွှေးဟာ သူကာကွယ်ပေးချင်မိတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ။ 
ဘေးနားမှာ သူမရှိနေတဲ့အချိန်တွေဆိုရင် သူ့စိတ်တွေဟာ ပျော်ရွှင်နေသလိုလို၊ ရင်ခုန်သလိုလို ခံစားရသည်။

သူမကို အမြဲတွေ့ချင်လာသလို သူ့ကိုရှောင်နေတတ်တဲ့ သူမနဲ့ အကြည့်ချင်း ဆုံရင်တောင် သူပြုံးနေမိတာမျိုး။
သူမကို ပွေ့ဖက်ရတာကိုလည်း နှစ်သက်မိသလို သူမပြုံးတာကို မြင်ရင်‌တောင် ကျေနပ်နေမိတယ်။

အတွေးတွေဆုံအောင်တွေးလိုက်ပြီးနောက်မှာတော့ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်မိသည်။
သူ့ရင်ဘတ်ကိုလည်း သူပြန်အုပ်လိုက်မိသည်။

"ငါ ချစ်မိနေတာပဲ....ဟား..ဟား..."

သူသွားတွေ ပေါ်အောင်အထိ ရုံးခန်းထဲမှာ အရူးကြီးလို ရယ်လိုက်မိသည်။
စံပယ်မွှေးဆိုတဲ့ အသက်နှစ်ဆယ် သာမန်၀န်ထမ်းကောင်မလေးကို သူချစ်မိနေလေပြီ။
ဘယ်‌အချိန်တည်းကလည်း ဘာကြောင့်လဲဆိုသည့် မေးခွန်းကိုထုတ်လို့ မရပေမဲ့ စံပယ်ရေ မင်းနဲ့မှ ကိုယ်ချစ်တတ်ပြီ ထင်ပါတယ်။


🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼


Comments

Popular posts from this blog

🦋အခန်း ၁ မှ အခန်း ၃ 🦋

🌿အခန်း ၁ မှ အခန်း ၄ 🌿

"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁) မှ အခန်း (၃)"