#အခန်း၂၄(ဇာတ်သိမ်းခန်း) #သနပ်ခါးရနံ့လေးကြူကြူမွှေး
#အခန်း၂၄(ဇာတ်သိမ်းခန်း)
#သနပ်ခါးရနံ့လေးကြူကြူမွှေး
ဧရာ၀တီတိုင်း
သင်္ကြန်အကြိုနေ့💦💦
🎵အတာကူးတဲ့ တန်ခူးလအချိန်ခါ....
.....နှစ်ကူးသင်္ကြန်မဟာ🎵
🎵သူကလေးနဲ့ တွေ့ရပုံမှာ..
...... မေ့လည်းမမေ့နိုင်ပါ...🎵
🎵ဒီနှစ်တွင်လည်းကြုံရမှာပဲ .....
......တမ်းတတယ်ဒီချိန်ခါ🎵
🎵ပိတောက်ပန်းပွင့်တိုင်း သတိရနေသူပါ🎵
အာရုဏ်ဦး၏ နေခြည်နုနုပွင့်ဖူးလာသည်နှင့်
မဏ္ဍတ်များမှ သင်္ကြန်တေးသီချင်းများ စတင်၍ပျံ့လွင့်လာလေသည်။
စတုဒီသာကျွေးရန် ပြင်ဆင်သူများကလည်း
လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။
ရွာလမ်းမပေါ်တွင်တော့ ကျောင်းဆင်းဥပုဒ်စောင့်ရန် အိင်္ကျီအဖြူနှင့် ယောဂီရောင်လုံချည်တို့ကို တွဲဖက်၀တ်ဆင်ထား သော လူကြီးသူမများဟာ ပုတီးကိုယ်စီဆွဲကာဘုန်းကြီးကျောင်းသို့ သွားနေကြသည့်နည်းတူ ရေကစားလိုသော ကလေးသူငယ်များနှင့်ကာလသားတစ်သိုက်ကလည်း အပြန်အလှန် စနောက်ကျီစယ်ရင်း အာရုံများနေကြလေသည်။
အားလုံး၏ နှုတ်ခမ်းထက်တွင်တော့ အဓိပ္ပာယ်မတူ
၊ ဆန္ဒမတူညီကြပေမဲ့ မြန့်မာ့နှစ်သစ်ကူးပွဲတော်
၏ လန်းဆန်းသောအငွေ့အသက်ကြောင့် အပြုံးကိုယ်ဆီတော့ ပန်ဆင်ထားနှင့်ကြလေသည်။
ထိုစဉ် ရွာလမ်းနံဘေးရှိ ပိတောက်ပန်းများ
ဝေဝေဆာနေသော အပင်ကြီးအောက်မှ ဗိုက်ဖုံး
အိင်္ကျီ၀တ်ဆင်ထားသည့် အမျိုးသမီးလေးဟာ ပေါ့ပါးသွက်လတ်နေသည့်အလား ခပ်မြန်မြန်လမ်းလျှောက်လာနေလေသည်။
သင်္ကြန်ရေကို ပျော်ပါးစွာ ပတ်တိုင်းကစားနေကြသည့် အချိန်ဖြစ်ပေမဲ့ သူမကိုတွေ့သည်နှင့် မည်သူကမှ ရေပတ်ဖို့မစဉ်းစားကြပေ။
မြန်မာလူမျိုးတို့၏ ဓလေ့တစ်ခုအား အလေးထားသော အကျင့်ဖြစ်လေသည်။သက်ကြီးရွယ်အို၊
ကိုလေးလက်၀န်သည်၊ဥပုဒ်ဆောင့်သူနှင့်သံဃာများကို သင်္ကြန်ရေ မပတ်ဖို့ရန် လူကြီးများဟာကလေးများကိုပါတားဆီပေးလေ့ရှိခြင်းက ကျင့်၀တ်ကောင်း တစ်ရပ်ပင်ဖြစ်လေသည်။
ပျော်ရွှင်မှုသည် လူ့သားတိုင်းအတွက် ဓာတ်စာတစ်ခုဖြစ်ပြီး မိမိ၏စိတ်ကို ပျော်သည့်နေရာ၊အလုပ်လုပ်ရမည့်နေရာ ချစ်ခင်သူများအားဂရုစိုက်ပေးရမည့်နေရာဟူ၍ အပိုင်းအမျိုးမျိုး ခွဲခြားထားသည်မှာ အင်မတန်ကောင်းမွန်လေသည်။
သို့ပေမဲ့ မိမိရဲ့စိတ်အား အကန့်အသတ်မထားပဲ
မထိန်းချုပ်တတ်ပါကလည်း အစွန်းရောက်မှုများ ဖြစ်ပွားလာကာ ပျက်စီးမှုတွေ ၀င်လာတတ်လေသည်။ထို့ကြောင့် မိမိ၏စိတ်ပျော်ရွှင်မှုအတွက် ပြုလုပ်မိသော အရာသည် သူတစ်ပါးအား ထိခိုက်နစ်နာမှု ကင်းမဲ့လျှင်၊အခြားသူများ၏ စိတ်တွင်
ငြိုငြင်မှု မဖြစ်သွားပါက၊ထိခိုက်မှုမဖြစ်သွားပါက အင်မတန်ကိုမှ အနှစ်သာရပြည့်၀သော ပျော်ရွှင်မှု ဖြစ်မည်မှာ မြေကြီးလက်ခပ်မလွှဲပါပဲ။
"ဟဲ့..ဟဲ့..ကလေးတွေ..ငါကဗိုက်ကြီးနဲ့နော်..
ဗိုက်ကြီးသည်ကို ရေမပက်ရဘူးဆိုတာ..မသိဘူးလား.."
"မကြီးမွှေးကလည်း..ရေမပတ်ရသေးပါဘူးဗျာ
ရေအပက်မခံချင်ရင်လည်း သင်္ကြန်အတွင်း ဥပုဒ်စောင့်လေ..ဟွန့်..ဗိုက်ကြီးသည်လည်းပြောသေး
..အပျိုလုပ်ပြီးလျှောက်လည်း လည်သေး.."
"အောင်မာ..ဒီကလေး..ငါ့ကိုပမာမခန့်နဲ့..
ဗိုက် ဖောက်စားလိုက်မယ်..ဘာမှတ်နေလဲ..."
"ဟာ..ဗိုက်တော့ ဖောက်မစားပါနဲ့ဗျာ..
စားချင်ရင် ယိုကျွေးပါ့မယ်.."
"ဟား..ဟား.."
"တယ်..ဒီကလေး..ညစ်ပတ်လှချည်လား.."
"မကြီးမွှေးကလည်း..ညစ်ပတ်တာမဟုတ်ဘူးဗျ
ချစ်တတ်တာ..မကြီးဗိုက်ထဲက သမီးလေးအပြင်ကိုထွက်လာတာနဲ့ ကျွန်တော်ကယူမှာနော်..."
"အောင်မယ်..နင်ယူချင်လဲမရပါဘူး..ငါ့ဗိုက်ထဲကယောက်ျားလေးဟဲ့.."
"ဟာ..သွားပါပြီဗျာ.."
အခုမှအသက်၁၀နှစ်ပဲရှိသေးတဲ့ ကလေးက
စုတ်တသပ်သပ်ဖြစ်ပြီး ကိုယ့်နှဖူးကိုယ်ပြန်ပြန်ရိုက်နေလေသည်။
ကလေးပေါက်စကိုကြည့်ပြီး စံပယ်ရယ်ချင်လိုက်တာ တအားပဲ။
ဒီကလေးနာမည်က ချစ်ထူးဖြစ်ပြီး အသားညိုညို
နှင့် လူကောင်သေးလေသည်။သို့ပေမဲ့ စကားပြောတဲ့အသံလေးက သေးသေးလေးဖြစ်ပြီး အင်မတန်မှ လည်၀ယ်သည့်ကလေးပင်။
သူ့အဖေက လှတောသားဖြစ်ပြီး လင်မယားချင်းကွဲကာ ကလေးကိုခေါ်၍ သူ့အမေကရွာကိုပြန်လာခဲ့ခြင်းပင်။ကလေးဆိုတော့ ပျော်ဖို့ရာပဲ သိတဲ့ဘ၀လေးပါလေ။စိတ်လေးတွေက အရိုးခံလေးတွေနဲ့မို့ မိဘတွေရဲ့အကြောင်းကိုသာ အတွင်းကျကျသိလိုက်ရရင် ဘယ်လောက်တောင်၀မ်းနည်းနေလိုက်မလဲ။တကယ်တော့ သူ့အဖေက နောက်မီးလင်းနေတာကြောင့် သူ့အမေကမပေါင်းနိုင်ပဲ ရွာကိုပြန်လာခဲ့ရတာပါ။အော် ..ဘ၀တွေကလည်း ဆန္ဒရှိတိုင်း ဖြစ်မလာပါလား။
"မိန်းမရေ..မိန်းမ.."
"လာပါပြီ..အရှုပ်ထုပ်.."
ရေတွေစိုရွဲပြီး အနောက်ကနေအတင်းလိုက်လာတဲ့ ခင်ပွန်းဖြစ်သူကို ခါးထောက်ပြီးလှည့်ကြည့်လိုက်တော့ ငိုတော့မလိုရုပ်ကြီးနဲ့ သူမရှိရာဆီသို့ပြေးလာနေလေသည်။ဒီလူကြီးကလေ အမြဲတမ်းအနောက်ကနေ တကောက်ကောက်လိုက်ပြီး ရှုပ်နေတာပါ။
ဟိုဟာဆိုလည်း စားပြန်ပြီ...ဒီဟာဆိုလည်း လုပ်ပြန်ပြီနဲ့ အကောင်းကိုမနေရဘူး။
"ရှင်ဘာဖြစ်လို့..နောက်ကနေတကောက်ကောက်လျှောက်လိုက်နေတာလဲ..
လွတ်လွတ်လပ်လပ်ကိုမနေရဘူး.."
"ဟာဗျာ..ဒီမိန်းမကိုယ့်အောက်ကိုလဲပြန်ကြည့်လိုက်အုံး.."
"ဟင်.....ရှင်ဘာစကားပြောတာလဲ..အင့်ဟယ်.."
စံပယ်လည်း စိတ်ဆိုးဆိုးနဲ့ သူ့ခေါင်းကို ခေါက်ဖို့ လက်ကအလိုလိုရောက်သွားမိလေသည်။
"အား....သေပါပြီ....နာတယ်ကွ...."
"နာမယ်မှန်းသိရက်နဲ့ ဘာလို့မဟုတ်တာတွေ လျှောက်ပြောနေတာလဲ..."
"ဟာ..ဗိုက်ကိုပြောတာပါကွာ..ကိုယ့်ဗိုက်ကိုလဲပြန်ကြည့်အုံး..ကော့လန်ထွက်နေပြီ..နောက်တစ်လဆိုပဲ..မွှေးရတော့မယ့်ဟာကို...မျောက်ကိုဗိုက်တက်ပေးထားသလိုပဲ..တစက်မှကိုဖင်မငြိမ်တာ.."
"ရှင်နော်..ဗိုက်ကြောနာချင်ပြီထင်တယ်..
ဟင်းဟင်း.."
"ဟုတ်တာပဲ..မကြီးမွှေးရယ်..အနေမတတ်ရင်အသေခက်တယ်တဲ့..အခုမကြီးမှအနေမတတ်တော့..ယောက်ျားကလိုက်စိတ်ပူနေရတာပေါ့.."
"ပြောပြလိုက်စမ်းပါချစ်ထူးရာ.."
ချစ်ထူးကိုပုခုံးပုတ်ပြီး အတိုင်အဖောက်ညီနေလိုက်ကြတာများ ဗိုက်ရှိနေလို့သာပေါ့ မဟုတ်ရင်တော့
ဒင်းမလွယ်ဘူးမှတ်။
ဒီလူကြီးနဲ့တုပြီး မပြောချင်တော့၍ မစိုးတို့စတုဒီသာကျွေးသော မဏ္ဍတ်သို့သာကူးလာခဲ့လိုက်သည်။
မဏ္ဍတ်ကို အုန်းလတ်၊ထန်းလတ်များမိုးထားပြီး အသံချဲ့စက်ကိုအပေါ်မှာတင်ထားလေသည်။
လူကြီး၊လူငယ်မရွေးဆော့လိုက်ကြတဲ့ရေဆိုတာ
မဏ္ဍတ်အရှေ့မှာ ရွံ့ဗွက်တွေတောင် အိုင်ထွန်းနေလေသည်။
ကိုဖားကြီးတို့ မိုးနီတို့အုပ်စုကလည်း မိန်းမသာရပြီးကြတယ် ကဲချင်ကြတုန်းပင်။
သူတို့ အကဲစိန်အဖွဲ့အိုးမဲသုတ်လွှတ်တတ်လွန်းလို့ သူတို့အဖွဲ့ရှေ့ကနေ ဖြတ်လျှောက်ရမှာကိုပင်
ခပ်ကြောက်ကြောက်ရယ်ပါ။
"ဟဲ့..ဟဲ့..မိစံပယ် ဗိုက်ကြီးနဲ့ကို သင်္ကြန်လည်နေရ
သလား..ချော်တွေဘာတွေလဲနေမှ..နင့်ယောက်ျား ရင်ဘတ်စည်တီးပြီး ငိုနေပါအုံးမယ်ဟယ်..
ကြည့်လုပ်ပါအုံး..."
"သူ့ကိုထားလိုက်စမ်းပါ..သင်္ကြန်တွင်းလေးရွာပြန်ဖို့ကိုမနည်းစစ်တိုက်ခဲ့ရတာ.."
"အေးပါဟယ်..ဒီမှာမုန့်လုံးရေပေါ်စားအုံး..
စတုဒီသာကျွေးနေလို့ဟေ့..သွားကူလိုက်အုံးမယ်"
ထထွက်သွားတဲ့မစိုးကိုကြည့်ပြီး တွေးမိတွေးရာတွေးနေမိသည်။ဒီနှနှစ်ကျော်လေးအတွင်းမှာ
မစိုးလည်း ပေါက်ကုန်းရွာသားတစ်ယောက်နှင့် အိမ်ထောင်ကျနေလေပြီ။
သူ့ယောက်ျား တစ်ရွာသားက အရက်သေရည်စာ ကင်းလွတ်ပြီး အလုပ်ကြိုးစားသူ ဖြစ်တာကြောင့် လင်ရကံကောင်းသည်ဟု ပြောရပေမည်။
လယ်လုပ်သားဖြစ်လို့ အသားကတော့ မဲသည်။
ရုပ်ကလည်း မေးရိုးကားကားနှင့် အရပ်အနည်းငယ်ပုပေမဲ့ သူ့ မယားကိုတော့ ဆန်၊ဆီ၊ဆား ပူစရာမလိုအောင်ကို အပြည့်ထားပေးသည်။
မစိုးတို့ရဲ့ အခုအခြေအနေက အရမ်းမချမ်းသာပေမဲ့ ၀တ်နိုင်၊စားနိုင်အဆင့် ရှိတာကြောင့် စံပယ်လည်း ၀မ်းသာရပါတယ်။
မရင်နဲ့မလှရီကတော့ အပျိုကြီးဘ၀နဲ့အရိုးထုတ်ကြမဲ့ပုံပါပဲ။
ဆံဖြူပြီး သွားကကျိုးတော့မယ် အခုထိလည်း
ဂေါ်မစွံကြသေးပေ။
သူတို့ကို ဘာလို့ဒီလို နေကြတာလည်း မေးရင်
"ယောက်ျားယူတယ်ဆိုတာ ၀ဋ်ကြွေးဆပ်နေရတာပါအေ...အိမ်မှုကိစ္စလည်း ကိုယ်ပဲလုပ်ရမှာ၊
ကလေးမွေးရတော့လည်း ကိုးလလွယ် ဆယ်လဖွားဖို့ကို ကြိတ်မှိတ်သည်းခံရတာလည်း ကိုယ်ပဲ...
ကလေးမွေးပြီးပြန်တော့လည်း ယောက်ျားတွေက အလုပ်သွား... အိမ်မှာကလေး တစ်ဖက် အိမ်မှုကိစ္စတစ်ဖက်နဲ့ အမယ်လေး တွေးရင်တောင် ကြက်သီးထတယ်..."ဆိုပြီး ညီးတွားတတ်လေသည်။
ဒါကြောင့်လည်း သူတို့တွေအပျိုကြီးဖြစ်နေတာပေါ့။အိမ်ထောင်ရေးကံမကောင်းတဲ့ လူတွေအတွက်ကတော့ ဒီအချက်တွေက သေချာပေါက်မှန်ကန်နေမှာပေါ့။ တကယ့်တကယ်မှာ အိမ်ထောင်ပြုတာက သိန်းထီထိုးရသလိုပါပဲ။
အချီကြီးထိုးလိုက်ပေမဲ့ ပေါက်လာတာက ဗလာမဲလည်းဖြစ်နေနိုင်တာပဲ။
မညားခင်မှာ ကောင်းနေတတ်ပေမဲ့ ညားပြီးမှ အချိုးမကျတဲ့ယောက်ျားတွေလည်း ရှိသလို
ညားပြီးမှ ကိုယ့်အပေါ်ကို မထင်ထားလောက်အောင် ကောင်းပေးပြီး သစ္စာရှိပေးတဲ့ လူတွေလည်း ရှိပါတယ်။
ယောက်ျားမှ မဟုတ်ပဲ မိန်းမတွေမှာလည်း ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူဆိုတာ ရှိတာပါပဲ။
အရာရာတိုင်းက ဖြစ်ချင်သလိုသာ ဖြစ်လာရင် လိုအပ်ချက်ဆိုတာလည်း ရှိလာပါတော့မလား။
စံပယ့်ညီမလေးသဇင်မွှေးတို့ လင်မယားဆိုလည်းသမီးလေးတစ်ယောက်ရနေပြီး
ဓနုဖြူဈေးမှာပဲဆိုင်ခန်းလေးဖွင့်ပြီး လုပ်ကိုင်စားသောက်နေလေရဲ့။အစက သူ့ယောက်ျားကို အထင်သေးခဲ့မိပေမဲ့ အခုတော့ အလုပ်ကြိုးစားလွန်းလို့ ချီးကျူးမိရတဲ့အထိပါပဲ။
တစ်ခါတစ်လေမှာ ကိုယ်အထင်သေးမိတဲ့လူဟာ တော်လွန်း၊ကြိုးစားလွန်းနေတတ်သလို ကိုယ်အထင်ကြီးမိတတ်တဲ့လူဟာလည်း အမြဲတမ်းဒီပုံအတိုင်း ဖြစ်ချင်မှဖြစ်နေတတ်တာပါ။
အဲ့တော့ လူ့အကြောင်းပေါင်းမှသိဆိုတဲ့ စကားကသိပ်မှန်တာပဲ။
အတွေးတွေကိုခဏရပ်ပြီး မဏ္ဍတ်ရှေ့မှာမုန့်လုံးရေပေါ်အသဲအသန်စားနေကြတဲ့ကလေးတွေကိုကြည့်ရင်း ကိုယ့်ဗိုက်ကို ပြန်ပွတ်ကြည့်လိုက်မိသည်။
အိမ်ထောင်မပြုခင်ကတော့ ကလေးယူရမှာတွေ၊ မွေးရမှာတွေကို ကြိုတွေးပြီးကြောက်နေမိပေမဲ့ သားလေးကို ကိုယ်၀န်လွယ်ထားမိတဲ့အချိန်ကစလို့ အမျိုးသမီးတစ်ယောက်ရဲ့ မိခင်စိတ်ဟာ အလိုလိုဖြစ်တည်လာမိတယ်ထင်ပါရဲ့။
တစ်နေ့တစ်နေ့ သားလေးရဲ့မျက်နှာလေးကဘယ်လိုပုံစံလေးဖြစ်မလဲ။
ကလေးကို ဘယ်လိုလိမ္မာအောင်သွန်သင်ဆုံးမပေးရမလဲ ဘယ်လိုအ၀တ်အစားလေးတွေ ၀တ်ဆင်ပေးရမလဲ စသဖြင့် အတွေးမျိုးစုံနဲ့ ချာလည်ပတ်လည်ရိုက်ရလွန်းလို့ ကိုယ့်ယောက်ျားကိုတောင် ပစ်ထားမိတဲ့အခါတွေ ရှိလာခဲ့သည်။
ကိုယ်တိုင်က ဖခင်ဆိုးနဲ့တွေ့ခဲ့ပြီး မိသားစုရဲ့အတွင်းရေးတွေကြောင့် အခါခါစိတ်ဆင်းရဲခဲ့ရတော့ သားလေးအလှည့်မှာ ကိုယ့်လိုမဖြစ်ရအောင် ထားပေးချင်မိသည်။
ကိုကိုကလည်း အများကြီးဂရုစိုက်ပေးတတ်သူမို့ သားလေးက ကံကောင်းမှာပါလေ။
"သားလေးကို..မေမေသိပ်တွေ့ချင်နေပြီကွယ်.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ပြူတင်းပေါက်မှ တိုး၀င်လာတဲ့လေနုအေးကိုခံယူကာ ကြယ်တွေ၀န်းရံထားသော သုံးရက်လမင်းကွေးကွေးကို မျှော်ငေးကြည့်ရင်းပြုံးနေမိသည်။
ဘာလိုလိုနဲ့ သူတောင်ကလေးအဖေဖြစ်တော့မည်ဟု တွေးလိုက်မိတိုင်း ရင်ထဲမှာ မတူညီတဲ့ခံစားမှုတွေ တိုးဝေ့လာတတ်သည်။ကိုယ့်မိဘတွေတုန်းကလည်း ဒီလိုပဲထင်ပါရဲ့။ဒီကလေးလေး မမွေးသေးခင်အထိ စိတ်ကမအေးနိုင်ဘူး။
မိခင်ကိုလည်း စိုးရိမ်ရသလို ဗိုက်ထဲက ကလေးအတွက်လည်း ရင်မအေးရတာ ကိုယ့်စိတ်ကိုယ်အသိဆုံးပင်။
ဘယ်အရာကိုပဲ လုပ်လုပ် စည်းစနစ်တကျလုပ်တတ်တဲ့ သူ့အဖို့ တစ်ခါတစ်လေများ မိန်းမဖြစ်သူကို မတည့်တာတွေမစားဖို့ ဟိုမသွားနဲ့ဒီမသွားနဲ့ ချုပ်ချယ်မိရင် တစ်ပတ်လောက်က စကားမပြောတော့ဘူး။ပိုဆိုးတဲ့ပြစ်ဒဏ်က တော့ ညညဆို အခန်းတံခါးကို လော့ချပစ်တာပါပဲ။
မယ်မင်းကြီးမက သားယောက်ျားလေးကို ကိုယ်၀န်လွယ်ထားရတော့ အရင်ကထက်လည်း စိတ်ဆိုးတာပိုစိပ်လာသလို ဘာမှမဟုတ်ပဲလဲ ထငိုတာတို့
၀မ်းနည်းလွယ်တာတို့ ဖြစ်လာတတ်တယ်။
သူ့ခမျာ ကိုယ်၀န်ရင့်လာလေ သွေးနုသားနုဖြစ်လာလေဆိုပြီး တွေးလိုက်မိတိုင်း သနားလည်းသနားမိတယ် ။ပို၍လည်းအချစ်ပိုရပါတယ်။
ကိုယ်က ဘေးနားကနေ စိတ်ပူပြီး လုပ်ပေးကိုင်ပေးတတ်တာပဲ ရှိပေမဲ့ သူမကတော့ခန္ဓာကိုယ်အတွင်းထဲမှာ ကလေးတစ်ယောက်ကို လွယ်ထားရပြီး အချိန်စက္ကန့်နှင့်အမျှ သေမင်းနဲ့စစ်ခင်းနေရတာမဟုတ်ပါလား။
ကလေးလိုချင်ပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်၀န်ဆောင်နေရသည့် သူမကိုလည်း စိုးရိမ်မိသည်။
ဘေးနားမှာအိပ်နေတဲ့မိန်းမရဲ့မျက်နှာလေးကိုကြည့်ပြီး သနပ်ခါးတွေဖွေးဖွေးလှုပ်နေတဲ့ပါးပြင်လေးကို နမ်းရှိုက်လိုက်လေသည်။
မိုးတွေအရမ်းသည်းပြီးမာမီ့ကိုလွှမ်းဆွတ်နေတဲ့
နေ့မှာ သူ့ကိုထီးလာမိုးပေးခဲ့တဲ့ကောင်မလေးကအခု သူ့ဘေးမှာသူ့အမျိုးသမီးလေးအဖြစ်နဲ့အိပ်နေပါပေါ့လား။
ကံကြမ္မာရယ် ဆန်းကျယ်လိုက်တာများ။
ဒီခေါင်းမာတဲ့ကောင်မလေးက သူ့ကိုအများကြီးပြောင်းလဲပေးခဲ့တဲ့သူလေးပါ။
အရက်သောက်တာမကြိုက်တဲ့သူမကြောင့် လုပ်ငန်းရှင်တွေနဲ့တွေ့ရင် ငါးပါးသီလခံယူထားလို့ပါတို့၊ အရက်နဲ့ဓာတ်မတဲ့လို့ပါနဲ့ ဆင်ခြေတွေကိုစုံနေအောင်ပေးရတာလည်း အကျင့်ဖြစ်နေရပြီ။
သူမရဲ့ဗိုက်ကလေးပေါ်ကို လက်တင်လိုက်တော့အထဲကသန္ဓေသားလေး ကန်လိုက်တာကိုသူခံစားလိုက်မိသည်။
"သားရေ..မေမေကြီးနာမှာပေါ့..မကန်ရဘူးနော်ဟောဗျာ..ကန်ပြန်ပြီ..ဒီသားကတော့သူ့အမေအတိုင်း သိပ်ခေါင်းမာတာပဲ.."
"ရှင်တစ်ယောက်ထဲ ဘာတွေပြောနေတာလဲ.."
"စံပယ်နိုးသွားတာလား.."
"အင်း..အိပ်လို့လဲမရပါဘူး..ရှင်ရောမအိပ်ပဲဘာတွေတွေးနေတာလဲ.."
"အင်း..ကိုယ်ငယ်ငယ်ကအကြောင်းတွေပါ.."
"ကျွန်မသိချင်တယ်ပြောပြ..ရှင်ငယ်ငယ်ကအကြောင်းတွေကို တစ်ခါမှကျွန်မကိုမပြောပြဖူးဘူးနော်.."
အမှန်ပါပဲ။ဟိုအရင်တုန်းကအကြောင်းတွေနဲ့
ပတ်သတ်ပြီး မွှေးကိုတစ်ခါမှပြောမပြဖြစ်ခဲ့ဘူး။
အတိတ်က နာကျင်စရာတွေကို မြေလှန်ပြီးအစဖော်မိရင် ရောဂါအဟောင်းကနေ အသစ်ပြန်ဖြစ်မှာစိုးမိတယ်။မွေးကို ကိုယ့်ဆီကနေ ပျော်ရွှင်စရာတွေပဲ ပေးချင်ပေမဲ့ သူမကသိချင်တယ်ဆိုတော့ ပြောပြရတော့မည်ပေါ့။
မွှေးကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်ပြီး ပါးပြင်ပေါ်မှာ တင်နေသည့်ဆံစလေးတွေကို လက်ညှိုးနဲ့တွန်းဖယ်ပေးလိုက်မိသည်။
အိပ်ရာ၀င်တာတောင် သနပ်ခါးအဖွေးသားနှင့် ဖြစ်၍နေသော ပါးပြင်လေးအား နှစ်ခြိုက်စွာ မွှေးကြူလိုက်မိသည်။
သူမရဲ့ ပါးပြင်မှသနပ်ခါးရနံ့လေးဟာ
ဘယ်ဈေးကြီး ရေမွှေးနံ့မှ နှိုင်းယှဉ်းလို့မရပေ။ ရေမွှေးဆိုရင်တောင် မကြိုက်တော့တဲ့အခါ
လွှင့်ပစ်တတ်တဲ့ကိုယ်ဟာ သူမရဲ့ပါးပြင်ပေါ်မှာ တင်နေတဲ့ သနပ်းခါးလေးတွေကို မွှေးကြူရခြင်းဟာ ရိုးအီသွားတယ်ရယ်လို့ မရှိဘူး။
အမြဲတမ်းသစ်လွင်လန်းဆန်းနေတာပါပဲ။
"ပြောပြတော့လေ..."
သူ့ရင်ဘတ်ကိုတွန်းပြီး လှုပ်နှိုးလိုက်တဲ့ကောင်မလေးကြောင့် သူပြုံးလိုက်မိသည်။
"ကိုယ့်ဒယ်ဒီနဲ့ မာမီကကိုယ့်ကို ငယ်ငယ်လေးထဲက အင်္ဂလန်မှာနေတဲ့ ဦးလေးအိမ်မှာထားပြီး ကျောင်းတက်ခိုင်းခဲ့တယ်..
မြန်မာပြည်ကိုတော့ကျောင်းပိတ်ရက်တိုင်းအလည်ပြန်လာဖြစ်ပါတယ်..
ကိုယ်ပြန်လာတဲ့အချိန်တိုင်းမှာ မာမီနဲ့ဒယ်ဒီကအမြဲအပြုံးတွေ၊နွေးထွေးမှုတွေနဲ့ပဲ ကြိုဆိုကြတော့..
ဒယ်ဒီနဲ့မာမီက အရင်အတိုင်းအချစ်မပျက်တဲ့ဇနီးမောင်နှံတွေလို့ကိုယ်ကထင်ခဲ့တာ..
မာမီတို့ကိုအံ့သြစေချင်လို့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းပိတ်တော့..အိမ်ကိုတိတ်တဆိတ်ပြန်လာခဲ့မိတဲ့နေ့ မှာပဲ...ဒယ်ဒီနဲ့မာမီကကွာရှင်းပြီးပြီဆိုတာ
..ကိုယ်သိလိုက်ရတယ်..အဲ့နေ့က မာမီဆုံးတဲ့နေ့ပဲ... အံ့ဩစေချင်လို့ မိဘတွေကိုအသိမပေးပဲ ပြန်လာမိပေမဲ့ မာမီ့ရဲ့အသက်မဲ့တဲ့ ခန္ဓာကိုယ်ကြောင့် အံ့ဩခဲ့ရတာက ကိုယ်ဖြစ်နေခဲ့တယ်..
နောက်ထပ်ကိုယ်သိလိုက်ရတာက မာမီ့ကို
ညအိပ်စောင့်ပေးတဲ့...သူနာပြုချယ်ရီစူးမှာ
ဒယ်ဒီနဲ့ရတဲ့ကိုယ်၀န်ရှိနေတယ်ဆိုတာပဲ....
အဲ့စိတ်တွေကြောင့်ပဲ မာမီက စိတ်ဆင်းရဲလွန်းလို့တစ်နေ့မှာနှလုံးရောဂါထဖောက်ပြီး ဆုံးသွားခဲ့တာ..
ကိုယ်သိပ်၀မ်းနည်းတယ်..မာမီခံစားနေရတာတွေကို မမျှဝေပေးနိုင်တဲ့အပြင်..ကိုယ်ကတော့ပျော်ရွှင်စွာကျောင်းတတ်နေခဲ့မိတယ်ကွာ.."
"မချယ်ရီစူးက တကယ်ပဲကိုယ်၀န်ရှိတာလား..ဒါဆိုဘာလို့ကလေးမမွေးတာလဲ.."
"မဟုတ်ဘူး..သူဟန်ဆောင်နေခဲ့တာ..
သက်သေအတုတွေဖန်တီးပြီး..ဒယ်ဒီ့ကိုလက်ထက်ခဲ့တာ..ဒါကြောင့်ကိုယ်ဒီမိန်းမကို သိပ်မုန်းတယ်
..ဘာလို့များကိုယ်တို့မိသားစုကိုခွဲရက်ခဲ့ရတာလဲ.."
နာကျင်ကြွေကွဲနေတဲ့သူ့ကိုကြည့်ပြီး စံပယ်ပြောလိုက်ချင်ပါတယ်။ချယ်ရီစူး ဒီလိုယုတ်မာခဲ့တဲ့အကြောင်းအရင်က ကိုကို့ကြောင့်ပါလို့။
အခုတော့ အားလုံးရှင်းသွားပါပြီ။ချယ်ရီစူးနဲ့
ကိုကို့ဒယ်ဒီလဲကွာရှင်းလိုက်ပြီလေ။
စံပယ်လည်း ရင်ထဲမှာသိမ်းထားတဲ့လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ အဆောင်မှာညဘက်ကြီး မိုးမမကိုလာခေါ်တဲ့နေ့ကကားပေါ်ကနေ ဆင်းလာတဲ့မိန်းမကလည်း ချယ်ရီစူးဆိုတာကိုပေါ့။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"တောင်..တောင်..တောင်.."
ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကြောင့် စံပယ်လန့်နိုးသွားသည်။
တစ်ချိန်ထဲမှာ ဗိုက်ထဲကနာကျင်လာသလိုဝေဒနာကို ခံစားလိုက်ရတယ်။
အိမ်သာတက်ချင်လို့များလားလို့ တွေးမိပေမဲ့ ဒီဝေဒနာက အဲ့လိုမဟုတ်နေဘူး။
"အား!!..ကျွတ်..ကျွတ်..ကိုကို..ကိုကို့..ထပါအုံး.."
ဒီကာလနဂါးကြီးကလဲ သေများနေပြီလားမသိဘူး..ဦးနေဂုဏ်မာန်..အား..ဗိုက်ကလဲနာလိုက်တာ
ဦးနေဂုဏ်မာန်ရေ..အင့်ဟယ်.."
နေဂုဏ်မာန်လည်း နားရွက်ကိုလိမ်ဆွဲခံလိုက်ရ၍ လန့်ပြီး ထထိုင်မိလျှက်သားဖြစ်သွားရသည်။
"နာလိုက်တာ မွှေးရယ်.."
"ရှင်နာတာက ကိစ္စမရှိဘူး..ကျွန်မဗိုက်နာတာက
တော်တော် ခံရခက်တယ်..အား!!!"
"ဟင်..ဒါ..ဒါဆို..ကလေးမွေးချင်နေတာပေါ့..
ကိုယ်အဖွားကို သွားနှိုးလိုက်အုံးမယ်..."
နေဂုဏ်မာန်လည်း အဖွားကိုနှိုးလိုက်ပြီးနောက် နဂိုကတည်းကပြင်ဆင်ထားတဲ့ အထုပ်အပိုးတွေကိုယူပြီး ဟင်္သာတဆေးရုံသို့သွားရန်ပြင်ရသည်။
အချိန်အားဖြင့် လေးနာရီခွဲပဲရှိသေးတာကြောင့်
စက္တုရွာရဲ့ ဆေးပေးခန်းမှာသာမွေးရန်အဖွားကအကြံပေးလေသည်။
မိန်းမကအရမ်းဗိုက်နာနေတော့ သူလဲလက်ခံလိုက်ပြီး မွှေးကိုကမ်းနားသို့ချီသွားကာ
စက္တုကိုလှေလှော်ရသည်။
ကမ်းနားဘက်က မုန့်လေပွေတို့အိမ်ကို၀င်ပြီး
စံပယ့်သူငယ်ချင်းတွေကိုလည်း ဆေးခန်းသို့လိုက်လာရန်ပြောရသေးသည်။
"ဆရာမရေ...ဆရာမ..ဒီမှာကျွန်တော့မိန်းမ ဗိုက်နာနေလို့ဗျ.."
သူနာပြုဆရာမ နှစ်ယောက်လည်းအိပ်ချင်မူးထူးနှင့် အတင်းပြေးထွက်လာကြလေသည်။
မယ်မင်းကြီးမက ဆေးခန်းရောက်မှ ဗိုက်သိပ်မနာတော့ဘူးဆို၍ ဆရာမတွေနဲ့စကားပြောကောင်းနေကြလေသည်။စိတ်ပူခဲ့ရတဲ့ကိုယ်က အရူးကြီးလိုပဲ။
လေးနာရီကျော်လောက်ကနာတဲ့ဗိုက်က အခုကျ
ဘာလို့မနာတော့လဲမသိဘူး။
ကုတင်မှာထိုင်ပြီးတောင် ရွာသားတွေနဲ့ရယ်မောပြီး စကားတွေဖောင်ဖွဲ့နေလိုက်သေးတယ်။
"အား!!!..နာ..နာလာပြီ.."
"ဟဲ့..မွေးချင်လို့နဲ့တူတယ်.."
"ဆရာမရေ..ဆရာမ.."
ဆရာမလည်း နားကျပ်နဲ့သေချာလာစမ်းပြီးနောက် မွေးခန်းထဲသို့ ခေါ်သွင်းလေသည်။
မွေးကုတင်ပေါ်မှာ ဒူးထောင်ပြီးလှဲနေရတာ စံပယ့်အဖို့ တကယ်ကိုသက်သောင့် သက်သာမရှိတာပါ။
"အား!!!ဆရာ..ဆရာမ..မမွေးခင်..ကျွန်မယောက်ျားကိုတွေ့ချင်တယ်.."
"စံပယ်ရေ..ကိုယ်ဒီမှာ. ဒီမှာ.."
"ဟဲ့မွေးခန်းထဲကို ယောက်ျားလေးမ၀င်ရဘူးလေး..ဘုန်းနိမ့်တတ်တယ်.."
"ဟာ..နိမ့်ချင်တဲ့..ဘုန်းနိမ့်ပါစေဗျာ..ဆရာ၀န်တွေတောင် ကလေးမွှေးပေးနေတဲ့ခောတ်ကြီးမှာ.."
အမှန်က မွှေးခန်းထဲမှာအမျိုးသမီးတစ်ယောက်ဆုံးထားလို့ ဆရာမကမ၀င်ခိုင်းခြင်းပါ။
တောဆေးခန်းမို့ တံခါးကလည်း သစ်သားတံခါးဖြစ်ရာ မိန်းမကိုစိတ်ပူပြီး အစောထဲက တံခါးမှာ
နားကိုကပ်ထားပြီးသားပင်။
သူမကအင်္ဂုလိမာလသုတ် ရွတ်ပေးနေပါရန်နှင့်
မမွေးခင်အထိဘေးမှာ အတူနေပေးဖို့ပြောနေလေသည်။
သူကတော့သူမကိုချွေးသုတ်ပေးပြီး အားပေးစကားပြောနေလိုက်သည်။
"အမယ်လေး!!!..အား!!!နာ..နာလာပြန်ပြီ..."
"အာ့..ကိုယ့်ဆံပင်ကိုမဆွဲနဲ့လေ..နာတယ်ကွ.."
"အား..ကျွတ်..ကျွတ်..ရှင်နာတာက ကျွန်မလောက်
ခံရမလား..အခုချိန်မှာတစ်ယောက်
ယောက်ကိုကုပ်ဖဲ့ပစ်ချင်နေတာ သိရဲ့လား..
အား!!..အာ့ကြောင့်ရှင့်ကိုခေါ်လိုက်တာပေါ့..."
"အား!!! အမေရေ.."
"ဖြန်း!!"
နာတယ်ဆိုလို့ အနားတိုးပြီးနှစ်သိမ့်ပေးမလို့ဟာကို ရိုက်ချလိုက်တာများ ခေါင်းတောင်လည်ထွက်သွားသည်။
"နာတယ်ကွ..ဘာလို့ကိုယ့်ပါးကိုရိုက်ရတာလဲ.."
"ရှင့်ပါးနာတာက..အား!!!..ကျွန်မနာတာလောက်ဆိုးလို့လာ..အီဟီး.."
လာပြန်ပြီ ဒီမိန်းမဒါနဲ့ချည်းကိုင်ပေါက်နေတာပဲ။
"အေးပါကွာ..အေးပါ..ရိုက်ချင်သလိုသာရိုက်ပါတော့.. "
ဗိုက်ကြီးသည်နားမှာ နေရတာလည်းတကယ်မလွယ်ပါဘူး။
ပါးတွေဆိုတာ တစ်ဖက်၊ဖက်နဲ့အရိုက်ခံနေရတာ ကြာတော့နံပြားလုပ်စားလို့ရနေလောက်ပြီ။
ပထမဆုံးသားဦးဆိုတော့ သူမလည်းအတော်ခံရခက်မှာပဲလို့ စာနာလိုက်မိသည်။
ခက်တာက မြို့မဟုတ်ပဲ တော်မှာဖြစ်နေတော့ ခွဲမွေးဖို့စီစဉ်ထားတာတွေလည်း အလကားဖြစ်ကုန်လေပြီ။အဆင်ပြေပါ့မလားလို့ တွေးလိုက်မိတိုင်းလည်း ချွေးစေးတွေ ပြန်လာပြီး အသားတွေပါ တုန်ယင်လာသည်။
ဒါတောင် တစ်ယောက်ပဲရှိသေးတာ နောက်တစ်ယောက်သာထပ်မွေးရင် သူ့ခေါင်းမှာအမွှေးတစ်မွှေးတောင်ကျန်ပါ့မလားပဲ။
ကိုယ်တိုင်ပဲ ဗိုက်ကြီးပြီး မွေးလိုက်ချင်ပါတယ်။
"ကဲ..အမျိုးသားထွက်ပါတော့ မွေးဖို့အချိန်ကျပြီ"
ဗိုက်နာတာပိုစိပ်လာမှ သားဖွားဆရာမကမွေးဖို့ပြင်လေသည်။
သူအခန်းအပြင်မှာသာနေနေရပေမဲ့ စိတ်ထဲမှာတော့ အထဲကမိန်းမတစ်ချက်အော်လိုက်တိုင်း
ကိုယ်ပါ တစ်ခါထထအော်ချင်သလိုလို၊နှလုံးတွေအောင့်တက်လာသလိုခံစားနေရသည်။
"အာ့.ဆရာမရေ..အီဟီး.."
"ညီမလေး စိတ်ကိုအရမ်းမတင်းနဲ့..လေ၀င်လေထွက်မှန်မှန်ရှူပြီး..ညှစ်ပေး.."
မွေးခန်းထဲကလက်သည်အဒေါ်ကြီးတွေကလည်း အပေါ်မှအသာယာတွန်းပေးကြသည်။
ဆရာမရဲ့လက်များကလည်း သွေးတွေပေလို့မဆုံးနိုင်၍ ခဏ၊ခဏလက်အိတ်လဲရလေသည်။
စံပယ်လည်း ညှစ်နေရင်း အားတွေကုန်ခမ်းသွားသလိုဖြစ်လိုက်၊နာလာတဲ့အချိန် ထထအော်လိုက်နှင့် ဒီဝေဒနာကြီးကနေ အမြန်ဆုံးလွတ်ချင်နေမိသည်။
အင်္ကျီကျောအောက်မှာလည်း ချွေးများနှင့်စိုရွဲနေလေသည်။
မျက်လုံးဖွင့်လိုက်တိုင်းလည်း မျက်နှာကျက်ကြီးကယိမ်းထိုးနေသလိုဖြစ်နေပြီး လူဟာလေထဲရောက်သွားသလို မူးဝေလာရသည်။
ကုတင်ဘေးလက်ကိုင်တွေကို တင်းနေအောင်ကိုင်ထားပြီး အင်အားများကုန်ခမ်းသည်အထိ ညှစ်နေရသည်။
ဒူးတွေဆိုတာ တချိန်လုံးထောင်ထားရလို့
ယိုင်လဲတော့မတက်တုန်ရီနေသည်။
ဘေးနားကလူတွေရဲ့ အားပေးသံတွေက
စံပယ့်နားထဲကို၀င်တစ်ချက် မ၀င်တစ်ချက်ဖြစ်နေသည်။
"ကလေး..ထွက်လာပြီ..ထွက်လာပြီ..ညီမရေအားတင်းထား.."
"အီး!!!!"
"အူဝဲ..အူဝဲ..အူဝဲ..."
"ဟယ်မွေးပြီ..မွေးပြီ..."
ကလေးလေးရဲ့ ငိုသံသေးသေးလေးကို ကြားလိုက်ရတဲ့အခါမှာ နာကျင်မှုတွေ၊မောဟိုက်နေမှုတွေဟာ ကြည်နူးပျော်ရွှင်မှုနှင့် ရောထွေးသွားလေသည်။
သားလေးရဲ့ ငိုသံလေးကစူးနေတာမျိုးမဟုတ်ပဲသာယာလိုက်တာ။
အခုစံပယ့်ရင်ထဲကခံစားချက်ကလေ မိမိလယ်ကွက်ကို နေ့ညမပျက်ပင်ပန်းကြီးစွာ ပျိုးထောင်ခဲ့ရသလို စံပါးပင်တွေအကုန်ပျိုးအောင်တော့ ကျေကျေနပ်နပ်ကြီး ရိတ်သိမ်းနေတဲ့ လယ်သမားကြီးတစ်ယောက်ရဲ့ ပီတိမျိုးပေါ့။
စံပယ်တင်းထားသမျှစိတ်အစဉ်ကို လျှော့ချလိုက်မိတော့သည်။
"စံပယ်..မိစံပယ်..စံပယ်!!!!.."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"သားလေး..ရေ..မေမေ့သားလေးရေ.."
"ကလေးအိပ်နေတာကို ဘာလို့သွားမြူနေတာလဲ.."
"ဘာဖြစ်လဲ..ကျွန်မသားကို ကျွန်မမြူတာ.."
"အင်း..မိန်းမတွေများ..ကလေးရပြီးတော့အချိုးကတစ်မျိုး..အရင်တုန်းကတော့ ကိုကို..ကိုကိုနဲ့.."
"အောင်မာ..ရှင်နော်..လူကဖြင့်သေခါနီးနေပြီ
မဟုတ်မဟက်တွေ...လာမပြောနဲ့နော်..."
"အေးပါကွာ..အေးပါ..ကိုယ်ကအလုပ်ကိစ္စနဲ့ရန်ကုန်ပြန်ရတော့မှာမို့လို့မွှေးနဲ့ သားလေးကို
မွှေးမွှေးလာပေးတာပါဗျာ...ကြိုပြောထားမယ်..ဒီမှာအကြာကြီးပေကပ်ပြီးမနေရဘူး..
အလုပ်ကိစ္စပျက်တာနဲ့ လာခေါ်မှာနော်.."
"အင်းပါ..."
ရန်ကုန်ပြန်တော့မှာမို့ ကိုကို့ပုံစံကသန့်ပြန့်နေလေသည်။
ကလေးအဖေပေမဲ့ အမြဲကျန်းမာရေးကိုလိုက်စားတဲ့သူဖြစ်တာကြောင့် လူပျိုလေးအတိုင်းပါပဲ။
သားလေးကိုတစ်လှည့် စံပယ့်ကိုတစ်လှည့် နမ်းပြီး ညင်သာစွာပြုံးပြနေတဲ့ ကိုကိုကသိပ်ကိုချောလွန်းပါတယ်။
"ကိုယ်တို့..သားလေးကိုနာမည်ဘယ်လိုပေးမယ်လို့ စဉ်းစားထားလဲ.."
"အင်း..သားလေးကသင်္ကြန်တွင်းမှာမွေးတာဖြစ်သလို..သောကြာသားလေးလည်းဖြစ်တော့
..သင်္ကြန်မောင်လို့ မဲ့လိုက်မယ်..."
"ဟာကွာ..နာမည်ကြီးကလည်း..လှတာပဲရှိတယ်..အဓိပ္ပာယ်လည်းမရှိဘူး.."
"ဘာလို့အဓိပ္ပာယ်မရှိရမှာလဲ..သင်္ကြန်ဆိုတာ..
မြန်မာတို့ရဲ့နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတဲ့လရာသီ..ဘယ်လောက်အဓိပ္ပာယ်ရှိလိုက်လဲ..နောက်ထပ်မွေးမှာကမိန်းကလေးဆိုရင်..ကျွန်မက ပိတောက်မွှေးလို့ ပေးအုံးမှာ သိရဲ့လား.."
"ဟုတ်ပါပြီဗျာ..မိန်းမသဘော.."
သားလေးနဲ့ မိန်းမဖြစ်သူကို အနမ်းတွေထပ်ခါ၊
ထပ်ခါခြွေခဲ့ကာ အင်္ကျီအဖြူရယ်၊စတိုင်ပန်အနက်ရောင်ရယ်ကို တွဲဖက်ပြီး ၀တ်ဆင်ထားတဲ့ကိုကိုက ခြံအပြင်ကိုခြေလှမ်းလှမ်းနေလေသည်။
ခြံအ၀မှာ စိုက်ထားတဲ့ ပိတောက်ပန်းပင်ကြီးကလည်း သူ့ရဲ့ခပ်ညိုညိုပင်စီကြီးကို အမှီပြုပြီး
ရွှေဝါရောင်ပိတောက်ပန်းတွေ ထိန်ထိန်သာအောင် အပွင့်ဝေဝေဆာနေလိုက်တာများ ရှုမငြီးနိုင်အောင်ပါပဲ။
ရုတ်တရက် ကျီစားလိုက်တဲ့ လေပြေတစ်ချက်မှာ အကိုင်းအခက်တွေလှုပ်ခတ်သွားတာကြောင့် မွှေးပျံ့ပျံ့ ပန်းပိတောက်တွေဟာ ကိုကိုသွားနေတဲ့လမ်းတစ်လျှောက်ကြွေကျသွားလေသည်။
လေအသုတ်မှာ တဖြုတ်ဖြုတ်ကြွေနေခဲ့တဲ့ ပိတောက်အငုံ၊အပွင့်တို့စဲသွားချိန်မှာတော့
ကိုကို့ရဲ့အဖြူရောင်အရိပ်ကလေးကလည်း ကွယ်ပျောက်လို့ သွားခဲ့ပါပြီ။
"အော် ပန်းပိတောက်ကြွေတဲ့
လမ်းတစ်လျှောက်မှာ
ကြင်သူသဲညှာရေ
မေလွမ်းနေပါ့မယ် "
"ပြီးပါပြီ....."
🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍
အဆုံးထိ စိတ်ရှည်သီးခံပြီး ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ဆောင်းငွေ့ဝေမှ
လှိုက်လဲစွာ ကျေးဇူးတင်ရှိပါတယ်။
နောက်ထပ် ၀တ္ထုလေးတွေကိုလည်း ဖတ်ရှုအားပေးကြပါအုံးလို့ မေတ္တာရပ်ခံပါရစေ...ဒီ၀တ္ထုလေးနဲ့ပတ်သတ်ပြီး ခံစားရတဲ့ရသတစ်ခုခုကို comment မှာရေးပေးရင် ပိုပြီး ပျော်ရွှင်မိမယ်ထင်ပါတယ်☺️
......ချစ်သောဆောင်းငွေ့ဝေ.....
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#စာရေးသူ_ဆောင်းငွေ့ဝေ

အရမ်းကောင်းပါတယ်နော်ရိုးသားတဲ့တောသဘာဝကိုမြင်ရပါတယ်😍😍😍
ReplyDelete