"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁၀ ) မှ အခန်း (၁၂)"
"သနပ်ခါးရနံ့လေးကြူကြူမွှေး" "အခန်း(၁၀ ) မှ အခန်း (၁၂)"
🌼အခန်း၁၀🌼
ဧရာ၀တီတိုင်း🌳
"အဖွားရေ...အဖွား..စံပယ်ပြန်လာပြီ.."
"ဟယ်...မိစံပယ်ပြန်ရောက်လာတာနဲ့..အတော်ပဲဟေ့.."
အဖွား၏ကျူထရံကာအိမ်ငယ်လေးထဲသို့
၀င်လိုက်တော့ ရွာထဲမှဆွေမျိုးမကင်းသူများဟာ
အိမ်အပေါ်ကို ရောက်နေကြသည်ကို မြင်လိုက်ရလေသည်။
အဖွားကတော့ ဘုရားစင်အောက်လေးမှာ
ဒူးလေးနှစ်ချောင်းကိုထောင်ပြီး စံပယ့်ကိုမော့ကြည့်ရှာလေသည်။
အဖွားရဲ့ မျက်၀န်းတွေထဲမှာ စံပယ့်ကိုအားကိုးသည့်အကြည့်တွေနှင့် သဇင့်အတွက် ၀မ်းနည်းခြင်းအရိပ်အယောင်များ ထင်ဟပ်နေလေသည်။
စံပယ်လည်း လူကြီးတွေအရှေ့မှ ခေါင်းကိုငုံ့ကာ ဖြတ်လျှောက်လိုက်ပြီး အဖွားရဲ့ဘေးနားမှာ ၀င်ထိုင်လိုက်သည်။
"သဇင့်ကိစ္စက...ဘယ်လိုဖြစ်တာလဲအဖွားရယ်
စံပယ့်ကိုရှင်းပြပါအုံး.."
"အမယ်လေး မရှင်းပြချင်ပါဘူးတော်..
ငါးစိမ်းမြင် ငါးကင်ပစ်တဲ့ဟာမ..
ငါ့မြင်းငါဆိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့အတိုင်း..သူ့လင်မြင်းကြီးကိုစီးသွားတဲ့ဟာမ..
နေပါစေအေ..မြင်းမောလို့ ဧရာ၀တီတိုင်းကိုပြန်လာကြည့်..ပါးရိုက်ပြီးပြန်လွှတ်လိုက်မယ်.."
"အဖွားရယ်..ဘာတွေပြောနေတာလဲ..မအေးရီရေရှင်းပြစမ်းပါအုံး..
သဇင့်ကိစ္စနားထောင်ချင်တဲ့ဟာကို အဖွားကလည်း ဘာတွေပြောနေမှန်းမသိတော့ပေ။
မြင်းစီးတာတွေရော၊စစ်ကိုင်းရောက်တာတွေရော၊ပါးရိုက်လွှတ်လိုက်မှာတွေရော စုံနေတော့တာပါပဲ။
ကြည့်ရတာ စံပယ်လင်နောက်လိုက်ရသည့်ကိစ္စတစ်၀က်လောက်က အဖွားဆူပူလွန်းလို့များလားဟုတွေးမိရသည်အထိပါပဲ။
"ဒီလိုဟေ့..သဇင်မွှေးက သူ့တို့ နေတဲ့ ဘော်ဒါဆောင်နားက ကုန်စုံဆိုင်ပိုင်ရှင်ရဲ့သားနဲ့
ခိုးရာလိုက်သွားတာ..အဲ့ဒါမနက်ဖြန်ပြန်လာအပ်မယ်တဲ့..ဖုန်းလှမ်းဆက်တယ် အဲ့ဒါကို..ညည်းအဖွားက ပြန်လာရင်ရိုက်မယ် နှက်မယ် တကဲကဲလုပ်နေလေရဲ့..ကိုယ်ကမိန်းကလေးရှင်လေ..
သဘောမတူရင်လည်း..အပျိုပြန်ဖြစ်တော့မှာမှ မဟုတ်တာ..ကြည့်လုပ်ပါအုံးအေ..."
စံပယ်ငုတ်တုတ်မေ့နေမိသည်။
နှမျောလိုက်တာ စံပယ့်ညီမလေးကိုနှမျောလိုက်တာနော် အခုမှငယ်ငယ်လေးပဲရှိသေးတယ်။
စံပယ်တောင် ချစ်မ၀သေးဘူး။သူကယောက်ျားနောက်လိုက်သွားရတယ်လို့။
စိတ်ထဲမှာ မခံစားနိုင်လွန်းလို့ စံပယ်ငိုချင်တာပဲသိတယ်။
အသက်က ငယ်ငယ်လေး၊ပညာသင်နေတဲ့အရွယ်ဖြစ်တဲ့အပြင် သဇင်က ကလေးဆန်ဆန်နေတတ်သည့် အကျင့်ရှိပြန်သည်။
တော်ကြာရွာထဲက စိမ်းမမလို ဖြစ်နေမှာဆိုးရတယ်။အသက် ဆယ့်ခုနှနှစ်နဲ့ယောက်ျားယူမိပြီး ကလေးနှစ်ယောက်လည်းရရော သူ့ကိုပစ်ခဲ့တဲ့အပြင် သူ့ယောက်ျားဟာအခုတော့ အခြားရွာကိုပြောင်းသွားပြီး မယားငယ်ကိုသွားလုပ်ကျွေးနေပါသတဲ့။ကိုယ့်အိမ်က ဇနီးနဲ့သားသမီး ဘုစုခရုလေးတွေကြတော့ ဖြစ်ချင်သလို ဖြစ်ဆိုပြီး ထားပြစ်ခဲ့ရက်တယ်။
စံပယ့် ညီမလေးလည်း အဲ့ဒီ့လိုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ပါ့မလဲဆိုသည့် အတွေး၀င်လာတာကြောင့် စံပယ် ကိုယ့်ရင်ဘတ်ကို လက်နဲ့ဖိပြီး မျက်ရည်ဝဲလာရသည်။
ဆယ်ကျော်သက်အရွယ်မှာ သူတို့ကိုခဏတာစိတ်ပျော်ရွှင်စေရင်ကို အဲ့ဒီ့အရာကိုတစ်သတ်လုံးမှတ်ထင်၊အဟုတ်ကြီးမှတ်ထင်ပြီး လမ်းကြောင်းလွှဲမှားတတ်ကြတယ်။
ညီမလေးကို အဲ့ဒီ့လိုမကြုံတွေ့စေချင်ဘူး။
"အီဟီး..စကားနောက်တရားပါတဲ့..
အဖွားဟိုတစ်ခါကျွန်မညီမလေးကို..
လင်နောက်လိုက်မယ်ပြောလိုက်တာကို..
အဟင့်..အခုတော့..တကယ်လိုက်သွားပြီ..
ဟိုကောင့်ကိုပဲ..အမှုန့်ကြိတ်ပစ်ချင်တာ...အီဟီး.."
"အမယ်လေး လက်ခုပ်က တစ်ဖက်တည်းတီးလို့မြည်တာမှတ်လို့အေ ...
နင့်ညီမကိုက..ပျော်ပျော်ကြီး ကပြီးလိုက်သွားတာလေ..
ဒီဖွားအေကြီးမှာသာ..အိုကြီးအိုမနဲ့ကောင်းစား
စေချင်လို့..အကုန်အဝေးကိုပို့မိတာ..
ငါသေကြည့် သည်းတို့ဘယ့်နှယ့်လုပ်မလဲ...."
"အို..အဖွားရယ်..သေစကားတော့မပြောပါနဲ့..
အဖွားကို အပြစ်တင်မိတဲ့အတွက် သမီးကိုခွင့်လွှတ်ပါ အဖွားရယ်...."
"အမယ်လေး ညည်းမမှားပါဘူး....ငါမှားတာပါအေ
အဲ့ဟာမလေးကို ငါသေချာမဆုံးမနိုင်လို့ အခုလိုဖြစ်ရတာ....."
"မကြည်မေရယ်....အဲ့လိုလဲကိုယ့်ကိုကိုယ် ဇွတ်အပြစ်မတင်ပါနဲ့....အသက်ငယ်ငယ် ကြီးကြီး
သူ့ဘက်ကလည်း စဉ်းစားတတ်ရမယ်လေ...."
ဘေးနားမှာ ပြောင်းဖူးဆေးလိပ်ကို ထိုင်ကာ
ဖွာရှိုက်နေသည့် ဖွားလေးအုန်းကြိုင်က သွားတွေ
ကျိုးနေ၍ ချိုင့်၀င်၀င်သွားသော ပါးဆောင်လေး
တစ်လှုပ်လှုပ်နှင့် ပြောလာလေသည်။
"သဇင်မွှေးအနေနဲ့....ငါ့အစ်မကြီးက ငါ့အတွက်မြို့မှာ ပင်ပင်ပန်းပန်းအလုပ် သွားလုပ်နေရပါလား...
ငါ့အဖွားကြီးက တောမှာတစ်ယောက်ထဲ ကျန်ခဲ့ရပါလား...ငါ့အတွက် အကုန်လုံးက ဝိုင်းထောက်ပံ့၊
ဝိုင်းပြီး ကြိုးစားပေးနေကြပါလားလို့ တွေးရမယ်လေ....ဘယ့်နှယ်.…အခုတော့ လိုက်ချင်တိုင်းလိုက်သွားရတယ်လို့ အဲ့လိုမိန်းကလေးမျိုး တမနေကြနဲ့အေ..."
"ဟုတ်တယ်...စံပယ်ရေ...မအေးရီလည်း
ဖွားလေးအုန်းကြိုင်လို ပြောချင်တာ စံပယ်တို့
မကြိုက်မှာစိုးလို့....စံပယ်လည်း တောကိုပဲပြန်လာပါတော့ကွယ်...
ဖွားကြည်မေအတွက်လည်း ဘေးမှာအနီးကပ်စောင့်ရှောက်ပေးမဲ့လူရှိမှ ဖြစ်မှာဟ...."
မအေးရီ၏ စကားအဆုံးမှာ အဖွားက စံပယ့်ရဲ့လက်မောင်းကို ခပ်ဖွဖွထိကိုင်လာလေသည်။
မျက်ရည်ဝဲလျှက်သားနဲ့ စံပယ်အဖွားကို ပြန်ကြည့်လိုက်မိတော့ အဖွားရဲ့မျက်၀န်းထဲမှ ၀မ်းနည်းမှုတွေကို အတိုင်းသားမြင်နေရလေသည်။
"စံပယ်...ညည်း..ငါ့အတွက် ဘာမှမပူစမ်းပါနဲ့...
အေးရီတို့ ပြောတိုင်းလျှောက်မယုံပါနဲ့...
ကြည်မေက အမာကြီးရှိပါသေးတယ်အေ....
ရန်ကုန်မှာက အလုပ်လုပ်ရင် တို့တောထက်တော့ ပိုက်ဆံပိုရတာပေါ့...
အဖွားက ညည်းတို့ကိုလုပ်မကျွေးနိုင်တော့ဘူး...
ကိုယ့်တတ်လမ်းသာ ကိုယ်ရှာပါအေ...ညည်းသဒ္ဒါရင်သာ အဖွားကို တစ်လုပ်၊တစ်ဆုပ်ကျွေးပေါ့..."
အဖွားဟာ ပါးစပ်ကသာ တဗျစ်တောက်တောက် ပြောဆိုတတ်ပေမဲ့ တကယ့်ကို အနစ်နာခံတတ်
သည့် လူတစ်ယောက်ပါပဲ။
တကယ်တော့ စံပယ်ရန်ကုန်ကို တက်ရတဲ့ရည်ရွယ်ချက်က ညီမလေးကြောင့်နဲ့ အဖွားကြောင့်က လွဲရင် ကျန်တာဘာဖြစ်နိုင်အုံးမှာလဲ။
အခု ညီမလေးက ဒီလိုလုပ်သွားမှတော့ စံပယ် သေချာပေါက် အလုပ်ထွက်ဖို့ ဆုံးဖြတ်ချက်
ချရတော့မယ်။
"အဖွား....ဘာမှမပူနဲ့နော်...သမီးက အဖွားဘေးနားမှာပဲ အမြဲရှိနေပေးမှာ...အဖွားဘာမှအားမငယ်ပါနဲ့
စိတ်ဓာတ်လည်း မကျပါနဲ့..."
စံပယ်လည်း အဖွားစိတ်မကောင်းမှာ စိုး၍ မျက်ရည်တွေကို ချက်ချင်းသုတ်ပစ်လိုက်ပြီး
ကိုယ့်စိတ်ကိုယ် ပြန်ဖြေသိမ့်လိုက်သည်။
သဇင်မွှေးကိုလည်း အပြစ်မတင်ချင်တော့ပါဘူး။
ကိုယ့်ညီမလေး အိမ်ထောင်ရေးကံကောင်းဖို့ကိုပဲ ဆုတောင်းပေးရတော့မှာပါပဲ။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ရန်ကုန်🏙️
စံပယ့်စိတ်တွေဟာ လှုပ်ရှားမှုအရမ်းပြင်းထန်လာပြီး စိုးရိမ်ကြောင့်ကြမှုတွေသာ ကြီးစိုးနေမိလေသည်။
စံပယ့် ခြေထောက်တွေဟာလည်း လေးလံနေပြီး ရွေ့လျားရဖို့အရေး ကျောက်ဆူးကြိုးချထားသကဲ့သို့ ဖြစ်နေလေသည်။
ချွေးပြန်လာသည့် လက်သီးဆုပ်ထဲတွင်လည်းစာအိတ်လေးတစ်ခုကိုကိုင်ထားပြီးIDGကုမ္ပဏီ၏ ၀င်ပေါက်မှာရပ်နေမိသည်။
ဒီနေ့ဟာ နောက်ဆုံးနှုတ်ဆက်ခြင်းပါပဲ။
စံပယ့်ဘ၀မှာ အဖွားကသာ ပထမဖြစ်တာကြောင့်
အဖွားနဲ့ပဲ အမြဲအဖော်ပြုပေးဖို့ ဆုံးဖြတ်လိုက်သည်။
အဖွားကိုသာ ဆုံးရှုံးရရင်စံပယ်ဆိုတာ သောင်ပြင်မှာလွှတ်တဲ့ခွေးကလေးလို အထီးကျန်စွာ
ဘယ်အရိပ်မှာခိုနေရမှန်းမသိဖြစ်နေမှာ သေချာသည်။
မြေညီထပ်မှ သန့်ရှင်းရေးဌာနဆီသို့ တန်းသွားလိုက်ပြီး ခေါင်းဆောင်ဆီသို့သာ တန်းသွားလိုက်သည်။
စံပယ်တို့ရဲ့ ကုမ္ပဏီဟာ စည်းစနစ်တကျလည်ပတ်နေသည့် ကုမ္ပဏီကြီးဖြစ်တာကြောင့် စည်းကမ်းချက်တွေအရ အလုပ်ထွက်လျှင် ထွက်စာလာတင်ရမည်ဟု ထုတ်ထားလေသည်။
"စံပယ်အလုပ်ပြန်ဆင်းပြီလား.."
"ကျွန်မ..ဟို.."
ခေါင်းဆောင်က စံပယ့်ကိုတွေ့တွေ့ချင်း ဆီးကြိုပြီးပြောလိုက်တာကြောင့် စံပယ်လည်း ပြောရမည့်အရေး မဝံ့မရဲဖြစ်နေရလေသည်။
"ဟိုတွေ..ဒီတွေလုပ်မနေနဲ့..အလုပ်ပြန်ဆင်းရင်သူဌေးရုံးခန်းကိုချက်ချင်းလာဖို့ အတွင်းရေးမှူး
မကြယ်စင်က လာပြောထားတယ်..."
အတွင်းရေးမှူး မကြယ်စင်က စံပယ့်ကိုတွေ့ချင်သတဲ့။ဘာဖြစ်လို့များပါလိမ့်။သူဌေးရဲ့ ရုံးခန်းကိုတော့ စံပယ်မသွားချင်ရိုးအမှန်ပါ။
အခုအချိန်မှာ စံပယ် မတွေ့ချင်ဆုံးလူက သူ့ကိုပါပဲ။
စံပယ်သူ့ကို နှုတ်မဆက်ခဲ့ချင်ဘူး။
"ဟဲ့...စံပယ်...ငူငူကြီးရပ်ပြီး ဘာလုပ်နေတာတုန်း..."
"ဟို..ဟိုလေ..ဒီဟာလေး.."
"ကဲပါ..အမြန်သွားလိုက်စမ်းပါ..ပြန်လာမှပြော.."
အလုပ်ထွက်မည့် စာအိတ်ဖိုင်လ်လေးကိုထုတ်ပြီး ကမ်းပေးချင်ပေမဲ့ ခေါင်းဆောင်က အတင်းနှင်လွှတ် နေလေသည်။စံပယ်လည်း ဆယ်လွှာသို့
ဓာတ်လှေကားနဲ့ တက်လာခဲ့လိုက်သည်။
ဆယ်လွှာသို့ရောက်တော့ ရုံးခန်းအပြင်ဘက်တွင် ထိုင်နေသော မကြယ်စင်ဆီသို့ ဦးစွာ သွားလိုက်သည်။
"မကြယ်စင်..သူဌေးက စံပယ့်ကိုတွေ့ဖို့ခေါ်တယ်ဆို"
"ဟုတ်တယ်..စံပယ်ရောက်လာတာနဲ့အတော်ပဲ..
ခုနကအစည်းအဝေးခန်းထဲမှာ ဆရာတော်တော်ဒေါသထွက်ထားလို့..စိတ်ဖိစီးနေမှာ.."
"ရှင်..ဒါ..ဒါဆိုကျွန်မနဲ့တွေ့လို့ဖြစ်ပါ့မလား..
တော်ကြာ စိတ်ဆိုးဆိုးနဲ့ စံပယ့်ကိုထ ရိုက်နေမှ
ဒုက်ခပဲ...""
"ဖြစ်ပါတယ်..စံပယ်ကပဲသူ့ကိုအုံဖွ လုပ်နိုင်မှာ..
သွား..၀င်သွား.."
မကြယ်စင်တောင် စံပယ်တို့ကိုဘာလိုလို
ထင်နေပုံရလေသည်။။စံပယ်က အနေအထိုင်မတတ်ပဲ သူဌေးကို လိုက်ကပ်မိတာလဲ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီနေ့ပြီးဆုံးသွားရင်တော့ စံပယ်နဲ့သူဟာ ထပ်တွေ့စရာ ဘာအကြောင်းမှ မရှိတော့ပါဘူး။မဝံ့မရဲ ဖြစ်နေမိပေမဲ့ စိတ်လှုပ်ရှားနေတာကို အသာထိန်းပြီး ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
"ဒေါက်..ဒေါက်..ဒေါက်.."
"၀င်ခဲ့!"
လေသံကတော့အတော်မာလေသည်။
ဒေါသထွက်နေတယ်ဆိုတော့ စံပယ့်ကိုပါပတ်ရမ်းရင်ဒုက္ခပဲဟု တွေးလိုက်မိသည်။
လာမိတာတောင် မှားနေပြီလားမသိပါဘူး။
ရုံးခန်းထဲသို့ စံပယ်၀င်သွားတော့ သူ့အလုပ်စားပွဲမှာ ထိုင်နေတဲ့ စံပယ့်သူဌေး ဦးနေဂုဏ်ဟာ
ခေါင်းကို ငုံ့ချထားပြီး မျက်မှောင်ကြီးကို အစွမ်းကုန်တွန့်ကြုံ့ထားလေသည်။
သူ့အတွေးအာရုံတွေက စားပွဲပေါ်က စာရွက်စာတမ်းတွေဆီမှာပဲ ရှိနေသည်ထင်ပါရဲ့ စံပယ် သူ့စားပွဲအရှေ့မှာ ရပ်နေတာတောင်
မော့မကြည့်လာဘူး။
စံပယ့်အဖို့ မကြယ်စင်ရဲ့စကားကို ပြန်ကြားယောင်ပြီး ဇောချွေးပြန်ချင်လာရသည်။
သူများအလုပ်ရှုပ်နေတာကို ဘာမဟုတ်သည့်
ကိစ္စလေးနဲ့ စိတ်ရှုပ်အောင် ထပ်လုပ်မိမှာကို စိုးရိမ်မိတယ်။
ဒါပေမဲ့ ဒီနေ့ပဲ ရွာကိုပြန်ဖို့စဉ်းစားထားသည်မို့ လာရင်းကိစ္စကို မြန်မြန်ပြောမှ ဖြစ်လိမ့်မည်။
"ဟို..သူဌေး..စံပယ့်ကိုခေါ်တယ်ဆိုလို့.."
"ဟင်.." "အ!"
စာရင်းတွေကိုအာရုံဆိုက်မိနေရာမှ ကောင်မလေးကိုတွေ့တော့ စိတ်ထဲမှာပဲ ထခုန်မိတယ်ထင်တာ အပြင်မှာပါဟန်ချက်မထိန်းနိုင်ပဲ ခုံနဲ့ဒူး တိုက်မိသွားတာ တော်တော်အီဆလံဝေသွားလေသည်။
"အား..ကျွတ်..ကျွတ်.."
"ဘာကောင်ကိုက်မိလိုက်လို့လဲ.."
"ဘာ..ဘာမှမကိုက်မိပါဘူး..ခုံမှာထိုင်ပါများပြီးညောင်းလို့..အကြောဆန့်တာပါ..အဟင်း"
သူ့မှာ မျက်နှာတစ်ခါမျှ မပြောင်ဖူးပေမဲ့ ဒီကောင်မလေးကိုတော့ မဟုတ်တဲ့ဆင်ခြေတွေ
ပြောလိုက်မိလေသည်။
တကယ်တမ်းကို မင်းကိုတွေ့ချင်နေတာ၊အရမ်းသတိရနေတာလို့ ပြောချင်တာပါ။သို့ပေမဲ့ စကားလုံးတွေက ပါးစပ်ကနေ လုံး၀မထွက်လာခဲ့ဘူး။
သူဌေးကလည်း ဘာစကားမျှဆက်မပြောပဲ စံပယ့်ကိုသာ ခပ်တည်တည်ဆိုက်ကြည့်နေသလို
စံပယ်ကလည်း ထွေထွေထူးထူးမပြောချင်လေတော့ အခန်းထဲမှာခေတ္တမျှ တိတ်ဆိတ်သွားလေသည်။စံပယ်လည်း ပေမရှည်ချင်တော့တာနဲ့စာရွက်အဖြူလေးကို သူ့စားပွဲပေါ်သို့ တင်လိုက်သည်။
"ဒါကဘာလဲ.."
"အလုပ်ထွက်စာပါ..."
"ဘာ!!!!!.."
"လန့်လိုက်တာသူဌေးရယ်..ဖြည်းဖြည်းအော်ပါ.."
အလုပ်ထွက်မည်ဆိုသည့် စကားကိုကြားလိုက်တာကြောင့် နေဂုဏ်မာန်လည်း သတိလက်လွှတ်
ထအော်လိုက်မိသည့်နည သူမတော်တော်လန့်သွားပုံ ရသည်။
"မဟုတ်ဘူး..ဘာလို့အလုပ်ထွက်မှာလဲ..
ဟိုကောင် နေထွန်းနဲ့ကိစ္စကြောင့်လား..အဲ့ဒါကြောင့်ဆိုရင်.."
"မဟုတ်ပါဘူး..ကျွန်မရွာပြန်ပြီး..အဖွားနဲ့ပဲ..
အေးဆေးပြန်နေချင်လို့ပါ.."
"ဘာ....အဖွားနဲ့ပြန်နေမယ်ဟုတ်လား..."
နေဂုဏ်မာန် စဉ်းစားသွားရလေသည်။အဖွားနဲ့ ပြန်နေမယ်ဆိုတော့ သူတွေးထားခဲ့သလို အဖွားဖြစ်သူက ယောက်ျားပေးစားလို့များလား။
တိုက်ရိုက်မေးလိုက်ရင် စပ်စုသလိုများဖြစ်နေမည်လား။
မမေးပြန်ရင်လည်း အလုပ်ကထွက်မယ်ဆိုတော့ အချိန်နှောက်နှေးလို့တော့ မဖြစ်ဘူး။
"မင်းရဲ့ အဖွားက ယောက်ျားအတင်းပေးစားနေလို့လား..."
"ဟမ်!!!!သူဌေးဘာတွေမေးနေတာလဲ...အဖွားကဘာလို့ ယောက်ျားပေးစားရမှာလဲ...."
နေဂုဏ်မာန် ချက်ချင်းပြုံးယောင်ယောင်လေး ဖြစ်သွားမိသည်။
သူပြုံးတာကို သူမမြင်သွားမှာစိုး၍ လက်ကို နှုတ်ခမ်းကို မသိမသာကွယ်လိုက်ပြီး
"ယောက်ျားမပေးစားဘူးဆိုတော့ တော်သေးတာပေါ့..."ဟု စိတ်ထဲမှာတွေးလိုက်မိသည်။
တစ်ဆက်တည်းမှာပဲ နောက်ဆုံးနည်းလမ်းကိုထုတ်သုံးရတော့မည်ဟု စဉ်းစားလိုက်ကာ သူမဲ့ပြုံးတစ်ခုအားဖန်တီးလိုက်ပြီး စာဖိုင်လ်လေးတစ်ခုကိုယူကာ စံပယ့်အရှေ့သို့ ချပေးလိုက်သည်။
"ဒါက..ဘာကြီးလဲ.."
"အဲ့ဒါက IDGရဲ့အလုပ်သမားတွေအတွက်ချမှတ်ထားတဲ့စည်းမျဥ်းတွေပဲ..ဖောက်ဖျက်မိရင်လစာရဲ့သုံးဆ လျော်ရမယ်.."
"ဘယ်လို...သုံးဆတောင်..."
စံပယ်လည်း စာတွေကို သေချာဖတ်ကြည့်လိုက်မိတော့ အလုပ်သမားတစ်ယောက်ဟာ ခြောက်လပြည့်မှသာအလုပ်ထွက်ခွင့်ရှိလေသည်။
ဒီကြားထဲတွင် ထွက်မိပါကလစာရဲ့သုံးဆကို
လျော်ပေးရမည်တဲ့။
အဲ့လောက်ပိုက်ဆံက စံပယ့်မှာဘယ်လိုဖြစ်ပြီး
ရှိမှာလဲ။
အရင်တုန်းက စတိုးလ်ဆိုင်မှာပဲလုပ်ခဲ့ဖူးတော့ ဒီလိုအလုပ်သမားဥပဒေတွေဘာတွေနားမလည်ခဲ့ပါဘူး။အခုတော့ အဖွားနဲ့အတူ ပြန်နေရမည့်ကိစ္စက ထပ်ပြီး ကြန့်ကြာနေရတော့မည်။
"မင်းသေချာစဉ်းစားပါ..မင်းအလုပ်လုပ်တာ
သုံးလတောင်မပြည့်သေးဘူး..ဆိုတော့.."
"ကျွန်မလုပ်ပါ့မယ်..၆လပြည့်တဲ့အထိလုပ်ပေးပါ့မယ်..အခုပဲသန့်ရှင်းရေးဌာနကိုပြန်သွားပါ့မယ်..
ပိုက်ဆံတော့ လျော်စရာမရှိလို့ပါရှင်..."
"မင်းကို ဘယ်သူကIDGမှာဆက်လုပ်ခိုင်းမယ်
ပြောနေလို့လဲ.."
"ရှင်..."
သူပဲအမျိုးမျိုးပြောနေတယ်။အခုပဲလုပ်ခိုင်းလိုက် အခုပဲမလုပ်ရဘူးနဲ့ ဒီသူဌေးဟာလေ ရူးနေတာများလား။
"ဒါဆိုကျွန်မက ဘယ်မှာလုပ်ရမှာလဲ.."
"ကိုယ့်အိမ်မှာ.."
"ဘာပြောတယ်!..လူကိုဘယ်လိုအတန်းအစားထင် နေသလဲ..နှာဘူးရဲ့..အလုပ်ရှင်သူဌေးဖြစ်နေလို့နော်..."
"အာ..ကိုယ်လောသွားလို့ပါ..IDGမှာမင်းကို
ဆက်ထားလို့ ..ဟိုနေ့ကလိုကိစ္စတွေထပ်ဖြစ်လာရင်..
ကိုယ်ထပ်မရှင်းပေးနိုင်ဘူး...အဲ့တော့ကိုယ့်အိမ်မှာအိမ်တော်ထိန်းလုပ်ရမယ်..လစာကဒီမှာလုပ်တာထက်နှစ်ဆပေးမယ်..
မင်းအဘွားဆီကိုလည်း တစ်လတစ်ခါသွားလည်ခွင့်ရှိတယ်..ဘယ်လိုလဲ"
အရေးထဲမက်လုံးတွေက လာပေးနေလေသည်။။
နောက်သုံးလကျော်လောက်ပဲ လုပ်ပေးရမှာဖြစ်ပြီးအဖွားကိုလဲ လတိုင်း တွေ့ခွင့်ရမယ်ဆိုရင်မဆိုးသည့် အနေအထားပင်။
ဒါပေမဲ့ သူ့အိမ်မှာ လိုက်ပြီး အလုပ်လုပ်ရမည်ဆိုတာကတော့ နဲနဲတစ်မျိုးဖြစ်နေသလိုပဲ။အိမ်တော်ထိန်းက ဘယ်လိုရာထူးမျိုးပါလိမ့်။အိမ်ဖော်နဲ့ အတူတူပဲလား မသိပေ။
"ဒါနဲ့ကျွန်မကရှင့်အိမ်မှာလိုက်နေရမှာလား.."
"ဟုတ်တယ်.."
"ဟမ်..ဒါဆိုရင်မဖြစ်ပါဘူး..ကျွန်မရှင့်ကိုလည်းမယုံရဲပါဘူး.."
"ဟာကွာ..ကိုယ်ကမင်းကိုကိုက်စားမှာမို့လို့လား..ကိုယ့်အိမ်မှာ..အမျိုးသမီး၀န်ထမ်းကြီးပဲ
ငါးယောက်လောက်ရှိတယ်.."
"တကယ်လား.."
"တကယ်ပေါ့..မယုံရင် အရင်ဆုံးအိမ်ကို
လိုက်ကြည့်မလား"
"ရပါတယ်..ဒါဆိုဘယ်နေ့အလုပ်စဆင်းရမလဲ..
"ဒီနေ့ပဲ..ခဏနေမောင်းထွန်းကိုလိုက်ပို့ခိုင်းလိုက်မယ်.."
သုံးလလေးပဲ သူ့ဆီမှာ အလုပ်ဆက်လုပ်ရမှာဆိုတော့ စံပယ်ဘာမှာမမေးချင်တော့ပါဘူး။
သုံးလဆိုတာ ဖက်လှည့် ၊ေခါင်းလှည့်နှင့် အကုန်မြန်ပါတယ်။
စဉ်းစားနေမိတာကတစ်ခုတည်းရယ်ပါ။
အိမ်တော်ထိန်းဆိုတာဘယ်လိုရာထူးမျိုးကိုပြောတာပါလိမ့်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဒါ..ဒါ..ဦးနေဂုဏ်မာန်ရဲ့ အိမ်လား.."
"ဟုတ်ပါတယ်..မစံပယ်ဧည့်ခန်းမှာထိုင်စောင့်နေပါ..အလုပ်သမားတွေကိုကျွန်တော်သွားခေါ်လိုက်မယ်..."
စံပယ်ကိုယ့်ပါးစပ်ကို ပြန်မစိနိုင်လောက်အောင်
အံ့သြနေမိသည်။
ဦးနေဂုဏ်ကဒီလောက်တောင် ချမ်းသာတာလား။ခြံ၀နဲ့ နန်းတော်လိုအိမ်ကြီးဆီကိုရောက်ဖို့တောင် လမ်းပဲလျှောက်ရင်အတော်မောလောက်သည်။
ခြံထဲမှာလည်းအရောင်စုံပန်းခင်းကြီးနဲ့ ရောင်းစားလိုက်ရရင်တော်တော်မြတ်မှာသေချာသည်။
အိမ်ရဲ့ကြမ်းပြင်ဆိုတာလည်း ကိုယ့်အရိပ်ကိုယ်
ပြန်မြင်ရလောက်သည်အထိ ပြောင်လက်၀င်းတောက်နေလေသည်။
မှန်တောင်ပြန်ကြည့်လို့ ရလောက်သည်။ကိုယ့်ခြေထောက်ကိုယ်တောင် အရုပ်ဆိုးလှသည်ဟု ထင်နေမိသည်။
ဧည့်ခန်းထဲမှာတင် ပန်းပုရုပ်ထုတွေ ပန်းချီကားချပ်ကြီးတွေဆိုတာ နန်းတွင်းထဲရောက်နေသလားမှတ်ရတယ်။
စံပယ့်အဖို့ ဧည့်ခန်းထဲကနေလည်းမထွက်ရဲသလို ထိုင်ရာကနေလည်းမထရဲပဲ တောင့်တောင့်ကြီး ဖြစ်နေမိလေသည်။
တစ်ခုခုထိမိခိုက်မိလို့ လွှဲချော်သွားခဲ့ရင်
လစာသုံးဆတောင်မလျော်နိုင်တဲ့ဥစ္စာ
တော်ကြာသူ့အိမ်မှာတစ်သက်လုံး ကျွန်ခံနေရရင်ဒုက္ခပဲ။
သိမ်မကြာပါဘူး အိမ်အတွင်းဘက်မှအသက်၄၀ကျော်ခန့်အန်တီကြီးနှင့်အတူ
လူလတ်ပိုင်းအမျိုးသမီးလေးယောက်ဟာ
ဧည့်ခန်းထဲသို့ ၀င်လာကြသလို အိမ်ရှေ့ဘက်မှလည်း ကိုမောင်ထွန်းနှင့်အတူ အသက်ငါးဆယ်အရွယ်လောက်ရှိသည့် ဦးလေးကြီးနှစ်ယောက်လည်း ပါလာလေသည်။
"မစံပယ်..ဒါကဒေါ်ညိုအေးတဲ့..အိမ်ရဲ့ချက်ပြုတ်ရေးကိုတာ၀န်ယူထားတာပေါ့..သူတို့ကမိပု၊အေးမြ၊နှင်းဝေနဲ့စာဥပေါ့..ဒါကအဘသိန်းငွေနဲ့သိန်းရွှေလို့ခေါ်တယ်..မာလိမ်မှူးနဲ့ဥယျာဥ်မှူးပေါ့..
အားလုံးပဲ သူကမစံပယ်မွှေးတဲ့..ဒီမှာအိမ်တော်ထိန်းအဖြစ်လုပ်မဲ့သူပေါ့..."
"အိမ်တော်ထိန်း..."
"ဟဲ့..ဘာလဲအိမ်တော်ထိန်းဆိုတာ.."
"မသိဘူးလေ..အိမ်ကိုထိန်းရတာလား.."
ဟုတ်သားပဲ အိမ်တော်ထိန်းဆိုတာ ဘာရာထူးကြီးပါလိမ့်။စံပယ်တောင် ကိုယ့်ခေါင်းကို ပြန်ကုတ်ပြီး အဖြေရှာနေရလေသည်။
ဦးနေဂုဏ်မာန်ရေ ဘယ်လိုဖြစ်ပြီး လူနားမလည်တဲ့ ရာထူးကို လာပေးရတာလဲ တော်ရေ။
တော်တော် အားနေသလားမသိပါဘူး။
ဒီအိမ်မှာအကုန်လုံးက စံပယ့်ထက်ကြီးတဲ့သူတွေကြီးပဲ စံပယ်ကဘယ်သူ့ကိုထိန်းရမှာလဲ။
ဦးနေဂုဏ်မာန် တော်ကြီးဘာတွေစတန့်ထွင်နေတာလဲလို့သာ ရန်တွေ့ပြစ်လိုက်ချင်မိသည်။
"ကဲလောလောဆယ်တော့..မစံပယ်ကိုဘာမှမမေးပါနဲ့..သူဌေးရဲ့အခန်းဘေးက ကပ်လျှက်အခန်းမှာပဲ..
ပေးနားလိုက်ပါ.."
"ဟမ်..."
"ဘာကြောင်ကြည့်နေကြတာလဲ..အကုန်ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြတော့လေ..မိပု..မစံပယ်ကိုနားဖို့ခေါ်သွားလိုက်.."
"ဟုတ်..ဟုတ်ကဲ့ကိုထွန်း.."
မပုဆိုသူကစံပယ့်ကို အိမ်အပေါ်ထက်သို့ ဦးဆောင်ပြီး ခေါ်လာလေသည်။
"စံပယ်ကအလုပ်လုပ်ဖို့လာတာပါ ဒီနေ့ပဲအလုပ်လုပ်ပါရစေလို့ပြောလဲ" ကိုမောင်ထွန်းကဆရာလာမှ စီမံပါလိမ့်မယ်ဆိုတာကြီးပဲ ပြောနေလေသည်။
ခက်ပါတယ် ။အလုပ်သမားအချင်းချင်းအတူတူ တစ်မူးပိုရှူနေရသလို ဖြစ်နေသည်။
မပုဆိုသူပြောတာကတော့ သူတို့အလုပ်သမား တွေအားလုံးက နေ့ခင်းဘက်မှာပဲ အိမ်ကြီးအပေါ်မှာအလုပ်လုပ်ရပြီး ညဖက်ဆိုရင် နောက်ဖေးတိုက်ခန်းတန်းလျားတွေမှာနေသည်တဲ့။
ဒါကြောင့်ခုနက စံပယ်ဟာအိမ်ကြီးအပေါ်မှာနေရမည်ဆိုတော့ အကုန်အံ့ဩကုန်ကြတာလို့ ပြောလာ လေသည်။
"ဒါမှမဟုတ်..ဦးနေဂုဏ်ကငါ့ကိုခြေတော်တင်ဖို့
တွေးနေတာများလား..ဒါလဲမဖြစ်နိုင်ပါဘူး
..အလုပ်သမားစည်းကမ်းချက်ကိုငါသေချာဖတ်ခဲ့တာပဲ.."
"ငါလည်းနွားများလို..ရှေ့ကိုတိုးရင် ထမ်းပိုးကိုထမ်းရမယ်..နောက်ဆုတ်ပြန်တော့လည်းလှည်းကခံနေသလို့ ရှေ့တိုးမရ..နောက်ဆုတ်မရဖြစ်နေပြီ...."
စံပယ် ကိုယ့်ဘာသာ သက်ပြင်းချနေမိပါတယ်။
သုံးလပါပဲ။သုံးလအတွင်းမှာ သူဌေးရဲ့ စိတ်အတိုင်း အလိုက်အထိုက်နေပေးလိုက်ရင် အဆင်ပြေလောက်သည်လို့သာ တွေးလိုက်သည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အချိန်ကလည်း၆နာရီထိုးနေလေပြီ။
ဗိုက်ကလည်းတဂွီဂွီနှင့် ဆိုင်းသံဗုံသံတွေ
ညံနေလေပြီ။
ဒီအိမ်မှာလူခုနှစ်ယောက်ရှိတာ အကုန်သေကုန်ကြပြီလားမသိပါဘူး။
ထမင်းလေးစားအုံးမလားလို့ တစ်ယောက်တောင်လာမမေးကြဘူး။
တမင် မသဒ္ဒါလို့ ပစ်ထားကြတာများလား ။
စိတ်မရှည်တော့သည့်အဆုံး အဆောင်ကနေယူလာသည့် စတီးလ်ဇလုံကိုသာ ထုတ်လိုက်သည်။
အောက်ထပ်မှာတစ်ခုခုဆင်းယူပြီး အခန်းထဲမှာပြန်လာစားဖို့ဆုံးဖြတ်လိုက်သည်။
"အမယ်လေး..နင့်မေကြီးတော်..!"
တံခါးဖွင့်ချလိုက်စဉ် တွေ့လိုက်ရတဲ့ လူရိပ်ကြောင့် လန့်ဖြန့်ပြီး ဇလုံကို မြှောက်ကာ ရိုက်ချပစ်လိုက်သည်။
"ဂွမ်!..ဂွမ်!.."
"အား..သေပြီဟ!!!..ဘာလို့..ခွက်နဲ့ခေါက်တာလဲ.."
မျက်လုံးတွေကို ဇွတ်မှိတ်ပြီး ခွက်နဲ့ခေါက်ပြီးကာမှ အသံကြားလို့ ကြည့်လိုက်သော ဟိုလူကြီးဖြစ်နေလေသည်။အခုအချိနှ်ာ အလုပ်ရှင်တွေ ဘာတွေလည်း နားမလည်နိုင်ဘူး စံပယ့်အဖို့ ဗိုက်ဆာတာပဲ သိတယ်။
"ရှင်ကရောခိုးကြောင်ခိုးဝှက်နဲ့..သူများရဲ့
တံခါးအရှေ့လာရပ်နေတာကို..ယောင်ပြီးခေါက်မိတာပေါ့လို့"
"အံမယ်..အံမယ်..ငါ့အိမ်ပေါ်မှာလာနေပြီး..
ငါ့ကိုသူခိုးလို့စွပ်စွဲရတယ်ရှိသေး.."
"ဒီမှာ.."
"ဘာလဲ..လေသံကိုက..သူ့လုပ်စာကို ငါကထိုင်စားနေတဲ့အတိုင်းပဲ.."
"ရှင်အပိုတွေမပြောနဲ့..လူကစိတ်တိုနေတာနော်.."
" နေပါအုံး..မင်းကဘာလို့စိတ်တိုနေတာလဲ.."
"ဗိုက်ဆာလို့ပေါ့..အီဟီး.."
"ဟာ..ဟေ့..ဗိုက်ဆာတာကို ငိုနေရသလားကွာ
..ထွက်လာတဲ့..နှပ်တွေကို စားမလို့တော့မဟုတ်ပါဘူးနော်.."
"ဦးနေဂုဏ်မာန်..ရှင်မညစ်ပတ်နဲ့နော်..ကျွန်မတကယ်စိတ်တိုနေတာ..ရှင့်အပေါ်ကို ပုံကျသွားမယ်"
"ညစ်ပတ်တော့ဘာဖြစ်လဲကွာ.."
"ဘာဖြစ်မလဲသိပ်သိချင်တယ်ပေါ့.."
"သိချင်တယ်ကွာ..ဟာ..ဟ.."
"ဒါဖြစ်တယ်ရှင်..ဂွမ်!...."
"အား!..မင်း!"
စံပယ်လည်းစိတ်တိုတိုနဲ့ဇလုံနဲ့ သူ့ခေါင်းကိုပိတ်ထုပြီးမှ မှားမှန်းသိတော့သည်။
ကိုဘီလူးကလက်ကိုအတင်းဆွဲပြီး အောက်ထပ်ကိုမပြေးရရုံတမယ်ဆွဲချလာတာများ စံပယ့်မှာရင်ကိုထိတ်ရောပဲ။
အခန်းတစ်ခုအရှေ့အရောက်မှာ "ဒုန်း"ဆိုပြီး
တံခါးကိုဆောင့်ကန်လိုက်ရာ အခန်းထဲမှဒေါ်ညိုအေးတို့ပါလန့်ကုန်ကြလေသည်။
"ထိုင်!....ဟာ..ဘာကြောင်ကြည့်နေတာလဲ..
ထိုင်လေ.."
ကြောင်ကြည့်နေတာလည်း မပြောနဲ့။
စံပယ့်အရှေ့မှာရောက်နေတာက ရွာအလှူကဘုန်းကြီးပွဲလောက်ရှိသည့် အမျိုးစုံကြိုးခုန်နေ သောဟင်းပွဲတွေကို တွေ့နေရတာ ကြောင့်ပါပဲ။
ကြည့်နေရရုံလေးနဲ့တင် ဗိုက်ဆာနေသည့် အခံလေးကလည်း ရှိနေလေတော့ သရေတောင်ကျချင်လာသည်။ မိန်းကလေးဖြစ်နေ၍ သရုပ်ပျက်မှာဆိုးတာကြောင့် လျှာကိုမနဲလိမ်ထားရသည်။
"ဟာ..ဒီကောင်မလေး..ငုတ်တုတ်မေ့နေတာလား..မင်းပဲဗိုက်ဆာတယ်ဆို..စားလို့ရပြီလေ.."
"စ..စံပယ်က ဒီဟာတွေကိုတကယ်ကြီးစားရမှာလား.."
"မဟုတ်ဘူး.."
"ဟမ်..အာ့ဆိုဘာနဲ့စားရမှာလဲ.."
သူ့ကို မျက်နှာချိုသွေးနေမိရာမှ ချက်ချင်းပြန်တည်သွားသော ကောင်မလေးကို သူအရမ်းစနောက်ချင်နေလေသည်။
"ဟိုမှာ..မင်းက ဟိုဟာနဲ့စားရမှာ.."
သူညွှန်ပြလိုက်တာက အခန်းထောင့်မှာရှိတဲ့
စားပွဲလေးအပေါ်မှာတင်ထားသော
ငါးပိရည်နှင့်အတို့ပြုတ်ပန်းကန်လေးဆီသို့ပင်။
"သေနာကြီး အာ့ဆိုဘာလို့ ဒါတွေလာပြ နေသေးလဲ..ခုနကမေတ္တာပို့နေမိတဲ့ငါကိုက မှားတာ..
..ဒီလောက် ဟင်းတွေအများကြီးကို သုများတွေကို ဝေမျှကျွေးရင် ကုသိုလ်ရသွားမှာစိုးလို့လား မသိဘူး...အဲ့ဒီ့အစားမျိုးစုံကို စားပြီး သင်္ချိုင်းကုန်းကိုတန်းရောက်ပါစေ.."လို့ စိတ်ထဲကလဲ
မေတ္တာသုတ်အမျိုးတစ်ရာလောက်ကိုရွတ်ချလိုက်ပြီး သူ့ကိုကြိမ်ဆဲနေလိုက်သည်။
"ဟား..ဟား..ဖြစ်သွားတဲ့ရုပ်ကလဲ ဘီလူးမကြီးကိုသံပုရာသီးအလုံးတစ်ရာလောက် ကိုက်ခိုင်းလိုက်သလိုပဲ..ဟား..ဟား.."
"အောင်မာ..သူများကိုများ..ရှင့်ရုပ်ကမှ.."
စံပယ်မပြောခင် ဘေးကိုကြည့်လိုက်မိသည်။
ဟုတ်သားပဲစံပယ်ရောက်နေတာ သူ့ပိုင်နက်ထဲမှာပဲဆိုတာ မေ့သွားမိသည်။
စကားမှားသွားရင် အနောက်ကဖိုက်တာကြီးတွေကတကယ်ထုမဲ့ရုပ်ကြီတွေ။ မဖြစ်ဘူးမိစံပယ်ရေ အနေအထိုင်ဆင်ခြင်စမ်းပါဟု ကိုယ့်ကိုကိုယ် သတိပြန်ပေးလိုက်ပြီး သူ့ကိုပြုံးပြလိုက်သည်။
"ဟို..စံပယ်က ဘာနဲ့ပဲစားရစားရ..အဆင်ပြေပါတယ်..သူဌေးပဲ..ဒါတွေကို၀အောင်စားနော်..
မ၀သေးရင်..ကျွန်မကိုယ်တိုင်ထက်ပြီးချက်ကျွေးမယ်..သိလား"
အံကြိတ်သံကြီးနဲ့ သကာရည်လောင်းထားတဲ့မျက်နှာလို ဟန်လုပ်ပြောနေတဲ့သူမကို သူရယ်ချင်နေမိသည်။ဒီကလေးမဟာ တကယ်ကိုဟန်ဆောင်တဲ့နေရာမှာ သုညအဆင့်ပါလား။
"ကဲပါ..ကိုယ်ကနောက်တာပါ..ငါးပိရည်ကဒေါ်ညိုတို့က သူ့တို့ဘာသာစားဖို့လုပ်ထားတာ..မင်းကအခုကိုယ်နဲ့လာစားဟုတ်ပြီလား.."
"ရှင်တကယ်ပြောတာနော်..ပြီးမှစားပြီးသားတွေ
ပြန်မအန်ထုတ်ခိုင်းနဲ့.."
"ဟား..ဟား..မင်းကတော့လေ..ကဲ ထိုင်ပါ..
ဗိုက်ထဲကအကောင်ပေါက်လေးတွေက
ဆာလွန်းလို့ ခုန်ပေါက်နေကြလောက်ပြီ..စားတော့.."
စံပယ်လည်း အပျော်ကြီးပျော်ပြီး အားရပါးရ
သွတ်လေတော့သည်။
စံပယ်ဟာ စားကောင်းတာလေးစားရတဲ့အချိန်တိုင်း အဖွားကို သတိရတတ်သူမို့
"အဖွားရေ သမီးကိုခွင့်လွတ်ပါနော် အဖွားကို
မကျွေးချင်လို့မဟုတ်ပါဘူး..သမီးလဲသူများဆီမှာကုပ်ကပ်ပြီး စားနေရတာမို့လို့ပါ.."ဟုစိတ်ထဲကနေလည်း အဖွားကိုတောင်းပန်ရသေးသည်။
ဘေးမှာရပ်နေကြသည့် ဒေါ်ညိုအေးတို့အဖွဲ့ကတော့အရာရာကို အထူးအဆန်းသဖွယ်ဖြစ်နေတော့သည်။မောင်နေဂုဏ်မာန်ဟာ ဘယ်လိုလူမျိုးလဲ သူသိပ်သိတာပေါ့။
တော်ရုံဆိုရင် အိမ်မှာထမင်းပြန်မစားတတ်သလို၊သူ့အလုပ်နဲ့သူရှုပ်နေတတ်၍ အမြဲလိုလိုမျက်မှောင်ကြီးကြုံ့နေတတ်ပြီး တစ်ခုခုကို စဉ်းစားနေတတ်သည့်လူပင်။
အားပါးတရ ရယ်မောပြတာမျိုးဆိုတာ ဒေါ်ညိုဖြင့် ဒီမိန်းကလေးနဲ့မှပထမဆုံးမြင်ဖူးခြင်းပေ။
သေချာတာကတော့ ဒီမိန်းကလေးက အိမ်တော်ထိန်းလုပ်ဖို့လာတာမဟုတ်ပဲ အိမ်ရှင်မလုပ်မည့်သူဟု ကြိုတင်ခန့်မှန်းကိန်းထုတ်လိုက်မိလေသည်။
အခန်း၁၁....ဆက်ရန်
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
စံပယ်မွှေးနဲ့ နေဂုဏ်မာန်ဘယ်လို ဆက်ဖြစ်ကြ
မလဲ...
=========================================================================
🌼အခန်း၁၁🌼
ည၏အမှောင်ထုနှင့်အတူ ပတ်၀န်းကျင်တစ်ခုလုံးဟာလည်း တိတ်ဆိတ်လွန်းလှသည်။
လေတဟူးဟူး တိုက်ခတ်နေ၍ ရာသီဥတုဟာအနည်းငယ်အေးမြနေတာကြောင့် စံပယ်လည်းအနွေးထည်ခပ်ပါးပါးကို ၀တ်ထားရလေသည်။
အင်မတန်ကျယ်၀န်းသော ခြံကြီးထဲမှာ ခမ်းနားလှသော အိမ်ကြီးကို ထူးခြားစွာဆောက်လုပ်ထားပေမဲ့
ထိုအိမ်ထဲတွင်တော့ လူနှစ်ယောက်သာ ရှိနေလေသည်။
ထိုလူနှစ်ယောက်ကတော့ ဦးနေဂုဏ်မာန်နဲ့ စံပယ်
ပါပဲ။ ဦးနေဂုဏ်ရဲ့အခန်းအရှေ့မှာ ရပ်လိုက်ပြီး တံခါးကိုခေါက်သင့်သလား၊မခေါက်သင့်ဘူးလား စဉ်းစားနေမိသည်။
ဦးနေဂုဏ်မာန်က စံပယ့်ထက် အသက်အများကြီး ကြီးပေမဲ့ ယောက်ျားပျိုတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုလည်း အရမ်းတော့ ယုံကြည်လို့မရဘူး။သို့ပေမဲ့ မေးစရာရှိတာတော့ မေးရမည်။
မဟုတ်ရင် ဒီအိမ်မှာနေရတာ ကြာလာတာနှင့်အမျှ စိတ်ကသိကအောင့် ဖြစ်လာနိုင်တယ်။
"ဒေါက်..ဒေါက်.."
"ဘယ်သူလဲ.."
"ကျွန်မပါ..မေးစရာရှိလို့.."
ပုံမှန်ဆိုရင် ညဘက်အလုပ်လုပ်နေခိုက် အခြားလူ တွေ လာနှောက်ယှက်တာကို မကြိုက်တတ်သော နေဂုဏ်မာန်တစ်ယောက် သူမ၏အသံကြောင့်
လက်ပ်တော့ခလုတ်တွေကို နှိပ်နေမိသော လက်တွေဟာ ချက်ချင်းရပ်တန့်သွားလေသည်။
သူ့နှုတ်ခမ်းတစ်ဖက်ဟာ ပြုံးယောင်ယောင်သဏ္ဍန်တွန့်တက်သွားပြီး လက်ပ်တော့ကိုချထားခဲ့ကာ တံခါးဆီသို့ ခပ်မြန်မြန်လေး လှမ်းသွားလိုက်သည်။
"ကျွီ.."
တံခါးလာဖွင့်တဲ့ ဦးနေဂုဏ်ဟာ တီရှပ်အဖြူ
အပါးနှင့် အဖြူရောင်ဘောင်းဘီအပွကို၀တ်ထားတာကြောင့် မြင်နေကြပုံစံနှင့် မတူသလိုဖြစ်နေသည်။လူကြီးတစ်ယောက်နဲ့မတူတော့ပဲ
လွတ်လပ်ပေါ့ပါးနေသည့် လူငယ်လေးလို ဖြစ်နေလေသည်။
"သူ့ရဲ့ အိမ်နေရင်း ပုံစံကဒီလိုပါလား"ဟုသာ တွေးလိုက်မိသည်။
"၀င်လေ..ဘာရပ်ကြည့်နေတာလဲ.."
"..သူစိမ်းယောက်ျားလေးရဲ့အခန်းထဲကို
မ၀င်ချင်ပါဘူး.."
"မင်းပဲ..မေးစရာရှိတယ်ဆို..ကိုယ်ကလုပ်စရာတွေ တစ်ပုံကြီး မအားဘူး.."
သူက လက်ပ်တော့နဲ့ ဖိုင်လ်တွေ တင်ထားသောစားပွဲကိုမေးထိုးပြလေသည်။
စံပယ်လည်း ကိုယ့်အလုပ်ရှင်ကို တမင်အခက်တွေ့အောင် မလုပ်ချင်တာကြောင့် မဝံ့မရဲနဲ့ပဲ သူ့အခန်းထဲသို့ ၀င်လိုက်သည်။
"ကောင်းပြီ..ဒါဆိုအခန်းတံခါးဖွင့်ထားမှာနော်.."
"အဟင်း..မင်းသဘော.."
နေဂုဏ်မာန်လည်း သူမကိုရယ်ကျဲကျဲလုပ်၍ ကြည့်လိုက်ပြီး အခန်းထဲရှိ လက်ပ်တော့ထားခဲ့သော
ဆိုဖာပေါ်တွင်ပြန်သွားထိုင်ပြီး အလုပ်လုပ်ရန်ပြင်လိုက်သည်။
သူမကတော့ မဝံ့မရဲပုံစံနှင့်ပဲ ဆိုဖာအပေါ်မှာ
ကြုံ့ကြုံ့လေးထိုင်နေတာများ ကျားကိုက်တော့မဲ့အတိုင်းပဲ။လူဆိုလို့ ဒီအိမ်ကြီးအပေါ်မှာ သူတို့နှစ်ယောက်ပဲရှိနေတယ်ဆိုတာ ဒီကောင်မလေး မသိလေသလား။
သူမရဲ့ မျက်နှာကိုသေချာလေး ကြည့်လိုက်မိတော့သူရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။
အိပ်ခါနီးမို့ ဆံပင်အရှည်ကြီးကို ဖားလျားချထားတာက ကြည့်ကောင်းပေမဲ့ သနပ်ခါးကိုထူလဗျစ်ကြီး လိမ်းထားတာကြောင့် အမှောင်ထဲမှာသာဆို ဆံပင်ဖားလျား၊မျက်နှာဖွေးဖွေးနဲ့ သရဲမကြီးလို့
ထင်မိမှာ သေချာတယ်။
"ဟို..ရှင်ကျွန်မကိုပြောခဲ့တာလေ..အိမ်တော်ထိန်းလုပ်ရမယ်ဆိုတာ..ကျွန်မကဒီအိမ်မှာ ဘာကိုထိန်းရမှာလဲ..အခုထိဘာလုပ်ရမှန်းမသိသေးဘူး.."
"သေချာလား..မင်းဘာကိုထိန်းရမှန်းမသိတာ.."
"မသိလို့မေးပါတယ်ဆိုနေမှပဲ.."
သနပ်ခါးပါကွက်ကြားကြီးနဲ့ သူ့ကိုပြာကျသွားမတတ်မျက်စောင်းထိုးလာသည့် ကောင်မလေးဟာပုံမှန်ဆို ရင်ခုန်စရာကောင်းရင်ကောင်းနေမှာပါ။
အခုတော့သနပ်ခါးလိမ်းထားတဲ့ ဘီးလူးမကြီး
မျက်စောင်းတွေ လှိမ့်ထိုးနေသလိုပဲ။
တော်ပါသေးရဲ့ အစွယ်တွေ မပါလို့။
"မင်းထိန်းရမှာက..အဝေးကြီးမှာမရှိဘူး..
မင်းရဲ့အရှေ့မှာ..အခုထိုင်နေတယ်လေ.."
"ဘာ!.."
ငါ့အရှေ့မှာ ထိုင်နေတာဆိုတော့ သူ့ကိုယ်သူပြောနေတာပေါ့။ ဒီအိုကြီး၊အိုမကို ငါကထိန်းရမှာလား။
သေနာကြီးပါးစပ်ထဲရှိရာ လျှောက်ပြောနေတယ်။
သူ့အခန်းထဲရောက်နေတော ကျောတောင်ချမ်းလာပြီ။
"ရှင်ကအခုမှ..အမေ့ဗိုက်ထဲကနေ ထွက်လာလို့ကျွန်မက ထိန်းရမှာလား..စကားကိုကြည့်ပြောနော်
..နေ့ခင်းက ဇလုံစာထက် ဆိုးသွားမယ်.."
"ဟား..ဟား..အမယ်လေး..ကြောက်လိုက်တာဗျာ..
ပုရွက်ဆိတ်က လာပြီးခြိမ်းခြောက်နေတော့..
ကိုယ်တော်တော်ကြောက်နေပြီ.."
"ရှင်နော်..မပြောပြရင်လည်းနေတော့..မနက်ဖြန်ကျရင်IDGမှာပဲသွားလုပ်တော့မယ်.."
"ဟား..နေပါအုံးကွာ.."
သူ့ကိုနဂါးမျက်စောင်းထိုးထားခဲ့ပြီး ထအပြန်
စံပယ့်လက်ကိုလှမ်းဆွဲလိုက်သည့် အထိအတွေ့ကြောင့် သူ့ဘက်သို့ပြန်လှည့်ကြည့်လိုက်မိသည်။
သူ့မျက်လုံးတွေက သကြားရည်လောင်းထားသလားမှတ်ရတယ်။
စံပယ့်ကိုကြည့်နေတာများ အရည်ပျော်တော့မဲ့အတိုင်းပဲ။ဒီလူကြီးဘယ်လိုလူပါလိမ့်။
စံပယ့်ကို သူ့အိမ်ပေါ်မှာရှိနေတယ်ဆိုပြီး အခွင့်ကောင်းယူနေတာလား။
"မွှေးကဘာမှလုပ်စရာမလိုဘူး..အလုပ်သမားတွေလုပ်တာကို ထိုင်ကြည့်နေယုံပဲ..လိုအပ်မှ၀င်ပြောပေါ့..အိမ်မှာကိစ္စအထွေအထူးရှိရင်..
ကိုယ့်ကိုဖုန်းဆက်ရမယ်...ကိုယ်နဲ့နေ့တိုင်း..
မနက်စာ..ညစာအတူတူ စားပေးရမယ်..
ကိုယ်လိုအပ်တာရှိရင် မွှေးပဲလုပ်ပေးရမယ်..
အဲ့တော့ကိုယ်ကအလုပ်ကို ရှစ်နာရီ၀င်တယ်...
ဒါကြောင့် ခုနှစ်နာရီလောက်တည်းက
မွှေးက အိပ်ယာထရမယ်..ဟုတ်ပြီလား.."
အခုထိလက်ကိုမလွှတ်ပဲ ပါးစပ်ကနေ စက်သေနတ်ပစ်သလို ပြောသွားတဲ့လူကြီးကို အမြင်ကပ်လာသည်။ပါးစပ်ကလည်း ဘယ်လိုဖြစ်ပြီး တ"မွှေး"
တည်း "မွှေး"နေသလဲ မသိပါဘူး။
စကားတွေအများကြီး ထပ်မပြောချင်တော့တာကြောင့် လက်လွှတ်ပေးဖို့ကိုပဲ လောလောဆယ်ပြောချင်သည်။
"..ဟုတ်ပါပြီ..ဒီလက်က လွှတ်တော့လေ..
ဘယ်ဘ၀အထိ ကိုင်ထားဦးမလို့လဲ...."
"အော်...ဟုတ်သားပဲ..."
သူလည်းသတိရပြီး လက်လွှတ်ပေးလိုက်တယ်ဆိုရင် ကောင်မလေးတစ်ချိုးထဲထွက်ပြေးသွားလေသည်။မသိရင် သူကကြောက်စရာ သတ္တဝါကြနေတာပဲ။
သူမရဲ့ဆံနွယ်လေးတွေ ဝေ့ရမ်းသွားသည့် အင်မတန်လှပသော နောက်ကျောအလှကိုကြည့်ပြီး သူ့ပါးစပ်ကြီးကနားရွက်ကို တက်ချိတ်တော့မတတ်ရယ်မိပြန်သည်။
"ဘီလူးမလေးကလဲ..ထိုးလိုက်တဲ့ မျက်စောင်းဆိုတာ ဂင်းနစ်စံချိန်၀င်လောက်တယ်..
ဟား...ဟား..."
သတိလက်လွတ်နှင့် အားရပါးရ အသံထွက်အောင် ရယ်လိုက်ပြီးမှ ချက်ချင်းပြန်တည်ဖို့ ကြိုးစားလိုက်ရသည်။
နေဂုဏ်မာန် မင်းရဲ့သိက္ခာတွေ၊မာနတွေ ဘယ်ကမ္ဘာရောက်ကုန်တာလဲ။သူမနဲ့ တွေ့တာနဲ့ ဘာကြောင့်
ဒီလောက်ပျော်နေရတာလဲ။သူမက ဘာတွေများထူးခြားနေလို့လဲ။
ဒါမှမဟုတ် ငါကပဲသူမကိုထူးခြားတယ်လို့ မြင်နေတာလား။
သူမရဲ့ပါးပြင်ကသနပ်ခါးတွေဟာ ဘယ်လိုရနံ့
ရှိမလဲလို့တွေးမိပြီး သိချင်စိတ်နဲ့ပါးစပ်ကနေ ထွက်သွားမိသော စကားလုံးက "မွှေး"တဲ့။ငါဘာတွေ ပြောလိုက်မိတာလဲကွာ။
*
*
*
"ဂျိန်း!"
တစ်ဖက်တွင်လည်းစံပယ်မွှေးဟာ အိပ်ခန်းတံခါးကိုအသံမြည်အောင်ပိတ်ပစ်လိုက်ပြီး မွေ့ရာအထက်မှာခန္ဓာကိုယ်ကို အထိန်းအကွပ်မဲ့စွာ ပစ်လှဲချလိုက်သည်။
"မွှေးတဲ့..ဘယ်သူမှ ငါ့ကိုအဲ့ဒီလိုမခေါ်ဖူးဘူး..
ကြားရတာနားထဲမှာ..ကန့်လန့်ကြီး..ဒီလူကြီးနဲ့တော့ခက်တယ်.."
🌼🌼🌼🌼🌼🌼
"စံပယ်မွှေးရေ..စံပယ်မွှေး..စံပယ်မွှေး"
"အမယ်လေး..လာပါပြီ..ဘာခိုင်းမလို့လဲ.."
"ဒီမှာ..ကိုယ့်နက်တိုင်လ်တပ်ပေးအုံး.."
ဒီလူကြီးကတော့လေ သူ့မျက်လုံးနှစ်လုံးစဖွင့်တည်းက ခိုင်းလိုက်တဲ့အလုပ်ဆိုတာ မလုပ်ပေးချင်လို့တော့မဟုတ်ပါဘူး သူခိုင်းတာတွေကမသင့်တော်တာတွေချည်းပဲ။
သူရေချိုးဖို့ဟုဆိုကာ ရေချိုးကန်ထဲကို နှင်းဆီပွင့်တွေခြွေထည့်ပေးရမည်တဲ့။
သူ့ကိုသူ ဆောင်ကြာမြိုင်က ဟိုဟာမကြီး မှတ်နေသလား မသိဘူး။
ရေချိုးပြီးတော့လဲ အ၀တ်အစားရွေးပေးပါတဲ့။
သူ့အတွက်မနက်စာကိုလဲ စံပယ်ကိုယ်တိုင်လုပ်ပေးရမယ်ဆိုလို့ လုပ်ပေးနေတဲ့ကြားမှ အခုနက်တိုင်လ်တပ်ပေးရအုံးမည်တဲ့။
သူ့ကို ယူမိတဲ့မိန်းမကတော့ ခါးကျိုးအောင်ကို အလုပ်လုပ်ရမှာ မြင်ယောင်ပါတယ်။
စံပယ့်ကိုများ သူ့အမေကြီး အခေါင်းထဲကနေ
ပြန်ထလာတယ် ထင်နေသလားမသိပါဘူး။
"မချည်တတ်ဘူး..ဘယ်လိုလုပ်ရမှာလဲ.."
"ဟာကွာ..ဒီမှာ..ဒီလို..ဒီလိုချည်..ပြီးပြီ.."
"လုပ်တတ်ရဲ့သားနဲ့ ကြောင်ရှာသီးကို..ကိုယ့်ဘာသာချည်ပါလား..လက်တွေကလည်း အကောင်းကြီးရှိနေတဲ့ဥစ္စာ...အောက်မှာ မနက်စာပြင်နေရင်းတန်းလန်းကြီး...."
"နက်တိုင်ပါကွာ..မင်းပြောမှပဲ..
ငါကကြောင်ရှာသီးကြီးကို လည်ပင်းမှာချိတ်ပြီး..
တစ်လမ်း၀င်၊တစ်လမ်းထွက် လျှောက်သွားနေသလိုဖြစ်နေပြီ....ရော့..ပြန်ချည်ပေး.."
ဒီလူကြီးကတော့ သေ ချင်နေပြီထင်ပါရဲ့။
ချည်ပြီးသားကို ပြန်ဖြည်ပြီး ပြန်တက်ခိုင်းပြန်တယ်။
တော်ကြီးက ကျုပ်ကိုတစ်ကွက်ပြီးတစ်ကွက်
ပြနေတာလားလို့ မေးလိုက်ချင်တာ ပါးစပ်ကိုယားနေတာပဲ။
စံပယ်လည်း စိတ်ထဲကနေ ရှင့်ကိုအမျိုးစုံကြိုးခုံ အောင်ပညာပြမယ် ကြည့်နေလို့ကြိမ်းပစ်လိုက်သည်။
နက်တိုင်အား နှုတ်ခမ်းကြီးတစ်လံလောက်
ထှော်ကာစည်းနေသည့် ကလေးမကိုကြည့်ပြီး
သူပြုံးစိစိဖြစ်နေရသည်။
ထုံးစံအတိုင်း သနပ်ခါးပါးကွက်ကြားကြီးတွေကို ပါးပေါ်မှာအပုံလိုက်ကြီးတင်ထားတာကိုက
သူ့အတွက်ကျက်သရေရှိနေသလိုပင်။
မသိရင် လည်ထဲမှာ ကောက်ထွက်စိုက်တော့မည့်အတိုင်းပဲ။
ဒီမိန်းကလေး အလှအပမကြိုက်တာပဲလား။ကိုယ်တွေ့ဖူးတဲ့ မိန်းကလေးတော်တော်များများဟာ
နှုတ်ခမ်းနီ၊ပါးနီတွေသုံးကြပြီး မျက်လုံးကြီးတွေက
မဲ၊နက်လို့ ကြည့်မကောင်းပေမဲ့ ကိုယ်နဲ့မဆိုင်လို့သာ မပြောတာပါ။
သူမကြတော့ ပြောင်းပြန်ဖြစ်နေသည်။
တစ်ခါမှလည်း မိတ်ကပ်လိမ်းတာမတွေ့ဖူးသလို နှုတ်ခမ်းနီတောင် ဆိုးတာမတွေ့ရဘူး။
အေးလေ ဒါလည်းတစ်မျိုးကောင်းတာပဲ။
အခြားကောင်တွေ လာမကြိုက်တော့ဘူးပေါ့။
သူက သူမထက်ခေါင်းတစ်လုံးပိုမြင့်ပေမဲ့ သူ့နှာခေါင်းအ၀အထိ တိုး၀င်ပျံ့လွှင့်လာသည့်
သူမရဲ့ ပါးပြင်အပေါ်မှ သနပ်ခါးရနံ့သင်းသင်းလေးကို သူဖြည်းညှင်းစွာရှူရှိုက်မိလိုက်သည်။
သူ့မေးစေ့ကိုလာယှက်တိုက်နေတဲ့သူမရဲ့
ဆံစလေးတွေကို ခိုးနမ်းဖို့ ခေါင်းကို
တဖြည်းဖြည်း တိုးကပ်လိုက်ချိန်မှာတော့..
"အာ့!..အစ်..အဟွတ်..အဟွတ်"
"ဟ...ကြိုးကိုဘာလို့တအားဆွဲတာလဲ..ငါ့ကိုတမင်လည်ပင်းအစ်ပြီး သေအောင်လုပ်နေတာလား.."
"ဟုတ်တယ်.."
"ဘာ!!.."
"ဟာ..မဟုတ်ပါဘူး..ဟိုလေ..ကြိုးကဆွဲလို့ကောင်းလို..အဆုံးထိဆွဲလိုက်မိတာ..ရှင့်ကို သေ စေချင်လို့မဟုတ်ပါဘူး..သေ အောင်လဲမလုပ်ရက်ပါဘူး..
သေ ကံမပါတဲ့လူက..သေ မင်းရဲ့..သေ မိန့်မချပဲ
..ဘယ်သူ့မှမသေနိုင်လို့..သေတာက.."
"တော်ပါတော့!....မင်းပြောမှ..ငါလည်းအလုပ်ကို
မသွားပဲ..ရေဝေးကိုတန်းပြေးရမလိုဖြစ်နေပြီ..
လာ...မနက်စာ သွားစားကြမယ်.."
ထမင်းစားခန်းထဲမှာထိုင်ရတာ စံပယ့်အတွက်တော့မီးကျီခဲဖင်ခုထိုင်နေရသလိုပဲ တကယ်ကိုစိတ်ဆင်းရဲတယ်။
သူကအိမ်ရှင်ဖြစ်လို့ ဘယ်လိုမှမနေပေမဲ့ စံပယ်ကအလုပ်သမားဖြစ်ပြီး သခင်နဲ့တစ်စားပွဲထဲလည်းအတူစားသေး၊ အိမ်ကြီးအပေါ်မှာလည်း
အခန့်သား တက်နေသေးတော့ ကျန်တဲ့သူတွေဘယ်လိုထင်ကြမလဲ မသိပေ။
ခွေးနေရာခွေး၊ကြောင်နေရာကြောင်နေရဖို့
ဒီလူကြီးကိုလည်း ပါးစပ်အညောင်းခံပြီးမပြောချင်ဘူး။ အခန့်မသင့်ရင်သူနှိပ်ကွပ်တာခံနေရအုံးမယ်။
စိုင်ကော်လို့ချုံပေါ်ရောက်တယ်လို့ပဲပြောပြော ကိုယ့်နဲ့ မသင့်တော်တဲ့နေရာမှာ နေဖို့အတွက်တော့ စံပယ့်စိတ်ကူးထဲမှာတောင် မတွေးချင်ဘူး။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"တူ..တူ..တူ..တူ.."
"ဟယ်လို..ဘယ်သူပါလဲ.."
"ကိုယ်ပါ.."
"ဟင်..ဦးနေဂုဏ်..အိမ်မှာဘာမေ့ကျန်ခဲ့လိုလဲ.."
"ဘာမှမေ့မကျန်ခဲ့ဘူး..ကိုယ်ဗိုက်အရမ်းဆာနေလို့ ထမင်းချိုင့်လာပို့ပေးဖို့ပြောမလို့...ဒါပဲနော်..ကိုယ်အစည်းအဝေးရှိသေးလို့..ထမင်းချိုင့်ကိုဒီအတိုင်း
မထားခဲ့နဲ့နော်..စံပယ်ကိုယ်တိုင် လာပေးတာလိုချင်တယ်.."
"တူ..တူ.."
ဖုန်းခွက်ကိုချအပြီးမှာ စံပယ်တော်တော်စိတ်ဆင်းသွားရသည်။
ဒီလူဟာလေ ဘယ်ဘ၀ကအဆက်ဟောင်းကြီးမို့ ဒီဘ၀မှာ လာနှိပ်စက်နေသလဲမသိဘူး။
သူဖြစ်ချင်တာပဲ သူသိတယ်။အခြားလူဘက်ကို ထည့်မစဉစားပေးဘူး။
ကိုမောင်ထွန်းနဲ့အတူ ထမင်းချိုင့်ထည့်ပေးဆိုလည်း
ပြီးနေတဲ့ဥစ္စာ သက်သက်ငါ့ကို အလုပ်မရှိ
ကြောင်ရေချိုးခိုင်းနေတာ။
သူဌေးရဲ့ထမင်းချိုင့်ကိုလာပို့တယ်ဆိုတာနဲ့
ကုမ္ပဏီကလူတွေက တစ်မျိုးထင်ကုန်ကြရင်
ဘယ်လိုလုပ်ပါ့မလဲ။
"သေနာကြီး..ရှင်နိုင်လို့ရတုန်းတော့..နိုင်ထားအုံးပေါ့.."
တစ်ဖက်တွင်တော့နေဂုဏ်မာန်တစ်ယောက်အစည်းအဝေးအခန်းထဲမှာ ပြုံးစိစိဖြစ်နေတာ ကြောင့် ဒီဇိုင်းဌာနကလူတွေဟာ တစ်ယောက်မျက်နှာကို တစ်ယောက်ပြန်ကြည့်ပြီး
"ဘာလား..ဘာလား.."ဖြစ်ကုန်ကြသည်။
မနေ့ကပဲ အစည်းအဝေးအခန်းထဲမှာ ဒေါသချောင်းစီးခဲ့တဲ့သူဌေးက ဒီနေ့တော့ရေချိုချောင်းစီးနေ
ပါပေါ့လား။
ဇော်ထူးလည်း သူဌေးစိတ်ကြည်တုန်းလေး
စကားနှိုက်ဖို့ရာ ကြံစည်တော့သည်။
"ဒါဆိုအဆင်ပြေပြီပေါ့နော်..ဆရာ.."
"အင်း..ဟင်..မင်းတို့ကိုဘယ်သူကအဆင်ပြေပြီပြောလို့လဲ..."
"ဟို..ဆရာပဲ ကျွန်တော်တို့ကိုပြုံးပြတယ်လေ.."
"အောင်မာ..ငါ့ပါးစပ်ပါလို့ ငါပြုံးတာ..
မင်းတို့ရဲ့ဒီဇိုင်းကိုကြိုက်လွန်းလို့ ထင်နေတာလား..
နှစ်ပတ်အချိန်ပေးမယ်..ဒီဇိုင်းအသစ်ပြန်ဆွဲ..
အစည်းအဝေးသိမ်းမယ်.."
ခုနကပဲပြုံးနေပြီးအခုပဲ ဒေါနဲ့မောနဲ့ အစည်းအဝေးအခန်းထဲမှ ပြန်ထွက်သွားတဲ့သူဌေးကြောင့် လျှာရှည်မိတဲ့ဇော်ထူး ကိုယ့်ပါးကိုယ်သာ ပြန်ချလိုက်ချင်တော့သည်။
"ဇော်ထူး..မင်းကနှာခေါင်းကြီးသလို..ဟိုဟာလည်းသွားကြီးတာကိုကွ..အခုတော့ ဘယ်နှယ့်လဲ..."
"ဟေ့ကောင်..နှာခေါင်းကိုတော့ လာမထိခိုက်နဲ့နော်..
ဒါက ငါ့ငယ်ပါကွ.."
"တော်ပါ..ငယ်ငယ်ကပါတာတွေ..ကြီးမှပါတာတွေ
..လာမပြောစမ်းနဲ့..အခုမင်းလျှာရှည်လို့..
တို့အဆူခံရတာ.."
"ဟ..သူဌေးကပြုံးပြတာကိုကွ.."
"ဒီမှာဇော်ထူး..မင်းကငယ်ပါသေးတယ်..မှတ်ထား..
ကုလားကားတွေထဲမှာ..သူတို့ကို"ဟုတ်လား"မေးလို့ ခေါင်းခါပြရင်.."ဟုတ်တယ်"လို့အဓိပ္ပာယ်ကောက်ရတယ်ကွ"
"အဲ့ဒါနဲ့အခုကိစ္စက ဘာဆိုင်လို့လဲဗျာ..
ကုလားတွေက ဘာမေးမေး ခေါင်းခါနေတာပဲကို..."
"ဟ..ဘာလို့မဆိုင်ရမှာလဲ..အခုလည်း..သူဌေးကပြုံးပြမှတော့.."ဟင့်အင်း"ပေါ့ကွာ.."
"ဟမ်.."
ဇော်ထူးခမျာ ပိုပြီးခေါင်းရှုပ်သွားရသည်။
အိန္ဒိယကားတွေမှာ "ဟုတ်တယ်"လို့ ပြောတဲ့အချိန် ခေါင်းခါပြလေ့ရှိတာနဲ့ အခုသူဌေးက ပြုံးပြတော့
"ဟင့်အင်း..."လို့ အဓိပ္ပာယ်ကောက်ရမှာနဲ့
ဘယ်နေရာက တူသွားတာပါလိမ့်။
"ဟာ...ဒီမိုးကြီးက တစ်မျိုး..သက်သက်
ခေါင်းခြောက်အောင်လုပ်သွားတယ်...."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"တင်.."
IDGရဲ့မြေညီထပ် ဓာတ်လှေကားပွင့်တာနှင့် စံပယ်ထမင်းချိုင့်ကြီးကိုမပြီး အထဲကို၀င်လိုက်သည်။
ဆယ်လွှာဆိုတာကိုမနှိပ်ခင် ဘေးကိုတစ်ချက်ဝိုက်ကြည့်လိုက်မိလေသည်။
ဆယ်လွှာဆိုတာနှင့် သူဌေးရုံးခန်းနေရာမှန်း
လူတိုင်းသိတာကြောင့် ဘယ်သူကများ ကြည့်နေ
မလဲပေါ့။
ဓာတ်လှေကားထဲတွင် လူလေးယောက်ရှိနေပြီး
စံပယ့်ဘေးမှာ ခပ်၀၀ယောက်ျားတစ်ယောက်ကရပ်နေပြီး အနောက်မှာကမိန်းကလေး သုံးယောက်ရပ်နေပေမဲ့ ဖုန်းကိုယ်စီကြည့်နေကြလို့သာ
တော်တော့သည်။
"ဟဲ့..ဟဲ့..ငါ့အိုပါးက အင်စတာဂရမ်မှာပုံတင်ပြီဟဲ့ကြည့်လိုက်စမ်း..ချောလိုက်တာဟယ်.."
"အမယ်လေး..ငါ့ယောက်ျားလီမင်ဟိုလောက်
ချောလို့လားဟယ်..ဒီမှာကြည့်..အရပ်ကအရှည်ကြီး..ဗိုက်မှာ ကြွက်သားအမြှောင်းမြောင်းနဲ့ ချောကလက်ကြီး ကြနေတာပဲ...အဟိ..."
"နှာခေါင်းအကြီးကြီးကိုလည်း ထည့်ပြောအုံးလေ"
"ဟဲ့...အဲ့ဒါ..အင်တာနေရှင်နယ်လ်ဆိုဒ်ဟဲ့..နင်တို့က အလကားနေ နှာခေါင်း ကြီးတာပဲ မြင်ကြတယ်..
ဟိုဟာကြတော့ မမြင်ကြဘူးမှတ်လား..."
"ဟင်....ကောင်မ နင်မဟုတ်တာတွေမပြောနဲ့နော်..."
"ဟဲ့...ငါက အရပ်ရှည်တာကိုပြောတာ နင်တို့ကဘာတွေ ပြေးမြင်နေကြတာလဲ...."
"ဟဲ..ဟဲ...ငါတို့လည်းအရပ်ကိုပဲ မြင်တာပါ..."
"ဘူ!..ပူ!...ပု"
"ဟဲ့ ဘာအသံကြီးလဲ.."
"အနံ့..အနံ့ရတယ်..အီး..အီးနံ့ဟဲ့.."
"စိတ်ညစ်ပါတယ်..ဓာတ်လှေကားထဲမှာမှအီးပေါက်ရတယ်လို့..ငါတို့တော့ ကံဆိုးတာပဲ..."
အီးစော်ကတော်တော်နံလာတာကြောင့်
စံပယ်လည်းဘေးကလူကြီးကို လှည့်ကြည့်လိုက်သည်။
အီးပေါက်ချလိုက်တာ ထိုလူမှန်း သိပ်သိတာပေါ့ ။
စံပယ့်ဘေးနားမှအီးလာပေါက်နေတာ
စံပယ်မှမသိရင် ဘယ်သူသိပါ့မလဲ။
ဒါပေမဲ့ သူလည်းမအောင့်နိုင်လို့ထင်ပါရဲ့လို့ နားလည်ပေးပြီး ဘာမှမပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
အီးပေါက်တာဟာ ရှက်စရာမှမဟုတ်ပဲ။အောင့်ထားရင်သာ ကျန်းမာရေးထိခိုက်နိုင်တာပါလေ။
"ဟိတ်..မင်းက..မိန်းကလေးဖြစ်ပြီး..အီးကိုအကျယ်ကြီးပေါက်ရသလား..မရှက်ဘူးလား..."
"ဘာ..!ရှင်ဘာပြောတယ်.."
"ဟယ်..ဒီညီမပေါက်တာတဲ့.."
"ဒါကြောင့်..အနံ့ကအရှေ့ကလာတယ်ထင်တာ..
သူပေါက်တာကို.."
ကောင်မလေးတွေရဲ့ပွစိပွစိအသံတွေကြောင့် စံပယ်လက်သီးကို ဆုပ်လိုက်မိသည်။
စိတ်ကလည်း တော်တော်တိုလာသည်။
သူခိုးကပဲလူပြန်ဟစ်ရတယ်လို့။
ကိုယ်ကတော့ ဒင်းပေါက်တာကို လူသိရင်အရှက်ရမှာဆိုးလို့ မပြောပဲနေတာကိုများ။
ဒင်းက တညင်းသီးစားပြီ ဖင်ပိတ်ငြင်းနေတဲ့လူပါလား။
"ဒီမှာ!..ရှင့်နှာခေါင်းနဲ့နားရွက်တွေက..
ဘယ်ကမ္ဘာမှာ ကျကျန်ခဲ့တာလဲ...
ကိုယ်ပေါက်တဲ့အီးနံ့တောင် ကိုယ်မရှုနိုင်...
မကြားနိုင်တော့လောက်အောင် ဒုက္ခိတဖြစ်နေလို့လား...ဟမ်!!!!"
"အောင်မာ..မင်းကများ...ကိုယ့်ဘာသာပေါက်ပြီး
ငါ့ကိုလာ မလွှဲချနဲ့နော်.."
ဘူးခံပြီးငြင်းချင်နေတဲ့ ၀က်မျက်နှာကြီးကို
ဘောလုံးလို ပိတ်ပြီးသာကန်ထည့်လိုက်ချင်သည်။
ကောင်မလေးသုံးယောက်ကို လှည့်လှည့်ကြည့်
ပြီး ပြောနေတဲ့ ၀က်မျက်နှာကို ဂျပန်ပါးရိုက်နည်းနဲ့ သာရိုက်လိုက်ရရင် မကောင်းရှိတော့မယ်။
"..၀က်မျက်နှာ,ဆင်ကိုယ်လုံးကများ..
ကိုယ်ပါတဲ့အီးကို..သူများကိုလာကျုံးခိုင်းနေတယ်..
ရှင်အခုဘယ်နှစ်လွှာကိုသွားမှာလည်း.."
" ခြောက်လွှာကို..ဘာလုပ်မလို့လဲ.."
"ဟုတ်ပြီ..ခြောက်လွှာကိုရောက်ရင်..ဘယ်ကိုအရင်သွားမှာလဲ.."
"အိမ်သာကို..ဟင်.."
သူ့ပါးစပ်ကို သူပြန်အုပ်ပြီး အရှက်ပြေရန်ဟိုအစ်မတွေကိုသွားဖြဲပြနေတာများ တော်တော်ကို အမြင်ကပ်ဖို့ကောင်းတယ်။
"ဒီမှာ..သိသာသိစေ မမြင်စေနဲ့တဲ့ ရှင်မကြားဖူးဘူးလား.."
"ကြားဖူးတယ်လေ..အဲ့ဒါ ငါကဘာလုပ်ရမှာလဲ"
"အေး..အခုအီးပေါက်တာကိူ ရှင်မှန်းသိကြရုံတင်
မကဘူး..အကုန်မြင်ကုန်ကြပြီသိရဲ့လား.."
"ဟင်!..ဘာ..ဘာကိုမြင်တာလဲ..
မင်းပေါက်ကရမပြောနဲ့နော်..
ငါဘောင်းဘီသေချာ၀တ်ထားတယ်.."
"အမယ်လေး..အိုမလုံ အုံပွင့်နေလိုက်တာများ..
ရှင့်ဘာသာဘောင်းဘီ ၀တ်၀တ်၊မ၀တ်၀တ်
စိတ်ကိုမ၀င်စားတာ...ကျွန်မပြောချင်တာက
..အီးပေါက်တဲ့ကိစ္စတောင် သူများအပေါ်ကို
လွှဲချတတ်တဲ့ ရှင့်ရဲ့စိတ်ဓာတ်ရှင့်..
သိပြီလား...ကိုအီးလွှဲရဲ့.."
"ဟာ..မင်းဘာစကားပြောတာလဲ.."
"ကြားတဲ့အတိုင်းပဲလေ.."
"ဒီညီမပြောတာလဲ..မှန်တာပဲ..အစ်ကိုက
ကိုယ့်ဘာသာအီးပေါက်ပြီး..သူများကိုလွှဲချနေတာပဲလေ..အဲ့တော့သူက ဘယ်ခံနိုင်မှာလဲ.."
"တွေ့လား..ကိုအီးလွှဲ သူများတွေတောင် ကျွန်မကိုဝိုင်းထောက်ခံနေကြပြီ.."
"တင်"
မျက်နှာကြီးနီရဲပြီး ခြောက်လွှာသို့ရောက်တာနှင့် တန်းပြေးသွားတဲ့ ထိုလူကိုကြည့်ကာ စံပယ်ဖြင့်ကျေနပ်လိုက်လေခြင်း။
လူတိုင်းက ခွင့်လွှတ်မှုနဲ့မထိုက်တန်ကြပါလား။
ကိုယ်က စာနာပေးမိသလောက် မသိတတ်တဲ့လူတွေကလည်း တစ်ပုံကြီးပါလေ။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"စံပယ်ရေ..ညီမနဲ့ဒေါသအိုးCEOကြီးက
ရိုးမှရိုးရဲ့လားတဲ့.."ထမင်းချိုင့်ပို့ရင်းနဲ့ ဦးနေဂုဏ်ရဲ့အတွင်းရေးမှူး မကြယ်စင်ထံမှအလှော်ခံလိုက်
ရသေးသည်။
ဒါကြောင့်လဲ ထမင်းချိုင့်ပို့ပြီးပြီးချင်း ဦးနေဂုဏ်ကိုတောင် ၀င်မတွေ့တော့ပဲ အမြန်ပဲလစ်ထွက်လာလိုက်သည်။
ဦးနေဂုဏ်ရဲ့လုပ်ပုံတွေက ဘေးလူတွေအထင်လွဲစရာ ဖြစ်နေပြီဆိုတာသေချာတယ်။
နောက်ပြီးမကြယ်စင်ရဲ့ ပါးစပ်လုံပုံမျိုးနဲ့ဆိုရင်
အခုလောက်ဆိုတစ်ရုံးလုံး စံပယ်တို့ရဲ့သတင်းတွေ ပြန့်နေပြီလားမသိဘူး။စိတ်ညစ်ပါတယ်။
ဦးနေဂုဏ်ကလည်း စံပယ့်ကို ဘယ်လိုသဘောထား
နေတာပါလိမ့်။
"ကျွီ..."
"ဟင်..ကိုမောင်ထွန်း..ကားကဘာဖြစ်တာလဲ.."
"ဘယ်ကကားလဲမသိဘူး..ရှေ့မှာလာပိတ်နေတယ်..အစ်ကိုဆင်းကြည့်လိုက်အုံးမယ်.."
"ဟုတ်ကဲ့.."
စံပယ်လည်း ကားအနောက်ခန်းကနေ
လှမ်းကြည့်လိုက်မိတော့ စံပယ်တို့ရဲ့ကားကို
ပိတ်ရပ်ထားသည့် ကားပေါ်ကနေ ၀တ်စုံအနက်တွေနဲ့ ထောင်ထောင်မောင်းမောင်းလူကြီးနှစ်ယောက်က ဆင်းလာ လေသည်။
ကိုမောင်ထွန်းနဲ့ စကားများနေကြတယ်အထင်နဲ့ ကားပြူတင်းကနေ သေချာခေါင်းထွက်ကြည့်လိုက်သည့် အချိန်မှာ တစ်ယောက်က ကိုမောင်ထွန်းကို ချုပ်ထားပြီး နောက်တစ်ယောက်က
စံပယ့်ဆီကိုလာနေသလို ခံစားလိုက်ရသည်။
"ဂျောက်"
"ဟင်..ရှင်တို့ကဘယ်သူတွေလဲ..ကျွန်မကိုဘာလုပ်
မလို့လဲ.."
ကားတံခါးကို အတင်းလာဆွဲဖွင့်ပြီး စံပယ့်ကိုလက်မောင်းကနေ ဆွဲမလိုက်တာကြောင့် စံပယ်လည်း ကားအပြင်ဘက်သို့ ရောက်သွားရသည်။
အတင်းရုန်းကန်နေမိပေမဲ့ သူတို့က အားကောင်းမောင်းသန်ကြီးတွေ ဖြစ်တာကြောင့် စံပယ့်မှာ
ဘယ်လိုမှ ရုန်း၍မရဖြစ်နေသည်။
"လွှတ်..လွှတ်နော်..ကယ်ကြပါအုံး..ကယ်ကြပါအုံး..
"
"ဒီမှာမိန်းကလေး..ငါ့တို့ရဲ့အနောက်ကို အသာတကြည်လိုက်ခဲ့ရင်..မှဲ့တစ်ပေါက်မစွန်းစေရဘူး..ပြန်လွှတ်ပေးမယ်.."
"ကိုမောင်ထွန်းရေ..ကိုမောင်ထွန်း.."
"မစံပယ်..စံပယ်..ခင်ဗျားတို့အတင်းအကျပ်မလုပ်ကြနဲ့နော်..ဆရာသိရင်မလွယ်ဘူး..ဆရာ့အကြောင်းကို ခင်ဗျားတို့သိပါတယ်..."
ထိုစဉ်ကားအနက်ကြီးထဲမှ ဗလကြီးနောက်တစ်ယောက်ထပ်ဆင်းလာပြီး စံပယ့်ကိုချိုင်းကနေ ဘယ်တစ်ယောက်၊ ညာတစ်ယောက် ဆွေ့ကနဲဆို
မြှောက်ချသွားတာများ လေပေါ်မှာ၀ဲပျံနေရသလို
ပါပဲ။
ကြောက်လွန်းလို့သေးပါထွက်ချင်လာသည်။
ကားထဲကို ရောက်တော့လဲ စံပယ့်ကိုအလည်မှာထိုင်ခိုင်းကာ ဘယ်တစ်ယောက်ညာတစ်ယောက်
ညှပ်ပြီးထိုင်နေကြတာကြောင့် ရှေ့တိုးမရ၊နောက်ဆုတ်မရနဲ့ ကျောက်ရုပ်ကြီးလို ထိုင်နေရတာကြောင့် ကျောရိုးတွေပါအတောင့်လိုက်ကြီးဖြစ်နေတော့သည်။
"ကဲဆင်းလို့ရပြီ.."
ထိုဗလကြီးတွေကပဲ နန်းတော်လို ခမ်းနားသည့်
စံအိမ်ကြီးတစ်ခုထဲသို့ ကားကိုမောင်း၀င်လိုက်လေသည်။
ဒီလူတွေငါ့ကိုလူကုန်ကူးမလို့များလား။
သိပ်မကြာပါဘူး စံပယ့်ကိုဧည့်ခန်းလိုမျိုးနေရာကိုခေါ်လာရာ ထိုဧည့်ခန်းထဲတွင်တော့
အသက်ငါးဆယ်ကျော် လူကြီးတစ်ယောက်က
စံပယ့်ကို၀င်လာလာချင်း ပြုံးပြလေသည်။
ဒီလိုမျက်နှာပေါက်မျိုးကို စံပယ်တစ်နေရာမှာ
မြင်ဖူးသလိုပဲ။
ထိုဦးလေးကြီးက စံပယ့်အနားကို ရောက်လာတာနှင့် စံပယ်ချက်ချင်း ဒူးထောက်ချလိုက်ပြီး ထိုဦးလေး၏ ခြေသလုံးကို ပြေးဖက်ပစ်လိုက်သည်။
"ဟာ..ကလေးမ..ဘာလုပ်တာလဲ.."
သူတို့ပိုင်နက်အတွင်းမှာ ရောက်နေတာဖြစ်လို့
အခုအချိန်မှာ စံပယ်စဉ်းစားမိတဲ့တစ်ခုတည်းသောအရာက အောက်ကျို့ပြီး တောင်းပန်ဖို့ပါပဲ။
ဒါဟာ ဂိုဏ်းခေါင်းဆောင်ဆိုရင် လူကုန်မကူးဖို့မျက်ရည်ခံထိုးကြည့်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။
"တောင်းပန်ပါတယ်..ဦးလေးရယ်..ကျွန်မကမိကောင်း၊ဖခင်သားသမီးပါ..အဟင့်..ညီမလေးကလဲဟိုတစ်လောကမှခိုးရာလိုက်သွားတာ..ဟင့်..
ကျွန်မအဖွားတစ်ယောက်ထဲ..ဒုက္ခတွင်းထဲမှာ..
မထားခဲ့ပါရစေနဲ့..အီဟီး..တောင်းပန်ပါတယ်..
ကျွန်မကိုပြန်လွတ်ပေးပါရှင်.."
"ဟာ..သားငယ်နဲ့..သားပေါက်..မင်းတို့ဘယ်လို
တလွဲတွေလုပ်လာတာလဲကွာ..ဒီကောင်တွေငါလုပ်ထည့်လိုက်ရ..ဒီမှာကောင်မလေး ကြောက်နေပြီ"
"ဆရာပဲ..ရအောင်ခေါ်လာခဲ့ဆိုလို့..ရအောင်ခေါ်လာခဲ့တာပေါ့ဆရာရဲ့.."
ဦးဘုန်းမာန်လည်း သားငယ်နဲ့ သားပေါက်ကို
တစ်ချက်လှည့်ဆူလိုက်ပြီး သူ့ကိုဒူးဖက်ကာ တောင်းပန်နေသည့် ကလေးမကို ပြန်ငုံ့ကြည့်လိုက်သည်။
"သမီးရယ်စိတ်မရှိပါနဲ့..ဦးလေးရဲ့တပည့်တွေကြောင့်..လန့်သွားတယ်ထင်တယ်.."
"သူ့ကိုမထိနဲ့..."
ဦးဘုန်းမာန်လည်း ကလေးမကို လက်မောင်းကနေ
မထူပေးဖို့ကြံရုံရှိသေးတယ် သားတော်မောင်၏ အော်ဟေ့လိုက်သည့် အသံဟိန်းဟိန်းကြောင့်
လက်တွေက လေထဲမှာသာတန့်သွားရသည်။
"ဟင်..သားဂုဏ်မာန်.."
"ဦးနေဂုဏ်မာန်.."
"စံပယ်မွှေး..မင်းဒီကိုလာခဲ့.."
စံပယ် ၀မ်းသာလို့မဆုံးခင်မှာပဲ သူကစံပယ့်လက်မောင်းကို အတင်းလာဆွဲပြီး သူ့ကျောအနောက်ဘက်သို့ ဆွဲခေါ်လိုက်သည်။
နေဂုဏ်မာန်ဟာ ဖခင်ဖြစ်သူအား နူးညံ့ခြင်း အလျှင်းကင်းမဲ့နေသော မျက်၀န်းများနှင့်
ဆိုက်ကြည့်လိုက်သည်။
သူမသိအောင် လုပ်လိုက်သည့် လုပ်ရပ်ကြောင့်လည်း ပိုဒေါသထွက်နေမိသည်။
"ဒီမှာ..ဒယ်ဒီ..နောက်တစ်ခါစံပယ်မွှေးကို..
ကျွန်တော့်ကွယ်ရာမှာ..လက်ဖျားနဲ့တောင်
လာထိဖို့မကြိုးစားပါနဲ့..."
"အထင်မလွဲပါနဲ့သားရယ်....ဒယ်ဒီက သားအိမ်မှာ မိန်းကလေးတစ်ယောက်ရောက်နေတယ် သတင်းကြားလို့ သားအတွက် လေ့လာပေးမလို့ပါ..."
"မလိုပါဘူး....ကျွန်တော်ကလေးမဟုတ်ဘူး...
ဘယ်ဟာမှန်တယ်....ဘယ်ဟာမှားတယ်ဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်နိုင်တယ်...ဒယ်ဒီ့ဆီကနေ
ဘာအကြံဉာဏ်မှမလိုအပ်ဘူး..."
"အဲ့လိုတော့ ဒယ်ဒီ့ကိုမပြောပါနဲ့သားရယ်...ဒယ်ဒီကသားရဲ့ အဖေအရင်းပါ..."
"အဖေအရင်းမို့ ကျွန်တော်ဒီလောက်အထိပဲ
ပြောနေတာပေါ့....
ကျွန်တော်ဒယ်ဒီ့ကို လုံး၀မယုံကြည်တော့ဘူး....
ဒယ်ဒီ့ကိုယုံမိခဲ့လို ကျွန်တော်နိုင်ငံခြားကနေ ပြန်လာတဲ့နေ့ဟာ မာမီဆုံးတဲ့နေ့ဖြစ်ခဲ့ရတာ...
လူသ တ်သမားကို မယားတော်ထားတဲ့ ဒယ်ဒီ့ကို
ကျွန်တော်ထပ်ယုံတော့မှာ မဟုတ်ဘူး...
နောက်နောင် ကျွန်တော့်ကိစ္စတွေကို ၀င်မစွတ်ဖက်
ပါနဲ့....လာသွားမယ်..."
စံပယ့်ကိုအတင်းဆွဲခေါ်ပြီးသူ့ကားပေါ် ကို
တွန်းတင်လိုက်တာများ ခုဏကဗလကြီးတွေထက်တောင်ကြမ်းသေးသည်။
စံပယ်သိလိုက်ပါပြီ။သူတို့နှစ်ယောက်ကသားအဖတွေဆိုတာပေါ့။ဒါကြောင့်လည်း ဒီလောက်ရုပ်တူနေခဲ့တာကို။
ဦးဘုန်းမာန်လည်းသားရဲ့လုပ်ရပ်ကိုကြည့်ပြီးအံ့ဩနေမိသည်။
နေဂုဏ်မာန်ဆိုတာ လူတွေကိုသိပ်မယုံတတ်သလို ဘယ်သူ့အတွက်မှလည်း ဒီလောက် ဗျာမများခဲ့ဖူးဘူး။
မိန်းကလေးတစ်ယောက်နဲ့ သားပတ်သတ်နေတယ်လို့ သတင်းကြားပြီး သူစမ်းသပ်လိုက်မိတာ ဖြစ်သည်။
မထင်မှတ်ပဲ သားရဲ့မျက်နှာဖုံးကိုခွာချမိလိုက်သလိုဖြစ်သွားရသည်။
"နေဂုဏ်မာန်...ငါ့သားလဲချစ်ရသူပေါ်လာပြီပဲ..
ဒါပေမဲ့ ဒယ်ဒီ့ကိုတော့ မမုန်းလိုက်ပါနဲ့သားရယ်.."
🌼🌼🌼🌼🌼🌼🌼🌼
"ကျွီ.."
"ဟင်...ကားကိုဘာလို့ရပ်လိုက်တာလဲ.."
ဦးနေဂုဏ်ဟာ စံပယ့်ဘက်ကိုလှည့်ကြည့်လာပြီး
စံပယ့်လက်ဖဝါးနှစ်ခုကိုပူးကာ သူ့လက်ကြီးနှင့်
အုပ်ကိုင်လိုက်လေသည်။
သူ့မျက်၀န်းတွေဟာ တစ်ခုခုကို စိုးရိမ်ကြောက်ရွံ့နေသလိုပဲ။
"မောင်ထွန်းဖုန်းလှမ်းဆက်တော့ ကိုယ်အရမ်းစိုးရိမ်သွားခဲ့တာ ဒယ်ဒီ့လူတွေ မင်းကိုအန္တရာယ်ပြုကြသေးလား...."
"ဟင့်အင်း....သူတို့ကျွန်မကို ဘာမှမလုပ်ပါဘူး.."
တကယ်တော့ စံပယ်အရမ်းသိချင်တာက ဦးနေဂုဏ်ရဲ့အဖေက စံပယ့်ကိုမှ ဘာကြောင့်ရွေးပြီး ခေါ်တွေ့ရသလဲ ဆိုတာနဲ့ ဦးနေဂုဏ်ဟာ ကိုယ့်အဖေအပေါ်ကို ဘာကြောင့် ဒီလိုရိုင်းစိုင်းတဲ့ စကားတွေ
ပြောခဲ့ရသလဲ ဆိုတာကိုပဲ။
စံပယ်မေးချင်ပေမဲ့ ကိုယ်ကလည်း သူ့ဆီမှာ
သုံးလပဲ အလုပ်လုပ်ရမှာဆိုတော့ သူများအတွင်းရေးကို ပိုင်ရှင်က စိတ်လိုလက်ရမပြောချင်ပဲ မမေးတော့ဖို့ဆုံးဖြတ်လိုက်သည်။
"နောက်တစ်ခါ..ကိုယ့်ခွင့်ပြုချက်မရပဲ ဘယ့်သူ့နောက်မှမလိုက်ရဘူးကြားလား..ဒီလိုအဖြစ်မျိုးနောက်တစ်ခါမင်းကိုကြုံခွင့် ကိုယ်မပေးဘူး.."
စံပယ်တွေဝေသွားမိသည်။သူ့ကိုမေးရကောင်း
မလား၊မကောင်းဘူးလားလို့ပါ။မေးလိုက်တာပဲကောင်းပါတယ်လေ။
"မေးစရာရှိရင်မေးကွာ..ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ.."
"ဟိုလေ..ယောက်ျားယူချင်ရင်ရော..ရှင့်ဆီကနေခွင့်ပြုချက်တောင်းရမှာပဲလား.."
"ဟာ..ဒီကောင်မလေး ပေါက်ကရ တော်တော်မေးတယ်..ဘာလဲ..မင်းကယောက်ျားယူချင်နေပြီလား.."
ဘယ်ကောင်နဲ့လဲ..ပြောစမ်း.."
"ရှင်ကလဲ..သဘောပြောတာပါ.."
"အေး..သဘောပဲရှိပါစေ..နှစ်ဘော..သုံးဘောဆိုလို့ကတော့.."
"အာ..ဘာတွေလာပြောနေတာလဲ..အရှက်ကိုမရှိဘူး.."
"ဟား..ဟား...မင်းနဲ့စကားပြောလိုက်ရင်..
ကိုယ့်ဒေါသတွေက အမြဲအရည်ပျော်သွားတယ်..
ရင်ထဲမှာချိုမြိန်မှုကိုခံစားရသလိုပဲ..
မင်းသာချိုချဉ်လေးဆိုရင်..ကိုယ်အမြဲငုံထားရကောင်းမလားလို့..စဉ်းစားနေမိပြီ.."
သူ့စကားကြောင့်စံပယ်မျက်လုံးပြူးပြီးသူ့ကိုကြည့်လိုက်မိသည်။ဒါကပညာရှိနည်းနဲ့ ချစ်ခွင့်ပန်နေတာများလား။မဖြစ်နိုင်ပါဘူး။စံပယ်က ပွင့်ပွင့်လင်းလင်းပြောတတ်တော့ စံပယ်နဲ့စကားပြောရတာကို သဘောကျယုံပဲ ထင်ပါတယ်။
ဒါပေမဲ့ သူ့စကားလုံးတွေမှာ မရိုးသားမှုတွေပါနေသလိုပဲ။
မနက်ဖြန် နောက်တစ်ခန်းဖတ်ချင်ရင်
ဝေဝေအားတက်အောင်
အသဲလေးတွေ ပေးခဲ့ကြပါအုံး ☺️
=========================================================================
🌼 အခန်း၁၂🌼
ညမီးရောင်စုံ၏အောက်၀ယ် အလွန်ခမ်းနား၊
ခောတ်မှီစွာ ပုံဖော်ထားသော ပါတီပွဲတစ်ခုအားကျင်းပလျှက် ရှိနေသည်။
ဂုဏ်ကြီးရှင်အမျိုးသမီးများဟာ သူ့ထက်ငါအပြိုင် ခောတ်ပေါ်ဖက်ရှင်မျိုးစုံ၊တန်ဖိုးကြီးလှသော
စိန်ရွှေရတနာမျိုးစုံကို ၀တ်ဆင်ထားကြပြီး
ရောင်စုံမီးများနှင့်အပြိုင် မျက်နှာများတွင်လည်းတမင်လှပအောင် ခြယ်သထားကြလေသည်။
အမျိုးသားများကလည်း ဈေးကြီးလွန်းပါသည့် နက်တိုင်၊ဈေးကြီးလွန်းပါသည့် နိုင်ငံခြားဖြစ်
နာရီတွေကို လက်မှာပတ်ထားကြပြီး ဝိုင်ခွက်ချင်းတိုက်ကာ ဂုဏ်ရည်တူအချင်းချင်းဂုဏ်အကြောင်း၊ငွေအကြောင်းသာပြောနေကြလေသည်။
နေဂုဏ်မာန်လည်း ကားပါကင်သေချာထိုးခဲ့လိုက်ပြီး ပါတီပွဲရှိရာ ခြံ၀န်းထဲသို့လှမ်းလာခဲ့လိုက်သည်။
သူ့အား ၀န်းထမ်းအချို့က ဝိုင်နှင့် ရှန်ပိန်လာကမ်းကြတာကြောင့် ဟန်မပျက်လေး ဝိုင်ခွက်တစ်ခုကို လှမ်းယူလိုက်သည်။
ပုံမှန်ဆိုရင် မီဒီယာတွေ့ဆုံပွဲတွေမှာ
ဈေးကွက်စီးပွားရေးတွေ့ဆုံ စကားဝိုင်းတွေ၊
ဆုပေးပွဲတွေလောက်ပဲ တက်ဖြစ်တာမို့
သူ့အတွက်တော့ အင်မတန်စိတ်ရှုပ်စရာ
ဖြစ်နေလေသည်။
ပါတီကို ဦးဆောင်သူက မလာမဖြစ်ဆိုပြီး လှမ်းဖိတ်လို့သာ မျက်နှာပြယုံလေ လာခဲ့ခြင်းပင်။
"မောင်နေဂုဏ်မာန်..ဦးတို့ကဒီမှာ.."
ဦးကျော်ရှိန်းက သူစကားဝိုင်းဖွဲ့ပြောနေရာမှ
သူ့အားအသံအကျယ်ကြီးနဲ့ လှမ်းခေါ်လိုက်တာကြောင့် အခြားသူတွေ၏ အာရုံတွေဟာ
သူ့တစ်ယောက်ထဲအပေါ်သို့ ကျရောက်လာလေသည်။
လူချမ်းသာနှင့် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းမှာ သူ့နာမည်ကို မသိသူမရှိကြတာကြောင့်
အားလုံးက သူ့ရဲ့ခြေလှမ်းတစ်လှမ်းချင်းစီကိုတောင် စိတ်၀င်စားကြသည်။
သူကတော့ မသိသလိုပဲ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်တစ်ဖက်ကိုထည့်ကာ ဦးကျော်ရှိန်းဆီသို့
ခပ်တည်တည်နှင့် လျှောက်သွားလိုက်သည်။
ဦးကျော်ရှိန်အား လက်ဆွဲနှုတ်ဆက်ပြီးနောက်မှာတော့ ဟန်ဆောင်အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
"ပျော်ရွှင်စရာမွေးနေ့ပါ..ဦးကျော်ရှိန်း.."
"မောင်နေဂုဏ်လာမှ..လာပါ့မလားလို့..
အခုလိုဦးရဲ့မွေးနေ့ကို တက်ရောက်ပေးတာနဲ့တင်
..၀မ်းသာလှပါပြီ.."
"ဟုတ်ကဲ့.."
သူ"ဟုတ်ကဲ့.."တစ်လုံးသာပြောလိုက်သည်။
လူကြီးတွေနဲ့စကားအများကြီးပြောရင်အမှား
ပါတတ်သလို သူကိုယ်တိုင်ကလဲဒီအသိုင်းအ၀န်းမှာ စကားကို အများကြီးမပြောချင်ဘူး။
သူတို့အားလုံးရဲ့အပြုံးမျက်နှာတွေကို
ခဝါချပစ်လိုက်ရင် သူ့နောက်ကျောကိုဓားနဲ့ထိုးဖို့အတွက် အကွက်ချောင်းနေသူတွေချည်းပဲ။
သူ့အနားကို ချည်းကပ်လာကြတဲ့ လူအယောက်
တစ်ရာရှိရင် ကိုးဆယ်ရာခိုင်နှုန်းလောက်က
သူ့ဆီကနေ အကျိုးအမြတ်ကို မျှော်ကိုးသူတွေ၊
အခွင့်ကောင်းတွေ့တာနဲ့ သူ့အားနည်းချက်ကို
ချနင်းမဲ့လူတွေချည်းပဲ။
"ဟိုတစ်လောက...လေလံပွဲမှာ မောင်နေဂုဏ်
၀ယ်လိုက်တဲ့မြေကွက်ကိစ္စ ရှင်းစမ်းပါအုံးကွ.."
"ဟုတ်တယ်ကျုပ်လဲ အဲ့အကွက်ကို၀ယ်မိမလို့ပဲ
..ဒါပေမဲ့မတန်ဘူးလို့ထင်မိတယ်..
မောင်နေဂုဏ် ဒီတစ်ခါတော့ အတွက်မှားပြီလားကွ.."
သူဝိုင်ခွက်ကိုမွေ့ကာ တစ်ကျိုက်မျှမော့သောက်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
မြေကွက်ကို ၀ယ်ပြီးဘာဆက်လုပ်မလဲ
အရင်မမေးကြပဲ အရှုံးပေါ်ဖို့ကို တန်းပြောနေကြတာ တကယ်ကို အံ့ဖွယ်ပါလား။
အဖိုးကြီးက သူ့မွေးနေ့မှာတောင် ငါ့အကြောင်းကို
ပိုပြီးစိတ်၀င်စားပြနေတာပဲ။
"ကျွန်တော်က စီးပွားရေးသမားပါ..အကျိုး
အမြတ်မရှိရင်..ဘာလို့လုပ်မှာလဲဗျာ..ဦးကျော်နီ...
အဲ့မြေနေရာကိုသေချာကြည့်ပြီးပြီလား.."
"အပြင်ကတော့ကြည့်ဖူးတယ်..သိပ်မကျယ်သလိုပဲ.."
"အဟင်း..အမှန်တော့ခြံအနောက်ဖက်က
မြက်တောကိုရှင်းကြည့်လိုက်ရင် ဒီမြေကထင်ထားတာထက်ကိုတန်တယ်ဗျာ..ကျွန်တော်က
လေလံမစခင်တည်းက သေချာသွားလေ့လာခဲ့တာ...အလုပ်ကို ဖြစ်သလိုလုပ်တဲ့အထဲမှာ
ကျွန်တော်မပါဘူး..."
"တွေ့လားကိုကျော်နီ..မောင်နေဂုဏ်ကအချဥ်မဟုတ်ပါဘူးလို့..ခင်များကအပေါ်ယံတင်
ယှက်ပြီးကြည့်တာ သူကသေချာကွင်းဆင်းပြီးမှလုပ်တာ"
ဦးကျော်ရှိန်းက သူ့စကားကို၀င်ပြီး မြှောက်စွ
လုပ်ပေးနေတာကြောင့် ဦးကျော်နီတစ်ယောက် မျက်နှာပျက်သွားတာကို သူမြင်ဖြစ်အောင်
မြင်လိုက်သည်။
အခြားသူကောင်းစာတာ၊အလုပ်ကောင်းကောင်းလုပ်တာကို သေချာမလုပ်တဲ့လူက မနာလို၀န်တိုတာလောက် သူကြည့်မရတာမရှိဘူး။
ဒီလူတွေနဲ့ စကားအများကြီး ထပ်ပြောရင်လည်း
အဆင်ပြေမယ်မထင်ဘူး။
"ကဲအားလုံးပဲ..ကျွန်တော့်ကိုသွားခွင့်ပြုကြပါအုံး.."
တော်ရုံဘယ်ပွဲမှတက်လေ့မရှိတာကြောင့် မြင်သမျှကအာရုံနောက်စရာတွေနှင့်သာပြည့်နေသည်။
ပါတီပွဲထဲမှမထွက်ခင် လူတစ်စုနဲ့ပြုံးပျော်ပြီး
စကားဖောင်ဖွဲ့နေသော ဒယ်ဒီနဲ့ချယ်ရီစူးကိုမြင်လိုက်တာကြောင့် သူ့ဒေါသတွေက ပို၍
ဇောင်းကြွလာသည်။
ချယ်ရီစူးက ဒယ်ဒီ့ရဲ့လက်ကို တွဲထားတယ်။
အဲ့ဒီ့နေရာက မာမီ့နေရာမဟုတ်ဘူးလား။
မာမီမရှိတော့ပေမဲ့ လူအများအရှေ့မှာ ဒီမိန်းမကိုနေရာပေးထားတဲ့ ဒယ်ဒီ့ကို ကျွန်တော်မုန်းမိတော့မယ်။
ကမ္ဘာမှာသူ မတွေ့ချင်ဆုံးလူတွေက သူတို့ပဲ
မာမီ့နေရာမှာဒီမိန်းမကိုမြင်လိုက်ရင်
သူလူသ တ်ချင်တာပဲသိတယ်။
စိတ်ကိုအတတ်နိုင်ဆုံးထိန်းပြီး ပြန်လာရတာကြောင့် ကားကိုတော့ တရကြမ်းမောင်းနှင်
နေမိသည်။
ရုတ်တရက်မိုးတွေ ရွာချလာတာကြောင်း ကားကိုလမ်းဘေးမှာ ထိုးရပ်လိုက်ပြီး ကားမှန်ကိုချပစ်လိုက်သည်။
မိုးရေစက်တွေက လေနှင့်အတူ သည်းထန်စွာရွာသွန်းနေရာမှ သူ့ကားထဲသို့ပါ ရေစက်တွေ၀င်ရောက်လာသည်။
စိတ်ကိုခဏတာလောက် လွှတ်ချပစ်လိုက်ပြီး မသိစိတ်ကကားတံခါးကို ဖွင့်မိလျှက်သားဖြစ်သွားသည်။
ကားပေါ်မှာ ထိုင်နေပေမဲ့သူ့ခြေထောက်တွေဟာ မိုးရေတွေစိုရွှဲနေပြီး ကတ္တရာလမ်းမနှင့်ထိလုထိခင်ဖြစ်နေသည်။
ပေါင်ပေါ်ကို လက်ထောက်ပြီး မျက်နှာကို လက်ဖဝါးနဲ့အုပ်ထားမိရာမှ မိုးစက်များကျဆင်းလာရာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မိသည်။
"မိုးရွာရင်...ကျွန်တော်မာမီ့ကို သိပ်သတိရတာပဲ...
မာမီက မိုးစက်တွေကို နှစ်သက်တယ်မဟုတ်လား..."
အခုတော့ မာမီနှစ်သက်တဲ့ မိုးစက်တွေက
တဖွဲဖွဲ ကမ္ဘာမြေပေါ်ကို ကျဆင်းလာပေမဲ့ မာမီကတော့ အဝေးဆုံးကို ခရီးနှင်ခဲ့ပါပြီ။
🌼🌼🌼🌼🌼🌼🌼🌼🌼
"ဟင်း...ဟင်း..ချမ်းတယ်..ချမ်းတယ်..ဟင်း.."
စံပယ်က အအိပ်ဆက်သူမို့ ဦးနေဂုဏ်၏အခန်းဘက်မှ ညီးသံလိုလိုအသံမျိုးကို သေချာကြား
နေရလေသည်။
ဒီလူကြီး အဖျားတွေတက်နေတာများလား။
ညကလည်းမိုးတွေသည်းနေတာကို အရက်သောက်ထားတဲ့အပြင်တစ်ကိုယ်လုံး စိုရွဲပြီးပြန်လာတာပါ ။
ဦးသိန်းငွေတို့ညီအစ်ကိုကိုပဲ အ၀တ်အစားလဲခိုင်းပြီး သိပ်ခိုင်းထားလိုက်ရတယ်။
သူများအခန်းထဲကိုမ၀င်ချင်ပေမဲ့ အိမ်ထဲမှာအရေးအကြောင်းဆိုကိုယ်ပဲရှိတာမို့ ၀င်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
အိပ်ယာကနေ တစ်ခါမှမနိုးဘူးထင်ပါရဲ့ တံခါးကလည်းလော့မချထားဘူး။
စံပယ် အခန်းတံခါးကို အသာလေးတွန်းဖွင့်ကြည့်လိုက်တော့ ဦးနေဂုဏ်က ကုတင်အပေါ်မှာ
ကွေးကွေးလေး အိပ်နေလေသည်။
ချမ်းလို့ ထင်ပါတယ်။
"ဟင်း..ချမ်းတယ်..ချမ်းတယ်..ဟင်း.."
ကုတင်အနားကို တိုးကပ်သွားလိုက်ပြီး အောက်သို့လျှောကျနေသည့် စောင်ကို ပြန်ဆွဲခြုံပေးလိုက်သည်။ ပါးစပ်ကလည်း ညီးသံထွက်နေတာကြောင့်
သူ့နဖူးကို အသာလေးစမ်းကြည့်လိုက်မိသည်။
"ဟာ..ကိုယ်တွေကလည်းပူကျစ်တောက်နေတာပဲ"
စံပယ်လည်း ချက်ချင်းပဲအောက်ထပ်သို့
အမြန်ပြေးဆင်းပြီး မီးဖိုခန်းထဲမှ
ရေခဲသေတ္တာအပေါ်တွင် ထင်ထားသော ဆေးဘူးကိုသွားယူလိုက်ပြီး အဖျားကျဆေးနှင့်အကိုက်ခဲပျောက်ဆေးကို ဖောက်လိုက်သည်။
စံပယ်သူ့ကို ဆေးတိုက်ဖို့နှိုးတော့ မျက်လုံးက
မပွင့်ပေမဲ့ ပါးစပ်ဟပေးလာတာကြောင့် ဆေးတိုက်ပေးလိုက်သည်။
အဖျားသက်သာအောင် ရေခဲရေထဲကိုအ၀တ်စ
နှစ်လိုက်ပြီး နှဖူးကိုကပ်ပေးကာစောင်ထူထူခြုံပေးလိုက်သည်။
စံပယ့်မှာ အဖျားမကျမချင်းစိတ်က မဖြောင့်ဘူးဖြစ်နေသည်။
ဒီလိုနဲ့ ညနှစ်နာရီလောက်မှသာ အဖျားနဲနဲ
ကျသွားတာကြောင့် ကိုယ့်အခန်းကိုယ်
ပြန်နေဖို့ လုပ်ရသည်။
"အမေ..အမေမသွားပါနဲ့..အမေသားကိုမထားခဲ့ပါနဲ့.."
"ဟင်..ဦးနေဂုဏ်မာန်..သတိထားလေ.."
"အမေ..အမေမသွားပါနဲ့..အမေ..အမေ့.."
ဦးနေဂုဏ်ဟာ ယောင်ရမ်းပြီး အိပ်မက်တွေ
မက်နေတယ်ထင်ပါရဲ့ သူ့နဖူးကိုအပူစမ်းလိုက်သည့် စံပယ့်လက်ကို အတင်းလာဆွဲလေသည်။
"ဦးနေဂုဏ်..ကျွန်မကိုလွှတ်ပါ..ရှင်လူမှားနေပြီ..
ဦးနေဂုဏ်..ကျွန်မရှင့်အမေမဟုတ်ဘူးဆိုနေ"
"မသွားပါနဲ့..သားအနားမှာပဲနေပါ..အမေ"
သူ့အမေထင်ပြီးလူကိုအတင်းဆွဲဖက်လိုက်တာ
ကြောင့် သူနဲ့ရင်ချင်းအပ်သလိုဖြစ်သွားလေတော့အသက်ရှူတောင် ကြပ်လာရသည်။
အတင်းရုန်းလည်းမရဘူး။
ဒီလူကြီးနဲ့တော့ခက်ပါတယ်။
စံပယ်လည်း ရုန်းရင်းနှင့် ခေါင်းထောင်လိုက်ကာ
သူ့မျက်နှာကို ကြည့်လိုက်တော့ သူကမျက်လုံးတွေကို မှိတ်ထားပေမဲ့သူ့မျက်၀န်းထောင့်မှာ မျက်ရည်တွေစီးကျလာတာကို တွေ့လိုက်ရသည်။
ဒီလိုမျက်ရည်ကျရလောက်အောင် ဘယ်လိုအိပ်မက်ဆိုးတွေ မက်နေလို့ပါလိမ့်။စံပယ်သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရပါ့မလဲ။
"အမေတဲ့..သူ့အမေကိုသတိရနေတာများလား..ဦးနေဂုဏ်ရေ..အမေမရှိတာချင်းတော့ရှင်နဲ့ကျွန်မတူတယ်သိလား..
ကျွန်မအဖေကအရမ်းဆိုးတာ..တစ်ခါအမေ့ကိုပုလင်းနဲ့ကောက် ပေါက်လိုက်တာများ..
အမေ့ခေါင်းမှာ ပုလင်း ကွဲစကြီးဆိုက်ပြီး
သွေး တွေအများကြီးထွက်လာတယ်..
ကျွန်မကသိတတ်တဲ့အရွယ်ဆိုတော့..
အဖေရယ်အမေ့ကိုမ ရိုက်ပါနဲ့လို့ အော်ငိုခဲ့ရဖူးတယ်..
အမေကလေကျွန်မတို့ညီအစ်မ နှစ်ယောက်ကိုပညာတတ်ကြီးသိပ်ဖြစ်စေချင်လို့..
ရွာတကာလှည့်ပြီး ပဲပြုတ်လည်းရောင်းခဲ့ရဖူးတယ်
..နေပူ၊မိုးရွာနေပါစေကောက်စိုက်၊ပဲနှုတ်လည်းလုပ်ခဲ့ရသလို..
အသီးအရွက်ပေါင်းစုံကိုအသံ၀င်အောင်အော်ပြီးမှရလာတဲ့ပိုက်ဆံလေးနဲ့..
ကျွန်မကိုကျောင်းထားပေးခဲ့တယ်..ရှစ်တန်းနှစ်မှာအဖေဆုံးသလို..
ကျွန်မကိုးတန်းမှာ ကျွန်မသိပ်ချစ်ရတဲ့အမေက
ကျွန်မကိုထားရစ်ခဲ့တယ်..အဟင်း..ရှက်စရာကောင်းတာက ကျွန်မတို့ညီအစ်မနှစ်ယောက်လုံးဆယ်တန်းတစ်ယောက်မှမအောင်ဘူး..
အမေ့ဆန္ဒလေးကိုဖြည့်စည်းပေးချင်လို့..
ကိုးတန်းနဲ့ကျောင်းထွက်ပြီး..ညီမလေးကိုကျောင်းထားပေးခဲ့ပေမဲ့..ပင်ပန်းရကျိုးမနပ်ဘူးရှင်..
တစ်ခါတစ်လေကျရင်လေ အမေ့ရဲ့ပဲပြုတ်ဆိုတဲ့ အော်သံလေးကိုကြား နေရသလို..
ညအမှောင်ထဲမှာဈေးရောင်းလို့ရတဲ့
ပိုက်ဆံအကြွေလေးတွေကို ရေတွက်နေတဲ့
အမေ့ရဲ့ပုံရိပ်တွေကိုလည်းမြင်ယောင်နေမိတယ်.."
ရင်တွင်းစကားတွေကိုတစ်ယောက်ထဲပြောနေပေမဲ့အိပ်နေသူကြီးကတော့ ကြားမယ်မထင်ပါဘူး။
စံပယ်လည်း ဦးနေဂုဏ်ကြောင့် သူ့ရင်ဘတ်အပေါ်မှာ ခဏတာလောက် ခေါင်းမှီရင်းနှင့်
အမေ့အကြောင်းတွေကို ပြန်လည်တွေးတောနေမိသည်။ဘယ်အချိန်မှာ စံပယ့်မျက်လုံးတွေ မှေးစင်းသွားသလဲ ဆိုတာတော့ မမှတ်မိတော့ပါချေ။
🌼🌼🌼🌼🌼🌼🌼🌼🌼
မနက်ခင်း၏ ဆည်းဆာရောင်ခြည်သည် ခန်းစီးလိုက်ကာအနောက်မှ တိုးဝေ့လူးလွန့်ချင်၍
အားခဲနေလေသည်။
မနေ့ညက သည်းထန်စွာ ရွာသွန်းလိုက်သည့် မိုးကြောင့် သစ်ရွက်အပေါ်တွင် တွဲခိုနေခဲ့သော ရေစက်ကလေးများဟာ ပျံသန်းဖို့ဟန်ရေးပြင်နေသည့် ငှက်ကလေး၏ ဦးခေါင်းအပေါ်သို့ ကျရောက်သွားရာ ငှက်ကလေးမှာ တကျီကျီ မြည်တွန်၍
နေတော့သည်။
နေဂုဏ်မာန်သည်လည်း မနက်အာရုဏ်ရောက်သည်နှင့် နိုးတက်သည့်အကျင့်ကြောင့် မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ချိန်တွင် တစ်ကိုယ်လုံးကိုက်ခဲနေတဲ့အပြင် ရင်ဘတ်အပေါ်မှာ လေးနေသလိုဖြစ်နေတာကြောင့် ခေါင်းကိုထောင်ပြီး သူကြည့်လိုက်တော့..
"ဟင်..ဒီကောင်မလေးဘယ်လိုဖြစ်ပြီး..ငါ့
ရင်ဘတ်ပေါ်မှာလာအိပ်နေတာလဲ.."
သူမကိုအပြစ်တင်မယ်ကြံပြီးမှ သူ့ညာဘက်လက်က သူမရဲ့လက်မောင်းကိုဆုပ်ကိုင်ထားနေမိသလိုဖြစ်နေသည်။ဘာကြောင့် သူမရဲ့လက်မောင်းကို
သူကိုင်ထားမိရတာလဲ။
သူ့ရင်ဘတ်အပေါ်မှာသူမလေးက မှောက်လျှက်အနေအထားအိပ်နေပြီး သူမရဲ့ခြေထောက်တွေက ကုတင်အောက်မှာဒူးထောက်လျှက်ကျနေလေသည်။
တစ်ညလုံး ကလေးမက ဒီအတိုင်းအိပ်နေတာလား။တကယ့်ကို မနိုင်စိန်၊မာနခဲလေးပါပဲ။
ကုတင်အပေါ်ကို တက်အိပ်လိုက်လို့ရတာကို ။
ကုတင်ပေါ်မှာ တက်မအိပ်ရဲတာက သူ့ကိုကြောက်လို့ပဲနေမယ်ဟု တွေးမိပြီး ခေါင်းတွေသိပ်မကောင်းသည့်ကြားမှ သူပြုံးလိုက်မိသည်။
ဘေးကိုကြည့်လိုက်တော့ ဖောက်ပြီးသားဆေးအခွံတွေနဲ့ ရေဖလားကရှိနေသည်။
သူညင်သာစွာထပ်ပြုံးလိုက်ပြီး သူ့လည်ပင်း
အနားမှာကပ်နေတဲ့ သူမရဲ့ဦးခေါင်းမှဆံစလေးတွေကို သပ်တင်ပေးလိုက်သည်။
ပါးပြင်လေးကိုလည်း လက်ဖဝါးနဲ့အုပ်ပြီးမသိမသာခိုးနမ်းလိုက်သည်။
ပါးကွက်တွေပျက်နေပေမဲ့ သနပ်ခါးရနံ့တွေကတော့မပြယ်သေးဘူးပဲ။ဒါကပဲ သူနှစ်သက်သည့် အချက်တစ်ခုဖြစ်နေသည်။
"မာမီပြီးရင်..မင်းကကိုယ် တန်ဖိုးအထားရဆုံးလူသားပဲ..မွှေး..အဲ့ဒီ့အချက်ကို ကိုယ်သိသွားပြီ..."
ထိုစကားကိုပဲသူပြောနိုင်ပါတယ်။
နေဂုဏ်မာန်ဆိုတာ ဘယ်သူ့ကိုမှအကျွင်းမဲ့
မယုံကြည်တတ်တဲ့ ကောင်ပါ။
မင်းကိုလည်း ကိုယ့်ဘ၀တစ်ခုလုံး ပေးရဖို့မယုံရဲသေးဘူး။
မင်းကိုကိုယ် ကစားနေတာမဟုတ်ဘူး။
စမ်းသပ်နေတာ။
အခုကိုယ့်အပေါ်မှာထားတဲ့မင်းရဲ့စိတ်ရင်းကို
မြင်နေရပေမဲ့ ကိုယ့်မေတ္တာတွေအားလုံးကို
မင်းဆီမှာ ပုံမပေးရဲသေးဘူးမွှေးရေ။
သူ့အတွေးအဆုံးမှာ သူ့ရင်ဘတ်အပေါ်က
အရိပ်ကလေးဟာ စတင်လှုပ်ရှားလာလေသည်။
မျက်လုံးနှစ်လုံး ပွင့်ပွင့်ချင်းမှု သူ့ကိုချက်ချင်းခေါင်းထောင်ပြီး ကြည့်လာသည်။
"ဟင်..နိုးနေပြီလား..မှန်းစမ်းကိုယ်ပူကျသွားပြီလား.."
သူ့နဖူးကို ထိကိုင်ဖို့လုပ်မိတဲ့ စံပယ့်လက်ဖဝါးကလမ်းတစ်၀က်မှာတင် ရပ်တန့်သွားရသည်။
စံပယ့်မျက်လုံးတွေကိုကြည့်နေတဲ့ သူ့မျက်၀န်းတွေထဲမှာ တစ်ခုခုကိုအဖြေရှာနေသလိုပဲ။
သူ့အကြည့်က စူးရှလွန်းလို့ စံပယ်ယှဉ်ပြီးတောင် မကြည့်ရဲလောက်အောင်ပါပဲ။
သူကပက်လက်အနေအထားကနေ စံပယ့်လက်ကိုစောင့်ဆွဲလိုက်တာကြောင့် သူ့ပါးပြင်ကိုစံပယ့်နှုတ်ခမ်းမထိခင်မှာ ကုတင်ကိုလက်နဲ့ထောက်ထားလိုက်ရသည်။
မျက်နှာ နှစ်ခုကထိခတ်လုမတတ်ပဲ။
ထိုစဉ် စံပယ့်လည်ဂုတ်ကို ဖိချလိုက်သည့်
သူ့ကြောင့် နှလုံးခုန်နှုန်းတွေမြန်လာပြီး စံပယ်အရမ်းကို ထိတ်လန့်သွားမိသည်။
"..ဦးနေဂုဏ်မာန်..ရှင်....နှာဘူးကြီး.."
"အင့်ဟယ်..အင့်ဟယ်.."
"အား..သေ..သေပါပြီ.."
"ဟာ..ဟိတ်..ဘယ်ကိုပြေးတာလဲ..လူမမာကိုပြုစု
ရအုံးမယ်လေ.."
ဆံပင်ဖွာလန်ကျဲနဲ့ အခန်းအပြင်သို့ပြေးထွက်သွားတဲ့ကောင်မလေးကိုကြည့်ပြီး သူ့မှာလည်းမျက်နှာကြီးနီရဲနေပြီလားလို့ ပြန်စမ်းကြည့်ရသေးသည်။
"ငါ....ဘာလုပ်လိုက်မိတာလဲ....ဟာကွာ...."
ကိုယ့်မျက်နှာကိုယ် လက်ဖဝါးနဲ့ပြန်အုပ်ပြီး
သူလည်းရှက်နေမိလေသည်။
*
*
*
"ဒုန်း!"
စံပယ်လည်း ကိုယ့်အခန်းထဲသို့အမြန်ပြေး၀င်လိုက်ကာ တံခါးကိုအတင်းပိတ်လိုက်ပြီးပေမဲ့
နေရာမှာတင် ရုပ်ထုကြီးလိုရပ်နေမိသည်။
ကိုယ့်နှုတ်ခမ်းကိုယ် ပြန်စမ်းမိပြီး ရင်ထဲမှာလည်း အသဲနှလုံးတွေကိုလေပြွေ မသွားသလို ခံစားနေရသည်။
"သေနာကြီး..နှာဘူးကြီး..သူနဲ့ငါကသမီးရည်းစားလဲမဟုတ်ပဲနဲ့..လာနမ်းရတယ်လို့..ဒါသပ်သပ်နှာဘူး
ထတာ..ညတုန်းက သနားခဲ့ရသလောက်..ရွာကအကောင်တွေသာဆိုရင် ဓာ းမနဲ့မသေ မချင်းလိုက်ခု တ်တယ်.."
စံပယ်၀မ်းနည်းတာရော၊ရင်တုန်တာတွေရော
ပေါင်းပြီး ဟိုလူကြီးကိုဂုတ်ချိုးပြီးသ တ်ချင်
နေမိသည်။
အခုဆိုရင် သူ့အိမ်မှာဆက်နေဖို့တောင်
တော်တော် စဉ်းစားရတော့မည်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"စံပယ်ရေ..ဧည့်ခန်းထဲမှာဧည့်သည်ရောက်နေတယ်..စံပယ့်ကိုလာတွေ့တာတဲ့.."
"ဟုတ်ကဲ့..စံပယ်ဆင်းလာခဲ့မယ်မနှင်း.."
ဧည့်သည်ဆို၍စဉ်းစားနေရသည်။
စံပယ့်မှာအထူးလာတွေ့စရာ ဘယ်ကဧည့်သည်ရှိနေသလဲပေါ့။
အပေါ်ထပ်ကနေအမြန်ဆင်းပြီး ဧည့်ခန်းထဲကို၀င်လိုက်တော့ စံပယ်လုံး၀မရင်းနှီးတဲ့လူတစ်ယောက်ဖြစ်နေသည်။ဒါပေမဲ့ သူ့ကိုစံပယ်တွေ့ဖူးနေသလိုပဲ။
ထိုအမျိုးသမီးက စံပယ့်ကိုခေါင်းအစ၊ခြေအဆုံးကြည့်ပြီး မျက်နှာမဲ့သွားတော့ စံပယ်တောင်အံ့ဩယူရသည်။
"မင်းနာမည်..စံပယ်မွှေးနော်.."
"ဟုတ်..ဟုတ်ပါတယ်..ဒါနဲ့အစ်မက.."
"တို့နာမည်က..ချယ်ရီစူး..နံရံတွေမှာနားတွေရှိလို့
ခြံထဲမှာဆင်းပြီး စကားပြောရအောင်.."
"ရှင်!"
သူက ဘယ်ထောက်လှမ်းရေးအဖွဲ့ကလာလို့
နံရံတွေမှာနားတွေရှိရတာလဲ။
၀တ်ထားတာကလဲ မွေးခါစ ကလေးရဲ့ဟာတွေယူ၀တ်ထားသလိုပဲ။
ပေါ်ပေါ့်ပေါ်ဆိုတဲ့သီချင်းထဲကလို ရှေ့ကကြည့်လဲ
မလုံ ဘေးကကြည့်လဲမလုံနဲ့ ကြည့်နေတဲ့သူတောင် မျက်စိရှက်ပြီး ငှက်ဖျားထချင်လာသည်။
စံပယ်လည်း သူနဲ့အတူ ခြံထဲသို့ ဆင်းလိုက်ပြီး
စကားဝါပင်တစ်ခုအောက်မှာ ရပ်လိုက်သည်။
"မင်းကိုငါဒဲ့ပဲမေးမယ်..မင်းဘာကြောင့်
ကိုနေ့အနားမှာ တွယ်ကပ်နေရတာလဲ.."
"ရှင်!အစ်မဘာတွေပြောနေတာလဲ..
ကျွန်မနားမလည်ဘူး..ကျွန်မကဘာကို
တွယ်ကပ်နေလို့လဲ.."
"ဟင်း..အပိုတွေလာသရုပ်ဆောင်ပြမနေနဲ့
စံပယ်မွှေး..မင်းတို့လိုငမွဲတွေက..အကုန်ဒီရုံမြင်လို့
ဒီချုံထွင်ကြတဲ့အမျိုးတွေကြီးပဲ..နေဂုဏ်မာန်ကတော့တကယ့်အဖြူထည်လေးထင်ပြီး..
မျက်ကန်းဖြစ်နေပေမဲ့..တို့ကတော့မြင်တယ်သိရဲ့လား.."
"..အစ်မစကားက ဘာစကားကြီးလဲ..ကျွန်မကချုံမြင်တိုင်းပြေး၀င်ရအောင်..အကြောက်ကြီးတဲ့
ယုန်သူငယ်လည်းမဟုတ်ဘူး..ဒီနေ့ဒီအချိန်အထိ
ကိုယ့်ခြေထောက်အပေါ် မှာ ကိုယ်ရပ်တည်ပြီးနေခဲ့တာ ဘုရားမှာသစ္စာရေသောက်ပြီးတောင်..ကျိန်ရဲတယ်"
"တောသူမက မခေဘူးပဲ..ဒါကြောင့်လဲ ကိုနေ့အနားမှာအရှက်မရှိတွယ်ကပ်နေရဲတာပေါ့..
ကဲ..ပြော..ဘယ်လောက်လိုချင်လဲ..
တို့အကုန်အမ်းမယ်..ကိုနေ့ဆီက..ရသမျှအကုန်နှိုက်မနေနဲ့..မင်းလိုချင်သလောက် တို့ဆီကနေယူလိုက်
..ပြီးရင်ကိုနေ့ ဘေးကနေအပြီးထွက်သွား..
ကြားလား! "
"ရှင်ကကျွန်မကိုမောင်းထုတ်ရအောင်..ရှင်နဲ့သူကဘာတော်နေလို့..လာပြောရတာလဲ.."
"အဲ့ဒါတွေမင်းသိစရာမလိုဘူး..မင်းသာမိကောင်းဖခင် သားသမီးဆိုရင်..စီးပွားရေးမှာ
မြန်မာ့ထိတ်တန်းပုဂ္ဂိုလ်တစ်ယောက်ကို
တွယ်ကပ်နေတာရပ်သင့်ပြီ..တကယ်လို့မင်းနဲ့သူကငြိစွန်းပြီးပြီဆိုရင်..အဟင်း..တစ်ညအိပ်ခဘယ်လောက်လဲ..တစ်သက်စာပါ တစ်ခါတည်း အဖိုးဖြတ်ပေးလိုက်မယ်..."
"ရှင်..ရှင်..စကားပြောတာတရားမလွန်လာနဲ့နော်..
ကျွန်မက အဲ့လိုမိန်းကလေးမဟုတ်ဘူး..
ကျွန်မကသူ့ဆီမှာ လစာယူပြီးအလုပ်လုပ်နေတာပဲရှိတာ..ပါးစပ်က ပေါက်လွတ်ပဲစားမပြောနဲ့.."
"အယ်မလေး..အပြင်ပန်းကသာအလုပ် အလုပ်နဲ့..
တကယ်ကအိပ်ရာပေါ်အထိတက်ချင်နေတာများ..
မသိရင်ခက်မယ်..မင်းမိဘတွေကမဆုံးမခဲ့ဘူးလား...ဒီလိုကိစ္စတွေလုပ်ရင်..မင်းလိုအခြေအနေမဲ့က နောက်ဆုံးမှာ..ဗိုက်တစ်လုံးနဲ့သာကျန်ခဲ့မယ်ဆိုတာကို.."
ရက်စက်လိုက်တဲ့စကားတွေ စံပယ့်နားထဲကိုသံရည်ပူတွေလောင်းချနေသလိုပဲ။
တစ်သတ်နဲ့တစ်ကိုယ် တစ်ခါမှဒီလိုစကားမျိုးတွေမကြားခဲ့ဖူးဘူး။
အဖွားသာကြားရင် ရင်ထုမနာဖြစ်ပြီး နေရာမှာတင် ရင်ကွဲနာကျမှာ သေချာတယ်။
စံပယ်ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတစ်ဆက်ဆက်တုန်နေမိသည်။သိပ်မုန်းတယ်။
ဒီမိန်းမကိုသိပ်မုန်းတယ်။ဦးနေဂုဏ်ကိုလည်းမုန်းတယ်။သူ့ကြောင့်စံပယ်အခုလို ပက်ပက်စက်စက်အပြောခံနေရတာ။
ဘာမှ ပြန်မပြောနိုင်လောက်အောင် စံပယ့်လည်ပင်းထဲမှာ အလုံးကြီးစို့နေသလိုပဲ။
ရင်ထဲမှာစို့နင့်လွန်းလို့ ခန္ဓာကိုယ်ကလည်းလှုပ်လို့
မရသလို စကားတစ်ခွန်းမှ လည်ချောင်းထဲကနေ
ထုတ်လို့မရဘူး ဖြစ်နေသည်။
"မင်းစဉ်းစားထားပါ..မင်းရဲ့ခန္ဓာကိုယ်ကဘယ်လောက်တန်သလဲဆိုတာ..ဒီမှာတို့လိပ်စာကဒ်
..တို့သွားပြီ.."
လိပ်စာကဒ်ကို မြေပေါ်ပစ်ချခဲ့ပြီး လှည့်ထွက်သွားတဲ့ ထိုမိန်းမကို စံပယ်မျက်ရည်အိုင်ထွန်းနေတဲ့မျက်၀န်းတွေနဲ့ နာကျည်းစွာကြည့်လိုက်သည်။
ဘယ်လောက်တန်သလဲတဲ့။ဒါ စံပယ့်ကိုမိန်းမပျက်တစ်ယောက်လို့ သုံးနှုန်းသွားခဲ့တာပဲ။
"မဟုတ်ဘူး!!!....မဟုတ်ဘူး!!!"
...ကျွန်မအဲ့လို မိန်းမမဟုတ်ဘူး.."
စံပယ့်ခြေလှမ်းတွေဦးတည် ပြေးသွားသည်က အပေါ်ထပ်အိပ်ခန်းဆီသို့ပင်။
"ဟဲ့သမီးစံပယ်..သမီး.."
ရှိုက်ကြီးတငင်ငိုပြီး အပေါ်ထပ်ကိုပြေးတက်သွားတဲ့စံပယ့်ကြောင့် ဒေါ်ညိုတောင်ရင်ထိတ်သွားရသည်။
ဒီအိမ်ကြီးမှာ အမြဲပြုံးပျော်နေတတ်တဲ့ကောင်မလေးက ဒီလို၀မ်းပန်းတနဲဖြစ်နေတာ
ဒါပထမဆုံးပဲ။
"နှင်းဝေရေ..ဟဲ့နှင်းဝေ.."
"ရှင်..ဒေါ်ညို..ဘာခိုင်းမလို့လဲ.."
"စံပယ်လေးဘာဖြစ်တာလဲ..ငိုပြီးအပေါ်ပြေးတက်သွားတယ်.."
"ဟင်..ဟုတ်လား..ခုနကတင်ဧည့်သည်အစ်မ
တစ်ယောက်နဲ့ခြံထဲဆင်းသွားတာလေ.."
"ဧည့်သည်..ဘယ်သူလဲ..."
"သူဌေးရဲ့ မိထွေးလို့ပြောတယ်..."
"ဟာ....ဒါဆိုရင်..ဟိုမိန်းမပဲ...မဖြစ်ဘူး..
သူဌေးဆီဖုန်းဆက်မှပဲ.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အခန်း...၁၃ဆက်ရန်...
(အခန်း၁၁မှာ မိုးဥတုကို ရန်ကုန်ဆောင်းဆိုပြီး ရေးလိုက်မိလို့ ပြန်ပြင်ထားပါတယ်..)
တိတ်တိတ်လေးထွက်မသွားပဲ အသဲ♥️ပေးခဲ့ကြအုံးနော်.…
#သနပ်ခါးရနံ့လေးကြူကြူမွှေး
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်

Comments
Post a Comment